မုဆိုးလား.. သားကောင်လား
Vol. 20 Ch. 286
အခန်း ၂၈၆ - မုဆိုးလား.. သားကောင်လား
အဇူရာနှင်းမြူလွှာဆေးတိုက်မှ သူတို့ထွက်လာကြသောအခါ ညနေစောင်းနေလေပြီ.. လမ်းပေါ်မှာ လူအနည်းအကျဉ်းသာ ရှိတော့၏။
သူတို့မောင်နှမနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် မတွေ့ရသည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်တာကြောင့် ပြောစရာစကားများစွာ ရှိနေကြလေသည်။
“စီနီယာအစ်မယန်ပြောတာတော့ ဆရာမိုလိုလူမျိုးပဲ နန်းတော်ထဲကနေ ဘေးမသီရန်မခ ပြန်ထွက်လာနိုင်လိမ့်မယ်တဲ့.. ဟီးဟီး.. ကြည့်ရတာတော့ ငါ့အစ်ကိုကလဲ အဲ့လိုလူမျိုးပဲထင်တယ်”
“သူပြောတာ မမှားပါဘူး”
“အမ်”
“ဘာလို့ဆို ဆရာမိုဆိုတာ ငါပဲလေ”
“မယုံပါဘူး”
ဆူဇီမိုသည် ပြုံးရုံသာပြုံး၍ ဆက်ရှင်းပြမနေတော့ဘဲ.. ရှောင်းနင်ကို မိုစိတ်ဝိညာဉ်ပန်းပဲရုံဆီသို့ ခေါ်လာခဲ့၏။
သိပ်မကြာမီ သူတို့နှစ်ယောက်သည် မိုစိတ်ဝိညာဉ်ပန်းပဲရုံ၏ ဝင်ပေါက်ဝရှေ့သို့ ရောက်လာခဲ့၏။
ဆူရှောင်းနင်၏ အူကြောင်ကြောင် အကြည့်အောက်တွင် ဆူဇီမိုသည် မိုစိတ်ဝိညာဉ်ပန်းပဲရုံ၏ တံခါးကို ခေါက်လိုက်၏။
သိပ်မကြာမီ.. အဝါရောင်တွန့်လိမ်နေသောဆံပင်များနှင့် အလွန်တရာ ချစ်စရာကောင်းသော မိန်းကလေးတစ်ယောက်သည် ခေါင်းပြူထွက်လာ၏။ သူမက နန်းကြည်ပင်။
“သခင်လေး”
ဆူဇီမိုကိုမြင်လိုက်ရသောအခါ နန်းကြည်က ရွှင်ပျစွာ နှုတ်ဆက်လိုက်၏။
“အင်း”
ဆူဇီမိုက ခေါင်းညိတ်ပြပြီး ရှောင်းနင်ကို အထဲသို့ တွန်းပို့လိုက်၏။
“သူက ငါ့ညီမလေးပဲ.. နင်တို့တွေ စကားအရင်ပြောနှင့်ကြဦး.. ငါ အပြင်မှာ ဖြေရှင်းရမယ့် ကိစ္စလေး နဲနဲရှိနေသေးတယ်.. သိပ်မကြာဘူး ငါပြန်လာခဲ့မယ်”
“ကောင်းပါပြီရှင့် စိတ်မပူပါနဲ့ရှင့်”
နန်းကြည်က နာခံစွာ ခေါင်းညိတ်လိုက်၏။
ဆူရှောင်းနင်က မိုစိတ်ဝိညာဉ်ပန်းပဲရုံဟူသော ဆိုင်းဘုတ်ကို ပါးစပ်အဟောင်းသားနှင့် ပြူးကြည့်နေမိ၏။ မြို့တော်ထဲမှာ နာမည်ဂုဏ်သတင်း အလွန်ကျော်ကြားနေသော ဆရာမိုဆိုသူနှင့် သူမ၏ အစ်ကိုက တစ်ယောက်တည်းဖြစ်နေလိမ့်မည်ဟု မည်သို့မျှ သူမ ဆက်စပ်လို့ မရချေ။
