← Chapters

အားလုံးဖြေရှင်းပြီးသွားခြင်း

Vol. 19 Ch. 284

အားလုံးဖြေရှင်းပြီးသွားခြင်း

Vol. 19 Ch. 284

အခန်း 284 - အားလုံးဖြေရှင်းပြီးသွားခြင်း

လင်းတကတုံးသည် လွန်စွာကြောက်လန့်သွားပြီး ချွေးအေးများရွှဲလာကာ ကပျာကယာ ဒူးထောက်ချလိုက်၏။

"ကျတော်က အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းနဲ့ ပူးပေါင်းကြံစည်ဖို့နေနေသာ၊ အခုမတိုင်ခင်အထိ ဒီကပုဂ္ဂိုလ်က ဆရာမိုဆိုတာကိုတောင် မသိခဲ့ပါဘူးဗျာ.. အရှင်မင်းမြတ် ကျေးဇူးပြုပြီး နားလည်ခွင့်လွှတ်ပေးပါခင်ဗျ!"

အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံမှ အကြီးအကဲကျန်းသည် ဆူဇီမိုကို တစ်စစီ ဆုတ်ဖြဲပစ်ချင်သည့်အလား သေလောက်အောင် မုန်းတီးစွာ စိုက်ကြည့်လိုက်၏။

သူ့ရှေ့မှ ဒီလူက မိုလင်းတဲ့လား။

သူက ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တွေကို စိတ်တိုင်းကျ ပြုလုပ်ပေးနိုင်တဲ့၊ မဟာကျိုးအင်ပါယာမှာ နံပါတ်တစ်နတ်ပန်းပဲဆရာလို့ နာမည်ကျော်ကြီးနေတဲ့တစ်ယောက်နဲ့ အတူတူပဲလား။

ဒီလူ့အသက်က ဘယ်လောက်ရှိဦးမှာလဲ။

သူ့အသက်ကရှိလှ နှစ်ဆယ်စွန်းစွန်းပေါ့။ မြို့တော်ထဲမှာ နှစ်ထောင်ချီ အခြေတည်ဆောက် ‌ခြေကုပ်ရယူထားပြီးသား အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံကတောင် ဒီလူငယ်လေးကို မယှဉ်နိုင်ဘူးတဲ့လား။

ကြားသိလိုက်ရသော သတင်းအချက်အလက်တွင် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ အခြားသော အကြီးအကဲများသည်လည်း ထိတ်လန့်တုန်လှုပ် မျက်နှာပျက်သွားကြ၏။

ဤသည်ကိုကြည့်ပြီး သိမ်းဖြူအစောင့်ခေါင်းဆောင် ပိုင်ယုဟန်သည် သက်ပြင်းချလိုက်မိ၏။

တစ်ကယ်တမ်းပြောရလျှင်၊ သူတို့ရှေ့ရှိ ဤအစိမ်းရောင်၀တ်ကျင့်ကြံသူသည် သာမန်လူတစ်ယောက်သာဖြစ်ပါက၊ ဟယ်ရှင်းက အရင်ရန်စတိုက်ခိုက်ခဲ့တာဆိုလျှင်တောင် ဧကရာဇ်သည် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းနှင့် သွေးလင်းတအစောင့်တို့ကို မျက်နှာသာပေးသည့်အနေနှင့် သူ့ကို ပြစ်ဒဏ်ချမှတ်ပေလိမ့်မည်။

ထိုပုဂ္ဂိုလ်က သေခြင်းတရားကို ရှောင်လွှဲနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ထိုအစိမ်းရောင်၀တ်ကျင့်ကြံသူက ရုတ်တရတ် နောက်ထပ်ဂုဏ်ပုဒ်တစ်ခုနှင့် လူတစ်ယောက်ဖြစ်လာ၏။

မိုလင်းဆိုသော ဂုဏ်ပုဒ်က အနည်းဆုံး မဟာကျိုးမြို့တော်ထဲမှာတော့ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းကို လွှမ်းမိုးခြယ်လှယ်အနိုင်ယူနိုင်စွမ်း ရှိလေသည်။

ထိုသို့သောလူနှင့်မှ သွားပြီးကြုံဆုံရသည့်အတွက် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းနှင့် သွေးလင်းတအစောင့်များက သူတို့ကိုယ်သူတို့ ကံဆိုးသည်ဟုသာ မှတ်ယူရပေမည်။

