ဆက်တိုက်သတ်ဖြတ်ခြင်း
Vol. 19 Ch. 279
အခန်း ၂၇၉ - ဆက်တိုက်သတ်ဖြတ်ခြင်း
ဆူဇီမို၏ စကားကို ကြားသောအခါ.. ဖန်းမင်၏ နုလုံးက ဒုတ်ကနဲ ခုန်သွား၏။
ဘာလိုဆိုလိုသလဲ။
အဲ့ဒီအစိမ်းရောင်ဝတ်ကျင့်ကြံသူ ဆိုလိုချင်တာက.. သူက ဆက်ပြီးတော့ .... ရဲသေးတယ်လို့!
ဖန်းမင်၏ အတွေးမဆုံးသေးခင်မှာပင် ဆူဇီမိုသည် နတ်မြင်းလျှပ်တစ်ပြက်ပြေးထွက်ခြင်းနှင့်အတူ သူ့ရှေ့သို့ ချက်ချင်းရောက်ချလာ၏။ သူက အေးစက်စွာ ပြောလိုက်၏။
“မင်းက မင်းတောကောင်ကို နိုင်အောင်ထိန်းမထားနိုင်မှတော့ မင်းအစား ငါကူထိန်းပေးရတာပေါ့!”
ရက်စက်ကြမ်းကြုတ်သောအော်ရာက သူ့အပေါ် လွှမ်းခြုံလာပြီး သူ့နုလုံးက တုန်ယင်ကာ မွန်းကျပ်လာ၏။
ရုတ်တရတ် ဖန်းမင်သည် ခံစားမိလိုက်၏.. သူ့ဆီသို့လာနေသည်မှာ လူသားတစ်ယောက်မဟုတ်.. သူ့ဘေးက စိတ်ဝိညာဉ်ခြင်္သေ့ထက်ပင် ပို၍ရက်စက်ကြမ်းကြုတ်သော စိတ်ဝိညာဉ်တောကောင်တစ်ကောင် ဖြစ်သည်ဟုပင်။
စိတ်ဝိညာဉ်ခြင်္သေ့သည်လည်း အန္တရာယ်ကို အာရုံခံမိပုံရပြီး သူ့သားမွေးများက ထောင်ထလာ၏။ ၎င်း၏ ကြီးမားသောခန္ဓာကိုယ်ကြီးသည် ပြန့်ကားလာပြီး အလွန်တရာရဲရင့်ကြမ်းကြုတ်ပုံပေါက်လာ၏။
“ဝေါင်း!”
၎င်းက ဆူဇီမိုဘက်သို့ ဟိန်းဟောက်လိုက်ပြီး သူ့သွားစွယ်များကို ကြောက်စရာကောင်းအောင် ဖြဲပြလိုက်၏။
ခြင်္သေ့ဟိန်းသံက အလွန်တရာ စွမ်းအားကြီးပြီး သိပ်သည်းပြင်းထန်သော အင်အားကို သယ်ဆောင်လာကာ.. သာမန်ကျင့်ကြံသူများကို ကြောက်လန့်တုန်လှုပ်သွားစေ၏။
သို့သော်လည်း ဆူဇီမိုကတော့ ကြားရပုံပင် မပေါ်ပေ။
သာမန်စိတ်ဝိညာဉ်သားရဲများကို မဆိုထားနှင့်.. ရှေးဦးအဆက်နွယ်သားရဲများ၏ ဟိန်းသံဆိုလျှင်ပင် ဆူဇီမိုကို တုန်လှုပ်စေလိမ့်မည် မဟုတ်ပေ။
ဟိန်းဟောက်ရင်းနှင့် တစ်ချိန်တည်းမှာပင် စိတ်ဝိညာဉ်ခြင်္သေ့သည် လေထဲသို့ခုန်တက်၍ လက်နှစ်ဖက်ကိုထုတ်၊ ပါးစပ်ကိုဖြဲကာ ဆူဇီမို၏ လည်ပင်းကို လှမ်းကိုက်လိုက်၏။
“ဒီကောင်ကတော့ သေချင်နေပြီပဲ!”