ဆူဇီမိုက ထွက်သွားပြီး.. နန်းကြည်က ဆူရှောင်းနင်ကို ဆွဲခေါ်လာသောအခါမှသာ သူမသည် တဖြည်းဖြည်း သတိပြန်ဝင်လာ၏။
“ဒါဆို ကျမအစ်ကိုက တစ်ကယ်ပဲ ဆရာမိုပေါ့”
ဆူရှောင်းနင်ကို နန်းကြည်ကိုကြည့်ကာ သတိထားမေးလိုက်၏။
“ဒါပေါ့ အမှန်ပါပဲရှင်”
နန်းကြည်က ဘေးဘက်တစ်နေရာတွင် ပျင်းရိလေးတွဲစွာ လှဲလျောင်းနေသော ခွေးနက်ကြီးကို လက်ညိုးထိုးပြ၍ ပြုံးလိုက်၏။
“သူကတော့ ညဝိညာဉ်တဲ့.. သခင်လေးရဲ့ စိတ်ဝိညာဉ်တောကောင်ပေါ့.. မိုစိတ်ဝိညာဉ်ဆိုတဲ့နာမည်ကလဲ သခင်လေးရဲ့နာမည်နဲ့ ညဝိညာဉ်ရဲ့ နာမည်ကို ပေါင်းထားတာလေး”
ညဝိညာဉ်က ဆူရှောင်းနင်ကို မျက်လုံးတစ်ချက်ဖွင့်ကြည့်ပြီးနောက် လှုပ်ရှားခြင်းမရှိ ပြန်လည်အိပ်သွား၏။
နန်းကြည်က ဟက်ကနဲတစ်ချက်ရယ်လိုက်၏။
“ညဝိညာဉ်ကတော့ အဲ့လိုပဲ.. သခင်လေးကလွဲရင် သူက ဘယ်သူနဲ့မှ မရင်းနှီးဘူး.. သူ့ပုံစံက ပျင်းတိပျင်းတွဲမို့လို့ သွားပြီးအထင်မသေးလိုက်နဲ့နော်.. သူဒေါသထွက်လာရင် အရမ်းကြောက်ဖို့ကောင်းတာ”
သူတို့နှစ်ယောက်သည် သက်တူရွယ်တူပင် ဖြစ်သောကြောင့် သိပ်မကြာမီ ခင်မင်ရင်းနှီးသွားကြ၏။
. . .
သိုင်ရှုသည် အစိမ်းရောင်ဝတ်ကျင့်ကြံသူနောက်သို့ လိုက်လာပြီးနောက်.. အစိမ်းရောင်ချပ်ဝတ်ကို သာမန်အဝတ်တစ်စုံနှင့် လဲလှယ်၍ လူအုပ်ကြီးနှင့်ရောနှောကိုယ်ယောင်ဖျောက်လိုက်၏။
သူလိုက်နေသောလူက လွန်ခဲ့သည့်နှစ်အနည်းငယ်တုန်းက မြို့ငယ်လေးတစ်မြို့မှာ သူမြင်တွေ့ခဲ့ဖူးသောသူနှင့် အတူတူပဲလားဆိုတာ သူ မသေချာသေးပေ။
ထိုမြို့ငယ်လေးတွင် သူတွေ့ခဲ့ဖူးသောသူကား မော်တယ်တစ်ယောက်သာဖြစ်ပြီး ကျင့်ကြံလို့မရနိုင်ပေ။ သို့သော်လည်း ဤအစိမ်းရောင်ဝတ်ကျင့်ကြံသူကတော့ နောက်ပိုင်း-အခြေတည်အဆင့်သို့ပင် ရောက်နေပေပြီ။
နောက်ပြီး ထိုလူက မြို့တော်ထဲမှာတောင်မဟုတ်..နန်းတော်ထဲထိတောင် ရောက်လာနိုင်ခဲ့သည်ဆိုသည်မှာ သိပ်တော့ အဓိပ္ပါယ်ရှိမနေပေ။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။
