ဧကရာဇ်နှင့် တွေ့ဆုံခြင်း
Vol. 19 Ch. 282
အခန်း ၂၈၂ - ဧကရာဇ်နှင့် တွေ့ဆုံခြင်း
လူတိုင်း၏ အမြင်၌...
ပဋိပက္ခစတင်ခဲ့သည့် အကြောင်းရင်းက မည်သို့ပင်ဖြစ်ခဲ့ပါစေ.. အခုအချိန်မှာတော့ အခြေအနေတစ်ခုလုံးက ထိန်းချုပ်နိုင်မှုအောက်မှ ကင်းလွတ်သွားပြီး ကြီးမားသည့်တိုက်ပွဲကို ရှောင်လွှဲလို့ မရတော့ပေ။
သွေးလင်းတအစောင့်နှစ်ယောက်က သေဆုံးထားသောကြောင့် ဘယ်လိုပဲဖြစ်ဖြစ် လင်းတကတုံးက အားလုံး၏ ရှေ့မှောက်မှာ အလျှော့ပေးနောက်ပြန်ဆုတ်မည်မဟုတ်ပေ။ ထိုအတွက် တန်ရာတန်ကြေးကို သူပြန်တောင်းရပေမည်။
သို့မဟုတ်ပါက.. သူသာလျှင်မဟုတ် သွေးလင်းတအစောင့်အရှောက်အဖွဲ့တစ်ခုလုံးကပါ ဒီနေ့မှစ၍ မြို့တော်ထဲတွင် နာမည်၊ ဂုဏ်သိက္ခာကျဆင်းရပေတော့မည်။
မုတ်ဆိတ်နှင့်လူ၏ စောစောက အပြုအမူက မီးထဲသို့ လောင်စာထပ်ထည့်ပေးလိုက်သလိုပင်။
ထို့ကြောင့် လင်းတကတုံးနှင့် သွေးလင်းတအစောင့်များက နောက်ဆုတ် အလျှော့ပေးဖို့ ပိုလို့တောင် မဖြစ်နိုင်တော့ပေ။
တစ်ကယ်တမ်းမှာတော့ လူတိုင်းတွေးထင်ထားသည်နှင့် သိပ်မတူဘဲ.. လင်းတကတုံးသည် ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ကျဉ်းထဲကျပ်ထဲ အခြေအနေသို့ ရောက်နေလေသည်။
“သေစမ်းကွာ! မူတန်ချင်းလက်ထဲကို ထိပ်တန်းအဆင့်လက်နက်က ဘယ်တုန်းကဘယ်လို ရောက်လာတာလဲကွာ!”
လင်းတကတုံး၏ စိတ်ထဲတွင် ဝေခွဲမရနှင့် စိုးထင့်မှုက ဝင်ရောက်လာပြီး စိတ်ထဲကနေ ကျိတ်ပြီး ကျိန်ဆဲလိုက်၏။
သူသည် သွေးလင်းတအစောင့်အရှောက်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သော်လည်း.. နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တာတောင် သူသည် ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို ပိုင်ဆိုင်နိုင်ခြင်း မရှိသေးပေ။
ပုံမှန်အခြေအနေမှာသာဆိုပါက.. နှစ်ဖက်အဖွဲ့ တိုက်ခိုက်ကြသည်နှင့် သူသည် မုတ်ဆိတ်နှင့်လူကို ထိန်းထားနိုင်မည်ဖြစ်ပြီး.. သွေးလင်းတအစောင့်များက ဆူဇီမိုကို အလွယ်တကူ လှဲချနိုင်မည်ဖြစ်လေသည်။
သို့သော်လည်း မုတ်ဆိတ်နှင့်လူလက်ထဲသို့ မဆီမဆိုင်နှင့် ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုက ရောက်ချလာ၏။
အစကတည်းက သူ့ခွန်အားသည် မုတ်ဆိတ်နှင့်လူကို မမီပေ။
ယခုထိပ်တန်းအဆင့်လက်နက်၏ အကူနှင့်ပါ ထပ်ပေါင်းလိုက်ပါက.. လင်းတကတုံးသည် မုတ်ဆိတ်နှင့်လူကို ဘယ်လိုမှယှဉ်နိုင်တော့မည် မဟုတ်ပေ။ သူတို့တစ်ကယ်တမ်း တိုက်ကြမည်ဆိုလျှင် ရလဒ်က မှန်းဆရခက်ခဲသွားလေပြီ။
