← Chapters

ရှောင်းနင်နှင့် တစ်ဖန်ပြန်တွေ့ရပြီ

Vol. 19 Ch. 274

ရှောင်းနင်နှင့် တစ်ဖန်ပြန်တွေ့ရပြီ

Vol. 19 Ch. 274

အခန်း ၂၇၄ - ရှောင်းနင်နှင့် တစ်ဖန်ပြန်တွေ့ရပြီ

နန်းကြည်ရောက်လာပြီးကတည်းက သူတို့နှစ်ယောက် အပြင်သို့ အတူထွက်ကြသည်မှာ ဒါဟာပထမဆုံးအကြိမ် ဖြစ်လေသည်။

သုံးနှစ်ကြာပြီးသော်လည်း မြိုတော်ထဲ၌ အပြောင်းအလဲ များစွာ မရှိပေ။ သို့သော်လည်း ဂိုဏ်းပေါင်းစုံပြိုင်ပွဲက နီးကပ်လာပြီဖြစ်သောကြောင့် သွားလာလှုပ်ရှားနေကြသော ကျင့်ကြံသူအရေအတွက်ကတော့ အတော်လေး သိသိသာသာ များပြားလာ၏။

သုံးနှစ်ကြာပြီး‌‌သော်လည်း.. နန်းကြည်၏ ဆံပင်များက အဝါရောင်အတိုင်း ရှိနေဆဲ ခြောက်ကပ်တွန့်လိမ်၍ ဖရိုဖရဲ ဖြစ်နေ၏။

သို့သော်လည်း သူမက အရင်ထက် ပို၍ လှပချောမောလာ၏။ သွယ်သွယ်လျလျကြော့ကြော့ရှင်းရှင်း.. အသားဖြူဖြူ.. နူးနူးညံ့ညံ့သိမ့်သိမ့်မွေ့မွေ့လေးနှင့် ချစ်စရာကောင်းနေ၏။

ဆူဇီမို၏ ရုပ်ရည်က အလွန်တရာချောမောလှပသည်ဟု မဆိုသာသော်လည်း.. သူ့မှာ နူးညံ့သိမ့်မွေ့သောသွင်ပြင်နှင့် တည်ကြည်သောအော်ရာရှိ၏။ သူ၏ အစိမ်းရောင်ဝတ်ရုံက လေတိုက်တိုင်း တဖျတ်ဖျတ်လှုပ်နေ၏။ သူထံမှ အများနှင့်မတူဘဲ တစ်မူကွဲထွက်နေသည့် သြဇာတိက္ကမလွှမ်းမိုးနိုင်စွမ်းက ထွက်ပေါ်နေ၏။

အမျိုးသမီးလေးက လှပချောမောပြီး အမျိုးသားက ဆွဲဆောင်မှုရှိနေ၏။

မြို့တော်ထဲတွင် ဘေးချင်းယှဉ်၍ လမ်းလျှောက်ထွက်လာကြသော သူတို့နှစ်ယောက်က နတ်ဖက်ပေးထားသော စုံတွဲလို လူအများ၏ အာရုံစိုက်ချင်စရာ ဖြစ်နေ၏။

“အား.. အဲ့ဒါ မိုစိတ်ဝိညာဉ်ပန်းပဲရုံက နန်းကြည်လို့ခေါ်တဲ့ အိမ်ဖော်မလေး မဟုတ်လား”

လူအုပ်ထဲမှ ကျင့်ကြံသူအချို့က နန်းကြည်ကို မှတ်မိလိုက်ကြ၏။

“ဟုတ်တာ‌ပေ့ါ.. အဲ့ဒါသူပဲ.. ဒါနဲ့ သူ့ဘေးက ဘယ်သူလဲ.. သူ့ကို ငါအရင်က တစ်ခါမှ မမြင်ဖူးပါဘူး”

“ငါသိပြီ”

ကျင့်ကြံသူတစ်ယောက်က မနာလိုမုန်းတီးဟန်နှင့် ပြောလိုက်၏။

“အဲ့အစိမ်းရောင်ဝတ်ကျင့်ကြံသူက ဆရာမိုနဲ့ အကျွမ်းဝင်နိုင်ဖို့အတွက် နန်းကြည်ကို ဝင်ရောနေတာ ဖြစ်ရမယ်.. ဘယ်လောက်အရှက်မရှိလိုက်တဲ့ လူလဲကွာ”

