ဓါးတွေထုတ်ကြပြီ
Vol. 19 Ch. 281
အခန်း ၂၈၁ - ဓါးတွေထုတ်ကြပြီ
“ဘာတွေဖြစ်နေကြတာလဲ”
သွေးလင်းတအစောင့်များ၏ ခေါင်းဆောင် လင်းတကတုံးက ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်၍ မှင်သေသေနှင့် မေးလိုက်၏။
အစစ်အမှန်မီးစွမ်းအင်ဆေးတိုက်မှ ကျင့်ကြံသူအချို့က အပြေးအလွှားရှေ့တက်၍ ဖြစ်စဉ်တစ်ခုလုံးကို အပိုအလိုများထည့်ညှပ်၍ ပြန်ပြောင်းပြောလိုက်ကြ၏။
“ဟဟဟားဟား..”
လင်းတကတုံးက ရက်စက်ရတာကို ခုံမင်နေသောအမူအယာနှင့် ဆူဇီမိုကို ကလေးကလားတစ်ယောက်လို ကြည့်လိုက်၏။
“သွားပြီ.. လင်းတကတုံးလက်ထဲရောက်ရင် အဲ့အစိမ်းရောင်ဝတ်ကျင့်ကြံသူကတော့ ကျိန်းသေတယ်.. တစ်စစီဆုတ်ဖြဲခံရတော့မှာ”
“သူ့နေရာမှာ ငါသာဆိုရင် ငါ့ကိုယ်ငါ့ သတ်သေလိုက်ပြီ.. အနဲဆုံးတော့ အသေဆိုးနဲ့ မသေတော့ဘူးပေါ့”
ကျင့်ကြံသူများစွာသည် တိုးတိုး တိုးတိုးနှင့် ဆွေးနွေးလိုက်ကြ၏။
ပြန်ပြောင်းပြောပြသောဇာတ်ကြောင်းကို ကြားရသောအခါ.. သိမ်းဖြူအစောင့်များ၏ ခေါင်းဆောင် ပိုင်ယုဟန်က မျက်မှောင်ကြုတ်လိုက်မိ၏။
ဖြစ်စဉ်တစ်ခုလုံးမှာ ဟာကွက်များ၊ ယုတ္တိမတန်တာများ ရှိနေ၏။
မူလအစတုန်းက ဒါဟာ အစစ်အမှန်မီးစွမ်းအင်ဆေးတိုက်နှင့် အဇူရာနှင်းမြူလွှာဆေးတိုက်တို့အကြား ရန်စဖြစ်၏။ ပို၍တိတိကျကျပြောရလျှင် ဟယ်ရှင်းနှင့် ဆူရှောင်းနင်တို့အကြားက ပုဂ္ဂိုလ်ရေးရန်ငြိုးရန်စဖြစ်၏။
ဖန်းမင်သည် စိတ်ဝိညာဉ်ကျားကို အချက်ပြစေခိုင်း၍ ဆူရှောင်းနင်ကို ဒဏ်ရာရစေကာ.. သူမ၏ ဆေးမီးဖိုကိုလည်း မှောက်ကျစေ၍ ဟယ်ရှင်းအနိုင်ကျင့်ဗိုလ်ကျတာကို ခံရစေခဲ့လျှင်တောင်.. ထိုအခြေအနေက ထိန်းချုပ်နိုင်မှုအတွင်းမှာသာ ရှိသေး၏။
အဲ့ဒါက ဤအစိမ်းရောင်ဝတ်ကျင့်ကြံသူ ပေါ်လာသည့်အချိန်မှစ၍ အခြေအနေတစ်ခုလုံးက ဇောက်ထိုးမိုးမျှော်ဖြစ်၍ ထိန်းချုပ်နိုင်မှုအောက်မှ လွတ်ထွက်သွားခဲ့၏။
ဟယ်ရှင်းက စတင်တိုက်ခိုက်ခဲ့တာတော့ မှန်ပါသည်။ သို့သော်လည်း အစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ တုန့်ပြန်မှုက လွန်လွန်းလှ၏။ သူသည် တစ်ဖက်သားကို ဘာမှတောင် ရှင်းပြခွင့်မပေးဘဲ လူနှစ်ယောက်ကို တန်းပြီး သတ်ပစ်လိုက်၏။
သူသည် မိမိကိုယ်ကို ခုခံကာကွယ်ဖို့အတွက် ဟယ်ရှင်းကို သတ်ရသည်ဆိုလျှင်တောင်.. ထို့နောက် သွေးလင်းတအစောင့်နှစ်ယောက်ကိုပါ ထပ်မံသတ်ဖြတ်လိုက်ခြင်းက သိပ်တော့ အဓိပ္ပါယ်ရှိမနေပေ။