ထိုအချိန်မှာပင် ပိုင်ယုဟန်က ဝင်ပြောလိုက်၏။
“ခေါင်းဆောင်တပ်မှူးနှစ်ယောက်.. ဒီလို ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ မြို့တော်ထဲမှာ ရှင်တို့ကပါ တိုက်ခိုက်ကြမယ်ဆိုလျှင်.. အရှင်မင်းမြတ်စုံစမ်းသိရှိသွားတာနဲ့ ရှင်တို့လဲ အပြစ်ပေးခံရမှာပဲ”
မုတ်ဆိတ်နှင့်လူရော လင်းတကတုံးပါ သူတို့၏ လက်နက်များကို ဆွဲထုတ်၍ ဆိုင်ရပ်နေကြ၏။ ယခုအချိန်တွင် အမှားအမှန်ကို ပြောရေးဆိုခွင့်ရှိသော တစ်ဦးတည်းသောသူမှာ ပိုင်ယုဟန်သာ ဖြစ်လေသည်။
နှစ်ဖက်အဖွဲ့အကြား တင်းမာမှုက အနည်းငယ်လျှောကျသွား၏။
ပိုင်ယုဟန်က ဆက်ပြောလိုက်၏။
“ကျမအကြံပေးရမယ်ဆိုရင်.. ရှင်တို့နှစ်ယောက်စလုံး အခုနောက်ဆုတ်သင့်တယ်.. ကျမတို့ အင်ပါယာခုံရုံးမှာ ဧကရာဇ်ရဲ့ အကြံဉာဏ်ကို တောင်းခံရမယ်.. ဘာဆက်လုပ်ရမလဲဆိုတာ ဧကရာဇ်က ဆုံးဖြတ်ပေးတာကို စောင့်ကြတာပေါ့”
ထိုစကားကို ကြားသောအခါ.. မုတ်ဆိတ်နှင့်လူရော လင်းတကတုံးပါ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြ၏။
“ငါကတော့ အဲ့လိုဆို အဆင်ပြေတယ်”
လင်းတကတုံးက အေးစက်စက်သရော်၍ အရင်ဆုံးစကားစပြောလိုက်၏။
သူ့အမြင်အရ.. ဧကရာဇ်ထံ သူတို့ရောက်ပါက.. မုတ်ဆိတ်နှင့်လူက အပြစ်ပေးခံရမည်ဖြစ်ပြီး ထိုအစိမ်းရောင်ဝတ်ကျင့်ကြံသူကလည်း သေခြင်းတရားမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
မုတ်ဆိတ်နှင့်လူက သူ့လက်နက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ခေါင်းညိတ်လိုက်၏။
“အဲ့လိုဆိုလဲ ရတာပဲ”
ပိုင်ယုဟန်က လက်သီးဆုပ်လေးစားဟန်ပြလိုက်၏။
“ကောင်းပါပြီ.. ကျမအရင်ဆုံး နန်းတော်ထဲဝင်ပြီး ဒီကိစ္စကို အစီရင်ခံတင်ပြထားလိုက်မယ်”
ထိုသို့ပြောပြီးသည်နှင့် ပိုင်ယုဟန်သည် ဘေးသို့လှည့်၍ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ အားလုံး၏ရှေ့မှ ပျောက်ကွယ်သွား၏။
လင်းတကတုံးက မုတ်ဆိတ်နှင့်လူနှင့် ဆူဇီမိုတို့ကို တစ်လှည့်စီ လှောင်ပြောင်သရော်သလိုကြည့်လိုက်၏။
“ကဲ သွားကြတာပေါ့.. နန်းတော်ထဲရောက်လို့ အရှင်မင်းမြတ်ရှေ့ရောက်ရင် မင်းတို့ ဘာများပြောနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့!”
မုတ်ဆိတ်နှင့်လူက ပြုံးရုံသာပြုံး၍ ဘာမျှပြန်မပြောပေ။ ဆူဇီမိုဘက်သို့လှည့်၍ သူက တိုးတိုးမေးလိုက်၏။
“ဆရာမို.. တစ်ခုခု လုပ်ချင်တာများ ရှိသေးလား”
“ခဏ”
ဆူဇီမိုက ရှောင်းနင်ရှေ့သို့ လျှောက်သွား၏။
“အစ်ကိုလေး..”
