← Chapters

စိတ်ဝိညာဉ်လက်နက်တွေများ ပေါလွန်းလို့

Vol. 19 Ch. 285

စိတ်ဝိညာဉ်လက်နက်တွေများ ပေါလွန်းလို့

Vol. 19 Ch. 285

အခန်း ၂၈၅ - စိတ်ဝိညာဉ်လက်နက်တွေများ ပေါလွန်းလို့

အဇူရာနှင်းမြူလွှာဆေးတိုက်တွင်..

အမျိုးသမီးကျင့်ကြံသူအချို့သည် ဆူရှောင်းနင်အနားတွင် ဝိုင်းကာ တောက်လောင်နေသော မျက်လုံးများနှင့် စိတ်လှုပ်ရှားရင်ဖိုစွာ စကားများ အဆက်မပြတ်ပြောနေကြ၏။

“ရှောင်းနင်.. သူက တစ်ကယ်ပဲ နင့်အစ်ကိုလား.. သူ့အကြောင်း နင်အရင်က ငါတို့ကို ဘာလို့မပြောခဲ့တာလဲ”

“သူ့နာမည်က ဘာတဲ့လဲ.. အသက်ကရော ဘယ်လောက်ရှိပြီလဲ.. သူက ဘယ်ဂိုဏ်းကလဲဟဲ့.. သူ့မှာ တာအိုလက်တွဲဖော်ရှိနေပြီလား”

“သူက နင်နဲ့အတူ အဇူရာနှင်းမြူလွှာဂိုဏ်းကို ဘာလို့ လိုက်မလာခဲ့တာလဲ”

“ရှောင်းနင်.. နင့်တို့နှစ်ယောက်က အရမ်းကိုရင်းနှီးလွန်းတယ်နော်.. နင်က သူ့ရဲ့တာအိုလက်တွဲဖော်များလား”

ရှောင်းနင်၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုက ပေါ်နေပြီး သူမသည် မသိမသာ မျက်မှောင်ကြုတ်ထားကာ နှုတ်ခမ်းကိုတင်းတင်းစေ့၍ ဆိတ်ဆိတ်သာနေ၏။

ဆူရှောင်းနင်၏ သုန်မှုန်နေသောပုံစံကိုကြည့်ပြီး.. တစ်ယောက်က သူမကို နှစ်သိမ့်လိုက်၏။

“ရှောင်းနင်ရယ်.. အရမ်းလဲ စိတ်ညစ်မနေပါနဲ့.. အခုမှ နှစ်နာရီပဲ ကြာသေးတာပါ.. စောပါသေးတယ်”

“ငါအကြံပေးရရင်တော့ နင်မျှော်လင့်ချက်မထားတော့တာ ကောင်းလိမ့်မယ်!”

ထိုအချိန်မှာပင် မလိုတမာမျက်နှာထားနှင့် အမျိုးသမီးကျင့်ကြံသူတစ်ယောက် အ‌နောက်ဘက်ခန်းမထဲမှ ထွက်လာ၏။ အဲ့ဒါကတော့ သူတို့ရဲ့ စီနီယာအစ်မယန်ယုပင် ဖြစ်လေသည်။

ယန်ယုက အေးစက်စွာ သရော်လိုက်၏။

“သူက မြို့ထဲမှာ လူလေးယောက်တောင် သတ်ခဲ့တာလေ.. အဲ့ဒါတောင် နင်က အသက်ရှင်လျက် သူပြန်နိုင်ဦးမယ်လို့ ထင်နေတာလား.. ဆုတောင်းနေလိုက်!”

အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် ဆူရှောင်းနင်က ယုံကြည်ခိုင်မာစွာ ပြန်ဖြေလိုက်၏။

“ကျမအစ်ကို သေချာပေါက် ပြန်လာပြီး ကျမကို လာခေါ်မယ်လို့ ကတိပေးထားခဲ့ပြီးသား”

“ရိုးလိုက် အလိုက်တာ”

ယန်ယုက ထေ့ငေ့ါ၍ ထပ်ပြောလိုက်၏။

“သူသတ်ခဲ့တဲ့လေးယောက်ထဲမှာ.. နှစ်ယောက်က အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းက၊ နောက်နှစ်ယောက်ကကျတော့ သွေးလင်းတအစောင့်နှစ်ယောက်တဲ့.. အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းနဲ့ သွေးလင်းတအစောင့်တွေက ရှုပ်ချင်တိုင်းသွားရှုပ်လို့ရတဲ့သူတွေလို့ နင်ထင်နေတာလား”

