← Chapters

ကြိုတင်မမြင်နိုင်သော အခြေအနေ

Vol. 19 Ch. 276

ကြိုတင်မမြင်နိုင်သော အခြေအနေ

Vol. 19 Ch. 276

အခန်း ၂၇၆ - ကြိုတင်မမြင်နိုင်သော အခြေအနေ

“ဂျူနီယာညီမလေးရှောင်းနင်က နိုင်တော့မယ်ဟေ့!”

“ဒါပေ့ါ.. အဲ့လိုနဲ့ ငါတို့အဇူရာနှင်းမြူလွှာဆေးတိုက်က ပိုပြီးကျော်ကြားလာဦးမှာပဲ”

လူအုပ်ထဲရှိ အဇူရာနှင်းမြူလွှာဆေးတိုက်မှ တပည့်အချို့က စိတ်လှုပ်ရှားစွာနှင့် ဆွေးနွေးလိုက်ကြ၏။

“အဲ့ဒါက အဆင့်၂ ဆေးလုံးလေးပဲကို.. သူက အခုအနိုင်ရရင်တောင် အဲ့ဒါက ငါတို့ရဲ့ ဂုဏ်သတင်းနဲ့ ဘာများသက်ဆိုင်လို့လဲ.. အဇူရာနှင်းမြူလွှာဆေးတိုက်ရဲ့ ဂုဏ်သတင်းက နှစ်ပေါင်းထောင်နဲ့ချီပြီး တည်ဆောက်ထားပြီးသား.. သူ့ကြောင့်နဲ့ ဘာမှ ပိုထူးခြားလာစရာ အကြောင်းမရှိဘူး!”

ထိုစကားကို ပြောလိုက်သောသူကား အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အဝါရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထား၏။ သူမက ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နှင့် လုံးကြီးပေါက်လှပုံစံရှိ၏။ သူမ၏ မျက်နှာကို အနည်းငယ်မော့ထားပြီး လည်တိုင်က သေးသွယ်ဖြူဖွေးကာ ငန်းမလေးတစ်‌ကောင်လို မောက်မာချေမိုးသော အမူအယာရှိ၏။

သူမ စကားသံကို ကြားပြီးနောက် အဇူရာနှင်းမြူလွှာဂိုဏ်းမှ စောစောက ဆွေးနွေးနေကြသော ကျင့်ကြံသူအချို့သည် ချက်ချင်း အသံတိတ်သွားကြ၏။ သူမက အဇူရာနှင်းမြူလွှာဆေးတိုက်၌ အတော်လေးမြင့်မားသော ရာထူးအဆင့်အတန်းရှိသည်မှာ သိသာလေသည်။

“စီနီယာအစ်မယန်ပြောတာ အမှန်ပဲ”

အဇူရာနှင်းမြူလွှာဂိုဏ်းမှ တပည့်တစ်ယောက်က အပြုံးနှင့် ထောက်ခံလိုက်၏။

အခြားတစ်ဖက်ခြမ်းတွင် အစစ်အမှန်မီးစွမ်းအင်ဆေးတိုက်မှ တပည့်တစ်အုပ်စုကလည်း အခြေအနေအရပ်ရပ်ကို သုန်မှုန်စွာနှင့် စောင့်ကြည့်နေကြ၏။

“အခြေအနေကတော့ သိပ်မကောင်းဘူး.. စီနီယာအစ်ကိုဟယ်ကတော့ ရှုံးတော့မယ်ထင်တယ်”

“ဘာမှမပူနဲ့.. အဇူရာနှင်းမြူလွှာဂိုဏ်းက အဲ့မိန်းမက ဒီနေ့အနိုင်ရစရာ အကြောင်းမရှိဘူး.. စီနီယာအစ်ကိုဟယ်ရဲ့အကြည့်တွေ ဘယ်လိုကစားမလဲဆိုတာ စောင့်ကြည့်လိုက်ပါဦး”