ဆူဇီမိုသည် အနည်းငယ်စိုးရိမ်ပူပန်မှုစွာ မျက်မှောင်ကြုတ်လိုက်၏။ သူမ၏ သေးသေးသွယ်သွယ် လက်ကလေးများက ဆူဇီမို၏ အင်္ကျီစကို အလိုလိုဆွဲထားမိပြီး စိတ်ရှုပ်ထွေးစွာနှင့် ငိုလေတော့သည်။
“ညီမလေး နင်က ဘာလို့ ငိုနေတာလဲ”
ဆူဇီမိုက ပြုံး၍ ဆူရှောင်းနင်၏ ခေါင်းကို လက်ဖြင့် ကြင်နာယုယစွာ ပုတ်ပြီး သူမ၏ ဆံပင်များကို ထိုးဖွလိုက်၏။
သူမငယ်ငယ်တုန်းက ဆူဇီမိုသည် သူမ၏ ဆံပင်များကို ချစ်စနိုးဖြင့် ရှုပ်ပွသွားအောင် ထိုးဖွလေ့ရှိခဲ့၏။
ထိုအခါတိုင်း သူမသည် ဆူဇီမိုကို ထုရိုက်ဖို့အတွက် ပြေးလိုက်ခဲ့၏။
သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ပြေးကြလိုက်ကြရင်းနှင့် မြက်ခင်းများ၊ စမ်းချောင်းများကို ဖြတ်ကျော်ကြ၏။ နောက်ဆုံး တစ်ကိုယ်လုံး ချွေးများရွှဲနစ်၍ မြေပေါ်သို့ ပစ်လဲကျသည့်အထိပင်။ ထိုအခါ သူတို့၏ ဆံပင်များက ရှုပ်ပွနေရုံသာမက.. တစ်ကိုယ်လုံး ညစ်ပေရေ၍ ဖရိုဖရဲဖြစ်နေခဲ့၏။
ထိုအခါ သူတို့မောင်နှမနှစ်ယောက်သည် အိမ်ပြန်ရောက်လျှင် သူတို့၏ အစ်ကိုကြီး ဆူငေါက်တာကို ခံရတော့မည်ဆိုတာ သိသော်လည်း.. တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပျော်ရွှင်စွာ အော်ဟစ်ရယ်မောခဲ့ကြ၏။
ယခုဆူဇီမို၏ အပြုအမူက ရှောင်းနင်၏ စိတ်ကို အပြောင်းအလဲဖြစ်သွားစေဖို့ အာရုံလွှဲလိုက်ခြင်း ဖြစ်လေသည်။ သို့သော်လည်း သူမသည် ပိုလို့တောင် ဆိုးသွားပြီး အဆက်မပြတ်ရှိုက်ငိုနေတော့၏။
ဆူဇီမိုက ညင်သာစွာ ပြောလိုက်၏။
“ငါ ဘာမှ မဖြစ်ပါဘူး.. စိတ်ပူမနေနဲ့.. နင့်အစ်ကိုက မသေနိုင်သေးဘူး”
“ဟမ်း!”
ထိုသည်ကို ကြားသောအခါ အဇူရာနှင်းမြူလွှာဆေးတိုက်မှ ယန်ယုသည် လှောင်ရယ်၍ ဆူဇီမိုကို မျက်စောင်းတစ်ချက်ထိုးလိုက်၏။
“နန်းတော်ထဲ ဝင်ပြီးတာရင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ဦးမယ်လို့ ရှင့်ကိုရှင် ထင်နေတာလား”
ဆူဇီမို၏ အကြည့်က အလျားလိုက်ရွေ့လျားသွားပြီး.. သတ်တော့ဖြတ်တော့မည့်အော်ရာက ရုန်းကြွလာပြီး သွေးရနံ့ကိုပါ သယ်ဆောင်လာ၏။
ယန်ယုသည် အသက်ရှူကြပ်လာပြီး သူမပြောတော့မည့်စကားများကိုပါ ပြန်လည်မျိုချလိုက်ရ၏။
မြေပြင်ပေါ်ရှိ အလောင်းများက ပူပူနွေးနွေးပင် ရှိသေးပြီး သွေးများက စီးဆင်းထွက်နေဆဲဖြစ်၏။ မြို့တော်ထဲမှာတောင် ဆက်တိုက်သတ်ဖြတ်မှုများ ကျူးလွန်ရဲသည့်လူတစ်ယောက်ကို ဘယ်သူကများ သွားပြီးရန်စရဲပါ့မလဲ။
ရှောင်းနင်၏ ခေါင်းကိုပုတ်ရင်း ဆူဇီမိုက အခိုင်အမာ ပြောလိုက်၏။
“အရင်ပြန်နှင့်ပြီး ငါ့ကို စောင့်နေချေ.. နောက်ခဏကြာပြီးရင် နင့်ကို ငါလာခေါ်မယ်”