“အဲ့ဒီအင်အားကြီးအဖွဲ့နှစ်ဖွဲ့ကို သွားပြီးဆန့်ကျင်နိုင်ရအောင် နင့်အစ်ကိုက ဘာမို့လို့လဲ”

ယန်ယု၏ စကားလုံးတိုင်းအောက်၌ ဆူရှောင်းနင်၏ မျက်နှာက ပို၍ ပို၍ ဖြူလျော့လာ၏။

ဆူဇီမိုတစ်ယောက် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ဖို့ အခွင့်က အလွန်နည်းပါးကြောင်း သူမ၏ စိတ်ထဲမှာလည်း သိထားလေသည်။ သို့‌သော်လည်း သူမသည် သူ၏စကားကို ယုံကြည်ချင်နေသေး၏။

ယန်ယုက စကားလမ်းကြောင်း ပြောင်းလိုက်၏။

“ဒါပေမယ့်လဲ ငါတို့ သေချာတော့ ပြောလို့မရသေးပါဘူးလေ.. တစ်ကယ်ဆို မြို့တော်ထဲမှာ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းနဲ့ သွေးလင်းတအစောင့်တို့ကို ဆန့်ကျင်ရန်စနိုင်တဲ့သူတစ်ချို့ ရှိတယ်လေ.. ဥပမာပြောရရင်...”

ဆူရှောင်းနင်တစ်ယောက် အာရုံစိုက်နားစွင့်နေမှန်းသိလို့ သူမသည် တမင်သက်သက် မပြောသေးဘဲ ရပ်ထားလိုက်ပြီးမှ ဖြည်းဖြည်းချင်း ဆက်ပြောလိုက်၏။

“ဥပမာ.. နင့်အစ်ကိုကြီးက တော်ဝင်မိသားစုက ဖြစ်နေရင်ပေါ့.. ဟီးဟီး”

သူမစကားပြောလို့ မပြီးသေးခင်မှာပင် ယန်ယုသည် အားရပါးရ ရယ်ချလိုက်၏။ သူမ၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုမှုတို့က အပြည့်ဖြစ်၏။

သူမသည် ဆူရှောင်းနင်ကို နောက်ပြောင်ဟာသလုပ်နေခြင်းဖြစ်၏။ ဆူဇီမိုသာ တော်ဝင်မိသားစုကဆိုလျှင် သွေးလင်းတအစောင့်ခေါင်း‌ဆောင်က သူ့ကို မမှတ်မိဘဲ နေပါ့မလား။

ယန်ယုက ထပ်ပြောလိုက်၏။

“ပြောရမယ်ဆိုရင် တော်ဝင်မိသားစုအပြင် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းနဲ့ သွေးလင်းတအစောင့်တွေရဲ့ အင်အားနဲ့ ရင်ဘောင်တန်းနိုင်တဲ့သူ နောက်တစ်ယောက်ရှိသေးတယ်သိလား.. သူက. . .”

ယန်ယုက တမင်သက်သက် သူမကို လှောင်ပြောင်နေသည်ဆိုတာကို သိသော်လည်း ဆူရှောင်းနင်၏ ထွက်လာမည့်အဖြေကို မျှော်လင့်စောင့်စားမိနေဆဲဖြစ်၏။

“သူကတော့... မဟာကျိုးအင်ပါယာရဲ့ နံပါတ်တစ်နတ်ပန်းပဲဆရာ.. ဆရာမို!” ယန်ယုက ထုတ်ပြောလိုက်၏။

ဆူရှောင်းနင်၏ မျက်လုံးက အရောင်မှိန်ကျသွား၏။

ယန်ယုက ရယ်မောလိုက်၏။

“ဂျူနီယာညီမလေးဆူ.. နင်စဉ်းစားကြည့်စမ်း.. နင့်အစ်ကိုက ဆရာမိုများ ဖြစ်နေမလား.. အဲ့. အဲ့လိုတော့ မဟုတ်လောက်ဘူးနော်.. သူ့မျိုးရိုးနာမည်က ဆူလေ.. ဆရာမိုရဲ့ မျိုးရိုးနာမည်က မို.. အဲ့ဒါက နဲနဲလေးတော့ လွဲနေတယ်နော် ဟုတ်တယ်မလား.. ပြီးတော့ ငါကြားမိတာ ဆရာမိုက ရွှေအမြုတေအဆင့်တဲ့.. နင့်အစ်ကိုကတော့ နောက်ပိုင်း-အခြေတည်အဆင့်ထင်တယ်နော်.. ဟီးဟီး!”

