သမိုင်းမှာအဖြစ်အဆိုးဆုံး နတ်ဘုရား (၂)
Vol. 36 Ch. 537
ခုန်ရှန်းလုံက ကိုယ်ကို မူလအသွင်ပြန်ပြောင်းကာ အရက်တစ်ငုံသောက်လိုက်သည်။
“နောက်ပိုင်း အင်ပါယာကျင့်စဉ်ကို ပေါင်းစည်းပြီး ပဥ္စမနန်းတော်ကို အသက်သွင်းချိန်ကျရင် စစ်ရေးအကျိုးပြုမှတ်ပိုရနိုင်တဲ့ တာဝန်တွေရှာပြီး မင်းကို ခေါ်လိုက်မယ်။ ငါတို့ ပြင်ပတာဝန်ရုံးမှာ အဲဒီလိုတာဝန်တွေအများကြီးရှိတယ်။ ဟယ်လေးနဲ့ ချန်လေးတို့က ငါကို ဒီလိုတာဝန်တွေ ရှာဖို့အကြိမ်ကြိမ်ပြောနေခဲ့ကြသေးတယ်။ သူတို့လည်း အမွေအနှစ်တွေနဲ့ လဲလှယ်ဖို့အတွက် စစ်ရေးအကျိုးပြုမှတ်တွေ လိုအပ်နေကြတယ်။”
ရွှီချင်းက ခုန်ရှန်းလုံအား အလေးအနက်ကျေးဇူးတင်လိုက်ပြီး သူနှင့် အချိန်တစ်ခုကြာအောင် အတူသောက်နေခဲ့သည်။ တာဝန်ချိန်ပြီးဆုံးလာသောအခါတွင်မှ သူထွက်ခွာလာခဲ့သည်။ သူက ဓားခန်းဆောင်သို့ ချက်ချင်းမပြန်သေးဘဲ၊ မြို့တောင်ဘက်သို့သွားကာ ပင်လုံးကြိုင်မုန့်သွားဝယ်ခဲ့သည်။
သူက ယနေ့ညတွင် ဂိုဏ်းခွဲသို့ ပြန်သွားကာ နယ်မိမယ်ကျစ်ရွှမ်ကို သွားတွေ့မည်ဖြစ်သည်။
ပဥ္စမကောင်းကင်နန်းတော်သည် ယခင်နေ့တွင် သဏ္ဌာန်ဖွဲ့စည်းခြင်းပြီးဆုံးသွားသည်။ ရွှီချင်းက ရွှေကျီးကန်းအား ထည့်ကာ ပထမဆုံးအင်ပါယာနန်းတော်ကို ဖွဲ့စည်းရန်ကြံရွယ်ထားသည်။
“မိုဆာတော့ကတော့…ထပ်ပြီးစောင့်ရဦးမယ်။ နောက်မှပဲ သူ့ကိုသုံးတော့မယ်။”
ရွှီချင်း သန္ဓေဓမ္မတံခါးတွင် ခွေလျက်အိပ်နေသော မိုဆာဆောအား ကြည့်လိုက်သည်။
သူအရှိန်အဝါလွှမ်းမိုးမှုအောက်တွင် မိုဆာဆော့က ခေါင်းမော့လာပြီး ရွှီချင်းအား ပြန်ကြည့်လိုက်သည်။
“နောက်တစ်ခေါက်ကျရင်တော့ သေချာပါတယ်။”
ရွှီချင်းစိတ်ထဲတွင် ရေရွတ်လိုက်သည်။ သူက မြို့တော်တောင်ဘက်သို့ ရောက်ရှိလာပြီး ပင်လုံးကြိုင်မုန့်ရောင်းသော ဆိုင်တစ်ဆိုင်ရှာတွေ့သွားသည်။
တစ်ချိန်တည်းမှာပင် ရွှီချင်းအချုပ်ထောင်ဌာနမှ ထွက်သွားသွားပြီးနောက်တွင် ရှစ်ဆယ့်ကိုးထပ်တွင် ခန်းမကြီးထဲ၌ တင်ပျဉ်ခွေထိုင်နေသော ရုံးတော်သခင်က မျက်လုံးများဖွင့်လိုက်သည်။ သူက ခေါင်းမော့လိုက်ပြီး အပေါ့်သို့ မော့ကြည့်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။
