မှတ်ဉာဏ်(၃)
Vol. 36 Ch. 536
ရွှီချင်းက (ဃ၁၃၂)ထဲသို့ ဝင်ရောက်လာပြီး အရာအားလုံးကို အာရုံခံလိုက်ချိန်တွင် ထိုအတွေးက သူ့စိတ်ထဲ ပေါ်ထွက်လာသည်။
ကောင်လေးလည်း ပေါ်ထွက်လာပြီး သူ့ထံမှ မလှမ်းမကမ်းတွင် ရပ်နေသည်။ ၎င်း၏မျက်လုံးများထဲတွင် လက်မှိုင်ချဟန်တို့ ထင်ဟပ်နေသည်။ ထိုမြင်ကွင်းတွင် ရွှီချင်း၏စိတ်တို့ လေးလံလာသည်။ ထို့နောက်တွင် သူက မျက်တောင်မခတ်ပဲ လူသွားလမ်းတွင် ပုံမှန်ဟန်ဖြင့် လျှောက်လာခဲ့ပြီး အချုပ်သားများအား ထည့်ထားသည့် လှောင်အိမ်များအား ဖြတ်လျှောက်လာခဲ့တော့သည်။
သူက ကျောက်ဆုံထံသို့ ရောက်လာချိန်တွင် ထူးဆန်းသော ဦးခေါင်းသည် မြေပေါ်တွင် လိမ့်နေခြင်းမရှိသည်ကို သူမြင်လိုက်ရသည်။ ထိုအစား ၎င်းက ကျောက်ဆုံပေါ်ရောက်နေပြီး ရွှီချင်းအား ထူးဆန်းစွာစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
၎င်းက ရွှီချင်းအား စိုက်ကြည့်နေပြီး ရွှီချင်းကလည်း သူ့အား ပြန်စိုက်ကြည့်နေသည်။
၎င်းက စကားပြောဆိုခြင်းမပြုပေ။
“မင်းက ဒီနေ့ဘာလို့ တိတ်နေတာလဲ။”
ရွှီချင်းက တည်ငြိမ်စွာမေးလိုက်သည်။
“ငါက သေတဲ့ထိကန်တာ မခံချင်လို့ပါ။ ပြီးတော့ လူသေကိုစကားပြောတာ မင်းတွေ့ဖူးလို့လား။”
ဦးခေါင်းက ထူးဆန်းစွာပြုံးလိုက်သည်။
“တွေ့ဖူးတာပေါ့။”
ရွှီချင်း ပြန်ဖြေသည်။
ဦးခေါင်းမှင်တက်သွားသည်။
“ငါက တွေ့ခဲ့ဖူးရုံတင်မကဘူး။ ငါလည်း ပြောခဲ့ဖူးသေးတယ်။”
ရွှီချင်းက အလေးအနက်ပြောလိုက်သည်။
ဦးခေါင်းက ထူးဆန်းနေဟန်ဖြစ်သွားသည်။ သူက ဘယ်ညာယိမ်းလိုက်ပြီးနောက် ရွှီချင်းထံ ခေါင်းနောက်ကျောပေးလိုက်တော့သည်။
ရွှီချင်းက ဆက်လျှောက်သွားလိုက်ပြီး ပန်းချီကားမျိုးနွယ်ရှိသော လှောင်အိမ်ထိရောက်ရှိလာသည်အထိပင်။ သူက အတွင်းရှိ သန့်ပြန့်ပုံရသော အဘိုးကြီးအား ကြည့်ကာ ဖျတ်ခနဲပြောလိုက်သည်။
“ကျုပ်ကို ခင်ဗျားပြောခဲ့သမျှကို ပြန်ပြောပြစမ်း။ တစ်လုံးကျန်တာနဲ့ သတ်ပစ်မယ်။”
အဘိုးကြီး မှင်တက်သွားသည်။
ရွှီချင်းက အေးစက်သောဟန်မူရာဖြင့်ပင်။ သူလက်ကို ယမ်းလိုက်ရာ အရိပ်လေးက ပြန့်ထွက်သွားပြီး ၎င်း၏လှောင်အိမ်ထဲသို့ ပြန့်ကာရောက်ရှိလာပြန်သည်။