“ဟုတ်လောက်တယ်.. အဲ့လိုပဲ ဖြစ်မှာ‌‌ပေါ့”

ကျန်တဲ့သူများလည်း နားလည်သဘောပေါက်သွားသလို အလွယ်တကူ လက်ခံလိုက်ကြ၏။

“သူ့အကြံကလဲ ဆိုးတော့မဆိုးဘူးနော် ငါတောင် အဲ့လို မလုပ်နိုင်ဘူး”

ပတ်ဝန်းကျင်ရှိလူများက တီးတိုးပြောနေကြသော်လည်း.. ဆူဇီမိုနှင့် နန်းကြည်တို့၏ အကြားအာရုံသည် အလွန်ထက်ပြီး.. သူတို့ဆွေးနွေးပြောနေကြသည်များကို ကြားနိုင်ကြ၏။

“သခင်လေး.. ဒီလူတွေက ကြောင်တောင်တောင်တွေပဲ”

နန်းကြည်က တိုးတိုးပြော၍ ပြုံးနေလိုက်၏။

ရုတ်တရတ် လူအုပ်ထဲမှ လေသံပျော့ပျော့နှင့် အသံတစ်သံက ထွက်ပေါ်လာ၏။

“ငါထင်တာတော့ တစ်ကယ်ဆို.. အဲ့အစိမ်းရောင်နဲ့လူက ဆရာမိုလဲ ဖြစ်နေနိုင်မလားလို့”

ထိုအသံထွက်ပေါ်လာပြီးနောက် ‌လှောင်ပြောင်သရော်ရယ်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။

“တာအိုရောင်းရင်း ခင်ဗျားက အပြင်ကရောက်လာတဲ့လူ ဟုတ်တယ်မလား.. ခင်ဗျား ဘာမှမသိရင်လဲ လျှောက်လျှောက်မပြောပါနဲ့ဗျာ.. ခင်ဗျားဘာသာ အရှက်ကွဲတာပဲ အဖတ်တင်မယ်”

“တာအိုရောင်းရင်း ခင်ဗျားက စိတ်ဝိညာဉ်အကဲဖြတ်ခြင်းတောင် မတတ်ဘူးလို့ ကျုပ်ကို မပြောပါနဲ့.. အဲ့အစိမ်းရောင်ဝတ်ကျင့်ကြံသူရဲ့ ကျင့်ကြံမှုကို ခင်ဗျားမမြင်ရဘူးလား.. ဟီးဟီး. ဆရာမိုက ရွှေအမြုတေအဆင့်ဆိုတာ မြို့ထဲမှာ မသိတဲ့သူ ဘယ်သူမှ မရှိဘူး”

“နောက်ပြီး နန်းကြည်က ဆရာမိုရဲ့ အိမ်ဖော်ပဲ.. အိမ်ဖော်တစ်ယောက်က သူ့သခင်နဲ့ ဒီအတိုင်း ရယ်ရယ်မောမော စကားပြောဆိုပြီး လေးစားမှုမရှိ ပုခုံးချင်းယှဉ်လျှောက်သွားနေတာ ခင်ဗျားအရင်က မြင်ဖူးလို့လား”

ပြီးခဲ့သည့်သုံးနှစ်အတွင်း ဆူဇီမိုသည် နန်းကြည်နှင့်သာ အချိန်ဖြုန်းခဲ့ရ၏။

အပြင်လူတွေအမြင်မှာတော့ နန်းကြည်က သူ၏ အိမ်ဖော်မလေး ဖြစ်လေသည်။ သို့သော်လည်း သူကတော့ သူမကို ဘယ်တုန်းကမှ ထိုကဲ့သို့ မမြင်ခဲ့ပေ။

အစတုန်းကတော့ နန်းကြည်ကို သူခေါ်လာခဲ့သည်မှာ လူလူချင်း သနားဂရုဏာသက်မိသောကြောင့် ဖြစ်လေသည်။