ဆူရှောင်းနင်က ပြန်ပြောလိုက်၏။

“စီနီယာအစ်မယန် ရွဲ့ပြောနေစရာ မလိုပါဘူး.. ကျမအစ်ကိုက သေချာပေါက် အသက်ရှင်လျက် ပြန်လာမှာ.. ကျမယုံကြည်တယ်!”

“ဟဟ”

ယန်ယုက သရော်တော်တော်ရယ်၍ ပြောလိုက်၏။

“တစ်ကယ်လို့ နင့်အစ်ကိုသာ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ရင်.. ငါ့ကိုယ်ငါ..“

ယန်ယုထိုစကားကို ပြောနေစဉ်မှာပင်.. သူမ၏ မြင်ကွင်းထဲသို့ ပုံရိပ်တစ်ခုက လျှောက်လှမ်းဝင်ရောက်လာ၏။ သူက နူးနူးညံ့ညံ့ပုံစံနှင့် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး.. ပင်မခန်းမဆောင်ထဲသို့ တစ်လှမ်းချင်း လမ်းလျှောက်ဝင်လာ၏။

ပင်မခန်းမဆောင်ထဲမှာရှိသော ကျင့်ကြံသူများအားလုံး နေရာမှာတင် ကြက်သေသေနေကြပြီး ပါးစပ်အဟောင်းသားနှင့် တုန်လှုပ်စွာ ငေးကြည့်နေကြ၏။

“ဘယ်လို-ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. ရှင်. ရှင်...!”

ယန်ယုသည် ရောက်ရှိလာသောသူကို ကြည့်ပြီး သူမ၏ ခေါင်းထဲတွင် ရှုပ်ထွေးနောက်ကျိလာ၏။

သေချာပေါက် သေနေလောက်ပြီဟု သူမထင်ထားခဲ့သောလူတစ်ယောက်က အကောင်းပကတိ ကျန်းမာစွာနှင့် သူမရှေ့မှာ ပေါ်လာ၏။

ဆူဇီမိုသည် ယန်ယုကို အေးစက်စွာ စိုက်ကြည့်လိုက်၏။

“ဆက်ပြောပါဦး.. ငါသာ အသက်ရှင်လျက် ပြန်ရောက်လာခဲ့ရင် နင်က ဘာလုပ်မှာလဲ.. ဟမ့်!”

ဆူဇီမိုက သူမကို စိုက်ကြည့်လိုက်ချိန်တွင် သူမ၏ နုလုံးသားက တင်းကျပ်လာသည်ဟု ခံစားလာရ၏။ သူမသည် မကြုံစဖူး ကြောက်ရွံ့မှုကို ခံစားလာရသောကြောင့် ထိုသူ၏ အကြည့်နှင့် ရင်မဆိုင်ရဲဘဲ အလိုလို မျက်နှာလွှဲလိုက်မိ၏။

“အစ်ကိုလေး”

ဆူရှောင်းနင်က ဝမ်းသာအားရနှင့် အံ့အားတသင့် အော်ခေါ်လိုက်ပြီး.. ဆူဇီမို၏ လက်မောင်းတွင် မျက်နှာအပ်ကာ တိုးတိုးတိတ်တိတ်ရှိုက်ငိုလိုက်၏။

ဆူဇီမို၏ အမူအယာက နူးညံ့ပျော့ပျောင်းသွားပြီး သူမ၏ ကျောကိုပုတ်ပေးလိုက်၏။

ထို့နောက် ဆူဇီမိုသည် ရှောင်းနင်ကို ညင်သာစွာ ဘေးဘက်သို့ ဖယ်၍ အေးစက်စက်အမူအယာနှင့် ယန်ယုဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွား၏။ သူ့အကြည့်က ဓါးတစ်လက်လို ထက်ရှနေပြီး.. ကျောချမ်းဖွယ်ရာ သတ်ဖြတ်လိုစိတ်က ထွက်ပေါ်လာ၏။

“ရှင်-ရှင် ဘာလုပ်ချင်လို့လဲ.. ဒါက အဇူရာနှင်းမြူလွှာဆေးတိုက်နော်.. ရှင်ထင်ရာ လျှောက်လုပ်လို့ရတဲ့နေရာ မဟုတ်ဘူး!”

