← Chapters

ရွှေကျီးကန်း နတ်နန်းတော်သို့ ဆင်းသက်ခြင်း (၁)

Vol. 36 Ch. 537

ရွှေကျီးကန်း နတ်နန်းတော်သို့ ဆင်းသက်ခြင်း (၁)

Vol. 36 Ch. 537

ထို့ကြောင့် သူသည် သက်ပြင်းရှိုက်ကာ ‘က’အဆောင်သို့ လှမ်းဝင်လိုက်သည်။ ဝင်းအနည်းငယ်ကို ဖြတ်ကျော်ပြီးနောက်တွင် သူသည် က-၁ အဆောင်ရှိရာ ဝင်းထဲသို့ ရောက်လာ၏။

ထိုနေရာသည် တောင်တုငယ်အများအပြားနှင့် သစ်ပင်ပန်းမင်များဖြင့် အဆင်တန်ဆာဆင်ထားသော ခြံဝင်းတစ်ခုဖြစ်ကာ အစေခံအများအပြားလည်း ရှိကြသည်။

သိသာစွာဖြင့် နတ်မိမယ်ကျစ်ရွှမ်သည် ဒေသငယ်မြို့တော်၌ပင် သူမ၏နေ့စဉ်လူမှုဘဝအတွက် လိုအပ်ချက်များ, များပြားလှသည်။

ထိုအစေခံများက ရွှီချင်းအား တွေ့မြင်သောအခါ မျက်တောင်များပင့်ကာ စိတ်ဝင်စားသော အမူအရာများဖြင့် ဦးညွှတ်နှုတ်ဆက်ကြသည်။ ရွှီချင်း အဝေးသို့ ဖြတ်ကျော်သွားသောအခါတွင်မှ အချင်းချင်းတီးတိုးပြောဆိုကြသည်။ တစ်ကြိမ်ပြီး တစ်ကြိမ် ရယ်သံသဲ့သဲ့များလည်း ပြန့်လွင့်လာတတ်၏။

သို့သော်လည်း ရွှီချင်းဖြစ်စေ၊ အစေခံများဖြစ်စေ ဝင်းထဲသို့ ကောင်လေးတစ်ယောက် ဝင်ရောက်လာခြင်းအား မမြင်မတွေ့ကြပါ။ သူသည် အစေခံများ၏ဘေးတွင် ရပ်ကာ ထိုဆွေးနွေးပြောဆိုနေမှုတို့အား စိတ်ဝင်စားစွာဖြင့် နားစွင့်နေတော့သည်။

ထိုအခိုက်တွင် ရွှီချင်းသည် အခန်း (က_၁) သို့ ရောက်လာပြီ ဖြစ်သည်။ သူက သုန်မှုန်သော အမူအရာဖြင့် အခန်းအပြင်မှနေ၍ လက်နှစ်ဖက်ဆုပ်ကာ တီးတိုးပြောသည်။

“ဂိုဏ်းတပည့်ရွှီချင်း… နတ်မိမယ်ကျစ်ရွှမ်နဲ့ တွေ့ခွင့်တောင်းပါတယ်”

အခန်းတံခါး ဖြေးလေးစွာ ပွင့်သွားကာ နတ်မိမယ်ကျစ်ရွှမ် အပြင်သို့ လှမ်းထွက်လာသည်။ သူမသည် ယနေ့တွင် ခရမ်းရောင်ဝတ်စုံအား ဝတ်ဆင်ထား၏။ အနက်ရောင်ဆံနွယ်များသည် သူမ၏ပုခုံးများသို့ ဝဲကျနေသည်။ သူမကား ယခင်ထက် သိမ်မွေ့ညင်သာကာ အင်မော်တယ်တစ်ပါးကဲ့သို့ ညို့ငင်မှုများ ထုတ်လွှတ်နေ၏။