ပြောလိုက်သောသူက အနီဖျော့ဖျော့ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့နှုတ်ခမ်းက အနည်းငယ်တွန့်ကွေး၍ အေးစက်သောအမူအယာရှိ၏။ သူ့အမည်က ဖန်းမင်ဖြစ်ပြီး ပကတိအခြေတည်အဆင့်တစ်ယောက်ဖြစ်၏။

သူ့ဘေးတွင် ကြမ်းကြုတ်ရက်စက်ပုံရ‌သော စိတ်ဝိညာဉ်ခြင်္သေ့တစ်ကောင် ရှိနေ၏။ ၎င်း၏ ခြေထောက်များကို မြေကြီးထဲသို့ တူးဆွထိုးနှစ်ထားပြီး ပါးစပ်ကအနည်းငယ်ဟထားကာ အတွင်းရှိ ထက်ရှ‌သောသွားစွယ်များကို မြင်နေရ၏။

အလယ်နေရာလွတ်တွင်.. ဆူရှောင်းနင်ရှေ့ရှိ ဆေးမီးဖိုထံမှ မွှေးပျံ့ကြိုင်သင်းသောဆေးရနံ့က အချိန်နှင့်အမျှ ကြွယ်ဝစွာ ထွက်ပေါ်လာနေပြီး လူအုပ်ကြီးထဲသို့ ပျံ့နှံ့ထုံသင်းသွား၏။

ဆေးမီးဖို၏ အပေါက်များထဲမှ မီးခိုးဖြူများက လေနှင့်အတူ လွင့်ပျံလာပြီး ဆူရှောင်းနင်ကို လွှမ်းခြုံကာ ပတ်ဝန်းကျင်ကို မြူခိုးလွှာတစ်ခုအဖြစ်သို့ ပြောင်းလဲသွား‌စေ၏။ ဝေဝေဝါးဝါး မြူခိုးများကြားထဲတွင် သူမသည် အခုမှ ကောင်းကင်ထက်ကနေ မော်တယ်ဘုံသို့ ဆင်းသက်လာသော နတ်သမီးလေးတစ်ပါးအလားပင်!

ဆံပင်ဖြူနှင့် အကြီးအကဲလူကြီးတစ်ယောက်က ဆေးရနံ့ကို ရှူရှိုက်လိုက်ပြီး ယစ်မူးသွားသော အမူအယာနှင့် သူ့မျက်လုံးများကို မှိတ်ကာ မိန်းမောနေ၏။

“ငါ့အတွေ့အကြုံအရ ပြောရမယ်ဆိုရင်.. အဇူရာနှင်းမြူလွှာဂိုဏ်းက ဒီမိန်းက‌လေး ဖော်စပ်နေတဲ့ ဆေးလုံးက ပကတိအဆင့်စိတ်ဝိညာဉ်ဖြည့်တင်းခြင်းဆေးလုံးပဲ”

ထိုသည်ကို ကြားသောအခါ.. လူတိုင်း၏ နုလုံးက ဒိန်းကနဲခုန်သွားကြ၏။

ထိုအကြီးအကဲလူကြီးက ယုံရှင်းမြို့၌ အကျော်ကြားဆုံး အဆင့်မြင့်နတ်ဆေးဆရာတစ်‌ယောက် ဖြစ်လေသည်။ သူ၏ ခန့်မှန်းချက်က တစ်ကယ့်ရလဒ်နှင့် ကွာခြားမှုသိပ်ရှိမည် မဟုတ်ပေ။

ဒီအတိုင်းသာ ဆက်သွားနေလျှင် သူသည် သေချာ‌ပေါက်ရှုံးနိမ့်ရတော့မည်ဆိုတာ ဟယ်ရှင်းသည်လည်း သဘော‌ပေါက်၏။

သူ့မျက်လုံးထဲတွင် အရောင်တစ်ချက်လက်သွားပြီး ဆေးလုံးဖွဲ့တည်နေရင်းနှင့် လူအုပ်ကြီးထဲရှိ ဖန်းမင်ကို လှမ်းကြည့်လိုက်၏။

ဖန်းမင်ကလည်း နားလည်သဘော‌‌ပေါက်သွားပြီး သူ့ဘေးရှိ စိတ်ဝိညာဉ်ခြင်္သေ့ကို ခေါင်းညိတ်အချက်ပြလိုက်၏။