ပိုင်ယုဟန်သည် ဆူဇီမိုကို အမှတ်တမဲ့ ကြည့်လိုက်မိပြီးနောက် သူမသည် အနည်းငယ် အံ့အားသင့်သွားရ၏။
သူသည် မြို့စောင့်တပ်ဖွဲ့နှစ်ဖွဲ့၏ ဝိုင်းထားခြင်းကို ခံနေရပြီး ခေါင်းဆောင်တပ်မှူးနှစ်ယောက်နှင့်ပါ ရင်ဆိုင်နေရ၏။ နောက်ပြီး ထိုနှစ်ယောက်ထဲမှ တစ်ယောက်က ရက်စက်လှပါသည်ဟု နာမည်ကြီးသော လင်းတကတုံးဖြစ်၏။ သို့သော်လည်း အခုအချိန်ထိ သူသည် နည်းနည်းကလေးမျှ ကြောက်ရွံ့ထိတ်လန့်နေဟန် မရပေ။
တစ်ကယ်တမ်းပြောရလျှင် ပိုင်ယုဟန်သည် ထိုလူ၏ မျက်ဝန်းထဲမှာတောင် အကြောက်တရား စိုးစင်းမျှကို မမြင်ရပေ။
သူသည် မြို့ထဲမှာ လူသတ်မှုများ ကျူးလွန်ခဲ့ပြီး မြို့တော်အစောင့်များကိုတောင် လက်မရွံ့သတ်ဖြတ်ခဲ့၏။ အင်အားအလုံးအရင်းနှင့် ဝိုင်းရံပိတ်ဆို့ခံထားရတာတောင် သူက အခုထိ ဣန္ဒြေရတည်ငြိမ်နေသေး၏။ သူ့မှာ ဘယ်လိုမျိုး နောက်ခံအားကိုးရှိနေတာလဲ။
လင်းတကတုံးက ဆူဇီမိုကို အထက်စီးကနေ ငုံ့ကြည့်လိုက်၏။ သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားတက်ကြွမှုက ပေါ်လာပြီး မကောင်းဆိုးဝါးဆန်ဆန် ပြောလိုက်၏။
“မိုက်တယ်ကွာ.. အရမ်းမိုက်တယ်.. အခုနောက်ပိုင်း ငါပျင်းနေရတာနဲ့ အတော်ပဲ.. ငါ့ရဲ့ ပျင်းရိနေမှုကို ဖြေဖျောက်ဖို့အတွက် နောက်ဆုံးတစ်ယောက်တော့ ရောက်လာခဲ့ပြီပေါ့.. ဟီးဟီး”
“မင်းငါ့ကို ထိလို့ မရဘူး”
ဆူဇီမိုက လင်းတကတုံးကို တည်ငြိမ်စွာကြည့်၍ ရုတ်တရတ် ပြောလိုက်၏။
ထိုသို့သူပြောပြီးသည်နှင့် လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
ဒီလူက ဘာအဆင့်အတန်းရာထူးမှ ရှိပုံမရသော်လည်း.. သူသည် သွေးလင်းတအစောင့်ခေါင်းဆောင်ကိုပင် ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်၏။ သူက တစ်ကယ်ပဲ သေချင်နေတာလား။
လင်းတကတုံး၏ မျက်နှာက ညိုမည်းသွား၏။
သူသည် သွေးလင်းအစောင့်ခေါင်းဆောင်တပ်မှူးရာထူးကို ရရှိပြီးကတည်းက.. သူ့ကို ဤကဲ့သို့လေသံနှင့် ပြောရဲသည့်သူမျိုး ပေါ်ထွက်မလာတော့သည်မှာ အတော်ကြာမြင့်ခဲ့လေပြီ။
“ဒီမှာကောင်လေး.. မင်းကို ငါပြောလိုက်မယ်.. အခုနေ သိကြားမင်းဆင်းလာရင်တောင် မင်းကို မကယ်နိုင်တော့ဘူး”
လင်းတကတုံးက အေးစက်စွာ ပြောလိုက်၏။
“ဒါပေမယ့် မပူပါနဲ့.. မင်းဘဝကို သက်ရှိငရဲတစ်ခုလို ပြောင်းလဲပေးဖို့ ငါ့မှာ နည်းလမ်းပေါင်းတစ်ရာလောက်ရှိတယ်.. နောက်ဆုံး မင်းငါ့ရှေ့မှာ ဒူးထောက်ပြီး မြန်မြန်သတ်ပေးပါတော့လို့ ငိုယိုတောင်းပန်လာစေရမယ်!”
