← Chapters

မှတ်ဉာဏ်(၂)

Vol. 36 Ch. 535

မှတ်ဉာဏ်(၂)

Vol. 36 Ch. 535

ရွှီချင်းက ခုန်ရှန်းလုံအား ကိုယ်ချင်းစာစွာကြည့်လိုက်သည်။

ရုံးတော်သခင်က လွန်စွာရှေးဆန်ပြီး ခေါင်းမာနေသည်ဟု ခံစားမိသည်။

ခုန်ရှန်းလုံက သက်ပြင်းချလိုက်ပြီး ရွှီချင်းထံ တစ်ချက်ကြည့်ကာ မချိပြုံးပြုံးလိုက်သည်။

“ဒီလိုဖြစ်မှာ သိခဲ့ရင် သူ့ကိုပို့ပြီး တန်းထွက်သွားပါတယ်။ အခုတော့ နည်းနည်းလေးနောက်ကျသွားတယ်။ ကံဆိုးတာပဲ။”

သူက ထိုသို့ပြောနေစဉ် ဘေးတွင်ရှိသော နယ်ရုပ်တို့က လေးနက်စွာ ချဉ်းကပ်လာသည်။ မြေပြင်ရှိ နှစ်မျက်နှာ ထောင်သားကို ချုပ်နှောင်ပြီးနောက် သူတို့က ခုန်ရှန်းလုံရှေ့သို့ လျှောက်လာကြသည်။

ခုန်ရှန်းလုံကတော့ သူကိုယ်သူ ကံလက်ထဲအပ်လိုက်ပြီး လက်တို့မြှောက်ပေးလိုက်သည်။ ထို့နောက် သူ့အား ချုပ်နှောင်ကာ ခေါ်သွားကြတော့သည်။

သူက မထွက်ခွာသေးခင် ရွှီချင်းထံ လှည့်ကာ လက်ပင်ယမ်းပြလိုက်သေးသည်။

ရွှီချင်းက ထိုမြင်ကွင်းကို တိတ်ဆိတ်စွာကြည့်နေလိုက်သည်။ ခုန်ရှန်းလုံ၏ ကိုယ်ရိပ်သဏ္ဌာန်ပျောက်ကွယ်သွားချိန်မှ သူက အချုပ်ထောင်ဌာနမှ ထွက်ခွာလာခဲ့ပြီး ဓားခန်းဆောင်သို့ ပြန်လာခဲ့တော့သည်။

တင်ပျဉ်ခွေထိုင်လိုက်ပြီးနောက်တွင် ရွှီချင်းက အပြင်ဘက်ညအမှောင်သို့ ကြည့်လိုက်သည်။ ခုန်ရှန်းလုံ အငေါက်ခံရပြီး အချုပ်ထောင်ထဲသို့ ပို့ဆောင်ခံရသည့် မြင်ကွင်းမှာ သူ့စိတ်ထဲပေါ်လာသည်။

ထိုကိစ္စအားဖြင့် ဓားကိုင်ရုံးတော်သခင်သည် စည်းမျဉ်းနှင့် ဥပဒေတို့ကို တင်းကြပ်စွာလိုက်နာသူဖြစ်ကြောင်း သူအထင်အရှားသိနိုင်ခဲ့သည်။ ရုံးတော်သခင်က သူ့ကို ငေါက်သကဲ့သို့ ကောင်းကင်လက်ရွေးစင်တစ်ဦးဖြစ်သော ခုန်ရှန်းလုံကိုပင် တူညီစွာဆက်ဆံခဲ့လေသည်။

“ဒီလိုဓားကိုင်ရုံးတော်ကတော့..”