ဖျတ်ကနဲလှုပ်ရှားမှုနှင့်အတူ.. စိတ်ဝိညာဉ်ခြင်္သေ့က ရှေ့သို့ခုန်တက်လိုက်ပြီး.. ၎င်း၏လက်ဖဝါးကိုထုတ်ကာ ရှောင်းနင်၏ ဆေးမီးဖိုကို လှမ်း၍ ရိုက်ပုတ်ထုတ်လိုက်၏။

ပြောင်းလဲမှုက ရုတ်တရတ်ဆန်လွန်းသောကြောင့် ဘေးမှစောင့်ကြည့်နေသူများနှင့် ထိုကဲ့သို့ဖြစ်လာမည်ကို မထင်ထားမိပေ။ ဆေးဖော်စပ်ခြင်းတွင် အာရုံစိုက်နေသော ဆူရှောင်းနင်ဆိုလျှင်တော့ ပြောနေစရာပင် လိုတော့မည်မထင်ပေ။

ဤနေရာသည် မဟာကျိုးမြို့တော်အတွင်းမှာဖြစ်ပြီး တိုက်ခိုက်ခြင်းများကို တားမြစ်ပိတ်ပင်ထား၏။

ယခုအချိန်တွင် ဂိုဏ်းပေါင်းစုံပြိုင်ပွဲက နီးကပ်နေပြီဖြစ်သောကြောင့် အနေအထားက ပိုလို့တောင် တင်းကျပ်နေ‌သေး၏။ မလှမ်းမကမ်းတွင် အ‌စောင့်အရှောက်သုံးဖွဲ့မှ သွေးလင်းတအစောင့်တစ်ယောက်က သူ၏သွေးလင်းတကြီးကိုစီးနင်း၍ လက်ထဲမှာလည်း ဓါးမြှောင်ပုဆိန်တစ်လက်ကိုကိုင်ကာ တင်းမာခက်ထန်သောအမူအယာနှင့် လေထဲကနေ ကင်းလှည့်နေ၏။

ဤကဲ့သို့သောအချိန်မှာပင် အစစ်အမှန်မီးစွမ်းအင်ဆေးတိုက်မှ ဤစိတ်ဝိညာဉ်ခြင်္သေ့က ထခုန်တိုက်ခိုက်လိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားကြပေ။

ဖောင်း!

စိတ်ဝိညာဉ်ခြင်္သေ့က သက်တောင့်သက်သာနှင့်ပင် ဆူရှောင်းနင်၏ ဆေးမီးဖိုကြီးကို လွင့်စင်ထွက်သွားအောင် ရိုက်ပုတ်ထုတ်လိုက်၏။

ဆေးမီးဖိုက မြေကြီးပေါ်သို့ ဝုန်းကနဲ ကျ၍ ပေါက်ကွဲသွားကာ မီးခိုမည်းများက အူထွက်လာ၏။ ‌ဆေးလုံးဖွဲ့တည်ခြင်းက ကျရှုံးသွားပြီဖြစ်လေသည်။

“အ!”

ဆူရှောင်းနင်က စူးရှစွာ အော်လိုက်၏။ သူမ၏ လက်ဖျံမှ သွေးများက စီးကျလာ၏။

စိတ်ဝိညာဉ်ခြင်္သေ့က ဆေးမီးဖိုကို ရိုက်ပုတ်လိုက်ချိန်တွင် ၎င်း၏ လက်သည်းက ဆူရှောင်းနင်၏ လက်ကိုပါ ခြစ်မိသွား၏။ ပြင်းထန်သောဒဏ်ရာ မဟုတ်သော်လည်း သူမ၏ အင်္ကျီက သွေးများဖြင့် နီစွေးသွားပြီဖြစ်၏။

ဆေးမီးဖိုကို ရိုက်ပုတ်၊ သူမကို ဒဏ်ရာရစေပြီးနောက်.. ဖန်းမင်က မာန်မဲလိုက်သောအခါ စိတ်ဝိညာဉ်ခြင်္သေ့က နောက်ပြန်လှည့်လာ၏။