ထိုအချိန်မှာပင် ခပ်လှမ်းလှမ်းက နောက်ထပ်အသံတစ်သံက ထွက်ပေါ်လာ၏။
“သူပြောတာဟုတ်တယ်.. မင်းသူ့ကို ထိလို့မရဘူး”
လူတိုင်းသည် အသံထွက်ပေါ်လာရာသို့ လှမ်းကြည့်လိုက်ကြသောအခါ.. ပုံရိပ်တစ်ခုက သူတို့ရှိရာသို့ လျှပ်စီးလိုအမြန်နှုန်းဖြင့် အပြင်းနှင်လာနေကြောင်း တွေ့လိုက်ရ၏။ ထိုသူသည် လေထုကို အလွန်တရာ လျှင်မြန်စွာ ဖြတ်သန်းလာပြီး မျက်စိတစ်မှိတ်မှာတင် သူတို့ရှေ့သို့ ရောက်ချလာ၏။
ထိုလူသည် အစိမ်းရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည်၊ အသားမည်းမည်း၊ မုတ်ဆိတ်များနှင့် ဖြစ်၏။ သူကတော့ အဇူရာလင်းယုန်အစောင့်များ၏ ခေါင်းဆောင်ဖြစ်သူ မူတန်ချင်းပင် ဖြစ်လေသည်။
မုတ်ဆိတ်နှင့်လူက ဆူဇီမိုနှင့် အကြည့်ချင်းဆုံသောအခါ စိတ်သာချလိုက်တော့ဟူသောပုံစံနှင့် မျက်စပစ်ပြလိုက်၏။
ဆူဇီမိုသည် နှုတ်ဆက်သည့်ပုံစံအနေနှင့် မသိမသာ ခေါင်းညိတ်ပြလိုက်၏။
ဤနေ့သည် အဇူရာလင်းယုန်အဖွဲ့ နားရမည့်နေ့ဖြစ်ပြီး မုတ်ဆိတ်နှင့်လူက ဒီနေရာမှာ ပေါ်လာစရာ အကြောင်းမရှိပေ။
သို့သော်လည်း သူ့ကို တစ်ယောက်ယောက်က သတင်းသွားပေးခဲ့လို့ သူက ဒီနေရာမှာ အချိန်မီ ပေါ်လာတာ ဖြစ်ရပေမည်။
ဆူဇီမို တစ်ချက်ဝေ့ကြည့်လိုက်သောအခါ နန်းကြည်ကို မတွေ့ရတော့ပေ။ ဘာဖြစ်ခဲ့သလဲဆိုတာ အကြမ်းဖျင်းတော့ သူနားလည်သွား၏။
“အဲ့ကလေးမက တစ်ကယ် ပါးရည်နပ်ရည် ရှိတာပဲ”
ဆူဇီမိုသည် စိတ်ထဲကနေ ရေရွတ်လိုက်၏။
မုတ်ဆိတ်နှင့်လူ ပေါ်ပေါက်လာခြင်းနှင့် သူ့စကားသံက ဘေးမှကြည့်နေသူများကို တုန်လှုပ်သွားစေ၏။ အခြေအနေက နောက်တစ်ဖန် ပြောင်းလဲသွားပြန်ပြီဆိုတာ သူတို့ခန့်မှန်းမိလိုက်ကြ၏။
“မူတန်ချင်း.. ဒီနေ့က မင်းနားရက်လေ.. ဒီကို ဘာလာလုပ်တာလဲ” လင်းတကတုံးက မုတ်ဆိတ်နှင့်လူနှင့် ဆူဇီမိုကိုကြည့်၍ ရုတ်တရတ် မေးလိုက်၏။
မုတ်ဆိတ်နှင့်လူက သာမန်ကာလျှံကာပင် ပြန်ဖြေလိုက်၏။
“ဘာရယ်မဟုတ်ပါဘူးကွာ.. ဒီနေရာမှာ ရုတ်ရုတ်သဲသဲဖြစ်နေကြတာမြင်လို့ လာကြည့်တာပါ”
“ဟီးဟီး”
လင်းတကတုံးက ပြုံးရယ်လိုက်၏။
“ဒီနေရာမှာ မင်းလုပ်စရာဘာမှ မရှိပါဘူး.. ဒီမှာ ငါရောက်နေပြီဆိုတော့ မင်းပြန်နားလိုက်လို့ ရပြီ”
“ကောင်းပြီလေ”
မုတ်ဆိတ်နှင့်လူက ခေါင်းညိတ်ပြ၍ မြေပြင်သို့ ဆင်းသက်လိုက်၏။ သူသည် ဆူဇီမို၏ လက်ကိုဆွဲ၍ ကောင်းကင်ထက်သို့ ပျံတက်လိုက်၏။ သူသည် ဤနေရာကနေ ဆူဇီမိုကိုပါ ခေါ်သွားဖို့ လုပ်လိုက်ခြင်းဖြစ်၏။
“ဟမ့်!”