ယန်ယုသည် အပြင်ပန်းမှာ မာထန်ချင်ယောင်ဆောင်၍ ငေါက်ငမ်းလိုက်သော်လည်း သူမ၏ ခြေထောက်များကတော့ အနောက်သို့ အလိုလိုဆုတ်မိနေ၏။

“မြို့လယ်ခေါင်မှာတောင် ငါက လူသတ်ရဲတာ.. အဇူရာနှင်းမြူလွှာဆေးတိုက်မှာဆိုရင်ရော ငါက ဘာလို့ မလုပ်ရဲရမှာလဲ!”

ယန်ယုသည် တံတွေးကို မျိုချလိုက်ရင်း.. ထိတ်ထိတ်ပျာပျာနှင့် ကြောက်လန့်တုန်လှုပ်လာ၏။

သူမသည် ပကတိအခြေတည်အဆင့်မှာဖြစ်ပြီး ဆူဇီမိုထက် အဆင့်တစ်ဆင့် ပိုမြင့်သော်လည်း.. ယခုအခါ ဆူဇီမို၏အော်ရာအောက်တွင် သူမ၏ စိတ်ဓါတ်က အလဲလဲအပြိုပြိုဖြစ်နေ၏။

မြို့လယ်ခေါင်မှာ လူတွေဆက်တိုက်သတ်ခဲ့တာတောင် နန်းတော်ထဲကနေ အေးအေးလူလူလမ်းလျှောက် ပြန်ထွက်လာနိုင်ခဲ့သူကို ဘယ်သူက မကြောက်ဘဲ နေပါ့မလဲ။

အခုအချိန်၌ အဇူရာနှင်းမြူလွှာဂိုဏ်းမှ ရွှေအမြုတေအဆင့်ဆိုလျှင်တောင် စိုးရိပ်ပူပန်ရဖို့ လိုလေသည်။ ယန်ယုဆိုလျှင်တော့..

ဆူဇီမို၏ သရုပ်မှန်ကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲနှင့် မည်သူမျှ သူ့ကို ထိရဲလိမ့်မည် မဟုတ်ပေ။

အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းနှင့် သွေးလင်းတအဖွဲ့တို့ ပူးပေါင်းရန်ရှာတာတောင် ဘာမှမဖြစ်သောသူသည် သေချာပေါက် ရာထူးအဆင့်အတန်းဂုဏ်ဒြပ် ကြီးမားသောသူ ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့‌သောသူမျိုးကို ဘယ်သူက သွားပြီး အာခံရဲပါ့မလဲ။

သိပ်မကြာမီ ယန်ယုသည် နံရံကို ကျောကပ်သွားပြီး ထပ်ဆုတ်စရာနေရာ မရှိတော့ပေ။

“အဲ့လူလေးယောက် ဘာလို့ အသတ်ခံခဲ့ရတာလဲ နင်သိလား”

ဆူဇီမိုသည် ယန်ယုရှေ့မှာရပ်၍ မျက်စိကိုမှေးကာ မေးလိုက်၏။

ယန်ယုက မျက်နှာက သွေးမရှိတော့ဘဲ ခေါင်းခါပြလိုက်၏။

သူက ဖြည်းဖြည်းချင်း ပြန်ဖြေပေးလိုက်၏။

“ဘာလို့လဲဆို‌တော့ သူတို့က ရှောင်းနင်ကို အနိုင်ကျင့်ခဲ့ကြလို့ပဲ.. နင်ရော သူ့ကို အနိုင်ကျင့်နေတာမလား”

“ကျ-ကျမ မလုပ်ပါဘူး!”