ဆူဇီမို၏ လေသံမှ ယုံကြည်ခိုင်မာမှုကို ခံစားမိလိုက်ပြီး ဆူရှောင်းနင်သည် အငိုတိတ်ကာ ညင်သာစွာ မေးလိုက်၏။
“တစ်ကယ်ပြောနေတာလား”
“တစ်ကယ်ပေါ့” ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
အခြားတစ်ဖက်မှာတော့.. လင်းတကတုံးသည် အစစ်အမှန်မီးစွမ်းအင်ဆေးတိုက်မှ ကျင့်ကြံသူများရှေ့သို့ သွားရောက်ပြီး အသံတိုး၍ ပြောလိုက်၏။
“မင်းတို့အကုန်လုံး.. အခုပြန်ကြ.. မြို့ထဲမှာ နာမည်ဂုဏ်သတင်းရှိတဲ့ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းက ကျင့်ကြံသူတွေကို သတိပေးလိုက်.. အကြီးအကဲကျန်းနဲ့ ကျန်တဲ့တခြားသူတွေရော အင်ပါယာခုံရုံးကို လာပြီး ဧကရာဇ်ကို လာနှုတ်ဆက်ကြလို့!”
“နားလည်ပါပြီ”
အစစ်အမှန်မီးစွမ်းအင်ဆေးတိုက်မှ ကျင့်ကြံသူများသည် နားလည်သဘောပေါက်သွားပြီး လှည့်ထွက်သွားကြ၏။
အနည်းငယ်လှည့်ရင်း.. မလှမ်းမကမ်းရှိ ဆူဇီမိုကို မြင်လိုက်သောအခါ လင်းတကတုံးက လှောင်ရယ်လိုက်၏။
“ကောင်လေး.. မင်းရဲ့အားကိုးက မူတန်ချင်းပဲဆိုရင်တော့.. ငါမင်းကို ပြောလိုက်မယ်.. ဒီနေ့တော့ မင်းကို ဘယ်သူ့မှ မကယ်နိုင်တော့ဘူး!
ဆူဇီမို၏ အမူအယာက ပြောင်းလဲသွားခြင်းမရှိ၊ ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်၏။
“စကားကို ကုန်အောင် မပြောပါနဲ့ဦး”
မုတ်ဆိတ်နှင့်လူ၊ ဆူဇီမိုနှင့် လင်းတကတုံးတို့သည် နန်းတော်ဆီသို့ ချီတက်လိုက်ကြပြီး သိပ်မကြာမီ အားလုံးရှေ့မှ ပျောက်ကွယ်သွားကြ၏။
“သူတို့ ဧကရာဇ်ရှေ့ရောက်ရင်တော့ အဲ့ဒီအစိမ်းရောင်ဝတ်ကျင့်ကြံသူက သေခြင်းတရားကနေ ရှောင်ဖို့ လွယ်မှာမဟုတ်တော့ဘူး.. အဇူရာလင်းယုန်ခေါင်းဆောင်က အဲ့လူကို ကာကွယ်ပေးရင် သူပါ ရောပြီး အပြစ်ပေးခံရလောက်တယ်”
“ဟုတ်တယ်.. သူတို့နှစ်ယောက်စလုံးက မြို့တော်အစောင့်အရှောက်အဖွဲ့ရဲ့ ခေါင်းဆောင်တွေဆိုပေမယ့်လဲ.. တစ်ယောက်က အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းနောက်ခံရှိတယ်.. အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းက အကြီးအကဲတွေနဲ့ ပကတိသက်ရှိတွေသာ ထွက်လာပြီး ဖိအားပေးမယ်ဆိုရင်.. ဧကရာဇ်တောင်မှ သူတို့ကို မျက်နှာသာပေးဖို့လိုမယ်ထင်တယ်”
“အမှန်ပဲ.. အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်အတွက်နဲ့ ဧကရာဇ်က အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းကို မျက်နှာအပျက်ခံမှာ မဟုတ်လောက်ဘူး.. ဟီးဟီး ဆရာမိုကလွဲရင် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းကို အနိုင်ယူနိုင်တာ ဘယ်သူရှိဦးမှာလဲ”
လူအုပ်ကြီးက လူစုမခွဲကြသေးဘဲ.. ဆက်လက်ဆွေးနွေးနေကြ၏။
. . .