ဖန်းမင်က ချောင်းဟန့်၍ ဟန်လုပ်ပြုံးလိုက်၏။

“အဇူရာနှင်းမြူလွှာဂိုဏ်းက တာအိုရောင်းရင်း.. ကျုပ်တစ်ကယ်ပဲ ‌တောင်းပန်ပါတယ်ဗျာ.. ကျုပ်တောကောင်ကို ကျုပ်သေချာမကြည့်ထားလိုက်မိဘူး.. သူက ရုတ်တရတ်ကြီးပြေးထွက်ပြီး ခင်ဗျားကို သွား‌‌ခြောက်လှန့်လိမ့်မယ်လို့ ကျုပ်လဲ မထင်ထားမိဘူးဗျာ.. ကျုပ်အဲ့ကောင်ကို အခုပဲ အပြစ်ပေးလိုက်ပါ့မယ်!”

ထိုသို့ပြောပြီးသည်နှင့် ဖန်းမင်က စိတ်ဝိညာဉ်ခြင်္သေ့၏ ဦးခေါင်းကို ညင်သာစွာ ရိုက်ပုတ်လိုက်၏။

၎င်းက သူ့ခေါင်းကို တစ်ချက်လှုပ်ခါလိုက်ပြီးနောက် ဖန်းမင်၏ ကိုယ်ကို ပွတ်တိုက်နေလိုက်၏။

“ဟဟား!”

အစစ်အမှန်မီးစွမ်းအင်ဆေးတိုက်၏ လူအုပ်ထဲမှ လှောင်ပြောင်ရယ်မောသံများက ထွက်ပေါ်လာ၏။

ဆေးမီးဖိုကို မှောက်ချပြီး မိန်းကလေးကို အနာရစေဖို့အတွက် စိတ်ဝိညာဉ်ခြင်္သေ့ကို စေခိုင်းခဲ့သူမှာ ဖန်းမင်ကိုယ်တိုင်ပင်ဖြစ်ကြောင်း အားလုံးသိကြလေသည်။

မလှမ်းမကမ်းမှာ မှောက်ကျနေသော ဆေးမီးဖိုကိုကြည့်ကာ ဆူရှောင်းနင်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။ သူမ၏ လက်မှာ နာကျင်မှုကိုပင် မေ့လျော့သွားပြီး.. သူမ၏ မျက်လုံးများက စိတ်နုလုံးထိခိုက်စွာနှင့် နီရဲလာ၏။

ထိုအချိန်တွင် ဆူရှောင်းနင်ထံတွင် ဖြစ်ပေါ်လာသော ပထမဆုံးစိတ်ခံစားချက်မှာ ဒေါသမဟုတ်.. ဝမ်းနည်းသွားခြင်းပင် ဖြစ်လေသည်။

စတင်ချိန်ကတည်းက သူမသည် စိတ်အာရုံပျက်ယွင်းမှုလုံးဝမရှိခဲ့ဘဲ.. သူမ၏ ဆေးလုံးဖော်စပ်ခြင်းအပေါ်တွင်သာ အပြည့်အဝအာရုံစိုက်ထားခဲ့၏။

သူမ လုံးဝ မမှားခဲ့ပေ။

သူမသည် အလွန်တရာ အာရုံစူးစိုက်နိုင်ခဲ့၏။

သို့သော်လည်း ထိုအရာကို အခြားသူများက ဝင်ရောက်ဖျက်ဆီးပစ်လိုက်ပြီး သူမ၏ ကြိုးစားအားထုတ်ထားမှုက အလဟဿဖြစ်သွားရ၏။

“အာ!”