ရွှီချင်းက ညအမှောင်ထုထဲသို့ ကြည့်လိုက်တော့သည်။

ထိုအချက်ကလည်း ကောင်းသည်ဟု သူရုတ်တရက်ခံစားလိုက်မိသည်။ ဤနေရာရှိ စည်းမျဉ်းတို့က ရိုးစင်းနေသည်။ အရာအားလုံးသည် အင်အား၊ အကျိုးပြုမှုတို့အပေါ် မူတည်နေသော်လည်း စည်းမျဉ်းတို့သည်လည်း တူညီစွာအရေးပါသေးသည်။

“ကျန်းစစ်ယွင်ရဲ့ ဆရာဘိုးဘိုးက အစောင့်အရှောက်ကြီးလေးဦးထဲက တစ်ဦးလို့ အစ်ကိုချန်က ပြောခဲ့ချိန်မှာ အဲဒီလူက ဘက်လိုက်တတ်သူမဟုတ်ဘူးလို့ ပြောခဲ့တာမထူးဆန်းဘူးပဲ။ ဒီလိုရုံးတော်သခင်မျိုးနဲ့ အဲဒီလိုလုပ်ရပ်တွေကို  ခွင့်ပြုမှာမဟုတ်ဘူး။”

ရွှီချင်း အတွေးနက်သွားသည်။ ထိုသို့ကိစ္စငယ်လေးများ ထပ်တလဲလဲကြုံတွေ့ခဲ့ပြီးနောက်တွင် သူက ဓားကိုင်ရုံးတော်အား အကြမ်းဖျင်းနားလည်နိုင်လာခဲ့ပြီပင်။

တစ်ချိန်တည်းမှာပင် ပန်းချီကားအဘိုးကြီး ပြောခဲ့သည်ကိုလည်း ပြန်အမှတ်ရလိုက်မိသည်။

“အချုပ်ထောင်ဌာနရဲ့ အတွင်းပိုင်းထဲမှာ နတ်ဘုရားရဲ့ကိုယ်ပွားတစ်ခုကို ချုပ်လှောင်ထားတယ်။”

ရွှီချင်း ခေါင်းခါယမ်းလိုက်သည်။ ထိုကိစ္စသည် သူ ဤသို့သိလျှင် လုံလောက်သည်ဟု ခံစားမိသည်။ ထိုကိစ္စမျိုးသည် သူ စုံစမ်းစစ်ဆေးကာ အတည်ပြုနိုင်ခြင်းမျိုးမဟုတ်ပေ။

ထို့ကြောင့် သူက ထိုကိစ္စကို စိတ်အတွင်းပိုင်းတွင် နှစ်မြုပ်ထားလိုက်ပြီး မျက်လုံးများမှိတ်ကာ ပဥ္စမနန်း‌တော်အား အာရုံခံလိုက်တော့သည်။

သူ့ပဥ္စမနန်းတော်က ဖြစ်တည်ဖွဲ့စည်းစပြုလာနေပြီ။ သူ့တွက်ဆချက်အရ ၎င်းသည် ငါးရက်မှ ခြောက်ရက်အတွင်း သဏ္ဌာန်ဖွဲ့စည်းမှုပြီးစီးမည်ဖြစ်သည်။

“နောက်ပိုင်းရောက်လေ ဖွဲ့စည်းနှုန်းက နှေးလာလေဖြစ်မယ်။”

ထို့ကြောင့် ရွှီချင်းက သူ၏အသက်နှောင်ဖွဲ့ခြင်း မိုစာဆောကို နန်းတော်ထဲထည့်သင့်သည်လား တွေးနေခြင်းပင်။

သူ၏ပထမကောင်းကင်နန်းတော်လေးခုက မဆိုးလှဟု သူခံစားမိသည်။ ၎င်းတို့နှင့် ယှဉ်သော် မိုစာဆောက အနည်းငယ်သာမန်ဖြစ်နေသည်။

ကောင်းကင်နန်းတော်၏အမြုတေဖြစ်တည်ခြင်းသည် ပြင်ပအရာဝတ္ထုများ ထည့်သွင်းခြင်းတစ်နည်းတည်းဖြင့် လုပ်နိုင်သည်မဟုတ်ဘဲ ကိုယ်ပိုင်ကျင့်စဉ်ပညာရပ်ကိုလည်း ထည့်သွင်းနိုင်သေးသည်။ ရွှီချင်းက အင်ပါယာအဆင့် ကျင့်စဉ်ပညာရပ်ကို ကောင်းကင်နန်းတော်ထဲသို့ ပေါင်းစည်းခြင်းတွင် ထုတ်လွှတ်ပေးနိုင်မည့် ဖြစ်နိုင်ခြေတို့ကို တွေးဆနေမိသည်။