“နယ်ရုပ်တစ်ဦးက အချုပ်ထောင်ဌာနထဲမှာ ထောင်သားနဲ့ အရက်အတူသောက်နေတာပဲ။ ဘယ်လိုမဟုတ်တာတွေလဲ။”
“သူတို့နှစ်ဦး အစောပိုင်းသောက်နေကြတုန်းက မမြင်ချင်ယောင်ဆောင်နေခဲ့တယ်။ အခုသူတို့သောက်လို့ပြီးသွားပြီ၊ တစ်ဦးက ထွက်သွားပြီး တစ်ဦးက အိပ်ပျော်ချိန်ကျမှ မျက်လုံးဖွင့်လာပြီး ဟန်ဆောင်ပန်ဆောင်လုပ်နေတာလား။ ဘယ်သူ့ကို ဟန်လုပ်ပြနေတာလဲ။ ကျုပ်ကိုလား။”
ရုံးတော်သခင်နောက်က ဗလာနယ်နေရာမှ ခပ်တိုးတိုးအသံတစ်ခု ထွက်ပေါ်လာသည်။ ဒေါင်လိုက်မျက်ဆန်နှင့် မျက်လုံးကြီးတစ်လုံးဖျတ်ခနဲပွင့်လာပြီး ထိုအထဲက မျက်ဆန်သည် မီးများလောင်ကျွမ်းသကဲ့သို့ ထိုတစ်ထပ်လုံးအား မုန်တိုင်းတစ်ခုပမာ လှုပ်ခတ်လှိုင်းထန်သွားသည်။
ရုံးတော်သခင်က အသုံးအဆောင်ဝိညာဉ်၏ သရော်စကားကို အာရုံမစိုက်ပေ။ သူက အေးစက်စက်မျက်နှာထားဖြင့် အကြည့်ကိုပြန်ရုတ်သိမ်းလိုက်ပြီး ခဏတွေးလိုက်ကာ ဖြည်းညင်းစွာပြောလိုက်သည်။
“သူတို့က အတူတာဝန်ထွက်လုပ်ဖို့ သဘောတူလိုက်ကြပြီဆိုတော့ …ယောင်မိသားစုဆီကို ငါ့နာမည်နဲ့ စာတစ်စောင်ပို့လိုက်။”
“အကြောင်းအရာက ယောင်ယွင်ဟွေ့ သေချင်နေတာလား ဆိုတဲ့တစ်ခွန်းလား”
မုန်တိုင်းထဲတွင် ထိုအသံက ခေါင်းလောင်းပမာ အဆက်မပြတ်ပဲ့တင်နေသည်။
“တစ်ကြောင်းတည်းပဲ။”
ရုံးတော်သခင်၏ အသံမှာ အေးစက်နေသည်။
“ရွှီချင်းက ငါ့သံတော်ဆင့်ဖြစ်တယ်။”
“ဓားကိုင်တစ်ဦးအတွက် ဒီလိုအမိန့်တွေနှစ်ကြိမ်ထုတ်နေတာက ခင်ဗျားရဲ့လမ်းစဉ်ကို ဆန့်ကျင့်ရာမရောက်ဘူးလား။ ဒါမှမဟုတ် ရွှီချင်းရဲ့ ကိုယ်ပေါ်က ကံဆိုးမှုတွေ မရှိတော့လို့လား။ အင်း ဟုတ်သားပဲ။ သူကိုယ်ပေါ်က ကံဆိုးမှုတွေက အရင်အချိန်လောက်ကတည်းက ရုတ်တရက်ပျောက်သွားပြီပဲ။ စဉ်းစားလိုက်ဦးမယ်။ သူ(ဃ၁၃၂)ကို ဒုတိယအကြိမ်သွားခဲ့ပြီးနောက်ပိုင်းမှာ ကံဆိုးမှုတွေ ပျောက်သွားခဲ့ပုံပဲ။”
