← Chapters

ခေါင်းဆောင်တပ်မှူးနှစ်ယောက်

Vol. 19 Ch. 280

ခေါင်းဆောင်တပ်မှူးနှစ်ယောက်

Vol. 19 Ch. 280

အခန်း 280 - ခေါင်းဆောင်တပ်မှူးနှစ်ယောက်

"အား!"

ကျန်ရှိနေသော ‌သွေးနီရောင်လင်းတအစောင့်သည် ကျယ်လောင်စွာတစ်ချက် ဟိန်းဟောက်လိုက်၏။ သူ့မျက်လုံးထဲတွင် ရက်စက်တော့မည့်အလင်းရိပ်က လက်လာ၏။

စောစောက ဆူဇီမို တိုက်ခိုက်ပြသွားပုံအရ၊ ဤအကွာအဝေး၌ သူသည် လွတ်မြောက်စရာ လမ်းမမြင်တော့ပေ။

သူလုပ်စရာရှိသည်မှာ ဆူဇီမို၏ တိုက်ခိုက်မှုနှစ်ချီလောက်ကို တောင့်ခံအချိန်ဆွဲ၍ အခြားသော သွေးလင်းတနှင့် သိမ်းဖြူအစောင့်များ၏ စစ်ကူပေးမှုကို စောင့်ဆိုင်းဖို့ပင်!

မျက်စိတစ်မှိတ်အတွင်းမှာတင် ဆူဇီမိုက သူ့ရှေ့မှောက်သို့ ရောက်ချလာ၏။

သွေးလင်းတအစောင့်၏ လက်ထဲရှိ ‌ဓါးမြှောင်ပုဆိန်က တောက်ပစွာ လင်းလင်လာ၏။ သူ့လက်နှစ်ဖက်မှ ခွန်အားကို စိုက်ထုတ်၍ သွေးလင်းတအစောင့်က သူ့လက်ကို လေထဲမှာ စက်၀န်းသဏ္ဌာန် ဝိုက်ဆွဲကာ ဆူဇီကို ဓါးမြှောင်ပုဆိန်ဖြင့် ခုတ်ပိုင်းလိုက်၏။

စိတ်ဝိညာဉ်စွမ်းအားများက ရုန်းကြွလာပြီး ဓါးမြှောင့်ပုဆိန်မှာ လေပွေတစ်ခုလို တဝီဝီအော်မြည်စုစည်းကာ လွန်စွာကြောက်စရာကောင်းနေ၏။

ဆူဇီမို၏ အမူအယာက မပြောင်းမလဲပင် ရှိနေကာ သူ့လက်ဝါးကို ရိုးရှင်းစွာ ဆန့်ထုတ်လိုက်ပြီး ၀င်ရောက်လာသော ဓါးမြှောင်ပုဆိန်ကို လက်ဖြန့်ကြိုဆိုလိုက်၏။ အားပါဟန်သိပ်မရှိဘဲနှင့် သူသည် ဓါးမြှောင်ပုဆိန်ကို လက်ဖြင့်ရစ်ပတ်၍ ဆွဲခါလိုက်၏။

ဓါးမြှောင်ပုဆိန်၏ ဘေးပတ်လည်ရှိ လေပွေလိုရစ်ပတ်နေသော စိတ်ဝိညာဉ်စွမ်းအင်များအားလုံးသည် ချက်ချင်းပင် ပျက်ပြယ်သွား၏။

"ဇီ!"

ဓါးမြှောင်ပုဆိန်က ပြင်းထန်စွာ တုန်ခါလာသောကြောင့် သွေးလင်တအစောင့်သည် ၎င်းကို ဆက်လက်တောင့်ခံမထားနိုင်တော့ပေ။ သူ့လက်ဝါးပြင်သည် စုတ်ပြဲသွားပြီး သွေးများက စီးကျလာ၏။ သူသည် အသံစူးစူးဖြင့် အော်လိုက်ရ၏။

အားလုံးအကြည့်အောက်မှာတင်.. သူတို့နှစ်ယောက်ထိတွေ့ပြီးနောက် သွေးလင်းတအစောင့်လက်ထဲမှ လက်နက်သည် အစိမ်းရောင်၀တ် ကျင့်ကြံသူ၏ လက်ထဲသို့ အလွယ်တကူ ပါသွား၏။

လူတိုင်းသည် မျက်လုံးကျွတ်ထွက်လုမတတ် အံ့အားသင့်သွားကြ၏။ သူသည် နောက်ပိုင်း-အခြေတည်အဆင့်တစ်ယောက်သာ ဖြစ်၏။ သို့သော်လည်း သူသည် စိတ်ဝိညာဉ်လက်နက်တစ်ခုကို လက်ဗလာဖြင့် ထိပ်တိုက်ရင်ဆိုင်ခဲ့၏။

ဒီလူရဲ့ ကိုယ်ကာယက ဘယ်လိုတောင်...