အဘိုးကြီးက အလျင်အမြန်ပြောလိုက်သည်။ ၎င်း၏ မှတ်ဉာဏ်က အလွန်ကောင်းပေသည်။ သူက ရွှီချင်းအား ယခင်ပြောခဲ့သမျှအားလုံး ပြန်ပြောလိုက်သည်။
ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး အချုပ်ခန်းတံခါးသို့ပြန်သွားတော့သည်။ ထို့နောက် သူက မျက်လုံးများမှိတ်ကာ ကျင့်ကြံနေလိုက်တော့သည်။
တစ်ရက်ကုန်လွန်လာခဲ့ပြီး ထို့နေ့တွင် မည်သည့်အရာမှ ဖြစ်ပျက်ခဲ့ခြင်းမရှိပေ။ ထုံးစံအတိုင်းသာ ဖြစ်ခဲ့သည်။ အလုပ်ဆင်းချိန်သို့ရောက်လာရာ ရွှီချင်းက (ဃ၁၃၂)ထဲမှ လျှောက်ထွက်သွားတော့သည်။
သူက ဓားခန်းဆောင်သို့ ဆက်တိုက်လျှောက်လာခဲ့သည်။
ရွှီချင်းက ထိုင်ချလိုက်သည့် တစ်ခဏတွင် တန်းပြောလိုက်သည်။
“ယုံလင်းကျစ် ခင်ဗျားအရင်ပြော။”
သံနက်တုတ်ပျံထွက်လာပြီး ကျင်းကန်းဂိုဏ်းဘိုးဘိုးလျင်မြန်စွာ ကိုယ်ယောင်ဖွဲ့စည်းလာသည်။ သူ၏မျက်နှာထားသည် အလွန်ပင် လေးနက်တည်ကြည်နေသည်။ သူက လက်တစ်ချက်ယမ်းလိုက်ရာ မှတ်တမ်းကျောက်စိမ်းပေလွှာပေါ်လာပြီး ၎င်းအပေါ်တွင် မြင်ကွင်းများထင်ဟပ်လာသည်။
ထိုမြင်ကွင်းထဲက လူကတော့ ရွှီချင်းသာ ဖြစ်ပေသည်။
၎င်းသည် သူ အချုပ်ထောင်ဌာနထဲသို့ စတင်ခြေချချိန်မှ (ဃ၁၃၂)သို့ ဝင်ရောက်ကာ ပြန်ထွက်လာသည်အထိ သူလုပ်ဆောင်ခဲ့သမျှကို မှတ်ထားတင်ထားသည်။ ၎င်းသည် လွန်စွာအသေးစိတ်ကာ လွတ်ကျန်နေခြင်းမရှိဘဲ ထင်ရှားပြတ်သားနေပေသည်။
ရွှီချင်းက ထိုမှတ်တမ်းအား အတန်ကြာအောင် ကြည့်နေခဲ့သော်လည်း မူမမှန်မှုကို ရှာမတွေ့နိုင်ခဲ့ပေ။ ထို့ကြောင့် သူက အရိပ်လေးထံသို့ နတ်အာရုံပို့လွှတ်လိုက်သည်။ မကြာခင် အရိပ်လေးကလည်း ၎င်းမှတ်တမ်းတင်ထားသမျှကို ထုတ်လွှတ်ပြသလိုက်သည်။
နှိုင်းယှဉ်ကြည့်လိုက်ရာ အရာအားလုံးသည်ပုံမှန်ဖြစ်နေပေသည်။
ရွှီချင်း စိတ်ထဲတွင် အတွေးတစ်ခုခုအလိုလိုပေါ်လာပြီး အတွေးနက်မှုတို့ သူ့မျက်လုံးတွင် ထင်ဟပ်လာတော့သည်။
“ငါပဲ အတွေးများနေမိတာလား။”
ရွှီချင်း ငြိမ်ကျသွားသည်။ သူ့အတွေးတို့အား ချုပ်ထိန်းလိုက်ပြီးနောက် သူက ကျောက်စိမ်းပေလွှာအား ဆက်လက်ကြည့်ရှုစစ်ဆေးနေလိုက်သည်။ နောက်ဆုံးသူ့မျက်လုံးများ မှေးကြုတ်သွားပြီး ကျောက်စိမ်းပေလွှာထဲရှိ ပန်းချီကားမျိုးနွယ်အဘိုးကြီးထံ အကြည့်တို့ ကျရောက်သွားသည်။
