ဒါကမှ တစ်ကယ့် ဆေးလုံးဖော်စပ်ခြင်းပဲ
Vol. 19 Ch. 275
အခန်း ၂၇၅ - ဒါကမှ တစ်ကယ့် ဆေးလုံးဖော်စပ်ခြင်းပဲ
ဆေးလုံးဖော်စပ်ခြင်းနှင့် လက်နက်သွန်းလုပ်ခြင်းက အပေါ်ယံအားဖြင့်ကြည့်လျှင် ဆင်တူသည်ဟု ထင်ရသော်လည်း တစ်ကယ်တမ်းမှာတော့ ကြီးမားစွာခြားနားလေသည်။
လက်နက်သွန်းလုပ်ခြင်းက စိတ်ဝိညာဉ်မီးတောက်အဆင့်မြင့်မြင့်ကို လိုအပ်၏။
စိတ်ဝိညာဉ်မီးတောက်၏ အဆင့်က မြင့်လေလေ.. အကျိုးကျေးဇူးများလေလေဖြစ်ပြီး.. အရည်ဖျော်ခြင်း လုပ်ငန်းစဉ်တွင် အညစ်အကြေးများကို ပို၍များများ ဖယ်ထုတ်သန့်စင်နိုင်မည် ဖြစ်လေသည်။
သို့သော်လည်း ဆေးလုံးဖော်စပ်ခြင်းမှာတော့ ထိုသို့ မဟုတ်ပေ။
အကြောင်းမှာ စိတ်ဝိညာဉ်ဆေးဖက်ဝင်ပစ္စည်းများမှာ လက်နက်သွန်းလုပ်ရာတွင် သုံးရသော ပစ္စည်းများနှင့်မတူဘဲ.. အပူချိန်သိပ်ပြီး မြင့်မားစွာ မလိုအပ်ပေ။ အဆင့်၁ စိတ်ဝိညာဉ်မီးတောက်ရှိလျှင်ပင် ဆေးဖက်ဝင်ပစ္စည်းအတော်များများကို သန့်စင်နိုင်လေသည်။
ဆေးလုံးဖော်စပ်ခြင်းတွင် စိတ်ဝိညာဉ်မီးတောက်များ၏ အပူချိန်ကို အတိအကျကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်ဖို့လိုသော အဆီအနှစ်ထုတ်ခြင်း လုပ်ငန်းစဉ်နှစ်ခု ရှိလေသည်။
အပူချိန်က လိုအပ်သည်ထက် အနည်းငယ် ပိုသွားသည်နှင့် စိတ်ဝိညာဉ်ဆေးဖက်ဝင်ပစ္စည်းများက လောင်ကျွမ်းပြာကျသွားပေလိမ့်မည်။
အပူချိန်က နည်းလွန်းနေလျှင်လည်း.. ဆေးဖက်ဝင်ပစ္စည်းများထဲမှ လိုအပ်သည့်အဆီအနှစ်ကို ထုတ်ယူနိုင်တော့မည် မဟုတ်ပေ။
ဆေးလုံးဖော်စပ်ခြင်းတွင် စိတ်ဝိညာဉ်စုဆောင်းဖို့ မလိုအပ်သော်လည်း.. ထောင်နှင့်ချီသော ဆေးဖက်ဝင်အပင်များကို ထဲထဲဝင်ဝင် သိမြင်နားလည်အောင် လေ့လာမှတ်သားထားဖို့ လိုအပ်လေသည်။
ဆေးလုံး၏ အဆင့်က ပိုမြင့်မြင့်လေလေ.. ဆေးညွှန်းများက ပိုမိုရှုပ်ထွေးလာလေဖြစ်ပြီး မှတ်သားရမည့်အချက်အလက်များကလည်း ပိုများလာမည် ဖြစ်လေသည်။ တစ်ကယ့်ထိပ်တန်းနတ်ဆေးဆရာများဆိုလျှင် စိတ်ဝိညာဉ်ဆေးပင်ပေါင်း သန်းနှင့်ချီ၍ပင် မှတ်မိကြလေသည်။