ဆူဇီမိုက အေးစက်စွာကြည့်ရင်း ဓါးမြှောင်ပုဆိန်ကို ဆုပ်ကိုင်၍ဆွဲယူကာ အပေါ်သို့ ပင့်ထိုးလိုက်၏။

ဇိ!

သွေးများက ဖြာကျလာ၏။

လက်နက်က သွေးလင်းတအစောင့်၏ လည်ပင်းကို ထိုးခွဲပစ်လိုက်၏။ သူ့မျက်လုံးက အရောင်မှိန်ကျသွားပြီး မြေပေါ်သို့ အရုပ်ကြိုးပြတ်ပစ်လဲကျသွား၏။

လူတိုင်းကြောက်ရွံ့တုန်လှုပ်စွာ ကြည့်လိုက်ကြပြီး မယုံကြည်နိုင်စွာ ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

အဖြစ်အပျက် အပြောင်းအလဲများက အရမ်းကာရော မြန်ဆန်လွန်း‌လှသောကြောင့် သူတို့သည် အခုချိန်ထိ လက်မခံနိုင်အောင် ဖြစ်နေရ၏။

ဆူဇီမိုတိုက်ခိုက်ချိန်မှစ၍ ‌လူလေးယောက်သည် အချိန်မဆိုင်းပဲ နေရာမှာတင် ပွဲချင်းပြီး ဆက်တိုက်‌သေခဲ့ကြရ၏။

"သတ်ဖြတ်ဖို့ အရမ်းပြတ်သားတဲ့သူ၊ မျက်တောင်တစ်ချက်မခတ် လူသတ်နိုင်တဲ့သူ.. ဒီလိုမျိုးရက်စက်ပြတ်သားတဲ့သူမျိုး ငါမမြင်ခဲ့ရတာ ဘယ်လောက်တောင် ကြာသွားပြီလဲ!" လူအုပ်ကြီးထဲရှိ အဖိုးအိုတစ်ယောက်သည် တိတ်တဆိတ် တုန်လှုပ်သွားပြီး ရေရွတ်မြည်တမ်းလိုက်၏။

"ဟမ့် သူက ရက်စက်ပြတ်သားတဲ့သူဆိုတော့ရော ဘာဖြစ်လဲ.. သူက သေလူပဲ"

"ဟုတ်တယ်၊ သူက အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းက တပည့်နှစ်ယောက်ကိုပဲ သတ်ခဲ့တာဆို ရှင်ရင်ရှင်နိုင်ဦးမယ်။ အခုတော့ သွေးလင်းတအစောင့်နှစ်ယောက်ကိုပါ သတ်ပစ်လိုက်တယ်ဆိုတာကတော့ တော်၀င်မိသားစုရဲ့ အာဏာစက်ကို ဗြောင်စိန်ခေါ်လိုက်တာပဲ!"

လူတိုင်းသည် စကားပြောနေရင်း.. ဆူဇီမိုကိုလဲ ရင်တထိတ်ထိတ်နှင့် မျက်ခြေမပြတ် စောင့်ကြည့်နေကြ၏။ ဤလူက လူအုပ်ကြီးထဲသို့ ခုန်၀က်၍ သူတို့ကိုပါ လျှောက်သတ်မည်လား မပြောနိင်ပေ။

ဘာပဲပြောပြော သူတို့မျက်လုံးထဲတွင် ဆူဇီမိုက သေလူတစ်ယောက်သာ။

သူကိုယ့်သူသေရတော့မည့်ဆိုတာ သိနေသည့်လူတစ်ယောက်က သွေးရူးသွေးတန်းနှင့် နောက်ထပ်လူတွေဆက်သတ်မည်ဆိုလျှင် သိပ်တော့ အံ့ဩစရာ မရှိပေ။