သို့သော်လည်း သူမ၏ လှပသော မျက်လုံးများတွင် ဒေါသအငွေ့အသက်များ ရှိနေပါသည်။ ထိုစိတ်ခံစားချက်သည် သူမ၏လှပသော မျက်နှာလေးအား ပို၍ အသက်ဝင်စေကာ လောကအလယ်သို့ ဆင်းသက်လာသော နတ်မိမယ်တစ်ပါးအလား ထင်မှတ်မှားနိုင်သည်။

သူမ၏ရုပ်သွင်သည် မှောင်ရီစပြုလာသော ညအချိန်အခါအား အလင်းတချို့ပေးစွမ်းနိုင်ဟန်ရ၏။ ၎င်းသည် ရွှီချင်း၏မျက်လုံးများထဲ၌ ရောင်ပြန်ဟပ်လာသောအခါ နက်ရှိုင်းကြည်လင်သော မြင်ကွင်းတစ်ခု ဖြစ်တည်လာသည်။

ကျစ်ရွှမ်က ရွှီချင်းအနီးသို့ လမ်းလျှောက်လာသည်။

ရွှီချင်း၏လက်ထဲက စာရွက်အိတ်အား မြင်သောအခါ သူမ၏မျက်လုံးမှ ဒေါသများမှာ ပျော်ရွှင်မှုအဖြစ်သို့ ပြောင်းလဲသွားကြသည်။

“မင်း ဘာလို့ နောက်ကျနေတာလဲလို့ ငါ တွေးနေသေးတယ်။ ဆိုတော့… ကောင်လေးက ငါ ပြောတာတွေကို မမေ့ဘူးပဲ။”

“ဂျူနီယာက စီနီယာရဲ့စကားကို မမေ့လျော့ရဲပါဘူး”

ရွှီချင်းက စိတ်မလှုပ်ရှားစေရန် အတတ်နိုင်ဆုံး ကြိုးစားပြီး တည်ငြိမ်စွာ ပြောသည်။ ပြောပြီးသည်နှင့် သူက ပင်လုံးကြိုင်ကိတ်အား လက်နှစ်ဖက်ဖြင့် ကမ်းပေးသည်။

ကျစ်ရွှမ်က ပြုံးလျှက် လှမ်းယူကာ စကားပြောရန် ပြင်သည်။

ထိုစဉ် ရွှီချင်းက သူ၏သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများ တစ်ခုပြီးတစ်ခု စတင်ထုတ်ယူသည်။

ပဲစိမ်းကိတ်၊ အင်မော်တယ်နှင်းမြူပန်ကိတ်၊ ပန်းသီးကိတ်၊ လိမ္မော်ကိတ်၊ ကိုးလွှာကိတ်…။

မုန့်အမျိုးအစားများမှာ ကိုးဆယ်ကျော်ပြီး တစ်မျိုးစီကို ကိတ်နှစ်ခု ဖြစ်သည်။

ဘေးက အစေခံမိန်းကလေးသည် ထိုမြင်ကွင်းကို မြင်လျှင် ရှေ့သို့ အလျင်အမြန်တက်လာပြီး ပန်းကန်ပြားတစ်ခုဖြင့် ခံယူသည်။ မကြာမီ ထိုကိတ်မုန့်များမှာ ပန်းကန်ပြားပေါ်၌ တောင်ပို့ငယ်တစ်ခုအလား ပုံထပ်လာသည်။

ကျစ်ရွှမ်ကား ခဏတာမျှ မှင်တက်သွားကာ ရွှီချင်းအား ထူးဆန်းစွာ ကြည့်သည်။ ဘေးက အစေခံမိန်းကလေးကလည်း ပန်းကန်ပြားကို ကိုင်ကာ ထူးဆန်းစွာ ကြည့်နေသည်။

ရွှီချင်းက အားလုံးကို ထုတ်ယူပြီးသောအခါတွင် အသက်ပြင်းပြင်းရှိုက်ကာ လေးနက်စွာ ပြောသည်။