အစစ်အမှန်မီးစွမ်းအင်ဆေးတိုက်မှ နတ်ဆေးဆရာ ဟယ်ရှင်းသည် အဆင့်၂ စိတ်ဝိညာဉ်မီးတောက်ကို ပိုင်ဆိုင်ထားပြီး သူက ထိုအရာကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်လေသည်။
ဆူရှောင်းနင်ကတော့ အဆင့်၁ စိတ်ဝိညာဉ်မီးတောက်ကိုသာ ပိုင်ဆိုင်ထားသော်လည်း သူမ၏ အပူချိန်ထိန်းချုပ်နိုင်မှုကတော့ မခေလှပေ။
သူတို့နှစ်ယောက်က လွန်စွာရိုးရှင်းသော ဆေးလုံးအမျိုးအစားဖြစ်သည့် စိတ်ဝိညာဉ်ဖြည့်တင်းခြင်းဆေးလုံးကို ဖော်စပ်ဖို့ လုပ်နေကြ၏။
စိတ်ဝိညာဉ်ဖြည့်တင်းခြင်းဆေးလုံးကို အဆင့်သုံးဆင့်ခွဲထားပြီး.. ၎င်းကို ကုန်ဆုံးသွားသော စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ဖြည့်တင်းရာတွင် အသုံးပြုကြလေသည်။ ဆေးလုံး၏ အဆင့်က ကွာဟသွားလေ.. ဆေး၏ အကျိုးအာနိသင်သက်ရောက်မှုကလည်း ကွာခြားသွားမည်ဖြစ်၏။
သူတို့နှစ်ယောက်စလုံးက အဆင့်၂ စိတ်ဝိညာဉ်ဖြည့်တင်းခြင်းဆေးလုံးများကို ဖော်စပ်နေကြခြင်းဖြစ်ပြီး.. ဖော်စပ်ပုံဆေးညွှန်းအရ မတူညီသော စိတ်ဝိညာဉ်ဆေးပင် ၂၈မျိုး လိုအပ်လေသည်။
ထို၂၈မျိုးတွင် ဆေးပင်တစ်ပင်မှာသာ ချွတ်ချော်မှုဖြစ်ခဲ့ပါက.. ဆေးလုံးဖွဲ့တည်ခြင်းက ကျရှုံးသွားရမည် ဖြစ်လေသည်။
ဟယ်ရှင်း၏ နည်းစနစ်က အနည်းငယ်ပို၍ သာလွန်သည်ကို တွေ့ရ၏။
သို့သော်လည်း ထိုလူ၏ အကြည့်က အလွန်တရာအောက်တန်းကျပုံပေါ်ပြီး ဆူရှောင်းနင်၏ ခန္ဓာကိုယ်ပေါ်သို့ မကြာမကြာကျရောက်နေကာ သူမ၏ တစ်ကိုယ်လုံးကို ရဲတင်းစွာ စုန်ဆန်ကြည့်နေ၏။
ဆူဇီမိုသည် မျက်စိကိုမှေးလိုက်ရင်း.. သတ်ဖြတ်လိုစိတ်က ထကြွလာ၏။
နန်းကြည်သည် သတိထားမိလိုက်ပြီး ဆူဇီမို၏ ထူးဆန်းနေသည့်အမူအယာကို ကြည့်လိုက်၏။ ထို့နောက် ဆူရှောင်းနင်ကို တစ်ဖန်ပြန်ကြည့်ကာ အတွေးနက်နေမိ၏။
“ဟယ်ရှင်းရဲ့ ဆေးဖော်စပ်တဲ့ နည်းစနစ်က အတော်လေး ကောင်းပါတယ်.. ဒါပေမယ့် သူ့စိတ်ဓါတ်ကတော့ ရွံစရာပဲ”
လူအုပ်ထဲမှ ကျင့်ကြံသူတစ်ယောက်က တိုးတိုးပြောလိုက်၏။
ဘေးမှတစ်ယောက်က ထိုသူ၏ ပါးစပ်ကို ချက်ချင်းလှမ်းပိတ်လိုက်၏။
“ဟေ့ကောင်.. တိုးတိုးပြောဟာ.. မင်းတော့ဒုက္ခရောက်တော့မှာပဲ!”