၎င်း၏အသံက ကျောက်စိမ်းပေလွှာထဲမှ ထွက်ပေါ်လာသည်။
“အရှင်အစောင့်…ကျုပ်တို့(ဃ၁၃၂)ထဲမှာ ထောင်သားဘယ်နှယောက်ရှိပါသလဲ။”
“အရှင့်မှတ်ဉာဏ်ထဲမှာ ထောင်သားဘယ်နှယောက်ရှိပါသလဲ။”
“ဆရာကျုပ်မှာ ရွေးချယ်စရာမရှိတော့လို့ ပေါက်ကရပြောခဲ့ရပါတယ်။ အခု အရိပ်က ကျုပ်ကို ဝါးမျိုတော့မှာမလိုပါ။ ကျုပ်ကိုယ်ကျုပ် ကယ်တင်ဖို့ ဒီလိုအချိန်ဆွဲရတာပါ။ မဟုတ်ရင် ကျုပ်ဒီနေရာမှာ ဆက်ရှိနိုင်မှာမဟုတ်တော့ပါဘူး။ ဆရာက သဘောထားကြီးပါတယ်။ ကျုပ်ကို တစ်ကြိမ်ခွင့်လွှတ်ပေးပါ။ တစ်ကြိမ်ပါပဲ။”
ရွှီချင်းက မှတ်တမ်းကို ကြည့်လိုက်ပြီး အဘိုးကြီး၏ စကားလုံးတို့အား အကြိမ်ကြိမ်နားထောင်လိုက်သည်။ နောက်ဆုံးတွင် သူက လက်ဟန်တို့အတွဲလိုက်ပြုလိုက်ပြီး အဘိုးကြီးတောင်းပန်နေသည့် မြင်ကွင်းအား ထပ်တလဲလဲပြန်လည်ပြသနေစေကာ ညင်သာစွာပြောလိုက်တော့သည်။
“ယုံလင်းကျစ်၊ အရိပ်လေး ဒါကိုနားထောင်ကြည့်ကြ။ ဒီအဘိုးကြီးက ငါ့ကိုပြောနေတာလား။”
ကျင်းကန်းဂိုဏ်းဘိုးဘိုးသည် မှင်သက်သွားပြီး အရိပ်လေးကလည်း မျက်လုံးပေါင်းမြောက်မြားစွာ ပြုလိုက်သည်။
“ဒီစကားက ငါသတိမပြုမိတဲ့ ဖြစ်တည်မှုတစ်ခုခုကို ရှင်းပြချက်ပဲလား။” ရွှီချင်း တည်ငြိမ်စွာပြောလိုက်သည်။
“ပြီးတော့ အစကနေအဆုံးထိ ဒီပန်းချီကားအဘိုးကြီးက ငါ့ကို အရှင်အစောင့်လို့ပဲ ပြောခဲ့တာ။ ဒီစကားမှာကျမှ ဆရာလို့ ညွှန်းခဲ့တာပဲ။”
“ဒါက သိသာတဲ့ ကွာခြားမှုပဲ။ ဒါပေမဲ့ ငါက ထူးထူးဆန်းဆန်းအဲဒါကို လစ်လျူရှုခဲ့တယ်။” ရွှီချင်း မျက်လုံးတို့တွင် အေးစက်မှုတို့ ထင်ဟပ်လာသည်။
“ပြီးတော့ (ဃ၁၃၂)ထဲမှာ ထောင်သားဘယ်နှယောက် ရှိနေတာလဲ။”
ရွှီချင်းက မျက်လုံးများမှေးကြုတ်လိုက်ပြီး ပြန်ဖော်ကြည့်လိုက်သည်။
“ပထမဆုံးက တိမ်မြူသားရဲ။”
“ဒုတိယက လူသားမိန်းမ။”
“တတိယက ကျောက်ဆုံ။”
“ဆယ့်သုံးယောက်မြောက်က…”
ရွှီချင်း ရပ်သွားပြီး သူ့တကိုယ်လုံးမှ ရေခဲတမျှအေးစက်သော အရှိန်အဝါတို့ ထွက်လာသည်။
“စတုတ္ထက ဘယ်သူလဲ။”
ရွှီချင်း မျက်လုံးပြူးသွားပြီး ရေရွတ်လိုက်သည်။