သီအိုရီအရ ၎င်းသည် ဖြစ်နိုင်သော်လည်း ရွှီချင်းတွင် အချက်အလက်များ လိုအပ်နေသေးသည်။ ထို့ကြောင့် ခဏတာတွေးလိုက်ပြီးနောက် သူက အားတင်းလိုက်ပြီး အသံပို့ကျောက်စိမ်းပေလွှာကို ထုတ်လိုက်ပြီး နတ်မိမယ်ကျစ်ရွှမ်ထံသို့ အသံပို့လွှတ်ပြောလိုက်တော့သည်။

“စီနီယာ ရှိပါသလား။”

“မရှိဘူး။”

နတ်မိမယ်ကျစ်ရွှမ်၏ အသံက ကျောက်စိမ်းပေလွှာထံမှ ချက်ချင်းထွက်လာသည်။

ရွှီချင်း ငြိမ်ကျသွားပြီး ကျောက်စိမ်းပေလွှာထံမှလည်း ထပ်မံပြောသံထွက်မလာတော့ပေ။

နတ်မိမယ်ကျစ်ရွှမ်၏ အသံသည် ပုံမှန်မဟုတ်ကြောင်း သူပြောနိုင်သည်။ သူက သူမအား မည်သည့်အချိန်က အမှားပြုမိခဲ့ကြောင်းကိုတော့ သူ မသိပေ။ ထို့ကြောင့် ပဥ္စမသခင်ကြီးထံ အသံပို့လွှတ်ကာ ကောင်းကင်နန်းတော်ထဲသို့ အင်ပါယာအဆင့် ကျင့်စဉ်ပညာရပ်ကို ထည့်သွင်းခြင်းအကြောင်း မေးမြန်းလိုက်သည်။

“အဲ။ နတ်မိမယ်ကျစ်ရွှမ်က မပြောဘူးလား။ ငါတို့ ဒေသမြို့တော်ကို မလာခင်မှာ မင်းရဲ့အင်ပါယာအဆင့် ကျင့်စဉ်အတတ်ကို ရွှေအမြုတေအဖြစ် မပေါင်းစည်းခြင်းအကြောင်း မင်းဆရာက သူနဲ့ပြောခဲ့သေးတယ်။”

“အရင်ရက်တွေကလည်း စီနီယာကျစ်ရွှမ်က ဂိုဏ်းထဲက သူ့မိတ်ဆွေကောင်းတချို့ဆီသွားပြီး အဲဒီလိုဆင်တူတဲ့အကြောင်းတွေ မေးခဲ့သေးတယ်။ အင်ပါယာကျင့်စဉ်တိုင်းက ကွဲပြားနေပြီး ပေါင်းစည်းထည့်သွင်းခြင်းနည်းစနစ်တွေကလည်း သီးခြားကွဲထွက်နေတာပဲလေ။ သူက ဂိုဏ်းကြီးသုံးဂိုဏ်းကို အထူးသွားတွေ့ခဲ့ပြီး သူတို့ရဲ့ကျမ်းစာဆောင်တွေထဲ သွားရှာဖွေလေ့လာခွင့်ရဖို့ တန်ဖိုးတစ်ခုလည်း ပေးခဲ့ရသေးတယ်။”

“မင်းက သေချာမလုပ်ပဲ ပေါင်းစည်းလိုက်ရင် ဘေးဒုက္ခမဖြစ်လောက်ပေမဲ့ အောင်မြင်နိုင်မှာလည်း မဟုတ်ဘူး။”

ရွှီချင်း ငြိမ်ကျသွားသည်။ ကျစ်ရွှမ်က သူ့အတွက် ဤသို့ကိစ္စများစွာ လုပ်ပေးခဲ့သည်ကို သူမသိခဲ့ပေ။ သူ့စိတ်ထဲတွင် လှိုင်းများလှုပ်ရှားလာတော့သည်။ ထို့ကြောင့် ကျောက်စိမ်းပေလွှာကို ကောက်ကိုင်လိုက်ပြီး ကျစ်ရွှမ်ထံသို့ အသံပို့လွှတ်လိုက်တော့သည်။

“စီနီယာ..”