သူတို့တွေးထင်နေသလို ဖြစ်မလာခဲ့ပေ။ ဆူဇီမိုသည် ‌လူလေးယောက်ကို ဣန္ဒြေမပျက် သတ်ဖြတ်ပြီးနောက် မထီမဲ့မြင်ပုံစံနှင့်ပင် လက်နှစ်ဖက်နောက်ပစ်၍ အေးဆေးသက်သာရပ်နေ၏။

သွေးလင်းတနှင့် သိမ်းဖြူအစောင့်များက ရောက်လာကြပြီး ဝိုင်းပတ်လိုက်ကြ၏။ ဆူဇီမိုက လက်လျှော့အရှုံးပေးလိုက်သည့်အလား ထွက်ပြေးဖို့ လုံး၀မကြိုးစားတော့ပေ။

သို့သော် လူတိုင်းကို ဒွိဟဖြစ်စေသည်မှာ ဆူဇီမို၏ မျက်လုံးများထဲ၌ ကြောက်ရွံ့မှု တစ်စစွန်းတစ်စကိုမျှ သူတို့မမြင်ရ။ သူသည် နည်းနည်းကလေး‌တောင် အမူအယာ ပျက်ယွင်းမှုမရှိဘဲ သူ့မျက်လုံးများက ရှေးဟောင်းရေတွင်းကြီးလို နက်ရှိုင်းတည်ငြိမ်နေ၏။

ထိုအချိန်၌ အစိမ်းရောင်၀တ်ကျင့်ကြံသူနှင့် သူ့ဘေးပတ်လည်ရှိ အလောင်းလေးလောင်းသည် အလွန်ထူးကာ ဆန်းကြယ်လာ၏။

သူ့စိတ်ကို မည်သူမျှ မဖတ်နိုင်ကြပေ။

အစတုန်းကတော့ ထိုလူ၏ ရုတ်တရတ် တိုက်ခိုက်မှုများကြောင့် လူတိုင်းသည် အငိုက်မိကြောင်အနေကြ၏။

အဆုံးသတ်မှာတော့ သူ၏တည်ငြိမ်မှုက လူတိုင်းကို ပို၍အသိရခက်လာ‌စေ၏။

ရုတ်တရတ်၊ အဖိုးအိုတစ်ယောက်က လေသံတိုးတိုးနှင့် ပြောလိုက်၏။

"တစ်ကယ်ပဲ အစိမ်းရောင်၀တ်ကျင့်ကြံသူက သေချင်မှလဲ သေမှာနော်"

"ခင်ဗျား ဘာပြောချင်တာလဲ" တစ်ယောက်က ၀င်မေးလိုက်၏။

အဖိုးအိုက ဆက်ပြောလိုက်၏။

"မင်းတို့သတိထားမိကြလား.. ဟယ်ရှင်းက အရင်စပြီး တိုက်ခိုက်ခဲ့တာဆိုတော့ တစ်ကယ်တမ်းမှားတာက သူမဟုတ်ဘူးလေ။ သူ့ရဲ့ တုန့်ပြန်မှုက အရမ်းကြမ်းသွားတယ်ဆို‌ပေမယ့်လဲ သူ့ဘက်က ရှင်းပြမယ်ဆို အကြောင်းပြချက်ပေးလို့ ရနေတယ် မဟုတ်ဘူးလား"

မြို့တော်ထဲ၌ ခိုက်ရန်ဖြစ်ပွားခြင်းများကို တားမြစ်ထားသော်လည်း၊ တစ်ယောက်ယောက်က ကိုယ့်ကို လာရိုက်လျှင် ဒီအတိုင်း မလှုပ်မယှက် ခေါင်းငုံ့ငြိမ်ခံနေဖို့က မဖြစ်နိုင်ပေ။ သေချာပေါက် ပြန်လှန်ခုခံကာကွယ်ရပေမည်။

အဖိုးအိုပြောချင်သည်မှာ.. ဟယ်ရှင်းက စတင်တိုက်ခိုက်ခဲ့တာ ဖြစ်သောကြောင့် ဆူဇီမို၏ တုန့်ပြန်မှုကို မိမိကိုယ်ကိုမိမိ ခုခံကာကွယ်မှုအဖြစ် မှတ်ယူလို့ ရလေသည်။

"အဲ့ဒါက အလုပ်မဖြစ်လောက်ဘူး၊ အဲ့လူက အသတ်ခံရမှာ သေချာတယ်"

"အမှန်ပဲ၊ သူ့မှာ အကြောင်းပြချက်ရှိတယ်ဆိုရင်တောင် သူသွားပြီး စိန်ခေါ်လိုက်တာက အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းနဲ့ သွေးလင်းတအစောင့်အရှောက်.. နှစ်ဖွဲ့လုံးက တစ်ကယ်စွမ်းအားကြီးတွေပဲ"

"တစ်ခုတော့ရှိတယ် သူ့ရဲ့ဂုဏ်အဆင့်အတန်းက အရမ်းမြင့်မားနေလို့ ဧကရာဇ်ကတောင် မျက်နှာသာပေးရတဲ့သူမျိုးဆိုရင်တော့ အသက်ရှင်ကောင်းရှင်နိုင်လိမ့်မယ်!"

