ယောင်ယွင်ဟွေ့… သူ့ကောင်းကွက်တွေ တွေးစမ်းပါ
Vol. 36 Ch. 542
မိုးကုတ်စက်ဝန်းမှ နေမင်းကြီး ထွက်ပေါ်လာသောအခါ ၎င်း၏ရောင်ခြည်များသည် မြေပြင်ပေါ်သို့ စတင်ဖြန့်ကျက်၏။ ၎င်းတို့ ထိတွေ့သောနေရာတိုင်းတွင် အမှောင်ထုများ ပျယ်လွင့်ကာ အလင်းများ အရပ်မျက်နှာမျိုးစုံသို့ ဖြန့်ကျက်ကြ၏။
ဒေသငယ်မြို့တော်၏လမ်းများသည်လည်း ထုံးစံအတိုင်း လှုပ်ရှားသက်ဝင်လာ၏။
ရွှီချင်းသည် သူ၏ ပဥ္မမြောက်နတ်နန်းတော်ကို အာရုံခံရင်း ရုံးတော်သို့ ဦးတည်သွားနေသည်။
အင်ပါယာကျင့်ကြံခြင်းအတတ်၏ ဆေးမင်ကြောင်သည် ထိုနေရာတွင် ရှိနေသေးကာ သူ့တိုက်ခိုက်ရေးစွမ်းပကားတိုးမြှင့်နိုင်စွမ်းတို့မှာလည်း ပျောက်ကွယ်မသွားကြပါ။ အကြောင်းကား ရွှေကျီးကန်းအသက်ဓာတ်သန့်စင်ခြင်းအတတ်သည် သူ၏ပဥ္စမနတ်နန်းတော်နှင့် ပေါင်းစပ်သွားသောကြောင့် ဖြစ်သည်။
အင်ပါယာကျင့်ကြံခြင်းအတတ်သည် နန်းတော်တစ်ခု၏စွမ်းပကားကို ပိုင်ဆိုင်နေဆဲ ဖြစ်သည်။
သို့သော်လည်း ၎င်း၏ စွမ်းပကားသည် ပိုမိုကောင်းမွန်လာကာ ပဥ္စမမြောက်နတ်နန်းတော်မှာလည်း ထိုနည်းတူ ဖြစ်သည်။
ဆိုလိုသည်က သူသည် နတ်နန်းတော်ငါးခုကို ပိုင်ဆိုင်သောသူတစ်ဦးနှင့် ရင်ဆိုင်ရပါက၊ အကယ်၍ နှစ်ယောက်လုံးသည် မည်သည့်ကျင့်ကြံခြင်းအတတ်၊ မှော်ရတနာအစိတ်အပိုင်းတို့မပါဘဲ နှိုင်းယှဉ်ပါလျှင် မျိုးနွယ်အသီးသီးက အထူးချွန်ဆုံးသောပုဂ္ဂိုလ်များသည်ပင် သူ့ကို နှာတစ်ဖျားမျှ အသာစီးယူနိုင်မည် မဟုတ်ပေ။
အကယ်၍ သူတို့ထက် နိမ့်ကျသော လူများဆိုပါက ရွှီချင်းသည် သူတို့အား အပြတ်အသတ် သာလွန်နိုင်ပေသည်။
အကြောင်းကား သူ၏နတ်နန်းတော်တစ်ခုစီတိုင်းသည် လောကတခွင်လုံးအား တုန်ဟီးစေနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် တစ်လောကလုံး၌ ပြိုင်စံရှားမည်ဟု မဆိုလိုသည့်တိုင် ၎င်းထက် လျော့နည်းခြင်းတော့ မရှိပါ။
သက်စောင့်မီးအိမ်နှစ်ခုမှ ဖွဲ့တည်လာသော နတ်နန်းတော်များ၊ တားမြစ်အဆိပ်ဆေးလုံးမှ ဖြစ်တည်လာသော နတ်နန်းတော်၊ ခရမ်းလနတ်နန်းတော်၊ ရွှေကျီးကန်းနဂါးရထားလုံးနတ်နန်းတော်…။
၎င်းတို့သည် ဤနေရာသို့ လျှောက်လှမ်းလာသော ခရီးလမ်း၌ ရွှီချင်း ဆောက်တည်ထားသော အုတ်မြစ်လည်း ဖြစ်သည်။
