သူကမိုလင်းဖြစ်လို့ပဲ
Vol. 19 Ch. 283
အခန်း ၂၈၃ - သူကမိုလင်းဖြစ်လို့ပဲ
မိုးလေရှုခင်းမဏ္ဍပ်တွင်..
နန်းတော်တွင်းရှိ ကြော့ရှင်းသပ်ရပ်သောနေရာတစ်ခု.. တော်ဝင်မိသားစုဝင်များသည် ဤနေရာသို့လာ၍ ရွာသွန်းနေသော မိုးသံလေသံများကို ကြည့်ရှုနားထောင် ချီးကျူးကြလေသည်။
မဏ္ဍပ်ရှေ့တွင် ကြည်လင်နေသော ရေများ စီးဆင်းနေသည့် ရေကန်ရှိပြီး ကြာပန်းကြာရွက်များက ရေပေါ်တွင် ပေါလောပေါ်နေကြ၏။ ရေကန်ဘေးတစ်လျှောက်တွင် ဂျပန်ငှက်ပျောပင်များနှင့် ဝါးစိမ်းပင်များကို စိုက်ထား၏။
ဆူဇီမိုနှင့် အခြားနှစ်ယောက် နန်းတော်ထဲသို့ ဝင်လာပြီးမကြာမီ.. လူတစ်ယောက်က ရှေ့ထွက်လာကာ သူတို့ကို မိုးလေရှုခင်းမဏ္ဍပ်သို့ ခေါ်ဆောင်သွား၏။
မိုးလေရှုခင်းမဏ္ဍပ်ထဲတွင် လူနှစ်ယောက်ရှိနေ၏။
တစ်ယောက်မှာ သူတို့ရှေ့ကနေ အရင်သွားနှင့်သော ပိုင်ယုဟန်ဖြစ်၏။
အခြားတစ်ယောက်ကတော့ ရွှေရောင်ဘရိုကိတ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်ရှည်များကို ပုခုံးပေါ်တွင် ဖြန့်ချထား၏။ သူသည် ပြတင်းပေါက်ရှေ့မှာရပ်ကာ ကောင်းးကင်ကိုမော့ကြည့်နေ၏။ သူသည် အားလုံးကို ကျောပေးထားသောကြောင့် သူ့မျက်နှာကို မမြင်ရပေ။ သူ့ထံမှ ဖော်ပြခြင်းငှာ မစွမ်းသာသော ခန့်ညားထည်ဝါသည့်အော်ရာတစ်မျိုးက ထွက်ပေါ်နေပြီး အထင်ကြီးရှိန်လောက်စေ၏။
“အရှင်မင်းမြတ်ကို နှုတ်ဆက်ဂါဝရပြုပါတယ်”
မုတ်ဆိတ်နှင့်လူနှင့် လင်းတကတုံးတို့က ချက်ချင်းဒူးတစ်ဖက်ထောက် ထိုင်ချလိုက်ပြီး လက်သီးဆုပ်၍ သံပြိုင်အော်လိုက်ကြ၏။
“အမ်း”
မဟာကျိုးဧကရာဇ်၏အသံက နက်ရှိုင်းသိမ်မွေ့၍ သံလိုက်ဓါတ်ပါနေ၏။
ဧကရာဇ်၏ နောက်ကျောကိုကြည့်ပြီး ဆူဇီမိုမျက်လုံးက အရောင်လက်သွား၏။
“အစီရင်ခံတင်ပြလိုပါတယ်....”