“စီနီယာ ဘာကြိုက်တတ်လဲဆိုတာ ဂျူနီယာမသိတော့ အားလုံးကို ဝယ်ယူခဲ့ပါတယ်”

ရွှီချင်း၏စကားလုံးများမှာ ရိုးသားသည်။ သူသည် အသိပညာဗဟုသုတများနှင့်ပတ်သက်၍ လေးစားမှု ကြီးကြီးမားမားထားကာ အင်ပါယာအဆင့် ကျင့်ကြံခြင်းအတတ်အား နတ်နန်းတော်နှင့် ပေါင်းစပ်ရာ၌ နတ်မိမယ်ကျစ်ရွှမ်၏ ကူညီပေးခြင်းသာမက သူမ၏အကာအကွယ်ကိုလည်း လိုအပ်ကြောင်း သူ နားလည်သည်။

ထိုသို့သော ကြင်နာမှုအား သူ့စိတ်နှလုံးထဲတွင် မှတ်သားထားမည် ဖြစ်သည်။ ထို့ကြောင့် အမျိုးမျိုးအစားစားသော ကိတ်များအား အချိန်ပေးကာ ဝယ်ယူခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် နောက်ကျ၍ ရောက်လာခြင်း ဖြစ်သည်။

ကျစ်ရွှမ်သည် ၎င်းကို ကြားသည်တွင် သူ၏ ဇာမဏီသဏ္ဍာန် မျက်လုံးများသည် ရွှီချင်းထံသို့ ကျဆင်းလာသည်။ အတန်ကြာ စိုက်ကြည့်ပြီးနောက်တွင် သူမ၏စိတ်နှလုံးထဲ၌ လှိုင်းများ ထလာသည်။ သူမ၏ မကြေနပ်ချက်များအားလုံးမှာလည်း အလုံးစုံ ပျောက်ကွယ်သွားကာ နောက်လှည့်၍ အစေခံမလေးအား တီးတိုးညွှန်ကြားလိုက်သည်။

“မုန့်တွေကို အခန်းထဲမှာ သွားထားလိုက်ပါ။ သူတို့ကို မကျိုးပဲ့စေနဲ့။”

အစေခံက အလျင်အမြန် ခေါင်းညိတ်သည်။ သူမက မုန့်များအား အခန်းထဲသို့ သွားထားလိုက်ပြီးနောက်တွင် ရွှီချင်းနှင့် နတ်မိမယ်ကျစ်ရွှမ်အား တစ်ချက်ကြည့်ကာ ထွက်ခွာသွားသည်။

သူမက သည်နေရာတွင် ဆက်နေရန် မသင့်တော့ဟု ခံစားရသည်။

အစေခံမလေးအား လျစ်လျုရှုကာ နတ်မိမယ်ကျစ်ရွှမ်က သူမ၏ အပြစ်အနာအဆာကင်းသော မျက်နှာလေး၌ အပြုံးတစ်ပွင့်ဆင်မြန်းလျှက် နှုတ်ခမ်းအား ကွေးညွှတ်လိုက်သည်။ သူမက လက်ဝှေ့ယမ်းလိုက်လျှင် ပတ်ဝန်းကျင်တစ်ခုလုံး အသွင်ပြောင်းလဲမှုကြီး ဖြစ်သွားသည်။ ကျောက်တုံးများသည် ကျောက်ဆောင်များ ဖြစ်သွားပြီး တောင်တုများသည် မိုးထိုးနေသော တောင်ထွှတ်များအဖြစ် အသွင်ပြောင်းကာ သစ်ပင်ပန်းမင်များသည်လည်း ဧရာမကြီးမားသော သစ်ပင်များအသွင်သို့ ပြောင်းလဲသွားပြီး အနီး၌ အဆောင်ငယ်တစ်ခု ပေါ်လာသည်။