၎င်းတို့တစ်ခုစီတိုင်းအတွက် ရွှီချင်းသည် အသက်စွန့်ခဲ့ရသည်။
လူတစ်ဦးတစ်ယောက်၏ ခွန်အားသည် ရုတ်တရက်ထိုးတက်သွားခြင်းမှာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်သည်။ ပုံမှန်အားဖြင့် ခွန်အားဟူသည် တဖြည်းဖြည်းစုဆောင်းရခြင်း ဖြစ်သည်။
ရွှီချင်းကား ထိုသို့ ဖြစ်သည်။
ထို့ကြောင့် သူသည် အဆင့်ကျော်ကာ တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။
ထိုအခိုက်တွင် ရွှီချင်းသည် စိတ်ခံစားချက်များ ကောင်းနေသည်။ သူ မနက်စာဆိုင်တစ်ခုအား ဖြတ်သွားသောအခါ ရင်းနှီးသောရနံ့တစ်ခုသည် ချီယွဲ့ထုံ၌ သူစားနေကျ အသားကင်ချောင်းများအား သတိရစေ၏။
“ငါ ဘယ်တော့ ပြန်ဖြစ်မလဲ မသိဘူး”
ရွှီချင်း စိတ်တွင်းမှ ပြန်လည်မှန်းဆသတိရမိရင်းဖြင့်ပင် ယင်ဟွမ်ပြည်နယ်ထံသို့ လှမ်းကြည့်လိုက်သည်။ သူက သတ္တမသခင်ကြီးနှင့် ဘိုးဘေးရွှီလျန့်ကျစ်တို့အပြင် ချီယွဲ့ထုံမှ မနက်စာဆိုင်ကိုလည်း သတိရသည်။
ရွှီချင်း အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ကာ သူ့ရှေ့က မနက်စာဆိုင်ထဲသို့ ဝင်လိုက်သည်။ သူ နေရာတစ်ခုတွင် ထိုင်ကာ မနက်စာတစ်ပွဲမှာလိုက်၏။ မနက်စာ စားသောက်ပြီးသောအခါ သူ့မျက်နှာတွင် စိတ်ကြေနပ်သော အမူအရာတစ်ခု ဖြစ်လာသည်။ အရသာမှာ သူ့မှတ်ဉာဏ်ထဲကကဲ့သို့ မကောင်းသော်လည်း အဆင်ပြေပေသည်။
ရွှီချင်း မနက်စာစားနေသောအချိန်၌ ကောင်လေးသည် သိပ်မဝေးသောနေရာမှနေ၍ ရွှီချင်းအား စိတ်အားထက်သန်စွာ ကြည့်နေသည်။
သူသည် အတော်လေးပျင်းရိနေသော်လည်း ပတ်ဝန်းကျင်နှင့် လှုပ်ရှားသက်ဝင်နေသော လမ်းထဲကို ဟိုဟိုဒီဒီ ကြည့်နေ၏။ သူက ထိုသို့ကြည့်နေရင်း တစ်နေရာသို့ ရောက်သွားလျှင် ရုတ်တရက် ရပ်သွားကာ သိပ်မဝေးသောနေရာ၌ ရှိနေသော နှစ်ထပ်ဆောင်ထံသို့ ရောက်သွားသည်။
ထိုအဆောက်အဦ၏ ပြင်တင်းပေါက်အနီးတွင် ရွှီချင်းအား အငြိုးတကြီးကြည့်နေသော ပုံရိပ်သဏ္ဍာန်တစ်ခု ရှိပေသည်။
ကောင်လေးသည် စိတ်ဝင်စားသွားကာ မူလနေရာမှ ပျောက်ကွယ်သွား၏။
သူ ပြန်ပေါ်လာသောအခါ ထိုအဆောက်အဦထဲသို့ ရောက်သွားပြီးဖြစ်သည်။ သူက အလွန်တရာလှပကာ လူငယ်တစ်ဦးအလား ပျိုမြစ်သော အမျိုးသမီးတစ်ဦးအား တွေ့သည်။