သူတို့နှစ်ယောက်က ဒီအတိုင်း လှည့်ပတ်လျှောက်သွားနေဆဲဖြစ်၏။ သိပ်မကြာမီ သူတို့ရှေ့သို့ ဘယ်ဆီဘယ်ဝယ်ကရယ် မသိရသော အခြေတည်အဆင့် ကျင့်ကြံသူလူငယ်တစ်ယောက်က ရောက်ချလာ၏။ ထိုသူက ဆံပင်ကို သပ်တင်၍ နန်းကြည်ကို ပြုံးပြပြီး ညင်သာစွာ ပြောလိုက်၏။

“မနန်းကြည်.. ဒီလူက ရုပ်လေးနဲနဲချောတာလောက်ပဲရှိတာ ကျန်တာဘာမှ ဟုတ်တာမဟုတ်ဘူးရယ်.. သူက သူလိုချင်တာရှိလို့ မနန်းကြည်ကို ချဉ်းကပ်နေတာကွဲ့”

ကျင့်ကြံသူလူငယ်က ဆူဇီမိုကို အခိုင်အမာ လက်ညိုးထိုးစွပ်စွဲလိုက်၏။

“အဲ့ဒါ ရှင့်အပူမပါပါဘူး.. သွားစမ်းပါ”

နန်းကြည်က ထိုသူက ငေါက်၍ ဆူဇီမိုလက်ကိုဆွဲကာ ရှေ့သို့ ဆက်သွားလိုက်၏။

“ဒီနေ့ မြို့ထဲမှာ စိတ်ဝင်စားစရာလေး ဘာလေး မရှိဘူးလား.. အပျင်းပြေ သွားကြည့်ရအောင်” ဆူဇီမိုက ဘေးဘီဝဲယာတစ်ချက်ကြည့်၍ မေးလိုက်၏။

“စိတ်ဝင်စားစရာ.. အင်း...”

ခဏမျှ တွက်ဆစဉ်းစားပြီးနောက် နန်းကြည်က ပြောလိုက်၏။

“ဒီနေ့ ယုံရှင်းမြို့ထဲမှာ ဆေးဖော်စပ်ပြိုင်ပွဲရှိတယ်လေ.. ကျမကြားတာတော့ အစစ်အမှန်မီးစွမ်းအင်ဆေးတိုက်က ကျင့်ကြံသူတစ်ယောက်နဲ့ အဇူရာနှင်းမြူလွှာဆေးတိုက်က ကျင့်ကြံသူတစ်ယောက်က ပဋိပက္ခဖြစ်ကြတယ်တဲ့.. အဲ့ဒါ အနိုင်အရှုံးကို ဆုံးဖြတ်ဖို့အတွက် ဆေးလုံးဖော်စပ်ပြီး ဘယ်ဆေးလုံးက ပိုအဆင့်မြင့်လဲနှိုင်းယှဉ်ကြည့်ပြီး ဆုံးဖြတ်ကြမယ်တဲ့”

ဂိုဏ်းပေါင်းစုံပြိုင်ပွဲက နီးကပ်လာသည်နှင့်အမျှ မြို့တော်ထဲရှိ လုံခြုံရေးကိုလည်း တင်းကြပ်လာ၏။

မြို့တော်အစောင့်အရှောက် သုံးဖွဲ့ရှိသည့်အနက်.. ယခင်ကဆိုလျှင် တစ်ဖွဲ့ကသာ အလဲအလှယ်ဖြင့် လှည့်ပတ်စောင့်ကြည့်လေ့ရှိသော်လည်း.. ယခုအခါ မြို့ထဲတွင် လှည့်ပတ်စောင့်ကြည့်နေသော အဖွဲ့မှာ နှစ်ဖွဲ့ဖြစ်လာ၏။

တစ်နည်းအားဖြင့် ပြောရလျှင် မြို့ထဲတွင် နေ့စဉ်နှင့်အမျှ အစောင့်နှစ်ဖွဲ့က ကင်းလှည့်နေပြီး တစ်ဖွဲ့ကသာ အနားယူနေလေ့ရှိ၏။

ထိုကဲ့သို့သော အခြေအနေတွင် မြို့တော်ထဲ၌ မည်သည့်ကျင့်ကြံသူကမှ စတင်မတိုက်ခိုက်ရဲကြပေ။