ဘေးမှကြည့်နေသူများက ရှင်းလင်းစွာ မြင်နေရ၏။
ဟယ်ရှင်းက ဆူရှောင်းနင်ကို ထိုသို့ရဲတင်းစွာ ကြည့်နေခြင်းမှာ.. ဆေးဖော်စပ်နေစဉ်အချိန်အတွင်း သူမ၏ စိတ်ပိုင်းဆိုင်ရာကို အနှောင့်အယှက်ပေးဖို့အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်ကြောင်း ကျင့်ကြံသူအများစု သိကြလေသည်။
ဆေးဖော်စပ်နေစဉ်အချိန်အတွင်း မလုပ်သင့်ဆုံး၊ မဖြစ်သင့်ဆုံးအရာမှာ စိတ်အာရုံပျက်ယွင်းခြင်းပင် ဖြစ်လေသည်။
အဆီအနှစ်ထုတ်ခြင်းမှာဖြစ်စေ၊ ဆေးလုံးဖွဲ့တည်ခြင်းမှာဖြစ်စေ.. အနည်းငယ်ကလေး စိတ်အာရုံပျက်ယွင်းမိသည်နှင့် ရှေ့က ကြိုးစားအားထုတ်ခဲ့မှုများက အကုန်အချည်းနှီး ဖြစ်ရပေတော့မည်။
သို့သော်လည်း ဆူရှောင်းနင်က ဟယ်ရှင်း၏ ရန်စသည့်အပြုအမူကို လုံးဝလျစ်လျူရှုထားပြီး သူမ၏လက်ထဲရှိ ပါဝင်ပစ္စည်းများမှ အဆီအနှစ်ထုတ်ခြင်းအပေါ်တွင်သာ အပြည့်အဝအာရုံစိုက်ထား၏။ သူမ၏ သမာဓိအားကောင်းမှုက လူအုပ်ကြီးကို သြချသွားစေ၏။
လူတိုင်း၏ အမြင်တွင်.. ဆူရှောင်းနင်၏ နည်းစနစ်ပိုင်းဆိုင်ရာက ဟယ်ရှင်းထက် နိမ့်ကျကြောင်း ရှင်းလင်းစွာ မြင်နေရလေသည်။
သို့သော်လည်း သူမ၏ အာရုံစူးစိုက်နိုင်စွမ်းကတော့ သူ့ထက်အဆများစွာ သာလွန်လေသည်။
ဆူဇီမိုသည် စိတ်ကျေနပ်စွာ တိတ်တဆိတ်ခေါင်းညိတ်လိုက်၏။
“သူတို့နှစ်ယောက်က ဘယ်ကဘယ်လို ရန်စဖြစ်သွားတာလဲ.. ဘာလို့ သူတို့က ဒီနေရာမှာ ဆေးဖော်စပ်ဖို့ လာပြိုင်ရတာလဲဗျ”
ဆူဇီမိုသည် သူ့ဘေးရှိ ကျင့်ကြံသူတစ်ယောက်ကို တစ်ချက်ကြည့်ပြီး အေးဆေးမေးလိုက်၏။
ထိုလူက ပြန်ဖြေလိုက်၏။
“တစ်ကယ်တော့ ဘာမှသိပ်အထွေအထူး မဟုတ်ပါဘူးဗျာ.. ကျုပ်ကြားတာတော့ ဆေးမီးဖိုတစ်ခုကြောင့်တဲ့.. အဇူရာနှင်းမြူလွှာဂိုဏ်းက မိန်းကလေးက အဲ့ဒါကို အရင်တွေ့တာ.. သူက အဲ့ဒါကို ဝယ်ပြီးလို့ ကျသင့်တဲ့စိတ်ဝိညာဉ်ကျောက်တုံးတောင် ပေးချေပြီးသွားပြီ.. ဒါပေမယ့် အဲ့အချိန်မှာပဲ ဟယ်ရှင်းက အဲ့နားကနေဖြတ်သွားရင်း အဲ့ဆေးမီးဖိုကို မျက်စိကျသွားပြီး နှစ်ဆပေးဝယ်ဖို့ လုပ်တော့တာပဲ.. ဟိုမိန်းကလေးကလဲ အဲ့ဒါကို မပေးချင်တော့ နှစ်ဖက်က အဲ့ကစပြီး အချင်းများကြတော့တာပဲ”
“နောက်တော့.. ဟယ်ရှင်းက ဒီမိန်းကလေးကို ထပ်ကာထပ်ကာ နားပူနာဆာလုပ်ပြီး စိတ်အနှောင့်အယှက်ပေးတော့တာပဲ.. သူမလဲ သည်းမခံနိုင်တော့တဲ့အဆုံး ဒီဆေးလုံးဖော်စပ်စိန်ခေါ်ပွဲကို လက်ခံလိုက်ရတော့တာပဲ”
ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။
“ဒီမိန်းကလေးက အဇူရာနှင်းမြူလွှာဂိုဏ်းက နတ်ဆေးဆရာမ မဟုတ်လား.. အစစ်အမှန်မီးစွမ်းအင်ဆေးတိုက်က လူတွေက လာပြီး အနိုင်ကျင့်တာကို သူ့ဂိုဏ်းဖော်တွေကလဲ ဒီတိုင်းပဲ ငြိမ်နေကြတာပဲလား”
“အဲ့ဒါတော့ ကျုပ်လဲ မသိဘူး”
ထိုလူက ခေါင်းခါလိုက်၏။
“ဒါပေမယ့်လို့ ဟယ်ရှင်းက အရမ်းတောင့်တင်းတဲ့နောက်ခံရှိတယ်.. ပြီးတော့သူက အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းရဲ့ ဒီဘက်မျိုးဆက်သစ်တွေထဲမှာ အလားအလာအရှိဆုံး နတ်ဆေးဆရာပဲ.. ပြောကြတာတော့ သူ့အစ်ကို ဟယ်ကျင်းကလဲ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းက အခြေအတည်အဆင့်တွေ အကုန်လုံးထဲမှာ နံပါတ်တစ်တဲ့.. ဂိုဏ်းပေါင်းစုံပြိုင်ပွဲကျရင် စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းမှာ သူက သေချာပေါက်နေရာတစ်ခု ရမှာလို့ ပြောကြတာပဲ!”
“ဟယ်ညီအစ်ကိုနှစ်ယောက်မှာ.. တစ်ယောက်က ဆေးလုံးဖော်စပ်ရာမှာ ဆရာတစ်ဆူ.. နောက်တစ်ယောက်ကျတော့လဲ ကြောက်စရာကောင်းတဲ့တိုက်ခိုက်ရည်ရှိ.. အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှာတော့ သူတို့ညီအစ်ကိုနှစ်ယောက်က နာမည်ကြီး အဆင့်အတန်းမြင့်မြင့်တွေပဲ.. ကျုပ်အထင်တော့ အဇူရာနှင်းမြူလွှာဆေးတိုက်က ခေါင်းဆောင်ကတောင် ဂိုဏ်းနှစ်ခုအကြား ပြဿနာမဖြစ်ရအောင် ဟယ်ရှင်းကို ရန်မစချင်ဘူးထင်တယ်”
ဆူဇီမိုက သိပ်ပြီးအလေးမထားသလို ခေါင်းညိတ်ပြလိုက်၏။
ခဏလေးအတွင်းမှာတင်.. ဟယ်ရှင်းနှင့် ဆူရှောင်းနင်တို့သည် ဆေးလုံးဖော်စပ်ခြင်း၏ စတုတ္တအဆင့်ဖြစ်သော ဒုတိယမြောက်အဆီအနှစ်ထုတ်ခြင်းအဆင့်သို့ ရောက်ရှိလာပြီ ဖြစ်လေသည်။
ဆူရှောင်းနင်က သူ့ကို ဂရုမစိုက်သည်ကို ကြည့်ပြီး.. ဟယ်ရှင်း၏ အကြည့်က ပိုလို့တောင် ရဲတင်းလာပြီး တစ်မျိုးတစ်မည် ထူးခြားသည့် ရယ်သံများပါ ပြုလာပြီဖြစ်၏။
ဆူရှောင်းနင်က ထိုသည်ကို လုံးဝလျစ်လျူရှုထားဆဲဖြစ်ပြီး သူမရှေ့က ဆေးမီးဖိုအပေါ်တွင်သာ အာရုံစူးစိုက်ထား၏။ သူမ၏ စိတ်ဝိညာဉ်မီးတောက်ကိုသုံး၍ အပူချိန်ကို ထိန်းချူပ်ပြီး စိတ်ဝိညာဉ်ဆေးပင်များထဲမှ အညစ်အကြေးများကို တစ်စပြီးတစ်စ ဖယ်ထုတ်ပစ်နေ၏။
