သမိုင်းမှာ အဖြစ်အဆိုးဆုံးနတ်ဘုရား (၁)
Vol. 36 Ch. 537
သူလျှောက်ထွက်လာပြီး ဂိတ်တံခါးပိတ်သွားသည်နှင့် ရွှီချင်းက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ကံဆိုးတာက အဲဒီကောင်လေးက ဆက်သွယ်နိုင်စွမ်းမရှိတာပဲ။ ဒါပေမဲ့ သူက ငါ့အပေါ် အကြံဆိုးရှိနေပုံတော့မရဘူး။ သိချင်စိတ်ရှိနေပုံပဲရှိတာ။”
“ထားလိုက်တော့။ ဒါပေမဲ့ (ဃ၁၃၂)ထဲမှာ ထောင်သားဆယ့်လေးယောက်ပဲ ရှိနေတာပဲ။ ဒါကနည်းလွန်းနေတယ်။”
ထောင်သားအရေအတွက်ကို တိုးမြှင့်ရန်နည်းလမ်းစဉ်းစားသည်က ကောင်းမည်ဟု ရွှီချင်းခံစားမိသည်။ ထိုသို့အတွေးများဖြင့် ရွှီချင်းက တရွေ့ရွေ့ထွက်လာခဲ့တော့သည်။ သူက ချုပ်လှောင်ခံထားရသော ခုန်ရှန်းလုံအား တွေ့လိုသေးသည်။
ရွှီချင်းထွက်သွားပြီးနောက်တွင် (ဃ၁၃၂)ထဲက အရာအားလုံးမှာ ယခင်သွင်ပြင်အတိုင်း ရှိနေပေသည်။
တိမ်မြူသားရဲက ကိုက်ဝါးနေလျက် လူသားအမျိုးသမီးကလည်း ကောက်ရိုးအရုပ်အား ချော့သိပ်နေဆဲ၊ ကျောက်ဆုံကြီးလည်း လည်နေဆဲ၊ ပန်းချီကားမျိုးနွယ်က ပန်းချီကားတို့လည်း ပျောက်ပျက်ခြင်းမရှိ ဆက်ရှိနေဆဲပင်။ အဘိုးကြီးက သက်ပြင်းချလိုက်သည်။
“ဘာလို့ ဒီမှာ ဒီလိုကြောက်စရာကောင်းတဲ့ လူရောက်နေရတာလဲ။ သူက နေ့တိုင်းနိုးထလာတယ်။ ဘယ်တော့မှ အဆုံးသတ်မှာလဲ။ ငါတို့သတိပေးရင်လည်း သူက နိုးထလာရင် ငါတို့ကို သတ်တယ်။ ငါတို့သတိမပေးတော့လည်း အခြေအနေကို သုံးသပ်ကြည့်ပြီး နိုးထလာသေးတာပဲ။”
ထိုစကားတွင် ကျောက်ဆုံပေါ်က ဦးခေါင်းက ထအော်တော့သည်။
“ငါက ပိုတောင်ဒေါသထွက်သေးတယ်။ ဒီလူပထမဆုံးရောက်လာတုန်းက အားလုံးပုံမှန်ပဲ။ ဒုတိယတစ်ကြိမ်ရောက်လာတော့ သူက နိုးထလာတယ်။ အဲဒီအချိန်ကစပြီး နေတိုင်းနိုးထလာတော့တာပဲ။ ပြီးတော့ သူနိုးထလာတိုင်း ငါ့ကို နင်းခြေကန်ကျောက်ပြီး သတ်တယ်။ အဲဒီအပိုင်းက ဘယ်တော့မှမပြောင်းလဲဘူး။”
“ငါ့ကို ကန်ကျောက်ရတာတော်တော်အရသာရှိလို့လား။ ငါ့ကို မကန်ပါနဲ့တော့လို့