“အမှိုက်… ရွှီချင်းက အမိန့်တော်တံဆိပ်ပြားကို ရတဲ့အပြင် အခု အကျိုင်းထောင်ဌာနရဲ့ နယ်ရုပ်လည်း ဖြစ်သွားပြီ။ မင်းကတော့ စာရွက်စာတန်းတွေ ပြင်ဆင်တဲ့ရာထူးမှာ…”
“ပြီးတော့ မင်းက ဒါကို လက်ခံနေတဲ့ပုံပဲ။ ယင်ဟွမ်ပြည်နယ်က နံပါတ် ၁ ပါရမီရှင်ဆိုတဲ့ မင်းဂုဏ်သိက္ခာ၊ မင်းမာနတွေ ဘယ်မှာလဲ။ မင်းက ဘာလို့ မင်းဆရာဘိုးဘိုးကိုပဲ သွားမရှာလိုက်တာလဲ။”
ကြိမ်းမောင်းခံနေရသူမှာ ကျန်းစစ်ယွင် ဖြစ်ပေသည်။
ကောင်လေး ကြည့်နေသော အမျိုးသမီးမှာကား ကျန်းစစ်ယွင်၏မိခင် ယောင်ယွင်ဟွေ့ ဖြစ်ပေသည်။
သူမကိုယ်တိုင်က ဓားကိုင်ရုံးတော်သို့ သွားရန် အဆင်မပြေသလို အသံလွှင့်ပေလွှာဖြင့် လှမ်းပြော၍ အဆင်မပြေသည့် အကြောင်းအရာများလည်း ရှိရာ၊ သူမက ကျန်းစစ်ယွင်ကို တွေ့လိုသော ကျန်းစစ်ယွင်၏ဆရာဘိုးဘိုးအား သည်နေရာသို့ အချိန်းအချက်လုပ်ခဲ့သည်။ သို့သော်လည်း လမ်းတွင် သူမသည် သူမမိသားစုထံမှ ဓားကိုင်ရုံးတော်သခင်ကြီး၏ သတိပေးချက်နှင့်ပတ်သက်၍ အသံလွှင့်ပြောကြားတစ်ခုကိုလည်း ရရှိသည်။
သူမ၏မိသားစုက ဓားကိုင်ရုံးတော်ကို ရန်မစရန်လည်း အလေးအနက်ထား သတိပေး၏။
ထိုအဖြစ်က ယောင်ယွင်ဟွေ့အား အတော်လေး စိတ်မသက်မသာ ဖြစ်စေသည်။ ယခု ရွှီချင်းအား မြင်လိုက်ရရာ သူ့အား မုန်းတီးမှုမှာ ပို၍ တိုးပွားလာသည်။ ထို့ကြောင့် သူမ၏သားကို ကြည့်ရင်းဖြင့် သူမ၏စိတ်နှလုံးထဲ၌ ဒေါသများ ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။
ကျန်းစစ်ယွင်မှာကား ခေါင်းငုံ့ထားရင်းက ရွှီချင်းကို ပို၍ ဒေါသထွက်လာမိသည်။ သူ့မိခင်က သူ့အား ရွှီချင်းနှင့် နှိုင်းယှဉ်လိုက်တိုင်း သူ့စိတ်နှလုံးမှ အငြိုးအတေးတို့မှာ ပို၍ အားကောင်းလာသည်။
အမှန်တကယ်အားဖြင့် သူသည် သူ့ဆရာဘိုးဘိုးကို သွားရှာထားပြီး ဖြစ်သည်။ သို့သော်လည်း မည်သည့်အကြောင်းအရင်းကြောင့်မှန်းမသိပါ၊ သူ့မိခင်၏ဒေါသမျက်နှာနှင့် ရင်ဆိုင်လိုက်ရသောအခါ ထိုကိစ္စအား ထုတ်ဖော်ပြောရဲခြင်း မရှိတော့ဘဲ ငြိမ်သက်စွာ နေနေရတော့သည်။
အမှန်တကယ်အားဖြင့် သူသည် စာရွက်စာတန်းများ ပြင်ဆင်စီစစ်ရသည့်အလုပ်မှာ သိပ်မဆိုးလှဟု တွေးသည်။ အနည်းဆုံး သူသည် ယခင်လအတွင်း တခြားလူများ မှားယွင်းစွာ မှတ်တမ်းတင်ထားသည့်နေရာများအား ရှာဖွေတွေ့ရှိသောကြောင့် ဌာန၏ချီးကျူးမှုများကိုပင် ရရှိသည်။