ထိုအချိန်မှာပင်.. အင်ပါယာစစ်တပ်မှ အစောင့်တစ်ယောက်က ပြေးချလာ၏။
“အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းနဲ့ အစစ်အမှန်မီးစွမ်းအင်ဆေးတိုက်တို့မှ အကြီးအကဲဆယ်ဦးတို့က အရှင်မင်းမြတ်နဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုနေကြပါတယ်”
“ခွင့်ပြုတယ်”
ဧကရာဇ်က ပြန်ဖြေပေးလိုက်၏။
လင်းတကတုံးက မုတ်ဆိတ်နှင့်လူကို လှောင်ပြောင်ရန်စသလို ဘေးတိုက်တစ်ချက်ကြည့်ပြီး အေးစက်စက်ရယ်လိုက်၏။
မုတ်ဆိတ်နှင့်လူက မည်သို့မျှမနေဘဲ တည်ငြိမ်နေမြဲဖြစ်၏။
သိပ်မကြာမီ လေထဲကနေ ရွှေအမြုတေဆယ်ယောက် ရောက်ချလာ၏။ သူတို့အားလုံးနီးပါးသည် မုတ်ဆိတ်ရှည်များနှင့် လူအိုကြီးများ ဖြစ်ကြ၏။
ထိုရွှေအမြုတေအဆင့်များမှာ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ ဖြစ်ကြပြီး သူတို့သည် မြို့တော်ထဲတွင် နေလာခဲ့သည်မှာ နှစ်ပေါင်းရာချီကြာခဲ့လေပြီ။
ထိုဆယ်ယောက်ထဲတွင် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ အကြီးအကဲကျန်းကို ငယ်ရွယ်သည်ဟု ဆိုနိုင်လေသည်။
ဧကရာဇ်က နောက်သို့လည်းမလှည့်၊ မည်သည့်စကားမျှလည်း မပြောဘဲ.. ကောင်းကင်ကိုသာ မော့ကြည့်နေ၏။
မသိလိုက်မသိဘာသာနှင့်ပင်.. ကောင်းကင်က မိုးသားတိမ်လိပ်များနှင့် ပိတ်သိပ်လာပြီး.. မိုးများက ရွာချတော့မည်ကဲ့သို့ ဖြစ်လာ၏။
ဧကရာဇ်၏ အတွေးကို မည်သူမျှ မဖတ်နိုင်ကြပေ။
မိုးလေရှုခင်းမဏ္ဍပ်တွင်းရှိ လေထုသည် ရုတ်တရတ် မွန်းကျပ်ဖွယ်ကောင်းလာပြီး ထုံထိုင်းလာ၏။
ပိုင်ယုဟန်က မတ်တပ်ထရပ်ပြီး ပြောလိုက်၏။
“ရှင်တို့မှာ ပြောချင်တာရှိတယ်ဆိုရင် ဒီမှာတစ်ခါထဲပြောပါ.. အရှင်မင်းမြတ်က နောက်ဆုံးအဆုံးအဖြတ်ကို ပေးပါလိမ့်မယ်”
အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ အကြီးအကဲဆယ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက်.. တစ်ယောက်က မတ်တပ်ထရပ်ကာ ဆူဇီမိုကို လက်ညိုးထိုးလိုက်၏။
“ဒီလူက မြို့ထဲမှာတောင် မဆင်မခြင်နဲ့ လူတွေလျှောက်သတ်နေပါတယ်.. တရားဥပဒေကိုလည်း လုံးဝဂရုမစိုက်တော့ပါဘူး.. သူက အကြောင်းပြချက်မရှိဘဲနဲ့ ကျုပ်တို့အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းက လူနှစ်ယောက်ကို သတ်ခဲ့ရုံတင်မကဘူး.. သွေးလင်းတအစောင့်နှစ်ယောက်ကိုပါ သတ်ဖြတ်ခဲ့သေးတယ်.. သူ့မှာ ဆင်ခြင်တုံတရား လုံးဝမရှိတော့ပါဘူး”
ဝုန်း..
ထိုအချိန်မှာပင် မိုးကြိုးသံတစ်ချက် ထွက်ပေါ်လာ၏။
ထို့နောက်ချက်ချင်းပင် မိုးများက သည်းထန်စွာ ရွာချလာ၏။
မိုးရေသံများကြားထဲမှ လင်းတကတုံးက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အရှင်မင်းမြတ် ဒီလူက ကျုပ်တို့ရဲ့ တရားဥပဒေကို လုံးဝထည့်မတွက်တော့ပါဘူး.. အဲ့ဒါက အရှင်းမင်းမြတ်ရဲ့ အာဏာစက်ကိုပါ စိန်ခေါ်လိုက်သလိုပါပဲ.. ကျတော်တို့ ဒီလူကိုသာ မသတ်ဘဲ လွှတ်ပေးမယ်ဆိုရင်.. ပြည်သူလူထုတွေအနေနဲ့ စိတ်မလုံခြုံမှုဖြစ်လာပြီး တရားဥပဒေအပေါ် မေးခွန်းထုတ်တာတွေ ဖြစ်လာနိုင်ပါတယ်”