ဟယ်ရှင်းက မတ်တပ်ရပ်၍ အဆက်မပြတ် ရယ်မောနေ၏။
ဆူရှောင်းနင်က တိတ်တဆိတ်သာနေ၍ သူမ၏ ဆေးလုံးဖော်စပ်ခြင်းအပေါ်၌သာ အာရုံစိုက်ထား၏။ သူမက ဆေးလုံးဖော်စပ်သန့်စင်ခြင်းအလုပ်တွင် နစ်မြော၍ ပတ်ဝန်းကျင်ရှိ လူများအားလုံးကို မေ့လျော့သွားပုံရ၏။
သူတို့နှစ်ယောက်အကြား ခွန်အားကွာဟချက်က သိသာထင်ရှား၏။
ဆေးလုံးဖော်စပ်ခြင်းနည်းစနစ်ပိုင်းအရာတွင် ဟယ်ရှင်းက ဆူရှောင်းနင်ထက် များစွာပို၍ အားကောင်း၏။
သို့သော်လည်း ယခုအခါမှာတော့ ဟယ်ရှင်းသည် ဇာတ်ထဲက လူပြက်တစ်ယောက်သာသာ ဖြစ်လာ၏။
နွေးထွေးသောနေရောင်ခြည်က မိန်းကလေး၏ ခန္ဓာကိုယ်ပေါ်သို့ ကျလာပြီး သူမထံမှ ရောင်စုံအလင်းများက ဖြာထွက်နေသလို မြင်လာရ၏။
မိန်းကလေး၏ နှာခေါင်းက ပြတ်သားပြီး.. သူမ၏ နဖူးထက်တွင် ချွေးလေးများက လွန်စွာလှပသည့်ပုံစံဖြင့် စို့လာ၏။
ဤအခိုက်အတန့်တွင် လူတိုင်း၏ စိတ်ထဲ၌ အတွေးတစ်ခုက ဖြစ်ပေါ်လာကြ၏။
တစ်ကယ့်နတ်ဆေးဆရာတစ်ယောက်၏ ကိုယ်နေဟန်ပန်အမူအယာ စိတ်နေစိတ်ထားက ဤကဲ့သို့ ဖြစ်ရပေမည်။
ထိုအမျိုးသမီးလေး၏ လက်များထဲတွင် ဆေးလုံးဖော်စပ်ခြင်းက သူ့ကိုယ်ပိုင်အသက်နှင့် ဝိညာဉ်ကို ပိုင်ဆိုင်လာပုံရ၏။
သူမသည် ဆေးလုံးများကို သန့်စင်ဖော်စပ်နေခြင်းမဟုတ်.. အသက်အသစ်တစ်ခုကို မွေးဖွားပေးနေခြင်းဖြစ်၏။
ထိုအမျိုးသမီးလေး ဆေးလုံးသန့်စင်ဖော်စပ်နေခြင်းကို ကြည့်ပြီး လူတိုင်းသည် သူတို့ကိုယ်တိုင် နတ်ဆေးဆရာတစ်ယောက်ဖြစ်လာသလို၊ အသက်အသစ်တစ်မွေးဖွားလာသည်ကို စောင့်ကြည့်နေရသလို နစ်မြောသွားပြီး ရှင်းမပြတတ်သည့် ကျေနပ်စိတ်လှုပ်ရှားဖွယ်ရာခံစားချက်ကို ခံစားလာရ၏။
ထိုအချိန်မှာပင် ဆူဇီမိုက ပြုံးလိုက်၏။
သူသည် တောက်ပကျေနပ်စွာ ပြုံးလိုက်၏။
နောက်ဆုံးမှာတော့ ရှောင်းနင်းက သူမလျှောက်လှမ်းရမည့်လမ်းကြောင်းကို ရှာတွေ့ခဲ့လေပြီ။
ဆူဇီမိုသည် ဆေးလုံးဖော်စပ်ခြင်းတွင် အတော်အတန်တီးမိခေါက်မိရှိပြီး ဆန်းကြယ်တောင်ထွတ်မှာတုန်းက သူသည် နတ်ဆေးတောင်ထွတ်၏ နံပါတ်တစ်ပင် ဖြစ်ခဲ့ဖူးသေး၏။
သို့သော် ယခုအခိုက်အတန့်၌.. ဆေးလုံးဖော်စပ်ခြင်းအရာတွင် သူက သူ့ညီမလေးထက် များစွာနိမ့်ကျကြောင်း ဝင်ခံရပေမည်။