ဆူဇီမိုက အေးစက်စက်တစ်ချက်ငေါက်ငမ်း၍ သူ့လက်ကို ဆန့်ထုတ်ကာ ခြင်္သေ့၏ ဦးခေါင်းကို အပေါ်မှအုပ်မိုး၍ ဖိချလိုက်၏။
ထိုလှုပ်ရှားကွက်တွင် လှတပတ တစ်စုံတစ်ရာမပါရှိ၊ ပကတိခွန်အားသက်သက်သာ ဖြစ်၏။
စိတ်ဝိညာဉ်ခြင်္သေ့က သူ့ခြေလက်လေးဘက်မှ ကန်ကျောက်အားဖြင့် လေထဲသို့ ခုန်တက်လိုက်ခြင်းဖြစ်၏။ ၎င်းသည် စွမ်းအားကြီးသောကိုယ်ထည်ရှိသည့် တောကောင်အမျိုးအစားလည်းဖြစ်သောကြောင့် အသာစီးကနေ ရှိနေသင့်၏။
သို့သော်လည်း အားလုံး၏ရှေ့မှောက်မှာပင်.. စိတ်ဝိညာဉ်ခြင်္သေ့က ခုန်တက်လိုက်ပြီးနောက်.. ဆူဇီမို၏ လက်ဝါးဖိချက်အောက်တွင် ပို၍ ရက်စက်ကြမ်းကြုတ်သောပုံစံနှင့် ပြန်အိဆင်းလာ၏။
ဗုန်း!
ဆူဇီမိုသည် စိတ်ဝိညာဉ်ခြင်္သေ့၏ ဦးခေါင်းကို ဖိချပြီးနောက် ၎င်းကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ပေါက်ချလိုက်၏။ ကျောက်ခင်းပြင်က ကြေမွသွားပြီး လတ်ဆတ်သောသွေးများက ပြန့်ကျဲထွက်သွား၏။
မြေပြင်ပေါ်တွင် ကြီးမားသည့်ချိုင့်ကြီး ဖြစ်ပေါ်လာပြီး ခြင်္သေ့၏ဦးခေါင်းခွံက လုံးဝကြေမွပျက်ဆီးနေ၏။ ၎င်းက သေသွားလေပြီ။
ဟာ!
ကြည့်နေကြသော ကျင့်ကြံသူများအားလုံး တုန်လှုပ်ချောက်ချားသွားကြ၏။
ဒီလူရဲ့ ခန္ဓာကိုယ်က ဘယ်လောက်တောင် သန်မာနေတာလဲ။
သူက စိတ်ဝိညာဉ်သားရဲတစ်ကောင်ကိုတောင် လက်ဝါးတစ်ချက်တည်းနဲ့ ကျိုးကြေမွသွားစေနိုင်ပါလား။
ဖန်းမင်က အလယ်အလတ်အဆင့်ဓါးပျံတစ်လက်ကို ဆွဲထုတ်နေရုံသာရှိသေးသည်.. သူ့ရှေ့မှ စိတ်ဝိညာဉ်ခြင်္သေ့က သေနှင့်သွားလေပြီ။
သောက်ရမ်းမြန်လွန်းသည်။
“အား!”
ဖန်းမင်သည် ဆူဇီမို၏အကြည့်ကို မြင်လိုက်ရသောအခါ.. ခေါင်းနားပန်းကြီး၍ ခြေထောက်များက ပျော့ခွေယိုင်လာ၏။
ထိုအစိမ်းရောင်ဝတ်ကျင့်ကြံသူက သူ့ကို လုံးဝအလွတ်ပေးမည် မဟုတ်ဆိုတာကို နောက်ဆုံး သူနားလည်သွား၏။
“ရပ်စမ်း!”
မလှမ်းမကမ်းမှ သွေးလင်းတအစောင့်နှစ်ယောက်က ငေါက်ငမ်း၍ ပြေးဝင်လာကြ၏။ သူတို့စီးနင်းလာသော သွေးလင်းတများသည် စူးရှစွာအော်ဟစ်၍ ကြမ်းကြုတ်ရက်စက်တော့မည့်ပုံစံနှင့် ဆူဇီမိုကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေကြ၏။
ရွှစ်.. ရွှစ်..