အတန်တန်ပြောနေခဲ့တာပဲ။ လခွမ်းပဲ ငါသူ့ကို သတ်ချင်တယ်။ မဟုတ်ဘူး ကောက်ရိုးဦးထုပ်က သူ့ကို သတ်မှာပဲ။ သူက သေဖို့ကံပါလာပြီးသား။”
ဆူညံသံများကြားတွင် ကောင်လေး၏ကိုယ်ရိပ်က အချုပ်ခန်းတံခါးပေါက်သို့ ရောက်ရှိလာသည်။ သူက ဝါးပေလွှာအပိုင်းအစများအား ကောက်ယူလိုက်သည်။ ၎င်းတို့ဝါးပေလွှာစများအား သယ်ယူသွားလိုက်ပြီး အချုပ်ခန်း၏ မမြင်နိုင်သော ဖုံးကွယ်ထားသည့် တစ်နေရာသို့လျှောက်လာပြီး လွင့်ပစ်လိုက်တော့သည်။
ထိုနေရာတွင်…ဝါးပေလွှာအပိုင်းအစများစွာ အပုံလိုက်ရှိနေသည်။
ထိုအပိုင်းအစတိုင်းတွင် စာလုံးများရှိနေပြီး ၎င်းတို့အားလုံးသည် ရွှီချင်း၏ လက်ရေးများဖြစ်နေသည်။
သေချာတွက်ကြည့်လျှင် ဝါးပေလွှာစတို့အရေအတွက်သည် ရွှီချင်းဤနေရာတွင် တာဝန်ကျနေသည့်ရက်ထက် တစ်ရက်သာလျော့နေကြောင်း တွေ့ရပေမည်။
နောင်တစ်နေ့တွင်လည်း ဝါးပေလွှာအပိုင်းအစတစ်ခုစာ ထပ်မံရှိလာလောက်ဦးမည်။
ကောင်လေးက သက်ပြင်းတစ်ချက်ချလိုက်ပြီး ဖျတ်ခနဲပြန်ပျောက်ကွယ်သွားလေသည်။ ပြန်လည်ပေါ်ထွက်လာချိန်တွင်တော့ ၎င်းသည် (ဃ၁၃၂)ပြင်သို့ရောက်လာပြီး ရွှီချင်းနောက်တွင် ရပ်နေပြီဖြစ်သည်။
၎င်းအား မည်သူမျှ မြင်နိုင်ခြင်းမရှိပေ။ ရွှီချင်းလည်း မမြင်နိုင်ပေ။
၎င်းက တိတ်တဆိတ်သာ နောက်မှလိုက်ကာ ကတိအတိုင်းလုပ်နေလေသည်။ ၎င်းက သူနှင့်သူငယ်ချင်းဖြစ်ရန် ဆန္ဒရှိသော မိန်းကလေးရောက်လာသည်အထိ ရွှီချင်းအား စောင့်ရှောက်တော့မည်ဖြစ်သည်။
ဤကား သဘောတူညီချက်ပင်။
သို့ရာတွင် သူကာကွယ်စောင့်ရှောက်ရမည့်သူက ဒုတိယနေ့မှစပြီး စောင့်ရှောက်မှုမလိုအပ်တော့သဖြင့် သူအနည်းငယ်ဦးနှောက်ခြောက်နေရသည်။
ထိုလူက ၎င်းနေ့မှစတင်ကာ (ဃ၁၃၂)နှင့် သူ့အကြောင်းတို့အားလုံးကို တွေ့ရှိသွားခဲ့သည်။ ထိုသူက ကံဆိုးမှုကို ချေဖျက်ရန်လည်း သူ့အကူအညီကို မလိုအပ်ခဲ့ပေ။ ၎င်းကိုယ်တိုင်သာ ကံဆိုးမှုအား ချိုးဖျက်နိုင်ခဲ့သည်။