“ထူးဆန်းတာပဲ။ သူ့ကံဆိုးမှုက ရုတ်တရက်ကြီးပျောက်သွားတာပဲ။ ဒီရွှီချင်းက (ဃ၁၃၂)ကို လွန်ခဲ့တဲ့တစ်လက ဒုတိယအကြိမ်သွားခဲ့တာပဲ။ ဘာတွေဖြစ်ခဲ့တာလဲ။ ငါ့မှာအခွင့်မရှိလို့ မကြည့်နိုင်တာဆိုးတာပဲ။ ဟင်း စိတ်တိုစရာကောင်းလိုက်တာ။ ငါကအသုံးအဆောင်ဝိညာဉ်ဖြစ်နေပေမဲ့ (ဃ၁၃၂)အပေါ်မှာ အခွင့်အာဏာမရှိဘူး ဖြစ်နေတယ်။”
မုန်တိုင်းထဲတွင် ခပ်အုပ်အုပ်အသံသည် မိုးချိန်းကဲ့သို့ ရေရွတ်နေသည်။
“အဲဒီလိုမဟုတ်ဘူး။ ယောင်ယွင်ဟွေ့က နားမလည်တာ။”
ရုံးတော်သခင်က တည်ငြိမ်စွာပြောလိုက်သည်။ ရွှီချင်း၏ ကံဆိုးမှုနှင့် (ဃ၁၃၂)ကို ၎င်းပြောနေခြင်းကိုတော့ လစ်လျူရှုထားသည်။
“ဓားကိုင်တစ်ဦးက တိုက်ပွဲထဲမှာ သေတာမထူးဆန်းဘူး။ အဲဒါက သူတို့ရဲ့ အိမ်နဲ့ ဂုဏ်ကျက်သရေပဲ။”
“ဒါပေမဲ့ လူယုတ်မာလက်ထဲမှာတော့ သေလို့မရဘူး။ အဲဒါက အရှက်ရစရာပဲ။ ငါဘယ်ဓားကိုင်ကိုမှ ဒီလိုအဖြစ်မျိုးဖြစ်ခွင့်မပေးဘူး။”
မုန်တိုင်းလှိုင်းသံတို့က ခဏတာ တန့်သွားပြီး ပြန်ဟိန်းအော်လိုက်ပြန်သည်။
“ကျန်းစစ်ယွင်ရောပဲလား။ ယင်ဟွမ်ပြည်နယ်က လျို့ဝှက်စာတစ်စောင်ရောက်လာသေးတယ်။ ကျန်းစစ်ယွင်ကိုယ်ထဲမှာ နတ်ဘုရားတစ်ပါး ရှိနေတယ်တဲ့။ တော်ဝင်မြို့တော်က ဒီကိစ္စကို အင်ပါယာရုပ်တုကတစ်ဆင့် သိပြီးနောက်ပြီ။ သူကို တော်တော်စိတ်ဝင်စားနေသူတချို့ရှိတယ်။”
ရုံးတော်သခင်ငြိမ်ကျသွားသည်။ အချိန်အတန်ကြာပြီးနောက်တွင်မှ သူက ခေါင်းခါယမ်းလိုက်သည်။
“သူက ဓားကိုင်ဖြစ်နေသေးသ၍ သူ့ကို ဓားစာခံမျှားစာအဖြစ် ပြုခွင့်မပေးနိုင်သေးဘူး။ သူ့ကိုယ်ထဲက နတ်ဘုရားကို ရှင်းဖို့နည်းသက်သက်စဉ်းစားလိုက်ဦးမယ်။”
“ချန်အားညိုကရော။”
မုန်တိုင်းထဲက အသံသည် ရုတ်တရက်ပြင်းထန်စူးရှလာသည်။
“သူရဲ့ပြဿနာကို မင်းမမြင်နိုင်ဘူးလို့ ငါမယုံဘူး။ ငါမမှားဘူးဆိုရင် ငါက သူ့အရင်ဘဝကို မြင်နိုင်ခဲ့လောက်တယ်။ ဒါပေမဲ့ မမှတ်မိနိုင်ဘူးဖြစ်နေတယ်။ ထူးဆန်းလိုက်တာ ငါဘာလို့မမှတ်မိနိုင်တာလဲ။”
မုန်တိုင်းထဲက အသံသည် အားမရနိုင်မှုတို့ဖြင့် ပြည့်နေသည်။ နောက်ဆုံးတွင် ဟိန်းအော်သံအဖြစ် ပြောင်းလဲလာတော့သည်။ တစ်ချိန်တည်းမှာပင် အချုပ်ထောင်ဌာန၏ ကျင်းကြီးရဲ့အောက်ဆုံးအထပ်မှ ဟိန်းသံတစ်ခု မြည်ဟိန်းလာလေသည်။ ၎င်းအသံသည် အသုံးအဆောင်ဝိညာဉ်၏ အသံနှင့် တစ်ထပ်ထည်းပေါင်းချင်နေသည့်အလားပင်။