“ဟင် ဘယ်သူလဲ။”

ကျစ်ရွှမ်၏အသံက ကျောက်စိမ်းပေလွှာထဲမှ ထွက်ပေါ်လာသည်။

“ရွှီချင်းပါ။”

“အိုး ငါ့ကို ရှောင်ဖို့ ဓားခန်းဆောင်ထဲမှာပဲနေပြီး ပြန်မလာတော့တဲ့ ရွှီချင်းလား။”

ရွှီချင်း မည်သို့ပြန်ဖြေရမည် မသိတော့ဘဲ ညင်သာစွာသာပြောလိုက်တော့သည်။

“ပဥ္စမသခင်ကြီးဆီက ကျွန်တော်ပြန်သိခဲ့ရပါတယ်။..ကျေးဇူးပါပဲ စီနီယာ။”

ကျောက်စိမ်းပေလွှာမှ နှာခေါင်းရှုံ့သံသဲ့သဲ့တစ်ချက်ထွက်လာသည်။

“မင်းရဲ့ ပဥ္စမကောင်းကင်နန်းတော်က သဏ္ဌာန်ဖြစ်လာတော့မှာမလား။ အဲဒီနန်းတော်သဏ္ဌာန်ဖြစ်တည်ပြီးတဲ့နေ့မှာ ငါ့ဆီလာတွေ့။ အဲနေဦး ငါက မြို့တောင်ပိုင်းက ပင်လုံးကြိုင်မုန့်တွေကို ကြိုက်တယ်။”

“ဟုတ်ကဲ့ပါ။”

ရွှီချင်း စိတ်ပေါ့ကာ လေပူကျိတ်မှုတ်လိုက်သည်။ သူက ကျောက်စိမ်းပေလွှာကို အလျင်အမြန်သိမ်းလိုက်ပြီး ပင်လုံးကြိုင်ပန်းမုန့်အား စိတ်ထဲတွင် မှတ်သားထားလိုက်သည်။

“နတ်မိမယ်ကျစ်ရွှမ်ကို နောက်ပိုင်းကျရင် ပြန်ပြီးကျေးဇူးဆပ်ရဦးမယ်။”

ရွှီချင်းက ခံစားချက်တို့ ထုတ်ဖော်ပြသရာတွင် တော်သူမဟုတ်မဟုတ်ပေ။ ထို့ကြောင့် ဝါးပေလွှာကိုထုတ်ယူလိုက်ပြီး တစ်ဖက်တွင် ကျစ်ရွှမ်၏နာမည်ကို ရေးထွင်းလိုက်သည်။ ထိုနေရာတွင် မှတ်သားထားသည်တို့က သူ့အား ကျေးဇူးပြုခဲ့သူများပင်။

“ပြီးတော့ စစ်ရေးအကျိုးပြုမှတ်လည်း မြန်မြန်ရှာရဦးမယ်။”

စစ်ရေးအကျိုးပြုမှတ်များအကြောင်း ပြန်သတိရချိန်တွင် ရွှီချင်းမျက်မှောင်ကြုတ်လိုက်မိတော့သည်။

နယ်ရုပ်ဖြစ်လာပြီးနောက်ပိုင်းတွင် သူက စစ်ရေးအကျိုးပြုမှတ်များရယူခြင်းအကြောင်းကို သေချာနားလည်လာနိုင်ခဲ့သည်။ ပုံမှန်ဆိုရလျှင် သူက နယ်ရုပ်တစ်ဦးအဖြစ် လစဉ်ပုံသေစစ်ရေးအကျိုးပြုမှတ်များ ရရှိနိုင်မည်ဖြစ်သည်။

၎င်းတို့က များလှသည်မဟုတ်ဘဲ သူ့လိုအပ်ချက်မှ လွန်စွာဝေးလွန်းနေသေးသည်။ ထိုထက်ပိုရလိုလျှင် သူက အပြင်ထွက်ကာ တာဝန်များ လုပ်ဆောင်ရပေမည်။