ထို့ကြောင့် သူသည် နေ့စဉ်နိုးထလာပြီး သိမြင်ခြင်းအလင်းပွင့်ကာ ဤနေရာတွင် သုတ်သင်ရှင်းလင်းခြင်းပြုတော့သည်။
နတ်ဘုရား၏လွှမ်းမိုးမှုနှင့် အချုပ်ထောင်ဌာန၏ ချုပ်ထိန်းစွမ်းအားတို့ကြောင့် သူက အရာအားလုံးကို နေ့စဉ်နေ့တိုင်းမေ့ပျေက်သွားတတ်သည်။
ထိုသို့သံသရာလည်နေတော့သည်။
ဤကား (ဃ၁၃၂)ပင်။ ဤကား အချုပ်ထောင်ဌာန၏ အဓိကအင်အားလည်းဖြစ်ပေသည်။
ကံဆိုးမှုက ကံကောင်းမှုမှလာခြင်းတော့ မဟုတ်ပေ။ ကျိန်စာမှလာခြင်းပင်ဖြစ်သည်။ နတ်ဘုရား၏ကျိန်စာပင်။
မည်သူမျှ ထိုကျိန်စာအား ခံနိုင်စွမ်းမရှိကြပေ။ မေ့ပျောက်ခြင်းဖြင့်သာ အကျိုးနှင့်အကြောင်းတို့အား ဖြတ်တောက်နိုင်ပေသည်။
ခုန်ရှန်းလုံ၏ အကျဉ်းကျမှုနေရာသည် မဆိုးရွားလှဘဲ (ဃ၃)ထဲတွင် ချုပ်လှောင်ခံထားရခြင်းဖြစ်သည်။
ထိုနေရာသည် ပထမထပ်ဖြစ်သဖြင့် အလင်းများစွာလည်းရှိနေသည်။ ထို့အပြင် အချုပ်ခန်းထဲတွင် အခြားသူလည်း ရှိမနေချေ။
ရွှီချင်းမေးမြန်းကြည့်ရာ ပထမဆုံးအချုပ်ခန်းဆယ်ခန်းသည် အဖွဲ့တွင်းကလူများအတွက် သီးသန့်ဖြစ်ကြောင်း သိရှိခဲ့သည်။ အမှားလုပ်သောဓားကိုင်များအား ဤနေရာတွင် ချုပ်လှောင်လေ့ရှိပြီး ခုန်ရှန်းလုံသည် ထိုအချုပ်ခန်းတို့၏ ဖောက်သည်ကြီးဖြစ်သည်။
“ကံဆိုးတာက ဒီတစ်ခေါက်က ဗြုန်းစားကြီးဖြစ်နေတော့ ငါအရက်ပြင်မထားမိခဲ့တာပဲ။”
ထိုအချိန်တွင် လှောင်အိမ်ထဲတွင် ထိုင်နေသော ခုန်ရှန်းလုံးက နှုတ်ခမ်းသပ်ကာ ရွှီချင်းအား သနားစဖွယ်ကြည့်လိုက်သည်။
သူက အရက်ကို အလွန်တောင့်တမိနေသည်။
ရွှီချင်းက ပတ်ပတ်လည်လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် ခုန်ရှန်းလုံတစ်ဦးတည်းသာ ဤနေရာတွင် ချုပ်ခံထားရကြောင်း အတည်ပြုလိုက်ပြီးနောက်တွင် သူက သိုလှောင်အိတ်ထဲမှ အရက်တစ်အိုးထုတ်ကာ လှမ်းထည့်ပေးလိုက်သည်။
ခုန်ရှန်းလုံ၏ မျက်လုံးတို့ဝင်းလက်သွားသည်။ သူက ချက်ချင်းအရက်အိုးကို ယူလိုက်ပြီး ဖွင့်ကာ တဂွတ်ဂွတ်သောက်နေတော့သည်။ ထို့နောက် လေချဉ်တစ်ချက်တက်လိုက်ပြီး ပျော်ရွှင်စွာရယ်မောလိုက်သည်။