မကမ်းမလှမ်းတွင် ဆူရှောင်းနင်သည် တုန်လှုပ်နေမှုမှ နိုးထ၍ ဆူဇီမိုဆီ ပြေးသွားမလို့ဟန်ပြင်ပြီးမှ ရပ်တန့်လိုက်၏။

ဆူဇီမိုက မျက်လုံးမှေး၍ မသိမသာ ခေါင်းခါပြလိုက်၏။

အခုအချိန်တွင် အခြေအနေက ရှုပ်ထွေးနေပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ သူလည်း သေချာမသိသေးပေ။

လက်ရှိအခြေအနေအရ၊ ဆူရှောင်းနင်ကို ၀င်မပါစေလိုပေ။

မောင်နှမနှစ်ယောက်က တစ်ယောက်စိတ်ကိုတစ်ယောက် ကောင်းကောင်းနားလည်ကြ၏။ သူမသည် ရှေ့သို့ ဆက်မလှမ်းတော့သော်လည်း သူမ၏ မျက်လုံးများကတော့ စိုးရိမ်ပူပန်မှုကို ဖော်ပြနေ၏။

ဝှစ်! ဝှစ်! ဝှစ်!

သိပ်မကြာမီ အနီးဆုံးရှိ သွေးလင်းတအစောင့်များနှင့် သိမ်းဖြူအစောင့်များက ရောက်ချလာ၏။ မြေပြင်ပေါ်ရှိ အလောင်းများကိုကြည့်ပြီး အ‌‌စောင့်အများစု၏ မျက်နှာက အေးစက်ခက်ထန်လာကာ အဆုံးမဲ့သတ်ဖြတ်လိုစိတ်များနှင့် ဆူဇီမိုကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ကြ၏။

"ဘာတွေဖြစ်နေတာလဲ!"

ထိုအချိန်မှာပင် အေးစက်စက်ကြောက်စရာကောင်းသည့် အသံတစ်သံက ထွက်ပေါ်လာ၏။

ပုံရိပ်တစ်ခုက လေထဲကနေ လျှပ်စီးလို ပျံသန်းလာပြီး အားလုံးရှေ့တွင် ပေါ်လာ၏။ ထိုသူသည် ခြေထောက်အောက်တွင် မည်သည့်အထောက်အကူပစ္စည်းမှ မပါဘဲ လေထဲမှာ ရပ်နေ၏။

ရွှေအမြုတေအဆင့်!

ထိုလူက သွေးနီရောင်၀တ်ရုံကို ၀တ်ဆင်ထားပြီး ကတုံးပြောင်နှင့်ဖြစ်၏။ အေးစက်စက်အော်ရာကို ပိုင်ဆိုင်ထားပြီး သူ၏ အကြည့်က လင်းယုန်တစ်ကောင်လို စူးရှနေ၏။

"ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်!"

လေထဲရှိ များစွာသော သွေးလင်းတအစောင့်များက သံပြိုင်နှုတ်ဆက်လိုက်ကြ၏။

ရောက်ရှိလာသောသူက သွေးလင်းတအစောင့်များ၏ ခေါင်းဆောင်တပ်မှူးဖြစ်၏။ သူ၏ ရက်စက်သော နှိပ်စက်နည်းလမ်းများနှင့် ကြမ်းကြုတ်သောစိတ်နေစရိုက်ကြောင့် နာမည်ကြီးပြီး သူ၏ နာမည်ပြောင်မှာ လင်းတကတုံး ဖြစ်လေသည်။

လင်းတကတုံးတွင် တစ်မူထူးခြားသည် ညှင်းပန်းနှိပ်စက်ခြင်းနည်းလမ်းများရှိပြီး သူ့လက်တွင်းသို့ ကျရောက်သွားသူများသည် အရှင်လတ်လတ်ငရဲကို ခံစားရလေသည်။