ခဏကြာ စဉ်းစားချင့်ချိန်ပြီးနောက် ဧကရာဇ်က ကျယ်လောင်စွာ ကြေညာချက်ထုတ်လိုက်၏။

“အစစ်အမှန်မီးစွမ်းဂိုဏ်းက သူတို့ရဲ့ သြဇာအာဏာကို အသုံးချပြီး အခြားသူများကို အနိုင်ကျင့်ခဲ့တယ်.. ဟယ်ရှင်းကိုယ်တိုင်ကလည်း ဆရာမိုကို ရန်စခဲ့သည့်အတွက် သူက သေသင့်သေထိုက်တယ်!”

“လင်းတကတုံး.. မင်းက အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းကနေ ရောက်လာခဲ့တာဆို‌တော့ သူတို့ရဲ့ တပည့်တစ်ပိုင်းလို့ ပြောလို့ရတယ်.. ဒီကိစ္စမှာ မင်းကိုယ်တိုင်က ဘက်လိုက်ခဲ့တာလဲ ရှင်းနေတာပဲ.. နောက်ပြီး မင်းက လက်အောက်ငယ်သားကို ကောင်းကောင်းမထိန်းချုပ်နိုင်ဘဲနဲ့ ပြဿနာစဖြစ်ချိန်မှာ ချက်ချင်းဝင်ရောက်ဖြေရှင်းဖို့ကို ပျက်ကွက်ခဲ့တယ်.. ဒါဟာ မိမိတာဝန်ကိုမိမိ ကျေပွန်စွာ မထမ်းဆောင်ခြင်းပဲဖြစ်တယ်”

ဧကရာဇ်က ဆက်ပြောလိုက်၏။

“လင်းတကတုံး.. မင်းရဲ့အပြစ်ဒဏ်ကတော့ တစ်နှစ်တာ လစာမဲ့နဲ့ ရပ်နားချိန်မရှိ တာဝန်ထမ်းဆောင်ရမယ်.. နောက်နောင် အလားတူဖြစ်ရပ်မျိုး ထပ်ဖြစ်ခဲ့ရင်.. ကြီးလေးစွာ အပြစ်ပေးခံရမယ်!”

“ကျေးဇူးတင်ပါတယ်.. အရှင်မင်းမြတ်”

ဧကရာဇ်က လက်ကာပြလိုက်၏။

“ကောင်းပြီ မင်းတို့ သွားကြ‌တော့.. ဆရာမို နေခဲ့ပါ”

ပြဿနာအလုံးစုံ ဖြေရှင်းပြီးနောက် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ အကြီးအကဲဆယ်ယောက်၊ လင်းတကတုံး၊ မုတ်ဆိတ်နှင့်လူနှင့် ပိုင်ယုဟန်တို့သည် မိုးလေရှုခင်းမဏ္ဍပ်ထဲမှ ထွက်ခွာသွားကြ၏။

အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ အကြီးအကဲဆယ်ယောက် အထိနာသွားကြ၏။

သည့်အရင်ကတည်းက မိုလင်းကို ရှုံးနိမ့်ပြီးနောက် မြို့တော်ထဲတွင် အစ်အမှန်မီးစွမ်းအင်ပန်းပဲရုံ၏ ဂုဏ်သတင်းက လျှောကျခဲ့ရပြီးဖြစ်၏။

အခုအခါမှာလည်း အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံသည် ထိုမိုလင်းနှင့်ပင် ပက်ပင်းတိုးခဲ့ပြန်ပြီး.. သူတို့၏ လူငယ်မျိုးဆက်ထဲမှ အလားအလာအကောင်းဆုံး နတ်ဆေးဆရာတစ်‌ယောက်ကို ဆုံးရှုံးခဲ့ရပြန်၏။ ဒါက ဆိုးဆိုးရွားရွားကို နစ်နာရှုံးနိမ့်မှုဖြစ်၏။

“မို.လင်း.. မို.လင်း....”

အကြီးအကဲကျန်းက အံကြိတ်လိုက်၏။ သူ့မျက်နှာက သုန်မှုန်နေပြီး သူ့မျက်လုံးထဲတွင် အမုန်းတရားများက အဆုံးမဲ့ ပြည့်နှက်နေ၏။

. . .