သူတို့သည် ရန်စရန်နများကို ဖြေရှင်းချင်လျှင် ဆေးလုံးဖော်စပ်ခြင်းနှင့် လက်နက်သွန်းလုပ်ခြင်းတို့ကို ပြိုင်ဆိုင်ခြင်းဖြင့်သာ အနိုင်အရှုံးကို ဆုံးဖြတ်တတ်ကြ၏။

နောက်ပြီး ယခုရန်စဖြစ်ပေါ်ခဲ့သော နှစ်ယောက်က နတ်ဆေးတိုက်များမှ ဖြစ်သောကြောင့် ဆေးလုံးဖော်စပ်ပြိုင်ခြင်းက ကိစ္စကို ဖြေရှင်းဖို့အတွက် ပိုလို့ သင့်တော်လေသည်။

“အစစ်အမှန်မီးစွမ်းအင်ဆေးတိုက်.. အဇူရာနှင်းမြူလွှာဆေးတိုက်...”

ဆူဇီမိုက တီးတိုးရေရွတ်ရင်း ပြုံးလိုက်၏။

“လာလေ. သွားကြည့်ရတာပေါ့”

အစစ်အမှန်မီးစွမ်းအင်ဆေးတိုက်က အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းနောက်ခံရှိပြီး အဇူရာနှင်းမြူလွှာဆေးတိုက်ကတော့ အဇူရာနှင်းမြူလွှာဂိုဏ်းနောက်ခံရှိ၏။

ထိုသူများသည် ဂိုဏ်းကြီးငါးဂိုဏ်းစာရင်းဝင်ဂိုဏ်းများမှ ဖြစ်ကြသည့်အပြင်.. ဆူဇီမိုသည် ထိုဂိုဏ်းနှစ်ဂိုဏ်းနှစ်ဂိုဏ်းစလုံးနှင့် ပတ်သတ်ဆက်နွယ်မှုရှိ၏။

အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းကိုက ပြောနေစရာပင် လိုတော့မည် မထင်ပေ။ သူ့ကြောင့်ပင် ပြီးခဲ့သည့်သုံးနှစ်အတွင်း သူတို့က ထိချက်ပြင်းပြင်း ခံစားခဲ့ကြရ၏။

အဇူရာနှင်းမြူလွှာဂိုဏ်းကတော့...

ကျိယောင်ရွှယ်က အဇူရာနှင်းမြူလွှာဂိုဏ်းကဖြစ်ပြီး သူ့ကိုပင် ထိုဂိုဏ်းသို့ ဝင်ရောက်ဖို့ ဖိတ်ခေါ်ခဲ့သေး၏။ သို့သော် သူကတော့ ငြင်းပယ်ခဲ့၏။

ဆူရှောင်းနင်ကတော့ အဇူရာနှင်းမြူလွှာဂိုဏ်းသို့ ဝင်‌ရောက်ခဲ့၏။

သိပ်မကြာမီ သူတို့နှစ်ယောက်သည် ယုံရှင်းမြို့သို့ ရောက်လာခဲ့ကြ၏။

“မြန်မြန်လာကြဟေ့.. သွားကြည့်ကြရအောင်.. သူတို့က စတောင်စနေပြီတဲ့ဟ!”

“ငါကြားတာတော့ အစစ်အမှန်မီးစွမ်းအင်ဆေးတိုက်က တစ်ယောက်က သိပ်မကြာခင်ကမှ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှာ နာမည်ကြီးလာတဲ့ ပါရမီရှင်တစ်ယောက်တဲ့.. ဂိုဏ်းပေါင်းစုံပြိုင်ပွဲကျရင်တောင် နတ်ဆေးလုံးအဆင့်သတ်မှတ်စာရင်းမှာ သူက သေချာပေါက် နေရာတစ်ခု ရမှာလို့ ပြောနေကြတယ်!”