“ငါ မမှတ်မိနိုင်ဘူး။ ငါ မမှတ်မိနိုင်ဘူး။ ငါမေ့သွားပြီ…ငါဘယ်သူလဲ။ ငါဘယ်သူလဲဆိုတာ သေချာစဉ်းစားရမယ်။ ငါက…”
ရုံးတော်သခင်က တည်ငြိမ်စွာပင် ရှိနေလျက်ပင်။ သူက ညာလက်ကို ဖြည်းညင်းစွာမြှောက်မလိုက်ပြီး အသာပြန်ဖိချလိုက်သည်။
ထိုဖိချမှုနှင့်အတူ အချုပ်ထောင်ဌာန၏ ၁၇၇ထပ်လုံး တပြိုင်နက်လှုပ်ခါသွားကာ တဖျပ်ဖျပ်လက်နေသော အလင်းတန်းတစ်ခုစီ ထုတ်လွှတ်ကြပြီး အထပ်မျိုးစုံတို့၏ အလယ်ဗဟိုတွင် စုသွားကြသည်။ ၎င်းနေရာသည် ကျင်းနက်ကြီး၏ အလယ်ဗဟိုလည်းဖြစ်သည်။
ထိုနေရာတွင် ကမ္ပည်းစာကြီး(၁၇၇)ခု ဖြစ်တည်လာသည်။ ၎င်းတို့က တပြိုင်နက် ကျင်းနက်ကြီးအောက်သို့ အထပ်ထပ်ကျဆင်းသွားကြသည်။
တဝုန်းဝုန်းအသံတို့ထွက်လာပြီး ကျင်းနက်ကြီးအောက်ခြေရှိ ဟိန်းသံကြီးလည်း တဖြည်းဖြည်းဖျော့တော့လာကာ ပျောက်ကွယ်သွားတော့သည်။
ရှစ်ဆယ့်ကိုးထပ်ရှိ ဟိန်းသံတို့လည်း တပြိုင်နက်ပျောက်ကွယ်သွားကြသည်။ ရုံးတော်သခင်နောက်က ဒေါင်လိုက်မျက်ဆန်ကြီးလည်း တဖြည်းဖြည်းပြန်ပိတ်သွားသည်။
၎င်းက အပြီးပိတ်ခါနီးတွင် ရှုပ်ထွေးမှုတို့ဖြစ်လာပြီး အားနည်းသောအသံတစ်ခု ထွက်လာတော့သည်။
“ငါကဘယ်သူလဲ..”
“မင်းက ငါတို့အချုပ်ထောင်ဌာနရဲ့ အသုံးအဆောင်ဝိညာဉ်ပဲ။”
ဓားကိုင်ရုံးတော်သခင်က ခပ်လေးလေးပြောလိုက်သည်။
ဒေါင်လိုက်မျက်ဆန်ကြီးက ထိုစကားတွင် နားလည်သွားဟန်ဖြစ်သွားကာ ငြိမ်သက်သွားတော့သည်။
“ဟုတ်တယ်။ ငါမှတ်မိပြီ။ ငါက အသုံးအဆောင်ဝိညာဉ်ပဲ။ ငါက အချုပ်ထောင်ဌာနရဲ့ အသုံးအဆောင်ဝိညာဉ်ပဲ။ ငါ့တာဝန်က ထောင်သားအားလုံးကို ချုပ်ထိန်းဖို့ပဲ။”
မျက်လုံးကြီးက အဆုံးတိုင်ပိတ်သွားတော့သည်။
ဓားကိုင်ရုံးတော်သခင်က ပိတ်သွားသော ဒေါင်လိုက်မျက်လုံးကြီးအား ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူက အနည်းငယ်သုန်မှုန်လျက် ကျိတ်ရေရွတ်လိုက်သည်။
“သူကတော့ ခုနှစ်ပိုင်းတွေမှာသိစိတ်ဝင်တာ များလာနေပြီ..”