“နောက်ပြီးတော့.. ဒီကောင်လေးက စက်ဆုပ်ဖွယ်ရာ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာတောင်.. အဇူရာလင်းယုန်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ မူတန်ချင်းက တရားမျှတမှုကို မျက်ကွယ်ပြုပြီး ဒီကောင်လေးကို ကာကွယ်ပေးဖို့ လုပ်ခဲ့ပါတယ်.. အဲ့အတွက်နဲ့ သူက ကျတော်တို့အစောင့်အဖွဲ့သားတွေကိုတောင် အပြင်းအထန် တိုက်ခိုက်တော့မလို့ပါပဲ.. မူတန်ချင်းကို အဇူရာလင်းယုန်အစောင့်ခေါင်းဆောင်တပ်မှူးရာထူးကနေ ဖယ်ရှားပစ်သင့်တယ်လို့ ကျတော်ထင်မိပါတယ်.. သူ့ကို ထာဝရ အချုပ်ချထားသင့်ပါတယ်”
လင်းတကတုံး စကားပြောနေစဉ်တွင် အပြင်ဘက်ရှိ မိုးများက ပို၍ သည်းထန်လာ၏။
ဧကရာဇ်က လက်နှစ်ဖက်နောက်ပစ်၍ ဘာမျှ ပြန်မပြောဘဲ အပြင်ဘက်ရှိ မိုးပေါက်များကိုသာ ငေးကြည့်နေ၏။
လေထုက တဖြည်းဖြည်း ပို၍ လေးလံသိပ်သည်းလာ၏။
နောက်တစ်ခဏ၌ ဆူဇီမိုက ဖြည်းဖြည်းချင်းပြောလိုက်၏။
“အားလုံးပဲ ကွက်ချန်ခဲ့တဲ့အချက်တစ်ချက် ရှိပါတယ်.. ကျုပ်ကို အရင်ဆုံးစပြီး တိုက်ခိုက်ခဲ့တာက ဟယ်ရှင်းပါပဲ”
အကြီးအကဲကျန်းက လှောင်ရယ်လိုက်၏။
“ငါသိရသလောက်ဆိုရင်.. ဟယ်ရှင်းက မင်းကို ပါးရိုက်ဖို့ပဲ လုပ်ခဲ့တာပဲ.. အလွန်ဆုံး အရှက်ကွဲရုံပေါ့.. အဲ့ဒါနဲ့ မင်းက သူ့ကို သတ်ပစ်လိုက်တယ်ပေါ့”
ဆူဇီမိုက ထူးမခြားနားပြန်ဖြေလိုက်၏။
“ကျုပ်ကို အရှက်ခွဲဖို့ လုပ်တဲ့လူ ဘယ်သူဖြစ်ဖြစ် နောင်တတရနဲ့ သေရမယ်”
“ဟဟဟားဟား”
အကြီးအကဲကျန်းက ဟားတိုက်ရယ်လိုက်၏။
“ဟာသပဲကွာ.. မင်းကို အရှက်ခွဲမိရုံနဲ့ ဟယ်ရှင်းက အသက်ပေးရအောင် မင်းက ဘယ်သူမို့လို့လဲ”
“ကျုပ်က ဟယ်ရှင်း ထိလို့မရတဲ့လူပဲ.. သူ ကျုပ်ကို လာထိရင်.. သူသေရမယ်.. ဒါပဲ!” ဆူဇီမိုက စကားတစ်လုံးချင်းကို ဖိပြောလိုက်၏။
အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ အကြီးအကဲဆယ်ယောက် ထိတ်ထိတ်ပျာပျာ ဖြစ်လာကြ၏။
ဆူဇီမိုက နောက်နေတာမဟုတ်ကြောင်း.. သူတို့ ခန့်မှန်းမိလိုက်ကြ၏။
တစ်ခုခုတော့ လွဲနေပုံရတာကို လင်းတကတုံးသည်လည်း သတိထားမိလိုက်၏။
ဧကရာဇ်ရှေ့မှောက်မှာတောင် ဆူဇီမိုက တည်ငြိမ်နေနိုင်သည်ဆိုသည်မှာ.. သူ့မှာ လုံလောက်သည့် အားကိုးအားထား တစ်ရာတစ်ရာရှိသည်ဟု ဆိုလိုသည် မဟုတ်ပါလား။
“မင်းက ဘယ်အချက်အပေါ် အခြေခံပြီး အဲ့စကားကို ပြောရတာလဲ” အကြီးအကဲကျန်းက အံကြိတ်၍ မေးလိုက်၏။
ထိုအချိန်မှာပင် မိုးလေရှုခင်းမဏ္ဍပ်ထဲမှ အခြားအသံတစ်သံက ထွက်ပေါ်လာ၏။
“သူက မဟာကျိုးအင်ပါယာမြို့တော်ထဲမှာ နံပါတ်တစ်နတ်ပန်းပဲဆရာ.. မိုစိတ်ဝိညာဉ်ပန်းပဲရုံရဲ့ သခင်.. မိုလင်း ဖြစ်နေတာကြောင့်ပဲ!”