သို့သော်လည်း သူက ထုတ်ပြော၍ မဖြစ်မှန်း နားလည်သည်။
‘ယင်ဟွမ်ပြည်နယ်မှာဆို ပိုကောင်းတာပဲ’
ကျန်းစစ်ယွင် တိတ်တခိုး သက်ပြင်းချသည်။
သူမက ကြိမ်းမောင်းရင်း ယောင်ယွမ်ဟွေ့သည် ရုတ်တရက် အသံပို့ကျောက်စိမ်းပေလွှာအား ထုတ်ယူလိုက်သည်။ မကြာမီ သူမက ကျောက်စိမ်းပေလွှာအား သုန်မှုန်စွာဖြင့် ကြိတ်ချေလိုကသည်။
“မင်း အလုပ်သွားရတော့မှာလား။ ငါတို့ ပြီးခဲ့တဲ့ရက်တွေတုန်းက သေချာပေါက် အချိန်းအချက်လုပ်ခဲ့တာပဲ။ အခု မင်းက အကြောင်းပြချက်တွေ ပေးနေပြီ။ ဒါက ဓားကိုင်ရုံးတော်သခင် ထုတ်ပြန်လိုက်တဲ့ အမိန့်တော်ကို ကြားသိလိုက်ရလို့လား။”
“မင်းတို့ ထိုက်စီရှန်းမုန်ဂိုဏ်းက လူတွေက ဉာဏ်နည်းမိုက်မဲလွန်းကြတယ်”
ယောင်ယွင်ဟွေ့၏အမူအရာကား လွန်စွာ ရုပ်ဆိုးအကျည်းတန်သွားကာ ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
ကျန်းစစ်ယွင် သက်ပြင်းကျိတ်ချကာ တီးတိုးဆိုသည်။
“အမေ…”
“ထွက်သွား…”
ယောင်ယွင်ဟွေ့ တင်းမာစွာ ပြောသည်။
ကျန်းစစ်ယွင် ငြိမ်ကျသွားသည်။ အတန်ကြာမှ သူသည် ထရပ်ကာ သူ့မိခင်အား ဦးညွှတ်လျှက် ထွက်သွားသည်။ သူ့အမူအရာမှာ လွန်စွာ အထီးကျန်ဆန်ကာ ရွှီချင်းကိုလည်း ပို၍ မုန်းတီးလာသည်။
သူသည် လမ်းပေါ်တွင် လမ်းလျှောက်နေရင်း ခေါင်းထဲမှ မိုက်ခနဲ မူးဝေသွားကာ ခန္ဓာကိုယ်မှာလည်း ယိမ်းယိုင်သွား၏။ သူသည် ဘေးက နံရံတစ်ခုတွင် မှီလိုက်ကာ မိမိကိုယ်ကို ဟန်ချက်ပြန်ထိန်းလိုက်ရ၏။
သူ့မျက်လုံးများထဲတွင် အနီရောင်လ၏ပုံရိပ်တစ်ခု ဖျတ်ခနဲလက်သွားကာ ချက်ချင်း ပျောက်ကွယ်သွားသည်။
သူ ပြန်လည်သက်သာလာရန် အတော်လေး အချိန်ယူလိုက်ရသည်။
“ကျင့်ကြံခြင်းနည်းစနစ်နဲ့ပတ်သက်ပြီး ပြဿနာရှိနေတာလား။ ဒီတစ်ခေါက်မူးတာနဲ့ဆိုရင် ခုနစ်ကြိမ်မြောက်ပဲ။”
ကျန်းစစ်ယွင်၏အမူအရာ အရုပ်ဆိုးအကျည်းတန်သွားသည်။ သူက ခဏတာမျှ တွေးတောပြီးနောက်တွင် ဆက်လက်၍ ထွက်ခွာသွားသည်။
အဆောက်အဦထဲတွင် ကောင်လေးသည် ထွက်ခွာသွားသော ကျန်းစစ်ယွင်ကို ဂရုမစိုက်ပါ။