ပကတိစိတ်ဝိညာဉ်ဖြည့်တင်းခြင်းဆေးလုံးက မွေးဖွားပေါ်ပေါက်လာတော့မည်ဆဲဆဲမှာပင်.. ထိုကဲ့သို့ အဆုံးသတ်သွားရ၏။ လူတိုင်းသည် ‌ခေါင်းခါ၍ သက်ပြင်းချလိုက်ကြ၏။

ဆူဇီမို၏ အကြည့်က ‌အေးစက်လာ၏။ စိတ်ဝိညာဉ်ခြင်္သေ့က သူ့ကို ပစ်မှတ်ထားခြင်းမဟုတ်သောကြောင့် သူ၏အာရုံခံသတိစိတ်က တုန့်ပြန်မှုမပေးခဲ့ပေ။

ဒါ့အပြင်.. မြို့ထဲရှိ လူအများ၏ မျက်စိရှေ့မှောက်မှာတင် အစစ်အမှန်မီးစွမ်းအင်ဆေးတိုက်မှ ကျင့်ကြံသူက သူ၏ စိတ်ဝိညာဉ်ခြင်္သေ့ကို တိုက်ခိုက်ဖို့အတွက် စေခိုင်းလိမ့်မည်ဟု သူ မထင်ထားမိပေ။

မျက်ရည်များရစ်ဝဲ၍ မတ်တပ်ရပ်နေသော ဆူရှောင်းနင်ကိုကြည့်ရင်း.. ဆူဇီမို၏ ရင်ထဲရှိ သတ်ဖြတ်လိုစိတ်က ထကြွလာပြီး ထိန်းချုပ်ထားဖို့ မဖြစ်နိုင်တော့လုနီးပါး ဖြစ်လာ၏။

သူ့ဘေးမှာရပ်နေသော နန်းကြည်က ထိုသည်ကို အရင်ဆုံး သတိထားမိသွား၏။

သူမသည် ဆူဇီမိုထံမှ ထွက်ပေါ်လာနေသော အံ့မခန်း ရင်တစ်လျှပ်လျှပ်ခံစားချက်ကို ရလိုက်၏။

ဘေးသို့တစ်ချက်လှည့်ကြည့်လိုက်သောအခါ နန်းကြည်သည် ဆူဇီမို၏ အကြည့်ကို မြင်လိုက်ရပြီး သူမ၏ နုလုံးက ဒိန်းကနဲ ခုန်သွား၏။

သူမသည် ထိုကြောက်စရာကောင်းသည့်အကြည့်ကို သည့်အရင်က တစ်ကြိမ်မြင်ခဲ့ဖူး၏။

လွန်ခဲ့သည့်တစ်နှစ်ခွဲက ညတစ်ညတွင် ဆူဇီမိုသည် ရွှေအမြုတေအဆင့်နှစ်ယောက်နှင့် ရင်ဆိုင်သည့်အခါ တူညီသောထိုအကြည့်ကို သူမ မြင်တွေ့ခဲ့ဖူး၏။

အဲ့ဒါက ပင်လယ်ပြင်လို အေးစက်တည်ငြိမ်နေသေးသော်လည်း အချိန်မရွေး ထကြွသောင်းကျန်းလာနိုင်၏။

နန်းကြည်သည် ခဏမျှ ချင့်ချိန်စဉ်းစားပြီးနောက်.. လူအုပ်ကြားထဲမှ အသာလေး လစ်ထွက်သွား၏။ သူမသည် ဘေးပတ်လည်ကို လှည့်ကြည့်ပြီးနောက် ဦးတည်ဘက်တစ်နေရာသို့ ထွက်သွားလိုက်၏။

. . .

ဤကဲ့သို့ ဘာမှန်းမသိရသေးသော အခြေအနေနှင့် ရင်ဆိုင်ရသည့်အခါ.. ဆူဇီမိုသည် ချက်ချင်းမလှုပ်ရှားသေးပေ။ ထို့အစား သူသည် အေးစက်စွာနှင့် တည်ငြိမ်နေ၏။

သူ စောင့်ဆိုင်းနေခြင်း..ပင်။

သူသည် အဖွဲ့အစည်းနှစ်ခုထံမှ တုန့်ပြန်မှုကို စောင့်ဆိုင်းကြည့်နေ၏။

ဤသို့သော အခြေအနေ၌ အရင်ဆုံး တုန့်ပြန်ကာကွယ်ပေးရမည့်သူများမှာ.. ကင်းလှည့်နေကြသော သွေးလင်းတအစောင့်များနှင့် အဇူရာနှင်းမြူလွှာဆေးတိုက်မှ ကျင့်ကြံသူများ ဖြစ်လေသည်။