ကျင်းကန်းဂိုဏ်းဘိုးဘိုးလည်း ပြောရန်ပြင်လိုက်ပြီးနောက် သူလည်း မှင်တက်မိသွားသည်။ သူလည်း မမှတ်မိတော့ပေ။ ထို့နောက် သူ့တကိုယ်လုံးတုန်ခါလာပြီး သူ့မျက်လုံးတို့တွင် ခြောက်ခြားမှုတို့ ထင်ဟပ်လာတော့သည်။
အရိပ်လေးလည်း မသိနိုင်ဖြစ်နေသည်။
“ပဥ္စမတစ်ယောက်ကရော။ ဒါမှမဟုတ် စတုတ္ထမြောက်နေ ဆယ်နှစ်ယောက်မြောက်ထိက ဘယ်သူတွေလဲ။ ငါဘာလို့ မမှတ်မိနိုင်တာလဲ။”
ရွှီချင်း ခပ်တိုးတိုးပြောလိုက်သည်။ သူက ထောင်သားအချက်အလက်ကျောက်စိမ်းပေလွှာကို ထုတ်ကာ စစ်ဆေးကြည့်လိုက်သည်။ သူမည်သို့ ရေတွက်သော်လည်း ၎င်းတို့က ဆယ့်လေးဦးဖြစ်နေသည်။
သို့ရာတွင် အလယ်က ကိုးဦးကို သူမမှတ်မိနိုင်ဖြစ်နေသည်။
လွန်စွာပင် ထူးဆန်းနေပေသည်။
ကျောက်စမ်းပေလွှာထဲတွင် မှတ်တမ်းများရှိနေသည်။ ထိုမှတ်တမ်းတို့ကို ရွှီချင်း မြင်တွေ့ခဲ့ဖူးသည်ဟု ခံစားမိသော်လည်း မမှတ်မိနိုင်ဖြစ်နေသည်။
“အရင်အစောင့်ကလည်း ထောင်သားတွေကို မိတ်ဆက်ပေးခဲ့တယ်။ သူကလည်း အလယ်ကကိုးဦးကို…ပြောခဲ့ပုံမရဘူး။ ဒါပေမဲ့ ငါကလည်း အဲဒီအချိန်က ပုံမှန်ပဲလို့ ခံစားမိခဲ့တယ်။”
“စိတ်ဝင်စားစရာပဲ။”
ရွှီချင်း၏မျက်လုံးများတွင် အေးစက်သော အရိပ်တစ်ခုထင်ဟပ်လာသည်။ သူက သိုလှောင်အိတ်ကို ထုတ်လိုက်ပြီး သူသိရှိနားလည်နိုင်ခဲ့သမျှကို မှတ်တမ်းတင်ရန်ပြင်လိုက်သည်။ သို့ရာတွင် ခဏမျှတွေးလိုက်ပြီးနောက် သူက ကျောက်စိမ်းပေလွှာကို မသုံးဘဲ ဝါးပေလွှာလွတ်တစ်ခုကို သာထုတ်လိုက်လေသည်။
သူ့သိုလှောင်အိတ်ထဲတွင် ဝါးပေလွှာလွတ်များစွာ ရှိနေသည်။
ထိုဝါးပေလွှာထဲတွင် သူကယခုစဉ်းစားနေသမျှကို တစ်လုံးချင်းအားလုံးရေးထွင်းလိုက်သည်။
နောက်ဆုံးစာကြောင်းတွင် ရွှီချင်းက စာလုံးများနှင့် မေးခွန်းထုတ်ဟန်သင်္ကေတတစ်ခု ရေးထားလိုက်သည်။
နတ်ဘုရားရဲ့ စွမ်းအားများလား။
ထိုသို့ပြုလုပ်ပြီးသော် ရွှီချင်းက ညအမှောင်တွင် ဓားခန်းဆောင်မှ ထွက်လာခဲ့တော့သည်။
အပြင်တွင် မိုးများရွာနေဆဲပင်။ မြေပြင်နေရာအနှံ့တွင် ရွံ့အိုင်များရှိနေသည်။ ရွှီချင်း ၎င်းတို့ကြားဖြတ်လျှောက်သွားပြီး အချုပ်ထောင်ဌာနသို့ ရောက်ရှိလာခဲ့တော့သည်။
သူက အချုပ်ထောင်ဌာနလှေကားထစ်များတွင် လျှောက်နေခဲ့ရာ သူ့ခြေသံတို့သည် အဝေးသို့ ပဲ့တင်ထပ်သွားကြသည်။