သူသည် ယောင်ယွင်ဟွေ့ဘေးတွင် ရပ်ကာ သူ့အာရုံမှာ တစ်ဘက်လူထံ၌ ရှိနေသည်။ သူက စိတ်ဝင်တစားဖြင့် သူမအား ကြည့်ကာ သူမ၏ ရွှီချင်းအပေါ် အမုန်းတရားအား အသေအချာခွဲခြမ်းစိတ်ဖြာနေသည့်အလား တွေးဆဟန်များ ပေါ်လာသည်။
ယောင်ယွင်ဟွေ့သည် ထိုနေရာတွင် ထိုင်နေရင်း ရုတ်တရက်အားဖြင့် သူမျက်နှာမှ ဒေါသအငွေ့အသက်များအားလုံး ပျောက်ကွယ်သွားသည်။ သူမက ကြာပန်းစေ့ဟင်းရည်ကို ကောက်ယူကာ တစ်ကျိုက်သောက်လိုက်သည်။
ခုနက ဒေါသထွက်နေသောသူသည် သူမ, မဟုတ်သည့်အလား သူမ၏လှုပ်ရှားဟန်များမှာ အလွန်သိမ်မွေ့ညင်သာနေ၏။
“ယွင်အာ… အမေ့ရဲ့ ကြမ်းတမ်းခက်ထန်မှုတွေက မင်းရဲ့စိတ်ကို ပိုပြီး တက်ကြွရဲရင့်စေချင်လို့ပါ။ မင်းက ပါရမီရှင်တစ်ယောက်ဖြစ်ဖို့ ငါမျှော်လင့်တယ်။ အရင်တုန်းက မင်းအဖေဟာ လုံလောက်အောင် မရဲရင့်ခဲ့တော့ ငါ့စေတနာကို နားမလည်ခဲ့ဘူး”
ယောင်ယွင်ဟွေ့က တီးတိုးရေရွက်သည်တွင် သူမ၏မျက်လုံးများထဲ၌ အေးစက်စက်အလင်းတစ်ချက် လက်သွားသည်။
“ရွှီချင်း… မင်းက ယွင်အာရဲ့ ကံကောင်းမှုတွေကို လုယက်ပြီးတော့ သူ့အနာဂတ်ကို ဖျက်ဆီးခဲ့တယ်။ ဒေသငယ်မြို့တော်မှာတော့ မင်းကို ထိလို့မရဘူးဆိုပေမဲ့ မင်း ဒေသငယ်မြို့တော်ကနေ ထွက်သွားတာနဲ့ မင်းကို အကွက်ဆင်ဖို့ ငါ့မှာ နည်းလမ်းပေါင်းစုံရှိတယ်။ ငါ ယွီအာကို, မင်းရဲ့ ကျဆုံးမှုတွေကို ခဏခဏတွေ့မြင်စေပြီးတော့ သူ့ယုံကြည်ချက်ကို ပြန်တည်ဆောက်ပေးရမယ်။”
သူ့ရှေ့မှ အမျိုးသမီး၏အတွေးများကို ခံစားမိသည်တွင် ကောင်လေး၏မျက်နှာတွင် စိတ်ရှုပ်ဟန်များဖြစ်လာသည်။
သူက ရွှီချင်းအား ကာကွယ်ပေးမည်ဟု မိန်းကလေးငယ်အား ကတိပေးခဲ့သည်။
သို့သော်လည်း သူက မသတ်ဖြတ်နိုင်ပေ။ ထိုကိစ္စအား တွေးတောလိုက်ပြီးနောက် သူက ယောင်ယွင်ဟွေ့အား လေဖြင့် မှုတ်ထုတ်လိုက်သည်။
လေညင်းသည် ယောင်ယွင်ဟွေ့၏ပါးပြင်ပေါ်သို့ ရိုက်ခတ်သွား၏။
ဇွန်းကို ကိုင်ထားသော ယောင်ယွင်ဟွေ့သည် ခေတ္တာမျှ ရပ်တန့်သွားသည်။ အကြောင်းအရင်းတစ်ချို့ကြောင့် သူမ၏အတွေးများ ပြောင်းလဲသွားရသည်။ သူမ၏ခေါင်းထဲတွင် အတွေးတစ်ခုက ပြန့်နှံ့သွားကာ သူမ၏စိတ်အား တခြားလူများ၏ကောင်းကွက်ကို ပိုမိုတွေးတောရန် စေခိုင်းနေသည့်အလား…။
“ဒီရွှီချင်းက အရမ်းကြီး စိတ်တိုစရာတော့မဟုတ်ဘူးပဲ။”