“ရွှီချင်း… လာခဲ့…”

ကျစ်ရွှမ်က အဆောင်ထဲသို့ ဝင်ကာထိုင်သည်။ ထိုအခိုက်တွင် လေညင်းတစ်ချက် တိုက်ခတ်သွားကာ သူမ၏ဆံနွယ်များအား ပင့်မသွားသည်။ ၎င်းသည် သူမ၏အဝတ်စများကိုလည်း လှုပ်ခတ်ကာ ခန္ဓာကိုယ်နှင့်ပိုမိုဖိကပ်စေသောကြောင့် သူမ ထိုင်လိုက်သောအခါ ထင်ရှားသော ကောက်ကြောင်းအလှများအား ဖြစ်ပေါ်စေသည်။

၎င်းသည် ဝတ်စုံအား သူမနှင့် ပိုမိုပြီးပြည့်စုံစေတော့သည်။

ရွှီချင်း တွန့်ဆုတ်နေပြီးမှ လှမ်းသွားကာ ကျစ်ရွှမ်ရှေ့၌ ထိုင်လိုက်သည်။

ထိုနေရာတွင် ထိုင်လိုက်လျှင် သူသည် ပို၍ ရှင်းလင်းစွာ မြင်နိုင်ကာ သူ့နှာခေါင်းထဲသို့ ရိုက်ခတ်လာသည် ရင်းနှီးပြီးသား ရနံ့သင်းသင်းလေးကိုလည်း ခံစားရ၏။

ထိုရနံ့မှာ သာယာသော စိတ်ခံစားချက်အား ဖြစ်ပေါ်စေသည်။

ကျောက်တုံးခုံမှာ ထိုနေရာ၌ ရှိနေရာ သူသည်လည်း ထိုနေရာတွင် ထိုင်ရသည်။

“ပြီးခဲ့တဲ့လအတွင်းက အချုပ်ထောင်ဌာနကိစ္စတွေ ဒါမှမဟုတ် တခြားကိစ္စတစ်ခုခုကို ပြောပြပါ…”

ကျစ်ရွှမ်က လက်တစ်ဖက်ကို ခုံဘေးတန်းခုလျှက် မေးထောက်ကာ မေးသည်။ သူမက မျက်တောင်ကော့ကြီးများဖြင့် ရွှီချင်းအား ကြည့်၏။

ထိုအခိုက်တွင် သူမသည် အခန်းအပြင်သို့ ထွက်ခါစကကဲ့သို့ ရင့်ကျက်တည်ငြိမ်သော အမျိုးသမီးတစ်ဦးအသွင်မှနေ၍ ငယ်ရွယ်နုပျိုသော မိန်းကလေးငယ်တစ်ဦးအလား၊ အသက်အရွယ်၏ ရိုက်ခတ်မှုသည် သူမအား မထိမတို့နိုင်သည့်အလား ပြိုင်စံရှားအောင် လှပနေချေ၏။

ရွှီချင်းသည် ထိုသို့သော အသွင်ပြောင်းမှုအား ကြိမ်ဖန်များစွာ တွေ့ကြုံဖူးသည့်တိုင် ထိုဆွဲငင်မှုအား တောင့်ခံနိုင်ခြင်း မရှိပါ။ ခြေမှသည် ခေါင်းအထိ နတ်မိမယ်ကျစ်ရွှမ်သည် တားဆီးမရနိုင်သော ညို့ငင်မှုများ ထုတ်လွှတ်နေသည်ဟု ရွှီချင်း ဝန်ခံရပါသည်။

ထိုဆွဲငင်အားသည် သူ့အား အနည်းငယ်မျှသော ရွံရှာမှုကိုပင် မဖြစ်စေနိုင်ပါ။ တစ်ဘက်လူ၏ လုပ်ဆောင်ခြင်းများအားလုံးသည် သူ့အပေါ် ကောင်းမွန်သော အမြင်ဖြစ်ပေါ်စေသည်။