လူတိုင်း အသံထွက်ပေါ်လာရာသို့ လှမ်းကြည့်လိုက်ကြသောအခါ.. ဧကရာဇ်က တဖြည်းဖြည်းလှည့်၍ သူမျက်နှာကို ပြလိုက်သည်ကို တွေ့လိုက်ရ၏။ သူသည် နဖူးကျယ်ကျယ်၊ ကြည်လင်တောက်ပသောမျက်လုံးများနှင့် သြဇာတိက္ကမအော်ရာတို့ကို ပိုင်ဆိုင်ထားလေသည်။ သူက လွန်ခဲ့သည့်နှစ်လလောက်က မိုစိတ်ဝိညာဉ်ပန်းပဲရုံသို့ အလည်ရောက်လာခဲ့သော အဝါရောင်ဝတ်ရုံနှင့်လူပင် ဖြစ်လေသည်။
ထိုစကားကို သူပြောလိုက်ချိန်တွင် မုတ်ဆိတ်နှင့်လူက လွဲ၍ ကျန်လူများအားလုံး ကြက်သေသေသွားကြ၏။
ဒီအစိမ်းရောင်ဝတ်ကျင့်ကြံသူက မိုလင်းတဲ့လား။
မိုလင်းက ရွှေအမြုတေအဆင့် မဟုတ်ဘူးလား။
ဒီလူက နောက်ပိုင်း-အခြေတည်အဆင့်ပဲ ရှိသေးတာဆို သူက ဘယ်လိုလုပ်ပြီး ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တွေကို သွန်းလုပ်နိုင်နေရတာလဲ။
အကြီးအကဲကျန်း၏ စိတ်က လုံးဝရှုပ်ထွေးသွား၏။ မိုလင်းက နောက်ပိုင်း-အခြေတည်အဆင့်ဆိုရင် လွန်ခဲ့သည့်နှစ်လ.. သတ်ဖြတ်လုပ်ကြံဖို့ ကြိုးစားတုန်းက သူကဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်ခဲ့တာလဲ။
ထိုစကားကို ဧကရာဇ်ကိုယ်တိုင်က ပြောခြင်းမဟုတ်လျှင် မည်သူမျှ ယုံကြလိမ့်မည်မဟုတ်ပေ။
အခုတောင်မှ လူတိုင်း၏ အတွေးထဲတွင် သံသယများစွာ ရှိနေ၏။
မုတ်ဆိတ်နှင့်လူကတော့ ဆူဇီမို၏ ဂုဏ်အဆင့်အတန်းကို သည့်အရင်ကတည်းက သိထားသောကြောင့် တည်ငြိမ်နေ၏။
ပိုင်ယုဟန်၏ မျက်လုံးသည် အရောင်လက်သွားပြီး နားလည်သဘောပေါက်သွား၏။
“ရှင့်ဝှက်ဖဲက ဒီလိုဆိုမှတော့.. ရှင်ဒီလောက် တည်ငြိမ်နေတာ မဆန်းတော့ပါဘူးလေ”
အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းကဖြစ်စေ.. လင်းတကတုံးဖြစ်စေ.. သူတို့ပင် ဘယ်လိုပင် အပြစ်ရှာကြံပြောကြပါစေ.. အခြေအနေက လုံးဝပြောင်းလဲသွားခဲ့ပေပြီ။
သူတို့ထဲတွင် အံ့သြမှင်တက်အသွားရဆုံးလူမှာ သွေးလင်းတအစောင့်ခေါင်းဆောင်၊ လင်းတကတုံးပင် ဖြစ်လေသည်။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..
ရုတ်တရတ်ကြီး ဘာလို့ အဲ့လိုပြောင်းလဲသွားရတာလဲ..