လင်းတကတုံး၏ အမူအယာက ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်က ဖျတ်ကနဲရွေ့လျားသွားကာ မုတ်ဆိတ်နှင့်လူရှေ့တွင် ချက်ချင်းပေါ်လာ၏။ သူသည် ရှေ့ကနေ ပိတ်ရပ်ပြီးနောက် သုန်မှုန်နေသောအမူအယာနှင့် ဖြည်းဖြည်းချင်း ပြောလိုက်၏။
“မူတန်ချင်း.. ဒါက ဘာသဘောလဲ”
“ဘာရယ်မဟုတ်ပါဘူး”
မုတ်ဆိတ်နှင့်လူက ဆူဇီမိုရှေ့မှာရပ်နေပြီး သူ့အမူအယာက မပြောင်းမလဲရှိနေ၏။
လင်းတကတုံးက မြေပြင်ပေါ်ရှိ အလောင်းများကို လက်ညိုးထိုးပြလိုက်ပြီး လှောင်ရယ်လိုက်၏။
“ဒီလူက ဥပဒေကို မထီမဲ့မြင်နဲ့ မြို့တော်ထဲမှာတောင် လူတွေသတ်ခဲ့တာ.. ငါ့သွေးလင်းတအစောင့်နှစ်ယောက်တောင် အသတ်ခံရတဲ့အထဲ ပါသွားသေးတယ်.. အဲ့ဒါတောင် မင်းက သူ့ကို ဒီအတိုင်းခေါ်သွားချင်နေတာလား.. မူတန်ချင်း မင်းလုပ်ချင်သလို လျှောက်လုပ်မနေနဲ့”
မုတ်ဆိတ်နှင့်လူက မျက်မှောင်ကြုတ်လိုက်၏။
ထိုအချိန်တွင် ဆူဇီမိုက မုတ်ဆိတ်နှင့်လူ၏ နားအနားသို့ ကပ်၍ တိုးတိုးပြောလိုက်၏။ မုတ်ဆိတ်နှင့်လူ၏ မျက်လုံးက အရောင်တောက်သွားပြီး အတည်အတံ့ ပြောလိုက်၏။
“လင်းတကတုံး.. ဟယ်ရှင်းက သူကိုယ်တိုင်အရင်စတိုက်ခိုက်ခဲ့မှတော့ သူသေတွင်းသူတူးခဲ့တာပဲ.. မင်းရဲ့သွေးလင်းတအစောင့်တွေကတော့လား.. ဟမ့်.. သူတို့က တာဝန်ကို အလွဲသုံးစားလုပ်၊ ဘက်လိုက်ပြီးတော့.. အရင်ဖြစ်ပျက်ခဲ့တာတွေကိုကျတော့ မသိချင်ယောင်ဆောင်နေခဲ့တာပဲ.. တော်တော်အရှက်မရှိတဲ့ကောင်တွေ သေတာပဲအေးတယ်”
“မူတန်ချင်း.. ဒီနေ့က မင်းတို့အဖွဲ့နားလှည့်ပဲ.. ဒီကိစ္စအတွက် မင်းဝင်ဖြေရှင်းပေးခွင့်မရှိဘူး” လင်းတကတုံး၏ မျက်လုံးက တောက်ပလာပြီး သူ့လေသံက အေးစက်ခက်ထန်လာ၏။
မုတ်ဆိတ်နှင့်လူက ပြန်ပြောလိုက်၏။
“ဒီနေ့.. ငါ၊ မူတန်ချင်း.. အဇူရာလင်းယုန်အဖွဲ့ကို ကိုယ်စားမပြုဘူး.. ဘယ်အဇူရာလင်းယုန်အစောင့်မှလဲ ဒီကိစ္စကို ဝင်ပါမှာ မဟုတ်ဘူး!”