ထို့ကြောင့် ရွှီချင်းက အတတ်ဆုံးကြိုးစား၍ စိတ်တည်ငြိမ်အောင်လုပ်ကာ အကျိုင်းထောင်ဌာန၌ ခုန်ရှင်းလုံနှင့် သိကျွမ်းခြင်း၊ ကျိုးကြောင်းဆီလျော်ခြင်းမရှိသော ရုံးတော်သခင်ကြီးတို့ အပါအဝင် သူကြုံတွေ့ရသည်များအား စီကာပတ်ကုံး ပြောပြသည်။

အားလုံးမှာ အတိုချုံးမျှသာ ဖြစ်သည်။ သို့သော်လည်း ရွှီချင်းဖြစ်စေ၊ ကျစ်ရွှမ်ဖြစ်စေ သူတို့နှင့် မလှမ်းမကမ်း၌ ကောင်လေးတစ်ယောက် ဆောင့်ကြောင့်ထိုင်ကာ သူတို့အား စိတ်ဝင်တစား ကြည့်နေသည်ကိုတော့ သတိမထားမိကြပါ။

ကောင်လေး၏ မျက်နှာတွင် နားမလည်မှုများဖြင့် ပြည့်နေသည်။ သူက ကျစ်ရွှမ်အား အသေအချာကြည့်ကာ သူမထံ၌ မကောင်းသော အကြံအစည်များ ရှိနေသလားဟူ၍ ဝေခွဲနေဟန်ရသည်။

တစ်ဘက်လူထံမှ မည်သည့်အကြံဆိုးတစ်ခုတစ်လေမှ မခံစားရသော်လည်း သူက သူမသည် အနည်းငယ် ပိုင်စိုးပိုင်နိုင်းသဘာဝရှိသည်ဟု ခံစားမိသဖြင့် အနီးသို့ ချဉ်းကပ်ရဲခြင်းတော့ မရှိချေ။

၎င်းက သူ့အား အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေသည်။ သို့သော်လည်း သူက ရိုးရိုးတန်းတန်းပင် ထိုင်ချကာ သူတို့အား လျစ်လျူရှုထားလိုက်သည်။

ကျစ်ရွှမ်သည်ကား ရွှီချင်း၏ ပြောစကားများကို အာရုံစိုက်နားထောင်နေသည်။ လသည် ကောင်းကင်ယံ၌ ထွန်းလင်းသော အချိန်အခါတစ်ခု၌ ရွှီချင်းက သူ၏တာဝန်နှင့်ပတ်သက်၍ ပြောဆိုခြင်း ပြီးစီးသွား၏။ ကျစ်ရွှမ်က သိမ်မွေ့စွာဖြင့် ပြောသည်။

“မင်းက ဓားကိုတာဝန်နဲ့ပတ်သက်ပြီးတော့ နည်းနည်း ဝေခွဲမရဖြစ်နေတယ်လို့ ငါ ပြောနိုင်တယ်”

ရွှီချင်းက ကျစ်ရွှမ်အား ကြည့်သည်။

“ဒီလို အဖွဲ့အစည်းမျိုးကို လက်ခံဖို့ဆိုတာ မင်းအတွက် အရမ်းခက်ခဲပြီးတော့ ဒီလို ဆင်တူတဲ့ အတွေ့အကြုံမျိုးလည်း မရှိဖူးသေးဘူး။ ဒါကြောင့် မင်းမှာ သံသယစိတ်တွေ ရှိနေတယ်။ မင်းရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်တဲ့သတိစိတ်ကြောင့်ပဲ မင်းက ဒါနဲ့ ဝေးဝေးမှာ နေချင်ပြီးတော့ မင်းက အနှောင်အဖွဲ့တွေကို မလိုချင်ဘူး ဖြစ်နေတယ်။”

All Chapters