မိုးလေရှုခင်းမဏ္ဍပ်ထဲတွင်..

“ဆရာမို.. ခင်ဗျားက တော်တော်ကို ဉာဏ်များတာပဲ”

အားလုံးပြန်သွားပြီးနောက် ဧကရာဇ်က ဆူဇီမိုကို ပြုံးစိစိနှင့်ကြည့်၍ ပြောလိုက်၏။

ဆူဇီမို၏ အမူအယာက ပြောင်းလဲမသွားသလို ပြန်လည်းမဖြေပေ။

ဧကရာဇ်က ပြုံး၍ စကားလမ်းကြောင်း ပြောင်းလိုက်၏။

“ဆရာမို.. ဂိုဏ်းပေါင်းစုံပြိုင်ပွဲရောက်ဖို့က တစ်လပဲ လိုတော့တယ်မလား.. အဲ့ဒါပြီးရင် ရှေးဟောင်းတိုက်ပွဲမြေက ဖွင့်ပြီ.. ခင်ဗျားမှာ ဘာအစီအစဉ်ရှိလဲ”

“ရှေးဟောင်းတိုက်ပွဲမြေက တစ်ကယ့်မဟာအခွင့်အရေးပဲ.. ကျုပ်လဲ အဲ့ထဲကို ဝင်ရောက်ချင်တာ‌ပေါ့.. အချိန်ကျလာတဲ့အခါ ကျုပ်လဲ ဂိုဏ်းပေါင်းစုံပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ စဉ်းစားထားတယ်” ဆူဇီမို ပြန်ဖြေလိုက်၏။

ဧကရာဇ်က ရယ်မောလိုက်၏။

“ခင်ဗျားရဲ့ အရည်အချင်းနဲ့ဆို အဆင့်သတ်မှတ်စာရင်းမှာ နေရာတစ်ခုရဖို့က ပြိုင်နေစရာတောင် မလိုဘူး”

“ဒီလိုလုပ်လေ.. ဂိုဏ်းပေါင်းစုံပြိုင်ပွဲရဲ့ အကဲဖြတ်ဒိုင်လူကြီးတစ်ယောက်လုပ်ဖို့ ကျုပ်ခင်ဗျားကို ဖိတ်ခေါ်ချင်တယ်.. အဲ့အချိန်ကျရင် ပြိုင်ပွဲဝင်ပါရမီရှင်လေးတွေကို နည်းနည်းပါးပါး လမ်းညွှန်ပြသပေးပေါ့.. အဆင့်သတ်မှတ်စာရင်းရဲ့ နံပါတ်တစ် နေရာကိုတော့ ခင်ဗျားအတွက် ကျုပ်ဖယ်ထားပေးမယ်.. ဘယ်လိုသဘောရလဲ”

“ကျေးဇူးတင်ပါတယ်.. အရှင်မင်းမြတ်”

ဆူဇီမိုက လက်သီးဆုပ်ဂါဝရပြု၍ ခဏမျှ ရပ်နားပြီးနောက် ဆက်ပြောလိုက်၏။

“အရှင်မင်းမြတ် အရင်တစ်ခါ မှာထားတဲ့ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်က ပြီးဆီးသွားပါပြီ”

“လောလောဆယ် ခင်ဗျားဆီမှာပဲ ထားလိုက်ပါဦး.. အချိန်တန်ရင် အဲ့ဒါကို လာယူဖို့ ကျုပ်တစ်ယောက် လွှတ်လိုက်ပါ့မယ်” ဧကရာဇ်က ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်၏။

ဆူဇီမို အနည်းငယ် ကြောင်အသွား၏။ သူ့စိတ်ထဲ ဒွိဟဖြစ်သွားသော်လည်း ထပ်ပြီး မေးမနေတော့ပေ။

ရှောင်းနင်ကိုလည်း စိုးရိမ်ပူပန်နေတာကြောင့် ဆူဇီမိုသည် ဦးညွှတ်နှုတ်ဆက်၍ မိုးလေရှုခင်းမဏ္ဍပ်ထဲမှ ထွက်ခွာလာခဲ့၏။