သွေးလင်းတင်အစောင့်နှစ်ယောက်သည် သူတို့၏ လက်ထဲတွင် ဓါးမြှောင်ပုဆိန်တစ်လက်စီ ကိုင်ထားရင်း.. သိုလှောင်အိတ်ထဲမှ ဓါးပျံတစ်လက်စီ ထပ်ဆွဲထုတ်ကာ ဆူဇီမိုဆီသို့ ပစ်လွှတ်လိုက်ကြ၏။
“သွား!”
တစ်ချိန်တည်းမှာပင်.. ဖန်းမင်သည် ဣန္ဒြေဆည်လိုက်ပြီး သူ့လက်ထဲရှိ ဓါးပျံထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များကို ထိုးသွင်းလိုက်သောအခါ ၎င်းက တောက်ပစွာ လင်းလက်လာ၏။ သူသည် ဓါးပျံကို ရှေ့သို့ထိုးသွင်းလိုက်၏။
ဓါးပျံသုံးလက်သည် မတူညီသော ဦးတည်ဘက်သုံးခုကနေ တစ်ချိန်တည်းမှာပင် လေထုကို ဆုတ်ဖြဲ၍ ပျံသန်းလာ၏။
ဆူဇီမိုက တစ်ချက်လှောင်ပြုံး၍ ကိုယ်ကိုကိုင်းညွှတ်ချလိုက်ကာ မြေပြင်ပေါ်တွင် လျှောထိုးသွားလိုက်၏။
သူသည် အနာကွန်ဒါတစ်ကောင်လို ခန္ဓာကိုယ်ကို တွန့်လိမ်၍ ဓါးပျံသုံးလက်ကို အကုန်လွတ်အောင် ရှောင်တိမ်းလိုက်၏။
နောက်တစ်ခဏ၌ ဆူဇီမိုသည် ဖန်းမင်၏ ရှေ့သို့ရောက်၍ မတ်တပ်ရပ်လိုက်ပြီး ထိုသူ၏ လည်မျိုကို တင်းကျပ်စွာ ဆွဲယူဖျစ်ညှစ်လိုက်၏။
ဂျွတ်!
ဖန်းမင်၏ လည်မျိုက ကြေမွသွားပြီး သူ့မျက်လုံးများက ပြူးထွက်လာ၏။ သူ့ခေါင်းက လည်ကျ၍ လျှာတစ်လစ်နှင့် မြေပေါ်သို့ အရုပ်ကြိုးပြတ်ပစ်လဲကျသွား၏။
တစ်ခဏလေးအတွင်းမှာတင် ဆူဇီမိုသည် လူနှစ်ယောက်သတ်ပြီးသွားလေပြီ။
လူအုပ်ကြီးက အုန်းအုန်းကျွတ်ကျွတ် ဖြစ်သွားကြ၏။
ဤနေရာသည် မဟာကျိုးမြို့တော်အတွင်းမှာဖြစ်၏။ နေ့ခင်းကြောင်တောင်မှာတောင်၊ သွေးလင်းတအစောင့်များ၏ မျက်စိအောက်မှာတောင်.. ဤအစိမ်းရောင်ဝတ်ကျင့်ကြံသူက လူသတ်ရဲလိမ့်မည် သူတို့မထင်ထားမိကြပေ။ အခုတော့ သတ်လိုက်တာမှ နှစ်ယောက်တောင်!
“အဲ့လူက ရူးနေပြီ”
ကျင့်ကြံသူအများစုသည် ထိုသို့တွေးလိုက်ကြပြီးနောက် လျှင်မြန်စွာ လူဖြန့်ခွဲလိုက်ကြ၏။ သူတို့ပါ ရောပါညှပ်ကုန်မှာကို စိုးရိမ်ထိတ်လန့်သွားကြခြင်းဖြစ်၏။
“မြို့ထဲမှာတောင် ဘယ်လိုတွေ လုပ်ရဲနေတာလဲ.. လူဆိုးကောင်!”