လင်းတကတုံးသည် ဖြစ်နိုင်ခြေအမျိုးမျိုးကို တွေးတောခဲ့ဖူး၏။ သူလုံးဝ မတွေးခဲ့မိသောအရာမှာ.. ဒီလူက မိုလင်းဖြစ်နေလိမ့်မည် ဆိုတာကိုပင်။
ဒီလိုသာဆိုလျှင် မဟာကျိုးမြို့တော်၏ နံပါတ်တစ်နတ်ပန်းပဲဆရာကို အရှက်ခွဲမိသည့်အတွက် ဟယ်ရှင်းက သေသင့်သည်ဆိုသည့်အချက်မှာ ယုတ္တိတန်လေသည်။
မသိလိုက်မသိဘာသာနှင့်ပင် အပြင်ဘက်ရှိ မိုးများက ရပ်တန့်သွား၏။
ဧကရာဇ်က ဆူဇီမိုကို ပြင်းပြထက်သန်နေသောမျက်လုံးများနှင့် ကြည့်လိုက်ပြီး ပြုံးလိုက်၏။
“ဆရာမို.. မတွေ့ရတာတောင် ကြာပါပေါ့.. နေကောင်းရဲ့မလား”
အစတုန်းကတော့.. သူ၏ ရုပ်ကို ရုတ်တရတ် မြင်တွေ့လိုက်ရလျှင် ဆူဇီမိုက သေချာပေါက် တုန်လှုပ်အံ့သြသွားလိမ့်မည်ဟု ဧကရာဇ်က ထင်ခဲ့မိ၏။
အခုအခါမှာတော့ ဆူဇီမိုက တည်ငြိမ်ပြီး ဣန္ဒြေရနေဆဲဖြစ်၏။
သူက အနည်းငယ်ဦးညွှတ်၍ လက်သီးဆုပ်လေးစားဟန် ပြလိုက်၏။
“အခုလို ပြန်တွေ့ရတာ.. ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ”
လင်းတကတုံးသည် ဆူဇီမိုကို ရန်စမိပြီးသား ဖြစ်နေခဲ့တာကြောင့် သူ့စိတ်ကိုသူ ပိုင်းဖြတ်လိုက်၏။
“ခင်ဗျားက မိုလင်းမို့လို့ ဟယ်ရှင်းကို သတ်ခဲ့တာ လက်ခံလို့ရပါတယ်.. ဒါပေမယ့် ခင်ဗျားက ဘာကြောင့် ကျုပ်ရဲ့သွေးလင်းတအစောင့်တွေကိုပါ သတ်ခဲ့ရတာလဲ”
ဆူဇီမိုက ပြန်ဖြေလိုက်၏။
“ဟယ်ရှင်းနဲ့ ဖန်းမင်က စိတ်ဝိညာဉ်ခြင်္သေ့ကို စေခိုင်းပြီး အခြားသူတွေကို ထိခိုက်ဒဏ်ရာရစေတုန်းကတော့ သွေးလင်းတအစောင့်တွေက မသိချင်ယောင်ဆောင်နေကြပြီး.. ကျုပ်အလှည့်ကျမှ စက္ကန့်တောင်မဆိုင်းဘဲ ဘာလို့ ချက်ချင်းသတ်ဖို့ ကြိုးစားလာကြတာလဲ”
“တပ်မှူး.. တစ်ကယ်တမ်း ပြောရမယ်ဆိုရင်.. ခင်ဗျားက အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းနဲ့ အကြံတူဉာဏ်တူ မကောင်းတာကြံစည်နေတယ်လို့ ကျုပ်သံသယဝင်မိတယ်.. ခင်ဗျားတို့လူတွေ ပူးပေါင်းပြီး ယုံရှင်းမြို့ထဲမှာ ကျုပ်ကိုသတ်ဖို့ ထောင်ချောက်ဆင်ခဲ့ကြတာမလား!”
ထိုစကားကို သူပြောလိုက်သည့်အချိန်တွင် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ အကြီးအကဲဆယ်ဦးနှင့် လင်းတကတုံးတို့၏ အမူအယာက ပြောင်းလဲသွား၏။
ဆူဇီမို၏ စကားလုံးများက ဓါးသွားလိုထက်ရှပြီး သူတို့နုလုံးသားထဲသို့ စူးဝင်လာ၏။
သည့်အရင်က ဧကရာဇ်သည် နောက်နောင်မှာ မိုလင်းကို မည်သူမျှ ပြဿနာမရှာရဟု အဓိပ္ပါယ်မျိုး ကြေညာချက်ထုတ်ခဲ့ဖူး၏။
ယခု သူတို့အားလုံးသည် မိုလင်းနှင့် ရန်စရှိခဲ့ဖူးသူများ ဖြစ်ကြ၏။ သူတို့သာ သေချာရှင်းရှင်းလင်းလင်းဖြစ်အောင် မရှင်းပြနိုင်လျှင် ဧကရာဇ်က သူတို့အပေါ် အထင်လွဲသွားနိုင်လေသည်။
ထိုအခါ ဧကရာဇ်၏ အမျက်တော်ရှ၍ အပြစ်ပေးခံရမည်သူမှာ သူတို့ဖြစ်လာပေလိမ့်မည်။
စကားလုံးအနည်းငယ်မျှနှင့် အနေအထားတစ်ခုလုံးက ပြောင်းပြန်ဖြစ်သွားရ၏။
မိုးလေရှုခင်းမဏ္ဍပ်၏ အပြင်ဘက်တွင် တိမ်များကြားထဲမှ နေရောင်ခြည်က တိုးထွက်၍ ဖြာကျလာကာ လှပစွာ အလင်းပြန်နေ၏။