သို့ရာတွင် ထိုတာဝန်လုပ်ငန်းစဉ်တို့ကလည်း များစွာပေးနိုင်မည်တော့မဟုတ်ပေ။ ဆုကြေးများသည့် တာဝန်တို့မှာ အဖွဲ့လိုက်တာဝန်များနှင့် ယွမ်ယင်အဆင့်တာဝန်များသာ ဖြစ်နေသည်။

သို့ရာတွင် ထိုသို့စုဆောင်းလာလျှင် နောက်ဆုံးတွင် လိုအပ်သော အမှတ်တို့ရလာနိုင်ဖွယ်တော့ ရှိသည်။ ထို့ကြောင့် လာမည့်ရက်များတွင် သူက ဒေသမြို့တော်အနီးရှိ ဝာာဝန်မျိုးစုံကို လုပ်ဆောင်ရန် ကြံရွယ်ထားလိုက်သည်။

ထိုသို့ဆုံးဖြတ်လိုက်ပြီးနောက် ရွှီချင်းက မျက်လုံးများမှိတ်လိုက်ပြီး ကျင့်ကြံခြင်းပြုလိုက်တော့သည်။

အချိန်တို့ စီးဆင်းလာခဲ့သည်။ မနက်အရုဏ်တက်ချိန်ရောက်လာခါနီးတွင် ရွှီချင်းမျက်လုံးများ ဖျပ်ခနဲဖွင့်လိုက်သည်။

“ငါတစ်ခုခု မေ့နေသလိုပဲ…”

ရွှီချင်း မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ အချိန်တစ်ခုမျှကြာလျှင် သူ့မျက်လုံးများ မှေးကြုတ်သွားသည်။

“(ဃ၁၃၂)ကို ငါတကယ် ချုပ်ထိန်းနိုင်ခဲ့ပြီလားလို့ ရုံးတော်သခင်က မေးခဲ့သေးတယ်။”

ရွှီချင်း ရေရွတ်လိုက်သည်။ ထိုစကားတွင် တစ်ခုခုမှားနေသယောင် သူခံစားမိနေသည်။ အထူးဆန်းဆုံးကတော့ သူပြန်လာပြီးချိန်တွင် မေ့‌လောက်သည်အထိ သူ့မှတ်ဉာဏ်တို့က ဆိုးရွားနေခြင်းပင်။

“မဟုတ်သေးဘူး။”

ရွှီချင်း ဖျပ်ခနဲခေါင်းမော့လိုက်သည်။ သူ့မှတ်ဉာဏ်တို့အား သူအမြဲယုံကြည်စိတ်ချခဲ့ရသည်။ ထိုသို့သော အရာမျိုးကို သူမမေ့သင့်ခဲ့ပေ။

“ငါ့မှတ်ဉာဏ်တွေက ဘယ်တုန်းက ဒီလိုဆိုးလာတာလဲ။”

ရွှီချင်း၏မျက်လုံးများထဲတွင် အတွေးနက်ဟန်တို့ ထင်ဟပ်နေသည်။ သူတွေ့ကြုံခဲ့သမျှကို ပြန်စဉ်းစားကြည့်လိုက်ပြီးနောက်တွင် သူ့မျက်လုံးတို့ တဖြည်းဖြည်းမှေးကြုတ်လာသည်.

“(ဃ၁၃၂)နှင့် ပတ်သတ်တဲ့ မှတ်ဉာဏ်တွေကို မသိလိုက်ဘဲ မေ့သွားတတ်တယ်။ အခြားကိစ္စတွေ မမေ့တတ်ဘူးပဲ။”

“ပြီးတော့ ဒီအခြေအနေက (ဃ၁၃၂)ရဲ့အစောင့်ဖြစ်ချိန်ကစခဲ့တာပဲ။”

ရွှီချင်း၏ စိတ်တို့ လှုပ်ခတ်သွားသည်။

ထိုနေ့တွင် ဓားသွေးနေခဲ့သော ယခင်အစောင့်အဘိုးကြီးပြောခဲ့သည်ကို ပြန်အမှတ်ရလိုက်မိသည်။

“မင်းအားလုံးကို ဖော်ထုတ်နိုင်ပြီလို့ ထင်ချိန်မှာ တကယ်တော့လျို့ဝှက်ချက်တွေ ထပ်စောင့်နေတတ်သေးတယ်။”