မိုးလေရှုခင်းမဏ္ဍပ်ထဲမှ ဆူဇီမိုထွက်ခွာတော့မည့်ဆဲဆဲတွင်.. အင်ပါယာစစ်တပ်တစ်စုက ကင်းလှည့်လာကြ၏။ သူတို့၏ ခေါင်းဆောင်က ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး အေးတိအေးစက်အမူအယာရှိကာ ပတ်ဝန်းကျင်တစ်ခွင်ကို မျက်လုံးမှေး၍ လိုက်ကြည့်နေ၏။

ရွှေရောင်ချပ်ဝတ်အင်ပါယာစစ်သားက မိုးလေရှုခင်းမဏ္ဍပ်ထဲမှ ထွက်ခွာတော့မည့်ဆဲဆဲ ဆူဇီမိုကို မြင်လိုက်သောအခါ.. တစ်စုံတစ်ရာကို ပြန်လည်အမှတ်ရသွားသလို သူ့အမူအယာက ပြောင်းလဲသွား၏။

“ဟမ်”

ရွှေရောင်ချပ်ဝတ်အင်ပါယာစစ်သား၏ အကြည့်က ဆူဇီမိုသွားရာတစ်လျှောက်သို့ လိုက်ပါသွား၏။

ဆူဇီမိုက လျှင်မြန်စွာ ထွက်ခွာသွားပြီး တစ်ခဏအတွင်း ရွှေရောင်ချပ်ဝတ်အင်ပါယာစစ်သားသည် သူ့နောက်ကျောကိုသာ မြင်ရ‌တော့၏။

“သူလား”

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ရွှေရောင်ချပ်ဝတ်စစ်သားသည် တီးတိုးရေရွတ်ရင်း စဉ်းစားတွေးတောကာ သူ့မျက်လုံးက ဖျတ်ကနဲလက်သွား၏။

နှစ်အနည်းငယ်အတွင်းမှာ ထိုလူ၏ ခန္ဓာကိုယ်က အကြီးအကျယ် ပြောင်းလဲသွားခဲ့၏။

ယုတ္တိကျကျပြောရလျှင် ထိုလူက သူ့မှာ စိတ်ဝိညာဉ်ရင်းမြစ်တောင် မရှိသောကြောင့် ကျင့်ကြံလို့တောင် မရနိုင်ပေ။

ရင်းရင်းနှီးနှီး မြင်ဖူးခဲ့သော အစိမ်းရောင်ဝတ်စုံနှင့် သူ၏ နုနုနယ်နယ်ရုပ်ရည်လေးကြောင့်သာ မဟုတ်လျှင် ရွှေရောင်ချပ်ဝတ်အင်ပါယာစစ်သားသည် သူတို့နှစ်ယောက်ကို တစ်ယောက်တည်းအဖြစ် ဆက်စပ်မြင်မိမှာတောင်မဟုတ်ပေ။

ရွှေရောင်ချပ်ဝတ်အင်ပါယာစစ်သားသည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုရိပ်က ပေါ်လာ၏။ သူသည် ဘေးကအစောင့်တစ်ယောက်ဘက်သို့ လှည့်၍ အမိန့်ပေးလိုက်၏။

“မင်းတို့ ကင်းဆက်လှည့်နေကြသိလား.. ငါ ခဏလောက် အပြင်သွားစရာရှိတယ်”

“နားလည်ပါပြီ”

သူ့နောက်ဘက်ရှိ အင်ပါယာစစ်တပ်က သူ့ကိုဦးညွှတ်၍ တုန့်ပြန်လိုက်ကြ၏။

ရွှေရောင်ချပ်ဝတ်အင်ပါယာစစ်သားသည် ဆူဇီမိုထွက်သွားရာနောက်သို့ တိတ်တဆိတ် လိုက်ပါသွား၏။

. . .

မိုးလေရှုခင်းမဏ္ဍပ်တွင်...

ဆူဇီမိုထွက်သွားပြီး မကြာမီ စာပေသမားတစ်ယောက်က ပျံသန်းရောက်ရှိလာ၏။ သူက ပကတိအရှင်မင်းကျီပင် ဖြစ်လေသည်။

ပကတိအရှင်မင်းကျီက ခါးသက်သက် ပြုံးလိုက်၏။

“ကြည့်ရတာ‌တော့.. အဲ့မိုလင်းက အရင်တစ်ခါထဲက အရှင်မင်းမြတ်ရဲ့ သရုပ်မှန်ကို သိထားခဲ့ပုံပဲ.. မဟုတ်ရင် သူက ဒီနေ့ ဒီလောက်ထိ တည်ငြိမ်နေစရာ အကြောင်းမရှိဘူး”

“စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ.. သူက ငါ့ရဲ့အာဏာစက်ကို အငှားသုံးပြီးတော့တောင် အခြေအနေတစ်ခုလုံးကို ဖြေရှင်းသွားလိုက်သေးတယ်”

ဧကရာဇ်က ပြုံး၍ မေးလိုက်၏။

“စိတ်ဝိညာဉ်ခြင်္သေ့ကြောင့် ဒဏ်ရာရသွားတဲ့ အဇူရာနှင်းမြူလွှာဂိုဏ်းက မိန်းကလေးက ဘယ်သူတဲ့လဲ”

ပကတိအရှင်မင်းကျီက ပြန်ဖြေလိုက်၏။

“ကျုပ်ကြားတာတော့ အဲ့ကောင်မလေးနာမည်က ဆူရှောင်းနင်၊ သူက မိုလင်းနဲ့ မောင်နှမတဲ့.. သူနဲ့ပတ်သတ်ပြီး တခြားဘာမှတော့ မသိရသေးဘူး.. ဒါပေမယ့် အခြားတပည့်တွေ ပြောကြတာတော့ သူက တတိယမင်းသမီးနဲ့ အရမ်းရင်းနှီးတယ်တဲ့”

ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်၏။

သူက ဆန်းစစ်ကောက်ချက်ချလိုက်၏။

“ဖြစ်နိုင်ခြေက နှစ်မျိုး‌တော့ရှိတယ်.. သူတို့ရဲ့ မျိုးရိုးနာမည်တွေက မတူဘူးဆိုတော့ မိုလင်းရဲ့မျိုးရိုးနာမည်က ဆူဖြစ်ရင်ဖြစ် မဟုတ်ရင်.. ဆူရှောင်းနင်က သူ့ရဲ့ အမည်ခံညီမပဲ ဖြစ်လိမ့်မယ်.. ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဆူရှောင်းနင်က ဆူဇီမိုရဲ့ နုလုံးသားထဲမှာ အတော်လေး နေရာယူထားတာတော့ အသေအချာပဲ”

ဧကရာဇ်၏ မျက်လုံးများက ဉာဏ်အမြော်အမြင်နှင့် တောက်ပလာပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အပေါ်ယံမှာ ကြည့်မယ်ဆိုရင်တော့ ဟယ်ရှင်းက မိုလင်းကို အရင်စပြီး သွားတိုက်ခိုက်လို့ သေရတယ်ပေါ့.. တစ်ကယ်တော့ ဟယ်ရှင်းအဲ့လို တိုက်ခိုက်လာအောင် မိုလင်းက သွားပြီးဆွပေးခဲ့တာပဲ.. ဘာလို့ဆို သူက သူ့ညီမလေးရှေ့ကနေ မားမာမတ်မတ် ရပ်တည်ပေးချင်လို့ပဲ”

“ဟုတ်ပါတယ်.. ဟယ်ရှင်းက မိုလင်းဘယ်သူလဲဆိုတာ မသိလို့ ရန်သွားစမိတယ်ဆိုရင်တောင်.. သူ့အသက်ပါ တစ်ခါတည်းပေးလိုက်ရတာက နည်းနည်းတော့ လွန်တာပေါ့”

ဧကရာဇ်က ခပ်ပေါ့ပေါ့ ပြောလိုက်၏။

“ငါစောစောက သူ့ကို အရိပ်အမြွက်ပေးခဲ့သားပဲ.. သူနားလည်မှာပါ”

“ဟုတ်ပါတယ်.. အားလုံးရဲ့ရှေ့မှာ ထုတ်မပြောတာကပဲ အရှင်မင်းမြတ်က သူ့ကို မျက်နှာသာပေးထားပြီးသားပဲ.. ဆူရှောင်းနင်ရဲ့ ဇာစ်မြစ်ကတော့.. အင်း.. တတိယမင်းသမီးက သိရင်သိလောက်မယ်” ပကတိအရှင်မင်းကျီက ပြောလိုက်၏။

“ဒါပေါ့”

ဧကရာဇ်က ခေါင်းညိတ်လိုက်၏။

“ရွှယ်အာလဲ ပြန်လာတော့မှာပဲ”

All Chapters