“ကောင်းလိုက်တာ။ ငါနေ့တိုင်းသောက်နေခဲ့ချိန်တုန်းက ဘာမှမဟုတ်သလိုနဲ့ မသောက်ရတဲ့အချိန်မှ တကယ်တောင့်တမိတော့တာပဲ။”
“လာပါရွှီချင်း။ ငါနဲ့အတူလာသောက်။”
ခုန်ရှန်းလုံက ထိုသို့ပြောရင်း အရက်အိုးကိုမြှောက်ကာ သံတိုင်ကြားမှ ရွှီချင်းထံ ဆုတောင်းဟန်ပြုလိုက်သည်။
ရွှီချင်းက လက်ဟန်တစ်တွဲပြုလိုက်ပြီး (ဃ၃)အချုပ်ခန်းအား ချက်ချင်းပိတ်လိုက်သည်။ ထို့နောက် သူကလည်း အရက်တစ်အိုးထုတ်ကာ သောက်လိုက်တော့သည်။
ခုန်ရှန်းလုံက ပိုမိုပျော်ရွှင်သွားသည်။ နှစ်ဦးသား အတူသား အတူတကွသောက်နေကြတော့သည်။ ရွှီချင်းက ပန်းသီးအချို့ပင် ထုတ်ကာ ခုန်ရှန်းလုံထံ ကမ်းပေးလိုက်သေးသည်။
သို့ရာတွင် ခုန်ရှန်းလုံက ပန်းသီးတစ်လုံးစားလိုက်ပြီးနောက် အရသာမရှိဟု ခံစားရကာ အရက်ကိုသာသောက်နေလိုက်သည်။
ရွှီချင်းက ပန်းသီးတစ်လုံးစားကာ အရက်ကိုသောက်နေလိုက်သည်။ ခုန်ရှန်းလုံသည် ယခင်ကထက်ပင်အာပိုသွက်နေသည်။
“ငါက ပထမထက်က ဒီအချုပ်ခန်းတွေထဲ နေခဲ့သေးတယ်။ တစ်ခါတစ်လေ ကံကောင်းပြီး လူမိမခံခဲ့ရဘူး။ တစ်ခါတစ်လေ ကံဆိုးပြီး အမိခံရတယ်။ ဒီတစ်ခေါက်တော့ ငါ့ကံက ပိုပြီးဆိုးနေလို့ ရုံးတော်သခင်နဲ့ တန်းတွေ့မိတာပဲ။”
ရုံးတော်သခင်အကြောင်း ပြောလိုက်ချိန်တွင် ခုန်ရှန်းလုံက သက်ပြင်းအထပ်ထပ်ချလိုက်သည်။
“ဒါနဲ့ ရွှီချင်း မင်းက ဒီအချိန်အတွင်း ဘာတွေအလုပ်ရှုပ်နေတာလဲ။ မင်းကျင့်ကြံဆင့်က အဆင့်တက်တော့မယ်လို့ ထင်နေတာ။ ဘာလို့ မတက်ဖြစ်သေးတာလဲ။ မင်းအဆင့်မြန်မြန်ဆက်ရင် ငါတို့ တာဝန်တွေအတူလုပ်ပြီး စစ်ရေးအကျိုးပြုမှတ်တွေ ပိုရလာနိုင်ဦးမှာပဲ။”
ရွှီချင်း တစ်ခဏမျှ ငြိမ်ကျသွားသည်။ သူ့တွင်လည်း အင်ပါယာကျင့်စဉ်ရှိနေပြီး နန်းတော်ဆယ်ခုပင်ရှိနေကြောင်း သူအမှတ်ရလိုက်မိသည်။ ထို့ကြောင့် သူက ပဥ္စမနန်းတော်အတွက် သူ့ရွေးချက်မှုကို ရှင်းပြလိုက်ပြီး အကြံတောင်းလိုက်သည်။