“အင်း.. အဇူရာနှင်းမြူလွှာဂိုဏ်းက နတ်ဆေးဆရာကတော့ အမျိုးသမီးငယ်လေးတစ်ယောက်တဲ့.. သူက ဘာနာမည်မှတောင် မရှိသေးဘူး.. သူက ဘယ်လိုလုပ်ပြီး ဟယ်ရှင်းနဲ့ ပြိုင်ဖို့ သတ္တိတွေရလာသလဲ ငါသိချင်လိုက်တာ”

ဆူဇီမိုနှင့် နန်းကြည်တို့သည် ထိုနေရာသို့ လျှင်မြန်စွာ ‌ရောက်ရှိလာကြပြီး လူအုပ်ကြီးနှင့်အတူ အလိုက်သင့် လိုက်ပါသွားကြ၏။

ယုံရှင်းမြို့၏ ထောင့်တစ်နေရာ၌ လူအုပ်ကြီးတစ်အုပ်ရှိပြီး ၎င်းအလယ်၌ နေရာလွတ်တစ်ခု ရှိနေ၏။ ထိုနေရာလွတ်ကွက်လပ်ထဲ၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် သူတို့၏ လက်ထဲတွင် ဆေးမီးဖိုများကို အသီးသီးကိုင်ထားကြ၏။

အမျိုးသားသည် ခံ့ညားကြော့ရှင်းသော ရုပ်ရည်သွင်ပြင်ရှိ၏။ သို့သော် သူနှုတ်ခမ်းများက အလွန်တရာ ပါးလျပြီး ထိုသူက အကြင်နာတရားကင်းမဲ့‌‌သော လူတစ်ယောက်ဖြစ်ကြောင်း ပြသနေသလိုပင်။

ထိုအမျိုးသားက ဆေးဖက်ဝင်ပါဝင်ပစ္စည်းများကို အရည်ဖျော်နေ၏။ သို့သော် သူ့အကြည့်က သူ့ဘေးရှိ အမျိုးသမီးအပေါ်သို့ ကျရောက်နေ၏။ သူ့အမူအယာက သက်တောင့်သက်သာရှိနေပြီး သူ့မျက်လုံးများထဲတွင် လှောင်ပြောင်သရော်လိုရိပ်က ထင်ဟပ်နေ၏။

ဆူဇီမိုသည် ဆေးဖော်စပ်ဖို့ လုပ်နေသော မိန်းကလေးကိုကြည့်လိုက်ချိန် တသိမ့်သိမ့်တုန်သွားပြီး အံ့အားသင့်သွားကာ အသံထွက်လုနီးပါး ဖြစ်သွားရ၏။

ဘေးတိုက်မြင်ရုံနှင့်ပင် ဆူဇီမိုသည် ထိုအမျိုးသမီးလေးကို တန်းပြီး မှတ်မိလိုက်၏။

သူမက ဆူရှောင်းနင်ပင်။

အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ ဟယ်ရှင်းနှင့် ဆေးလုံးဖော်စပ်ခြင်း ယှဉ်ပြိုင်နေ‌သောသူမှာ အခြားမဟုတ်.. နှစ်ပေါင်းများစွာ မတွေ့ရကြာပြီဖြစ်သော သူ့ညီမလေး ဆူရှောင်းနင်ပင် ဖြစ်လေတော့သည်။

အစကတော့.. သူ့ညီမလေးနှင့် နောက်တစ်ဖန်ပြန်တွေ့ဖို့အတွက် သူသည် ဂိုဏ်းပေါင်းစုံပြိုင်ပွဲ တရားဝင်စတင်သည့်အချိန်အထိ စောင့်ရဦးမည်ဟု ဆူဇီမိုတွေးထင်ထားခဲ့၏။

ဒီနေ့ဒီနေရာမှာ သူမနှင့် ပြန်လည်ဆုံတွေ့ရမည် သူမျှော်လင့် မထားခဲ့မိပေ။

“ဘာလို့လဲ သခင်လေး” ဆူဇီမိုအနီးတွင် ရှိနေသော နန်းကြည်သည် သူ့အမူအယာက တစ်နည်းတစ်ဖုံလွဲမှားနေသည်ကို သတိထားမိလိုက်ပြီး အလောတကြီး မေးလိုက်၏။

“ဘာမှ မဟုတ်ပါဘူး”

သူက ပြုံးလိုက်ပြီး သူ့အကြည့်က ဆူရှောင်းနင်အပေါ်တွင်သာ နွေးထွေးညင်သာစွာ ကျရောက်နေ၏။