သူသိထားခဲ့သည်မှာ ဆေးပညာ၏ အခြေခံအချက်အလက်များသာ ဖြစ်၏။
သို့သော်လည်း ရှောင်းနင်သိထားသည်က တစ်ကယ့်ဆေးပညာ၏ အနှစ်သာရဖြစ်၏။
တဖြည်းဖြည်းနှင့် ဆူရှောင်းနင်ဘေးပတ်လည်တွင် မမြင်နိုင်သော အော်ရာတစ်ခုက ဖြစ်တည်လာပြီး ပို၍ ပို၍ သန်မာအားကောင်းလာ၏။
အဲ့ဒါက တစ်ကယ့်နတ်ဆေးဆရာတစ်ယောက်၏ အော်ရာပင် ဖြစ်လေသည်။
ဟယ်ရှင်း၏ အမူအယာက ပြောင်းလဲသွား၏။
ဆူရှောင်းနင်အော်ရာ၏ ဖိနှိမ်မှုအောက်တွင် သူ့စိတ်နုလုံးက နောက်ကျသွားပြီး သူ့မီးတောက်က ဖရိုဖရဲဖြစ်ကာ သူ့ဆေးမီးဖိုထဲရှိ ဆေးဖက်ဝင်အဆီအနှစ်များက လောင်ကျွမ်းလုနီးပါး ဖြစ်သွားရ၏။
အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ သူ့ကိုယ်သူ ဣန္ဒြေရအောင် ပြန်လည်ထိန်းညှိလိုက်ပြီး ဆေးလုံးဖော်စပ်ခြင်းတွင်သာ သူ့အာရုံကို စိုက်လိုက်၏။
သို့သော်လည်း ထိုအချိန်မှာ သူသည် အနည်းငယ်နှောင့်နှေးနောက်ကျကျန်ခဲ့၏။
ဆူရှောင်းနင်က သူ့ထက် ခြေတစ်လှမ်းပိုမြန်သွားပြီး ဒုတိယမြောက်အဆီအနှစ်ထုတ်ခြင်းက ပြီးမြောက်သွား၏။
မွှေးပျံ့ကြိုင်သင်းနေသည့် ဆေးရနံ့က ဆေးမီးဖိုထဲကနေ ထွက်ပေါ်လာ၏။ လူတိုင်းသည် သူတို့၏ ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များက လှုပ်ခတ်လာပြီး လန်းဆန်းထကြွလာသည်ကို ခံစားလိုက်ကြရ၏။
ဆူရှောင်းနင်က သူမ၏ မျက်လုံးနှစ်ဖက်ကို ပိတ်၍ ခဏမျှ အနားယူလိုက်၏။ သူမ၏ မျက်လုံးနှစ်ဖက်ကို ပြန်ဖွင့်လိုက်သည့်အချိန်တွင် သူမ၏အကြည့်က ကြည်လင်ပြတ်သားနေပြီး သူမသည် ဆေးလုံးဖွဲ့တည်ခြင်းကို စတင်လုပ်ဆောင်လိုက်၏။
ထိုအချိန်မှသာ ဟယ်ရှင်းက သူ၏ ဒုတိယမြောက်အဆီအနှစ်ထုတ်ခြင်းကို ပြီးမြောက်သွား၏။
ဟယ်ရှင်း၏ ဆေးမီးဖိုမှလည်း ဆေးရနံ့တစ်မျိုးက ထွက်ပေါ်လာ၏။ သို့သော်လည်း ထိုရနံ့က ခပ်ဖျော့ဖျော့သာဖြစ်၍ ၎င်းကို ရှူရှိုက်မိသောအခါ မည်သူမျှ သိပ်မခံစားရပေ။
မမျှော်လင့်ထားသောအရာ ဘာမှဖြစ်ပေါ်မလာခဲ့လျှင် ဆေးလုံးဖွဲ့တည်ပြီးနောက် ဆူရှောင်းနင်၏ ဆေးလုံးက ဟယ်ရှင်း၏ဆေးလုံးထက် သေချာပေါက် ပိုသာလွန်ပေလိမ့်မည်။
မွှေးပျံသော ဆေးရနံ့မှတစ်ဆင့်.. ဆူရှောင်းနင်၏ ဆေးလုံးက ဆေးကြိုးငါးခုနှင့် ပကတိအဆင့်ဆေးလုံးပင် ဖြစ်လာနိုင်ကြောင်း ဘေးမှာကြည့်နေကြသော နတ်ဆေးဆရာများက ခန့်မှန်းမိကြ၏။