သို့သော်လည်း ဆူဇီမိုတစ်ယောက် စိတ်ပျက်သွားရ၏။

စောစောကတင် သွေးလင်းတအစောင့်နှစ်ယောက်က ဤနေရာသို့ အာရုံထားစောင့်ကြည့်နေကြသည်ကို သူကိုယ်တိုင်မြင်တွေ့ထားခဲ့၏။ နောက်တစ်ခဏ၌ သူတို့သည် ခေါင်းများကို တစ်ဖက်သို့ ချာကနဲလှည့်ကာ ဘာမှမမြင်တွေ့ခဲ့ရသလို ဟန်ဆောင်နေလိုက်ကြ၏။

“အစစ်အမှန်မီးစွမ်းအင်ဆေးတိုက်က တော်တော်တော့ လွန်သွားပြီ!”

“အမှန်ပဲ. အဲ့စိတ်ဝိညာဉ်ခြင်္သေ့ကို သူတို့တမင်သက်သက် လွှတ်လိုက်တယ်ဆိုတာ အသိသာကြီးကို.. အခုမှ ရိုးသားချင်ယောင် လာဆောင်ပြနေတယ်”

လူအုပ်ကြီးထဲမှ ကျင့်ကြံသူတစ်ယောက်က မျက်မှောင်ကြုတ်၍ မေးလိုက်၏။

“သွေးလင်းတအ‌စောင့်တွေက အနားမှာ ရှိနေတာပဲကို.. ဘာတွေဖြစ်ခဲ့တာလဲ သူတို့လဲ မြင်မှာပဲ.. အဲ့ဒါကို သူတို့ဘာလို့ ပြေးမလာကြတာလဲ မသိဘူး”

“မင်း ဘာမှ မသိသေးဘူးပဲ”

လူကြီးတစ်ယောက်က ဝင်ပြောလိုက်၏။

“သွေးလင်းတအဖွဲ့က ရွှေအမြုတေအဆင့် ခေါင်းဆောင်တပ်မှူးရဲ့ နာမည်ပြောင်က လင်းတကတုံးတဲ့.. သူက အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းထဲမှာ အချိန်အတိုင်းအတာတစ်ခုအထိ နေခဲ့ဖူးတယ်.. သူက အဲ့ဂိုဏ်းရဲ့ တပည့်တစ်ပိုင်းလို့‌တောင် ပြောလို့ရတယ်.. ဒီသွေးလင်းတအစောင့်တွေက သူ့လက်အောက်ကဆိုတော့ သူတို့က အစစ်အမှန်မီးစွမ်ဂိုဏ်းကို မျက်နှာပေးတာ ဘာများထူးဆန်းလို့လဲ”

“နောက်ပြီး အခုကိစ္စက သိပ်ကြီးကြီးမားမား ကိစ္စလဲ မဟုတ်ဘူးလေ.. တစ်‌ယောက်ယောက်က အဲ့ဒါကို သွားတိုင်ရင်တောင် အဲ့ဒါက ဖြေရှင်းလို့ရမယ့်ပုံ မပေါ်ဘူး”

“ခင်ဗျားက ဘာကို ပြောချင်တာလဲ”

“စိတ်ဝိညာဉ်ခြင်္သေ့က ဆေးမီးဖိုကို မှောက်ချပြီး ပြဿနာရှာခဲ့တာတော့ ဟုတ်တယ်.. စိတ်ဝိညာဉ်ခြင်္သေ့က သူတို့ရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်သွားပြီး သူ့သဘောနဲ့သူ အဲ့ဒါကို လုပ်ခဲ့တာပါလို့ ဟယ်ရှင်းတို့က ပြောရင်.. သူတို့ကို ဘယ်သူက ဘာလုပ်နိုင်‌တော့မှာလဲ”

All Chapters