ပြောကြသည်မှာ ယခင်က လင်းတကတုံး လက်တွင်းကျရောက်သွားသော ကျင့်ကြံသူအချို့သည် တစ်လလုံးလုံး ညှင်းပန်းနှိပ်စက်ခံရပြီးနောက် စိတ်ဖောက်ရူးသွပ်သော အခြေအနေသို့ ရောက်သွားခဲ့ကြ၏။ နောက်ဆုံးမှာ သူတို့သည် အနည်းငယ်လေးတောင် အေးချမ်းစွာ မနေရဘဲ ဆိုးဆိုးရွားရွားပုံစံနှင့် မျှင်းပြီး အသတ်ခံရလေသည်။

မဟာကျိုးမြို့တော်ထဲ၌ ပြောစမှတ်တွင်သည်မှာ.. လင်းတကတုံး၏ လက်ထဲရောက်မည့်အစား ကိုယ့်ကိုယ်ကိုယ်သတ်သေတာက ပိုကောင်းမည်ဟူ၍ပင်။

လင်းတကတုံးရောက်လာပြီးနောက် နောက်ထပ်ပုံရိပ်တစ်ခုကလည်း ဆင်းသက်လာ၏။ စွတ်စွတ်ဖြူသန့်စင်သော အဖြူရောင်ရှပ်အင်္ကျီကို ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်ဖြစ်၏။ သူမသည် တစ်မူထူးခြားသည့် ရုပ်ရည်သွင်ပြင်ရှိပြီး ခါးတွင် ဓါးရှည်တစ်လက်ကို ချိတ်ဆွဲထား၏။ သူမပုံစံက ကျက်သရေရှိ၍ ကြော့ရှင်းနေ၏။

"ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်!"

‌ဤပုဂ္ဂိုလ်ကို မြင်သောအခါ များစွာသော လေထဲရှိ သိမ်းဖြူအစောင့်များက လက်သီးဆုပ်ဦးညွှတ်လိုက်ကြ၏။

သိမ်းဖြူအစောင့်များအားလုံးသည် အမျိုးသမီးများ ဖြစ်ကြ၏။ ယခု သူတို့ သံပြိုင်အော်လိုက်သောအခါ သူတို့၏ ကြည်လင်ချိုသာသောအသံများက လူတိုင်းကို ဆွဲဆောင်မိသွား၏။

ယခုရောက်ရှိလာသောသူမှာ သိမ်းဖြူအစောင့်အရှောက်အဖွဲ့၏ ခေါင်းဆောင်တပ်မှူး ပိုင်ယုဟန်ပင် ဖြစ်လေသည်။

ဂိုဏ်းပေါင်းစုံပြိုင်ပွဲက နီးကပ်လာပြီဖြစ်တာကြောင့် နေ့စဉ်နှင့်အမျှ တာ၀န်ချိန်တစ်ချိန်တွင် အစောင့်နှစ်ဖွဲ့က ကင်းလှည့်နေပြီး ကျန်တစ်ဖွဲ့က အလှည့်ကျနားရလေသည်။

ယနေ့မြို့တော်ထဲတွင် ကင်းလှည့်ဖို့တာ၀န်ကျသည်မှာ သွေးလင်းတနှင့် သိမ်းဖြူအစောင့်အဖွဲ့တို့ဖြစ်၏။ ယခုအခါ ခေါင်းဆောင်တပ်မှူးနှစ်ယောက်စလုံးက ရောက်ရှိလာလေပြီ။

မြေပြင်‌ပေါ်ရှိ လဲကျသေဆုံးနေသော အလောင်းလေးလောင်းကိုကြည့်ကာ ပိုင်ယုဟန်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ သူမ၏ အကြည့်က ဆူဇီမိုအပေါ် ကျရောက်သွားပြီးနောက် ခေါင်းခါလိုက်၏။

သူမသည် ဤအစိမ်းရောင်၀တ်ကျင့်ကြံသူကို ရင်းနှီးတွေ့ဖူးခဲ့ခြင်း မရှိပေ။ သူက ခါးတွင် ဂိုဏ်းတံဆိပ်ပြားကိုလည်း မချိတ်ထား။ ထိုသူက မြို့တော်အပြင်ဘက်မှ ရောက်လာသော ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်ဖြစ်ဖို့ များလေသည်။

ဒီလိုသာဆိုရင်တော့ဖြင့် ထိုသူ၏ ကံကြမ္မာက သေချာနေလေပြီ။

All Chapters