ဤကား အချုပ်ထောင်ဌာနသို့ ညအချိန်တွင် ပထမဆုံးလာရောက်ခြင်းပင် ဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် ပိုမိုမှောင်မိုက်နေသည်။ နေရာအချို့ခွာကာ နံရံပေါ်တွင် ထွန်းညှိထားသည့် မီးရောင်တို့မှသာ ခပ်မှိန်မှိန်အလင်းတို့ ထုတ်လွှတ်လျက်ရှိသည်။
မှောင်ပိန်းနေသော ပတ်ဝန်းကျင်တွင် ထိုအလင်းတို့သည် မမြင်သာလှပေ။
ရွှီချင်းက လှေကားတစ်ထစ်ချင်းတည်ငြိမ်စွာ ဆင်းလာသည်။ သူ့အတွက် နေ့နှင့် ညကွာခြားမှုအရှိသဖြင့် သူက မနက်လင်းသည်အထိ မစောင့်ခဲ့တော့ပေ။
သို့ရာတွင် အချိန်တို့ကုန်လွန်လာပြီး သူ့မှတ်ဉာဏ်တို့ ပြန်လည်ဝေဝါးလာမည်ကို သူစိုးရိပ်မိနေသည်။ ထို့ကြောင့်သူက ချက်ချင်းလှုပ်ရှားရန် ကြံစည်လိုက်ခြင်းဖြစ်သည်။
သူက စတုတ္ထမှ ဆယ့်နှစ်ယောက်မြောက်ထိ ထောင်သားတို့ကို ကြည့်ချင်နေသည်။
ဤသို့ဖြင့် တိတ်ဆိတ်သော အမှောင်ထုထဲတွင် ရွှီချင်းက အချုပ်ထောင်ဌာန၏ ငါးဆယ့်ခုနစ်ထပ်သို့ ရောက်ရှိလာခဲ့သည်။ သူက (ဃ၁၃၂)၏ အစိမ်းရောင်သန်းသည့်အနက်ရောင်တံခါးသို့ ရောက်ရှိလာပြီး တွန်းဖွင့်လိုက်တော့သည်။
“စတုတ္ထကနေ ဆယ့်နှစ်ယောက်မြောက်ထိ ထောင်သားတွေက ရှိသလား မရှိဘူးလား။”
တိတ်ဆိတ်မှုအောက်တွင် တကျွီကျွီမြည်သံတို့ ထွက်နေသည့်ကြားမှ ရွှီချင်း ခံစားချက်မဲ့ဟန် လျှောက်ဝင်လာခဲ့သည်။ ဝုန်းခနဲ တံခါးပြန်ပိတ်သွားသည်။
(ဃ၁၃၂)က ယခင်အတိုင်းမှောင်မည်းနေသည်။
သူလျှောက်ဝင်လာသည်နှင့် လှောင်အိမ်များထဲက တစ်စုံတစ်ဦးက သူ့အား စိုက်ကြည့်နေသည်ကို သူခံစားလိုက်မိသည်။ တစ်ချိန်တည်းမှာပင် သူ့ဘေးတွင် ကောင်လေး၏ ကိုယ်ရိပ်လည်းပေါ်ထွက်လာသည်။ ၎င်း၏မျက်လုံးတို့တွင် မတတ်သာမှုနှင့် စိုးရိမ်မှုတို့ ထင်ဟပ်နေသည်။
ရွှီချင်းက ကောင်လေး၏ဟန်မူရာကို သတိပြုလိုက်မိပြီး မျက်မှောင်ကြုတ်လိုက်သည်။
သူ ဤနေရာသို့ ယခုလာခဲ့သည်မှာ ထိုအကြည့်ကြောင့်ပင်။
သူက အစောပိုင်းတွင် ကျောက်စိမ်းပေလွှာကို စစ်ဆေးကြည့်နေခဲ့စဉ်၌ မှတ်တမ်းများထဲတွင် ကောင်လေး၏ အရိပ်အယောင်ပင်မပါလာသည်ကို သူ တွေ့ရှိခဲ့သည်။ သို့ရာတွင် ၎င်း၏မတတ်သာသည့် မျက်လုံးအကြည့်တို့ကို သူမှိတ်မိနေခဲ့သည်။