“ဒီကိစ္စကို ငါတွေ့ကြုံခဲ့ဖူးတာပဲ။ အင်ပါယာအဆင့်ကျင့်စဉ်ကို နန်းတော်ထဲပေါင်းစည်းတာက သာမန်ကျင့်စဉ်တွေပေါင်းစည်းတာနဲ့မတူဘူး။ သူ့ကိုယ်ပိုင်အစီအရင်နဲ့ တာအိုစောင့်ရှောက်သူတစ်ဦးလည်းလိုအပ်တယ်။ အဲဒီအချိန်က ငါက စစ်ရေးအကျိုးပြုမှတ်တွေသုံးပြီး အင်ပါယာကျင့်စဉ်နဲ့ လဲလှယ်ခဲ့ပြီး အစောင့်အရှောက်ကြီးတစ်ဦးကိုလည်း တာအိုစောင့်ရှောက်သူအဖြစ် ငှားခဲ့သေးတယ်။ ထားလိုက်တော့ အဲဒါနည်းနည်းရှုပ်နေသေးတယ်။ မင်းကို ပြမယ်။”
ခုန်ရှန်းလုံက ညာလက်ကိုဝှေ့ယမ်းလိုက်ရာ သူ့ကိုယ်က ထုတ်ချင်းဖောက်ကြည်လင်သွားသည်။ ကောင်းကင်နန်းတော်ဆယ်ခုက ရွှီချင်းမျက်စိရှေ့တွင် အထင်အရှားပေါ်လာသည်။
အသက်မြူခိုးအထက်တွင် ခြောက်ခုရှိနေပြီး လေးခုက အသက်မြူခိုးအောက်တွင်ရှိနေသည်။
ထိုနန်းတော်လေးခုတွင် သုံးခုအား တဖျပ်ဖျပ်လက်နေသော သက်စောင့်မီးအိမ်များဖြင့် ဖွဲ့စည်းထားသည်။
၎င်းတို့၏ ပုံသဏ္ဌာန်တို့က ထူးဆန်းနေကြပြီး ၎င်းတို့တစ်ခုချင်းစီတိုင်းမှ ပြင်းထန်လှသော လှိုင်းများထုတ်လွှတ်နေကြသည်။
အခြားသော ကောင်းကင်နန်းတော်များသည်လည်း လွန်စွာစွမ်းအားပြည့်နေကြသည်။ အထူးသဖြင့် ၎င်းနန်းတော်နှစ်ခုသည် ထူးခြားနေကြသည်။
၎င်းတို့ထဲက တစ်ခုသည် ရွှေနဂါးကြီးရစ်ပတ်လျက်ရှိပြီး ရွှေအလင်းရောင်ထုတ်လွှတ်လျက် မြင့်မြတ်မှုဟန်တို့ ထုတ်လွှတ်နေသည်။ ရွှီချင်းက ၎င်းအားကြည့်လိုက်ချိန်တွင် ၎င်းနန်းတော်ပေါ်ရှိ ရွှေနဂါးကြီးက ရုတ်တရက်ခေါင်းမော့လာပြီး ရွှီချင်းအား တောက်ပသော မျက်လုံးတို့ဖြင့် ကြည့်လိုက်သည်။
ထိုအချိန်တွင် ရွှေကျီးကန်းကလည်း ရွှီချင်းနောက်တွင် ကိုယ်ထင်ပြလာသည်။ ၎င်းက (ဃ၃)အတွင်းတွင် ပတ်ပျံလိုက်ပြီး ရွှေနဂါးကြီးအား ကြည့်လိုက်သည်။
နှစ်ဖက်လုံးက ကိုယ်အရှိန်အဝါတို့အား ချုပ်ထိန်းလျက် အချင်းချင်းအကဲခတ်ဟန်ကြည့်နေကြသည်။