တစ်ခဏလေးအတွင်းမှာတင် သွေးလင်းတအစောင့်နှစ်ယောက်သည် ရောက်ချလာကြ၏။
အကွာအဝေးတစ်ခု၌ အခြားသော သွေးလင်းတအစောင့်များသည် အဖြူရောင်အစက်ကလေးများနှင့်အတူ လျှပ်စီးလိုအမြန်နှုန်းဖြင့် အပြင်းနှင်လာနေကြ၏။
ဒီနေ့ကား သွေးလင်တနှင့် သိမ်းဖြူ အစောင့်အရှောက်အဖွဲ့နှစ်ဖွဲ့၏ ကင်းလှည့်ရမည့်နေ့ဖြစ်၏။
ကောင်းကင်ထက်ရှိ အဖြူရောင်အစက်များဆိုသည်မှာ သိမ်းဖြူအစောင့်များ ဖြစ်ကြလေသည်။
ဆူဇီမိုက အနီးနားရှိ သွေးလင်းတအစောင့်နှစ်ယောက်ကို ကြည့်၍ အေးစက်စက်လှောင်ရယ်လိုက်၏။
“သြော် မင်းတို့က မျက်စိကန်းနေကြတာ မဟုတ်ဘူးကိုး.. ဒီလိုကျတော့လဲ အချိန်မီရောက်လာကြသားပဲ”
ဆူဇီမို၏ လေသံမှ မထီမဲ့မြင်မှုကို ကြားရသောအခါ ရှိနေကြသောလူတိုင်း တုန်လှုပ်သွားကြ၏။
ဒီလူက အလွန်တရာ မောက်မာပြီး တွေ့တဲ့လူတိုင်းကို ရန်စရဲ၏။
နောက်တစ်ခဏ၌ ပို၍ပင် တုန်လှုပ်ချောက်ချားဖို့ကောင်းသော မြင်ကွင်းက ဖြစ်ပေါ်လာ၏။
ဆူဇီမိုသည် ဝင်ရောက်လာသော သွေးလင်းတအစောင့်နှစ်ယောက်ကို လုံးဝရှောင်တိမ်းခြင်း မရှိပေ။ သူ့မျက်လုံးက ဝင်းလက်သွားပြီး.. လက်နှစ်ဖက်ကို ဆန့်၍ ခုန်တက်လိုက်ကာ လေထဲရှိ စိတ်ဝိညာဉ်လင်းတနှစ်ကောင်၏ ခြေသည်းများကို ဖမ်းဆွဲလိုက်၏။
စိတ်ဝိညာဉ်လင်းတနှစ်ကောင်သည် တုန်လှုပ်သွားပြီး တောင်ပံများကို အရူးအမူးခတ်လိုက်ကြ၏။ သူတို့သည် အားကုန်ထုတ်၍ အပေါ်သို့ ပျံတက်ဖို့ ကြိုးစားလိုက်ကြ၏။
ထိုစိတ်ဝိညာဉ်လင်းတနှစ်ကောင်ကို စီးနင်းလာသော သွေးလင်းတအစောင့်နှစ်ယောက်ကတော့ ဂရုမစိုက်ဟန်နှင့် ရှိနေကြ၏။ သူတို့၏ မျက်လုံးထဲသို့ သတ်ဖြတ်လိုစိတ်များက ဝင်ရောက်လာပြီး ဓါးမြှောင်ပုဆိန်များကို ဆွဲထုတ်ကာ ဆူဇီမို ရက်ရက်စက်စက် ထိုးလိုက်ကြ၏။
“ဆင်းခဲ့စမ်းကွာ!”
ဆူဇီမိုသည် လက်နှစ်ဖက်ထဲသို့ ခွန်အားကို စိုက်ထုတ်၍ လေထဲရှိ စိတ်ဝိညာဉ်လင်းတနှစ်ကောင်ကို အောက်သို့ ဆတ်ကနဲ ဆွဲချလိုက်၏။
စိတ်ဝိညာဉ်လင်းတနှစ်ကောင်၏ ခွန်အားက ပျော့တိပျော့ဖတ်ပုံပေါက်နေသော ဤစာပေသမားလေးကို မယှဉ်နိုင်ပေ။
ဗုန်း! ဗုန်း!