မတွေ့ရသည့်နှစ်အနည်းငယ်အတွင်း.. ဆူရှောင်းနင်က အတော်လေး သိသာစွာ အရွယ်ရောက်လာ၏။ သူမသည် သေးသေးသွယ်သွယ်ခန္ဓာကိုယ်ရှိပြီး သူမ၏ ဆံပင်ရှည်များကို အပြာရောင်ခေါင်းစည်းကြိုးဖြင့်စည်းနှောင်ကာ အင်္ကျီရှေ့တွင် ချထား၏။ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သူမက အပြစ်‌ပြောစရာမရှိအောင် သန့်စင်သေသပ်ပြီး.. အင်မော်တယ်တစ်ယောက်၏ ဟန်ပန်အမူအယာမျိုး ပေါက်နေ၏။

တစ်ကယ်တော့ ဆူဇီမိုသည်လည်း ဒီနှစ်များအတွင်း ရှောင်းနင်အကြောင်း မကြာခဏတွေးဖြစ်၏။

သူမမှာ အဆင့်နိမ့်စိတ်ဝိညာဉ်ရင်းမြစ်သာရှိသောကြောင့်.. ကျိယောင်ရွှယ်၏ ကူညီဖေးမမှုရလျှင်ပင်.. ဂိုဏ်းထဲ၌ သူမက အနိုင်ကျင့်ခံရတာ၊ စော်ကားခံရ၊ သည်းခံရတာတွေ အတောမသတ်နိုင်အောင် ကြုံတွေ့ရနိုင်လေသည်။

ထိုအချိန်တုန်းက သူ့ကံကြမ္မာက မ‌ရေရာမသေချာ ဖြစ်နေသောကြောင့်သာ မဟုတ်ခဲ့လျှင်.. ဆူဇီမိုက ရှောင်းနင်ကို သူနှင့်အတူ သေချာပေါက် ခေါ်သွားမိပေလိမ့်မည်။

အနီးကပ်တစ်ချက်ကြည့်ပြီးနောက်.. ရှောင်းနင်းက အခြေတည်အဆင့်သို့ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း ဆူဇီမို မြင်လိုက်ရ၏။

သူမသည် အဆင့်နိမ့်စိတ်ဝိညာဉ်ရင်းမြစ်တစ်ခုနှင့်.. နှစ်အနည်းငယ်အတွင်း ဤမျှအထိ ရောက်အောင် လျှောက်လှမ်းနိုင်ခဲ့တာကပင် အတော်လေး ချီးကျူးဖို့ကောင်းလွန်းနေပြီဖြစ်လေသည်။

ဤအဆင့်အထိ ရောက်လာဖို့အတွက် ရှောင်းနင်က အခက်အခဲအတားအဆီးတွေကို ဘယ်လောက်တောင် ကျော်ဖြတ်ခဲ့ရသလဲ စဉ်းစားကြည့်နိုင်လေသည်။

စုန့်ချီသည်လည်း အဆင့်နိမ့်စိတ်ဝိညာဉ်ရင်းမြစ်ကို ပိုင်ဆိုင်ထား၏။ သူသည် သူ့ဘဝတစ်လျှောက်လုံး ကျင့်ကြံလေ့ကျင့်ခဲ့တာတောင် သူသည် အခြေတည်အဆင့်သို့ မရောက်ရှိနိုင်သေး‌ပေ။

ဆူဇီမိုကို ပိုပြီးတော့ အံ့အားသင့်စေရသည်မှာ.. ရှောင်းနင်က နတ်ဆေးဆရာမတစ်ယောက် ဖြစ်နေခြင်းပင်။

သူသည် ဆေးလုံးဖော်စပ်ခြင်းနှင့် ပတ်သတ်၍ အတော်အတန် တီးမိခေါက်မိရှိသောကြောင့်.. ရှောင်းနင်က ထိုပညာ၌ အတော်လေး ကျွမ်းကျင်တတ်မြောက်မှုရှိကြောင်း သူပြောနိုင်လေသည်။ ဒါ့အပြင် သူမသည် ဖြစ်စဉ်တစ်လျှောက်လုံး အလွန်တရာ အာရုံတည်ငြိမ်နေပြီး ပတ်ဝန်းကျင်အခြေအနေများက သူမအပေါ် လုံးဝသက်‌ရောက်မှု ရှိမနေပေ။ သူမသည် နတ်ဆေးဆရာတစ်ယောက်မှာ ရှိသင့်သော စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်တည်ငြိမ်မှုကို ပိုင်ဆိုင်ထား၏။

All Chapters