ယန်ယုသည် ချိနဲ့စွာ ခုခံပြောဆိုလိုက်၏။

ဆူဇီမိုက စကားလမ်းကြောင်းပြောင်း၍ ပြောလိုက်၏။

“ဒါပေမယ့် မပူပါနဲ့.. ငါနင့်ကို မသတ်ပါဘူး”

ထိုစကားကို ကြားမှသာ ယန်ယုသည် စိတ်သက်သာရာရကာ သက်ပြင်းချနိုင်၏။ မသိလိုက်မသိဘာသာနှင့်ပင်.. သူမ၏ နောက်ကျောက ချွေးများနှင့် ရွှဲနေပြီဖြစ်၏။

ဆူဇီမို၏ မျက်လုံးထဲတွင် လှောင်ပြောင်လိုရိပ်က ပေါ်လာပြီး ပြုံးလိုက်၏။

“ငါနင့်ကို မသတ်ပါဘူး.. ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်က နင့်ကိုကိုင်တွယ်လိမ့်မယ်”

ယန်ယု၏ စိတ်သက်သာရာရမှုက ခဏသာ ခံလိုက်၏။

ထို့နောက် ဆူရှောင်းနင်က ပြေးချလာပြီး ဆူဇီမိုကို ဆွဲခေါ်ကာ ယန်ယုကို ပြောလိုက်၏။

“စီနီယာအစ်မယန်.. ကျမတို့ အရင်က သဘောတူထားတယ်မလား.. ကျမရဲ့ ဒီဆေးမီးဖိုကို သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀ ဒါမှမဟုတ် သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုနဲ့ ပြန်ဝယ်မယ်ဆိုတာလေ”

သူမက သိုလှောင်အိတ်ထဲကနေ ဆေးမီးဖိုတစ်လုံးကို ဖြည်းဖြည်းချင်း ထုတ်ယူလိုက်၏။

ဤဆေးမီးဖိုက အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ ဟယ်ရှင်း၏ အာရုံကိုပင် ဖမ်းစားနိုင်ခဲ့ပြီး ပြဿနာများစွာ ဖြစ်ခဲ့ရသေး၏။

နောက်ပြီး ရှောင်းနင်က ထိုဆေးမီးဖိုကို အလွန်တရာ နှစ်သက်မြတ်နိုးကြောင်း ဆူဇီမိုပြောနိုင်လေသည်။ ဒါဆို သူမက ဒါကို ဘာလို့ ရုတ်တရတ်ကြီး ထုတ်ရောင်းနေရတာလဲ။

“ရှောင်းနင်.. နင်ဘာလို့ အဲ့မီးဖိုကို ထုတ်ရောင်းနေရတာလဲ” ဆူဇီမိုက ဝေခွဲမရ မေးလိုက်၏။

ဆူရှောင်းနင်က အတည်အတံ့ပြန်ပြောလိုက်၏။

“အစ်ကိုလေးက အမြဲတမ်း လက်ဗလာနဲ့ တိုက်ခိုက်နေရတာလေ.. အစ်ကိုလေးမှာ စိတ်ဝိညာဉ်လက်နက်တစ်ခုတောင် မရှိဘူးမလား.. ကျမ ဒီမီးဖိုကို ရောင်းပြီးရင် ရလာတဲ့ပိုက်ဆံနဲ့ အစ်ကိုလေးအတွက် သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခု ဝယ်ပေးမလို့”

ဆူဇီမို၏ရင်က နွေးထွေးသွားပြီး ရှောင်းနင်၏ ခေါင်းကို ချစ်စနိုးဖြင့် ပုတ်လိုက်၏။

သူက ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်၏။

“ဒီမှာ ညီမလေး.. ငါက အမြဲတမ်း လက်ဗလာနဲ့ ဖြစ်နေတယ်ဆိုတာ.. ငါ့မှာစိတ်ဝိညာဉ်လက်နက်တစ်ခုမှ မရှိလို့ မဟုတ်ဘူးကွဲ့.. အဲ့ဒါတွေ ငါ့ဆီမှာ အရမ်းကို ပေါလွန်းနေလို့”

“ဟမ့် ကျမကို လာကြွားနေပြန်ပြီ”

“ကဲ လာ သွားကြမယ်.. နင့်ကို ငါနေတဲ့နေရာကို ခေါ်သွားမယ်”

ဆူဇီမိုသည် ယန်ယုကို ဆက်ပြီး အရေးလုပ်မနေတော့ဘဲ.. ရှောင်းနင်ကိုခေါ်ကာ အဇူရာနှင်းမြူလွှာပန်းပဲရုံထဲမှ ထွက်လာခဲ့လိုက်၏။

All Chapters