တစ်ပြိုင်တည်းမှာပင်.. စိတ်ဝိညာဉ်လင်းတနှစ်ကောင်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားပြီး အော်ဟစ်ညည်းတွားလိုက်ကြ၏။
သွေးလင်းတအစောင့်နှစ်ယောက်သည်လည်း ဟန်ချက်များ ပျက်ယွင်းကာ ဓါးမြှောင်ပုဆိန်များနှင့် တစ်ယောက်ကိုတစ်ယောက် ထိုးမိတော့မတတ်တောင် ဖြစ်ကုန်ကြ၏။
သူတို့နှစ်ယောက်သည် သူတို့၏ စိတ်ဝိညာည်လင်းတများအပေါ်မှ ခြေကားယားလက်ကာယားနှင့် ခုန်ဆင်းလိုက်ကြရ၏။
ဖောင်း!
ဆူဇီမိုသည် ခြေလှမ်းကျဲကြီးနှင့်ခုန်၍ လဲကျနေသော စိတ်ဝိညာဉ်လင်းတတစ်ကောင်ကို သေသည့်တိုင်အောင် ဆောင့်နင်းခြေလိုက်ပြီးနောက်.. ကျွမ်းတစ်ချက်ပစ်ကာ သွေးလင်းတအစောင့်တစ်ယောက်၏ ရင်ခွင်ထဲသို့ ပစ်ဝင်တိုက်ချလိုက်၏။
ဘုတ်! ဘုတ်! ဘုတ်!
ထိုလူသည် ဒယီးဒယိုင်နှင့် နောက်ပြန်ခြေသုံးလမ်းဆုတ်ပြီးနောက် ရပ်တန့်သွား၏။
ချက်ချင်းပင် ထိုလူ၏ မျက်နှာက သွေးဆုတ်သွား၏။ သူဝတ်ထားသော ချပ်ဝတ်က အကောင်းအတိုင်းရှိနေသေးသော်လည်း.. သူ့ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီဖြစ်ပြီး သွေးမြူများဖြစ်ကာ ခြေလက်များက အဘက်ဘက်သို့ လွင့်စင်ထွက်သွား၏။
ထိုရိုးရှင်းသော ပစ်တိုက်ချက်တွင် ဆူဇီမိုသည် သူ့ခွန်အားကုန်ကိုထည့်ထား၏။
ထိုသွေးလင်းတအစောင့်က ပကတိအခြေတည်အဆင့်ပင် ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်က ထိုကဲ့သို့သောကြောက်စရာကောင်းသည့် ပေါက်ကွဲစွမ်းအားမျိုးကို ခံနိုင်ရည်ရှိစရာအကြောင်း မရှိပေ။
အခြားသောသွေးလင်းတအစောင့်တစ်ယောက်က အခုမှ သူ့စိတ်ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်ရုံရှိသေးပြီး သူ့ဓါးမြှောင်ပုဆိန်က လင်းလက်တောက်ပလာ၏။ သူသည် ရှေ့သို့ တက်ဖို့ ဟန်ပြင်နေတုန်း ဖြစ်ပျက်နေသည်ကို မြင်လိုက်ရသောအခါ ကြောက်လန့်တုန်လှုပ်၍ တုံ့ဆိုင်းသွား၏။
အနီးနားရှိ သွေးလင်းအစောင့်များနှင့် သိမ်းဖြူအစောင့်များကလည်း ပြေးလာနေကြပြီဖြစ်၏။ တစ်ခဏတာဒေါမာန်အတွက် ဤကဲ့သို့သော တစ်ဇောက်ကန်းတစ်ယောက်နှင့် ဖက်ပြိုင်၍ သူ့အသက်ကို စွန့်စားစရာ မလိုပေ။
အခြားသောအစောင့်များ ရောက်လာသည်နှင့် ဤလူက ရှင်းလင်းသုတ်သင်ခံရမည်သာ ဖြစ်လေသည်။
ဆူဇီမို၏ အကြည့်က နက်ရှိုင်း၍ အံ့မခန်းပင်။ သူသည် သွေးလင်းတအစောင့်၏ စိတ်ထဲကို ဖောက်မြင်နေသည့်အလား.. ရှေ့သို့တက်၍ ခပ်ပေါ့ပေါ့ပင် ပြောလိုက်၏။
“ရှောင်ထွက်ဖို့ စဉ်းစားမနေနဲ့.. နောင်ဘဝအတွက် ဆုတောင်းထားလိုက်တော့!”