သူတို့နှစ်ယောက်ကသာ တစ်ယောက်တည်းဆိုလျှင် ထိုသူ၏ ပြောင်းလဲလာမှုများက အရမ်းလွန်လွန်းလေသည်။
သို့သော်လည်း ဘာကြောင့်ရယ်မသိ.. သိုင်ရှုသည် ထိုလူကို တစ်ချက်ကြည့်လိုက်ရုံနှင့် သူတို့နှစ်ယောက်က အတူတူပဲဟု သူ့နုလုံးသားထဲကနေ သူ့ကို ပြောပြနေ၏။
ထိုလူက ပျော့တိပျော့ဖတ်ပုံနှင့် စာပေသမားလေးဟု ထင်ရသော်လည်း.. ကမ္ဘာပေါ်တွင် သူ့ကိုနင်းခြေနိုင်သည့်အရာ ဘာမျှ မရှိသကဲ့သို့ ခါးကို ဖြောင့်ဖြောင့်မတ်ထား၏။
သိုင်ရှုသည် နောက်က လိုက်လာရင်း ထိုအစိမ်းရောင်ဝတ်ကျင့်ကြံသူက အဇူရာနှင်းမြူလွှာဆေးတိုက်ထဲသို့ ဝင်သွားတာကို တွေ့လိုက်ရ၏။
သိပ်မကြာမီ သူသည် အမျိုးသမီးကျင့်ကြံသူတစ်ယောက်နှင့်အတူ ပြန်ထွက်လာခဲ့၏။
ထိုအမျိုးသမီးကျင့်ကြံသူ၏ မျက်နှာကို မြင်လိုက်ရသောအခါ သိုင်ရှုသည် ဆက်လက်သံသယမရှိတော့ပေ။
ထိုအစိမ်းရောင်ကျင့်ကြံသူက ထိုမြို့ငယ်လေးမှ စာပေသမားလေး ဆူဇီမိုပင် ဖြစ်လေသည်။
သိုင်ရှုသည် ဆူဇီမိုနောက်သို့ ဆက်လက်လိုက်လာခဲ့၏။
သူက ဆူရှောင်းနင်ကို မိုစိတ်ဝိညာဉ်ပန်းပဲရုံသို့ ဝင်ပို့လိုက်သည်ကို မြင်သောအခါ သိုင်ရှုသည် တွေးတော၍ သူ့မျက်လုံးက အရောင်လက်သွား၏။
“ဆူဇီမို.. မိုလင်း...”
ထို့နောက် ဆူဇီမိုသည် မြို့ပြင်သို့ ဆက်လက်ထွက်ခွာသွားလိုက်၏။
ဆူဇီမို၏ ကျောပြင်ကိုကြည့်ပြီး သိုင်ရှု၏ အမူအယာက ပြောင်းလဲသွား၏။ ခဏကြာစဉ်းစားတွက်ဆပြီးနောက် သူ့မျက်လုံးထဲက သတ်ဖြတ်လိုရိပ်က ပျောက်ကွယ်သွားကာ ဆူဇီမိုနောက်သို့ တိတ်တဆိတ်ဆက်လက်လိုက်သွား၏။
သူတို့နှစ်ယောက်သည် မြို့ပြင်သို့ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။
မြို့တော်ထဲမှ ထွက်လာပြီးနောက် ဆူဇီမိုသည် သူ့ဓါးပျံကိုဆင့်ခေါ်ကာ တစ်နေရာသို့ ဦးတည်လိုက်၏။
သိုင်ရှုကလည်း ကပျာကယာ လိုက်ပါသွား၏။
သိပ်မကြာမီ ဆူဇီမိုသည် နက်ရှိုင်းသောတောအုပ်ထဲသို့ ဝင်ရောက်လိုက်၏။
ထို့နောက် သူသည် ဓါးပျံကို ပြန်သိမ်းလိုက်ပြီး တောအုပ်ထဲတွင် အလွန်တရာလျှင်မြန်စွာ ပြေးထွက်သွားလိုက်၏။