“မူတန်ချင်း.. အဲ့ဒီထိပ်တန်းအဆင့်လက်နက်ကို မင်းဘယ်ကနေ ရလာတာလဲကွ”
လမ်းတွင်.. လင်းတကတုံးက စကားစ၍ မေးလိုက်၏။
မုတ်ဆိတ်နှင့်လူက ဘာမျှပြန်မပြောပေ။
လင်းတကတုံး၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းက လက်သွားပြီး.. စိုးတရွံ့ရွံ့နှင့် မေးလိုက်၏။
“အခုနောက်ပိုင်း ရတနာကောင်းကင်လေလံအိမ်တော်မှာ ထိပ်တန်းအဆင့်လက်နက်တွေ လေလံတင်ရောင်းတာလဲ ငါမတွေ့မိပါဘူး.. နောက်ပြီး မင်းရဲ့ထိပ်တန်းအဆင့်လက်နက်က မင်းနဲ့ လုံးဝအံကိုက်ပဲနော်.. တစ်ယောက်ယောက်က မင်းစိတ်ကြိုက် သွန်းလုပ်ပေးထားသလိုပဲ!”
ခဏမျှ ရပ်လိုက်ပြီးနောက် လင်းတကတုံးက ဖြည်းဖြည်းချင်း ဆက်မေးလိုက်၏။
“အဲ့တူက မင်းအတွက် ဆရာမိုလုပ်ပေးထားတာမလား.. ဟုတ်တယ်မလား”
“ဟုတ်တယ်ဆိုတော့ရော ဘာဖြစ်လဲ.. မဟုတ်ဘူးဆိုတော့ရော ဘာဖြစ်လဲ” မုတ်ဆိတ်နှင့်လူက လှည့်ကြည့်ကာ ဟန်လုပ်ပြုံးပြ၍ မေးလိုက်၏။
လင်းတကတုံးက ဝင့်ကြွားစွာနှင့် ထုတ်ပြောလိုက်၏။
“ငါ့အတွက် ထိပ်တန်းအဆင့်လက်နက်တစ်ခု သွန်းလုပ်ပေးဖို့ ဆရာမိုကို မင်းသာကူပြောပေးမယ်ဆိုရင်.. ဒီနေ့ကိစ္စအတွက် ငါမင်းကို လျှော်ပေးလိုက်မယ်.. မူတန်ချင်း.. မင်းလဲသိပါတယ် ဒီနေ့ကိစ္စမှာ မင်းဘက်က ဘယ်လိုမှ အနိုင်မရနိုင်ဘူးဆိုတာ!”
သူစကားပြောလို့ ပြီးပြီးချင်းမှာပင် လင်းတကတုံးသည် တစ်စုံတစ်ရာကို ခံစားမိလိုက်ပြီး ခေါင်းလှည့်ကြည့်လိုက်သောအခါ.. ဆူဇီမိုက သူ့ကို အထူးတဆန်းပုံစံနှင့် လှောင်ပြောင်သရော်သလို ကြည့်နေသည်ကို မြင်လိုက်ရ၏။
ထိုအကြည့်က လင်းတကတုံးကို အော်ဂလီဆန်လာစေ၏။
သူက ကြောက်စရာကောင်းစွာ ရယ်မောလိုက်၏။
“ကောင်လေး.. မင်းငါ့လက်ထဲကို ရောက်တာနဲ့ အရင်ဆုံး ငါဘာလုပ်မလဲသိလား.. မင်းမျက်လုံးတွေကို ငါဖောက်ထုတ်ပစ်လိုက်မယ်.. အဲ့ဒါမှ မင်းငါ့ကို အဲ့လိုပုံစံမျိုးနဲ့ကြည့်မိတာ နောင်တရနေမှာ”
ထိုသည်ကို ကြားသောအခါ ဆူဇီမိုက ညင်သာစွာ ရယ်မောလိုက်၏။
“စိတ်ဝင်စားစရာပဲ”