ရွှီချင်း ငြိမ်ကျသွားသည်။ အချိန်အတန်ကြာပြီးနောက် သူက အေးစက်စက်ကြည့်ကာ ရေရွတ်လိုက်သည်။

“(ဃ၁၃၂)က ငါ့အပေါ်သက်ရောက်မှုရှိနေတာပဲ။”

ထိုအချိန်တွင် ပြင်ပတွင် နေထွက်လာပြီဖြစ်သည်။

သို့ရာတွင် နေရောင်တောက်ပခြင်းတော့မရှိပေ။ ကောင်းကင်သည် မှုန်မှိုင်းနေပြီး မိုးများကျလာတော့သည်။

ဒေသမြို့တော်တွင် မိုးရာသီဖြစ်နေပြီး လအချို့ကြာဦးမည်ပင်။

ရွှီချင်းထရပ်လိုက်ပြီး သူမျက်လုံးတွင် အေးစက်သော အလင်းတို့ ထင်ဟပ်လာသည်။ သူက ဓားခန်းဆောင်တံခါးကို တွန်းဖွင့်လိုက်ပြီး လေနှင့်မိုးကြားတွင် အချုပ်ထောင်ဌာနသို့ ဦးတည်လျှောက်သွားလိုက်သည်။

အချုပ်ထောင်ဌာနထဲသို့ ခြေချလိုက်သည်နှင့် ကျင်းကန်းဂိုဏ်းဘိုးဘိုးနှင့် အရိပ်လေးတို့ထံ တပြိုင်နက်အတွေးများပို့လွှတ်လိုက်သည်။

“ခုချိန်ကစပြီး မှတ်တမ်းတင်ကျောက်စိမ်းပေလွှာနဲ့ ငါလုပ်သမျှကို မှတ်တမ်းတင်ထားလိုက်ကြ။”

ကျင်းကန်းဂိုဏ်းဘိုးဘိုးနှင့် အရိပ်လေးတို့နှစ်ဦးလုံးမှင်တက်မိသွားကြပြီး အလျင်အမြန်နာခံလိုက်ကြသည်။

“ဆရာ ဘာတွေဖြစ်ခဲ့လို့လဲ။”

ကျင်းကန်းဂိုဏ်းဘိုးဘိုးက သေချာမေးကြည့်လိုက်သည်။

“ငါ့အသိဉာဏ်တွေကို လွှမ်းမိုးနေပြီး တစ်ချို့ကိစ္စတွေအကြောင်း ငါ့မှတ်ဉာဏ်တွေကို အားနည်းအောင်လုပ်နေတဲ့ စွမ်းအားတစ်ခုရှိနေတယ်လို့ ငါသံသယဖြစ်နေတယ်။”

ရွှီချင်း၏ မျက်လုံးများ တဖြည်းဖြည်းအေးစက်လာသည်။ အချုပ်ထောင်ဌာနအတွင်းသို့ လျှောက်ဝင်လိုက်ပြီးနောက် သူက ငါးဆယ့်ခုနစ်ထပ်သို့သွားကာ…နယ်မြေ(ဃ၁၃၂)သို့။

မည်သည့်အချိန်က ဤသို့စတင်ပြောင်းလဲလာသည်မသိရ နယ်မြေ(ဃ၁၃၂)သည် မှောင်မည်းအေးစက်မနေတော့ပေ။

ဦးခေါင်းကလည်း စကားများခြင်းတို့ ရပ်တန့်သွားပြီ။ တိမ်မြူသားရဲကလည်း လက်တံများစားခြင်းမပြုတော့သကဲ့သို့ ကျောက်ဆုံကြီး၏ လည်ပတ်မှုကလည်း ကြမ်းတမ်းလာသည်။ သို့ရာတွင် ပန်းချီကားမျိုးနွယ်အဘိုးကြီးကတော့ မကြာမကြာထွက်ပေါ်လာတတ်သည်။

အရိပ်လေးနှင့် ကျင်းကန်းဂိုဏ်းဘိုးဘိုးတို့က ထိုအချက်တို့တွင် လက်သည်အဖြစ်ပါဝင်ခဲ့လောက်သည်။

All Chapters