ထိုအချိန်တွင် ရုံးတော်သခင်၏စိတ်ထဲသို့ ဝင်ကြည့်နိုင်သူသာရှိလျှင် ထို‘သူ’ ဟူသည့် စကားလုံး၏ဆိုလိုရင်းအား လွန်စွာထိတ်လန့်သွားရပေမည်။
ဤကားနတ်ဘုရားတို့အား ညွှန်းဆိုသော စကားလုံး ဖြစ်နေသည်။
ဒေါင်လိုက်မျက်ဆန်ကြီးက အချုပ်ထောင်ဌာန၏ အသုံးအဆောင်ဝိညာဉ်မဟုတ်ကြောင်းထင်ရှားနေသည်။
ရုံးတော်သခင်နှင့် ပြောဆိုနေခဲ့သည့် ဒေါင်လိုက်မျက်ဆန်ကြီးသည် သူ့ကိုယ်သူ အသုံးအဆောင်ဝိညာဉ်ဟုသာ တလျှောက်လုံး တွေးထင်နေခဲ့သည်။ သို့ရာတွင် အမှန်တွင်တော့ ၎င်းသည် ယခင်ဓားကိုင်ရုံးတော်၏ ရုံးတော်သခင်တို့အဆက်ဆက် အချုပ်ထောင်ဌာနအား ကိုယ်တိုင်စောင့်ကြပ်ရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းသာ ဖြစ်နေသည်။
၎င်း၏ သရုပ်မှန်အစစ်သည် အင်မော်တယ်တားမြစ်နယ်မြေထဲတွင် အိပ်ပျော်နေသော အမျိုးအမည်မသိနတ်ဘုရား၏ နောက်ဆုံးကိုယ်ပွားပင်ဖြစ်သည်။
ပိတ်နေသော မျက်လုံးကို ကြည့်လိုက်ပြီး ၎င်းပြောခဲ့သည်တို့အား ရုံးတော်သခင် ပြန်တွေးလိုက်မိသည်။
“သူက ရင်းနှီးစိတ်ခံစားရတယ်ဆိုတော့ ချန်အားညိုက တစ်ခုခုမှားနေတာရှိလောက်တယ်။ ဒါပေမဲ့ အင်ပါယာကသူ့ကို အသိအမှတ်ပြုပြီး ဓားကိုင်တစ်ဦးဖြစ်လာခွင့်ပေးထားတယ်။ ဒီတော့ သူက ဓားကိုင်ပဲ။”
“ဒါဆို သူက ငါ့တပည့်ငယ်သားပဲ။”
“ငါ့တပည့်ငယ်သားတွေက စစ်မြေပြင်မှာ သေနိုင်ပေမဲ့ သစ္စာဖောက်ခံရပြီးတော့ သေလို့မရဘူး။”
ရုံးတော်သခင်က ကျိတ်ရေရွတ်လိုက်သည်။ ဤကား သူ၏လမ်းစဉ်ပင်ဖြစ်သည်။
ဒေသငယ်မြို့တော်က ပင်လုံးကြိုင်ကိတ်သည် တန်ဖိုးမသေးပါ။
ကိတ်တစ်ခုတွင် ငါးစိတ်ရှိကာ ဝိညာဉ်ကြေးပြားတစ်ပြား ကျသင့်၏။
အကြောင်းကား တချို့သော ဝိညာဉ်သစ်ပင်များမှာ ပင်လုံးကြိုင်ကိတ်ထဲသို့ ထည့်သွင်းထားသောကြောင့် ဖြစ်သည်။ ပင်လုံးကြိုင်ကိုကား လင်းလန်ပြည်နယ်မှ သယ်ယူပို့ဆောင်ခြင်းဖြစ်ကြောင်း ဆိုင်ရှင်က ရှင်းပြသည်။
ရွှီချင်း ကိတ်သုံးခု ဝယ်ယူလာသည်။
သူသည် ဂိုဏ်းခွဲသို့ သွားနေရင်း ထိုကိတ်များကို စားသည်။
ဒေသငယ်မြို့တော်က နန်းလုံးကြိုင်ကိတ်သည် အရသာအတော်လေးကောင်းသည်ဟု ဆိုစမှတ်ရှိသည်။ ရွှီချင်း ဂိုဏ်းခွဲသို့ ရောက်သွားသောအခါ သူ့ကိတ်မုန့်အား စားပြီးသွားပြီ ဖြစ်သည်။ ထို့နောက် သူက သက်ပြင်းတစ်ချက်ရှိုက်ကာ ဂိုဏ်းခွဲအတွင်းသို့ ဝင်သွားလိုက်သည်။
လမ်းတစ်လျှောက်တွင် သူသည် ချီရွဲ့ထုံဂိုဏ်းမှ လူများအား မြင်တွေ့ရ၏။ သူတို့တစ်ယောက်စီတိုင်းက ရွှီချင်းအား မြင်တွေ့လျှင် လေးစားသော အပြုအမူများ ပြသကြသည်။ ဟွမ်ရီခွန်သည်ပင် ရွှီချင်းအား ကူရာမဲ့စွာဖြင့် နှုတ်ဆက်ရသည်။
ရွှီချင်း ခေါင်းညိတ်ပြကာ ဂိုဏ်းခွဲ ‘က’အဆောင်သို့ လမ်းလျှောက်လာသည်။
နတ်မိမယ်ကျစ်ရွှမ်းနှင့်ပတ်သက်၍ တွေးမိလျှင် သူက စိုးရိမ်စိတ်များဖြစ်ပေါ်လာသည်။ သူမ၏ကျင့်ကြံဆင့်ဖြစ်စေ၊ သူမ၏ စိတ်ခံစားချက်များကြောင့်ဖြစ်စေ ၎င်းတို့မှာ ရွှီချင်းနှင့် အလှမ်းဝေးလှသည်။
သို့သော်လည်း သူ့တွင် ရွေးချယ်စရာမရှိဘဲ သွားရောက်ရသည်။