အခြားသော အင်ပါယာအဆင့် နန်းတော်သည်တော့ ဓားနန်းတော်တစ်ခုဖြစ်နေသည်။ ၎င်းမှာ ဓားကိုင်ရုံးတော်အသွင်ဖြစ်နေပြီး လွန်စွာထက်မြက်စူးရှသော ထိပ်တန်းဓားစွမ်းအားများ ထုတ်လွှတ်လျက်ရှိသည်။
ထိုအရာအားလုံးကို မြင်တွေ့လိုက်ရပြီးနောက် ရွှီချင်း၏စိတ်တို့ လှုပ်ခတ်နေတော့သည်။ သူက မူလတွင် နှုတ်ဖြင့်အကြံဉာဏ်တောင်းရုံသာဖြစ်ပြီး ခုန်ရှန်းလုံက သူ၏ကောင်းကင်နန်းတော်တို့အားလုံးကို သူ့အား ပြသမည်ဟု မျှော်လင့်မထားခဲ့ပေ။
ကောင်းကင်နန်းတော်တို့သည် လူတစ်ဦး၏ လျို့ဝှက်ချက်များဖြစ်ကြောင်း သိထားရပေမည်။ စိတ်ချရသောလူမှလွဲလျှင် အလွယ်တကူဖော်ထုတ်ပြကြတာမျိုးမဟုတ်ပေ။
သို့ရာတွင် ခုန်ရှန်းလုံက တွန့်ဆုတ်ခြင်းမရှိဘဲ ရွှီချင်းအား တန်းထုတ်ပြုလိုက်ပေသည်။
“ဘာတွေ ကြောင်ငေးနေတာလဲ။ မင်းတင်မကဘူး၊ ဟယ်လေးနဲ့ ချန်လေးလည်း ငါ့နန်းတော်တွေကို မြင်ခဲ့ပြီးသားပဲ။”
ခုန်ရှန်းလုံ ရယ်မောလိုက်သည်။ သူ့ကျင့်ကြံဆင့်စွမ်းအားလှိုင်းတို့သည် ချုပ်နှောင်မှုကြောင့် ဖြာထွက်ခြင်းမပြုနိုင်သော်လည်း သူ့ကိုယ်တွင်းက ကောင်းကင်နန်းတော်များကိုတော့ ပြသနိုင်သေးသည်ပင်။
“မြင်တယ်မလား။ အဲဒါတွေက ငါရဲ့အင်ပါယာအဆင့်ကျင့်စဉ်တွေကနေ ဖြစ်ပေါ်လာတဲ့ ကောင်းကင်နန်းတော်တွေပဲ။ မင်းလည်း အင်ပါယာဓားကို ဆင်ခြင်နားလည်ပြီးပြီမလား။ အခုပဲ ငါရိုက်ခတ်ပဲ့တင်လှိုင်းတစ်ခု ခံစားလိုက်မိတယ်။ မင်းရဲ့အင်ပါယာဓားကလည်း နောက်ပိုင်းဒုတိယအဆင့်ရောက်လာရင် ဓားနန်းတော်ဖြစ်လာမှာပဲ။”
ခုန်ရှန်းလုံက သူ၏အင်ပါယာကောင်းကင်နန်းတော်နှစ်ခုအား အာရုံစိုက်ရင်း သေချာသိမြင်နိုင်ရန် ရွှီချင်းအား ရှင်းပြလိုက်သည်။
ခုန်ရှန်းလုံ၏ ကောင်းကင်နန်းတော်များအား ကိုယ်တိုင်မြင်တွေ့လိုက်ရပြီးနောက်တွင် ရွှီချင်းအနည်းငယ်စိတ်လှုပ်ရှားလာသည်။ သူက လေးနက်သောဟန်ပန်ဖြင့် ခုန်ရှန်းလုံအား ဦးညွှတ်လိုက်သည်။
“ကျေးဇူးပါပဲ အစ်ကိုခုန်။”
“ညီအစ်ကိုတွေကြားမှာ ကျေးဇူးတင်နေစရာမလိုပါဘူး။”