“ဟားဟား”
လင်းတကတုံးက ရုတ်တရတ် မကောင်းဆိုးဝါးဆန်ဆန် ရယ်ချလိုက်၏။
နောက်ခဏ၌ ရယ်သံက ရပ်တန့်သွား၏။
သူ့သိုလှောင်အိတ်ကို ပုတ်၍ လင်းတကတုံးသည် အေးစက်လင်းလက်တောက်ပြောင်နေသော ငွေချိတ်ကောက်နှစ်ခုကို ဆွဲထုတ်လိုက်ပြီး ဖြည်းဖြည်းချင်း ခြိမ်းခြောက်ပြောဆိုလိုက်၏။
“မင်းက သူ့ကိုဆက်ပြီး ကာကွယ်ပေးဖို့လုပ်နေမယ်ဆိုရင်.. အဲ့ဒါက ငါနဲ့ သွေးလင်းတအစောင့်အဖွဲ့တစ်ခုလုံးကို ဆန့်ကျင်စိန်ခေါ်လိုက်တာပဲ.. ပြီးတော့မှ မညှာတာဘူးဆိုပြီး အပြစ်မပြောနဲ့!”
ထိုစကားကို ကြားသောအခါ.. လေထဲရှိ သွေးလင်းတအစောင့်များအားလုံးသည် သူတို့၏ စိတ်ဝိညာဉ်လက်နက်များကို ဆွဲထုတ်လိုက်ကြပြီး မုတ်ဆိတ်နှင့်လူကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ကြ၏။
မုတ်ဆိတ်နှင့်လူက အသံတိတ်သွား၏။
လင်းတကတုံးက အစောင့်အဖွဲ့တစ်ခုလုံးကို အသုံးချ၍ သူ့ကို ဖိအားပေးနေပြီဖြစ်၏။
မုတ်ဆိတ်နှင့်လူကတော့ လက်လျှော့တော့မည်ဟု အားလုံးက တွေးထင်နေချိန်မှာပင်.. သူက ခြေတစ်လှမ်းတောင် နောက်ဆုတ်မသွားဘဲ သိုလှောင်အိတ်ပေါ်သို့ လက်ကို ညင်သာစွာ တင်လိုက်၏။ ချက်ချင်းပင် ဧရာမတူကြီးတစ်လက်က သူ့လက်ထဲတွင် ပေါ်လာပြီး ခိုင်မာပြင်းထန်သောအော်ရာကို ထုတ်ပေးနေ၏။
ပါးကိုက်နားကိုက်ပင်!
“ငါပြောပြီးသားပဲ.. ဒီနေ့ မင်းသူ့ကို ထိလို့မရဘူး!”
မုတ်ဆိတ်နှင့်လူ၏အကြည့်က လောင်မြိုက်လာပြီး.. သူ့လက်ထဲက တူက တုန်ယင်ကာ တောက်ပသော စိတ်ဝိညာဉ်အလင်းများ ထွက်ပေါ်လာ၏။ စိတ်ဝိညာဉ်အင်းကွက်လေးခုက တဖျတ်ဖျတ်တလက်လက် တောက်ပလာပြီး.. အားလုံးကို အံ့အားသင့်သွားစေ၏။
စိတ်ဝိညာဉ်အင်းကွက်လေးခု.. ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်!
လူတိုင်း တုန်လှုပ်သွားကြ၏။
တစ်ဖက်မှာ သူတို့သည် မုတ်ဆိတ်နှင့်လူလက်ထဲမှ လက်နက်က ထိပ်တန်းအဆင့်ဖြစ်သောကြောင့် တုန်လှုပ်ရ၏။
အခြားတစ်ဖက်မှတော့.. အဲ့ဒီအစိမ်းရောင်ဝတ်ကျင့်ကြံသူအတွက်နှင့် မုတ်ဆိတ်နှင့်လူက သွေးလင်းတအစောင့်အရှောက်တစ်ဖွဲ့လုံးကိုပင် စိန်ခေါ်လိမ့်မည်ဟု သူတို့ မထင်ထားသောကြောင့် တုန်လှုပ်သွားရ၏။
မုတ်ဆိတ်နှင့်လူလက်ထဲမှ တူက စိတ်ဝိညာဉ်အလင်းများနှင့် လင်းလက်တောက်ပနေ၏။ လေထဲရှိ များစွာသော သွေးလင်းတအစောင့်များကလည်း သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်လိုက်သောကြောင့် သူတို့လက်ထဲရှိ ဓါးမြှောင်ပုဆိန်များက တောက်ပနေပြီး ဓါးပျံများကလည်း လေထဲမှာ ရစ်ဝဲနေကြ၏။
မျက်စိတစ်မှိတ်မှာပင် နှစ်ဖက်အဖွဲ့သည့် လက်နက်များကို ဆွဲထုတ်ထားကြပြီး အချိန်မရွေး တိုက်ခိုက်ကြတော့မည်ပင်!