ဤနေရာက နက်ရှိုင်းသောတောအုပ်တစ်ခု ဖြစ်သောကြောင့် အပြင်ဘက်မှာလို မြင်ကွင်းက သိပ်ပြီးရှင်းလင်းမနေဘဲ ကွယ်စရာပြုစရာ အရိပ်များက ပေါများလွန်း၏။
သိုင်ရှု၏ ဓါးပျံစီးနင်းသည့်အရှိန်က သိသိသာသာလျော့ကျလာ၏။
ခဏကြာပြီးနောက် ဆူဇီမိုသည် သိုင်ရှု၏ မြင်ကွင်းထဲမှ လုံးဝကွယ်ပျောက်သွားတော့၏။
ဆူဇီမိုကို နောက်ဆုံးမြင်ခဲ့ရသောနေရာသို့ ရောက်လာပြီးနောက်.. သိုင်ရှုသည် ဝန်းကျင်တစ်ခွင်ကို သုန်မှုန်စွာ လှည့်ပတ်ကြည့်လိုက်၏။
ထိုအချိန်၌ ညအမှောင်က ဝင်လာပြီးဖြစ်ပြီး.. တောအုပ်တွင်းရှိ သားရဲများက သူတို့၏ လိုဏ်ဂူထဲမှ ထွက်ကာ လရောင်အောက်တွင် ပေါ်လာကြပြီဖြစ်၏။
တောအုပ်တွင်း၌ အလင်းရောင်က မှိန်နေပြီး.. စိတ်ဝိညာဉ်သားရဲများ၏ ဟိန်းဟောက်သံကို မကြာမကြာ ကြားနေရ၏။ သွေးရနံ့ပါသော လေများက တိုက်ခတ်လာတိုင်း သစ်ရွက်၊ သစ်ကိုင်းများက လှုပ်ခါနေ၏။
မအီမသာခံစားလာရပြီး.. သိုင်ရှုသည် သူ၏ ရွှေရောင်ချပ်ဝတ်ကို ထုတ်လိုက်၏။ အဲ့ဒါကို နေရာတကျ ဝတ်ဆင်ပြီးပြီးချင်းမှာပင် တစ်ခုခုကို သူခံစားမိလိုက်ပြီး ရုတ်တရတ် လှည့်ကြည့်လိုက်၏။
သူနောက်ဘက် မလှမ်းမကမ်းတွင် အစိမ်းရောင်ဝတ်ကျင့်ကြံသူသည် လက်နှစ်ဖက်ကို နောက်ပစ်ထား၏။ သစ်ရွက်သစ်ခက်များကြားမှ ထိုးကျလာသော လရောင်သည် ထိုသူ၏ မျက်နှာပေါ်သို့ ကျရောက်နေ၏။
အစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ အမူအယာက တည်ငြိမ်နေပြီး.. သူ့မျက်လုံးထဲတွင် သရော်လိုရိပ်ကိုပါ မြင်နေရ၏။
“ဆူဇီမို!”
သိုင်ရှုသည် မျက်လုံးကို မှေးကျဉ်း၍ တစ်လုံးချင်း ခေါ်လိုက်၏။
ဆူဇီမိုက ခပ်ရေးရေး ပြုံးပြလိုက်၏။
“မတွေ့ရတာ ကြာခဲ့ပါရော့လား တပ်မှူးသိုင်”
“ဘယ်လောက်မှတောင် မကြာသေးဘူး.. မင်းတော်တော် ပြောင်းလဲသွားခဲ့တာပဲ.. ငါတစ်ကယ်ပဲ အထင်ကြီးမိပါတယ်”
သိုင်ရှု၏ နှုတ်ခမ်းက တွန့်ကွေးသွားပြီး အေးစက်စက် မှတ်ချက်ပြုလိုက်၏။
“အရင်တုန်းကဆို မင်းက မော်တယ်တစ်ယောက်ပေါ့.. အခုတော့လဲ နောက်ပိုင်း-အခြေတည်အဆင့်တောင် ရောက်လာပါရော့လား.. မဆိုးပါဘူးလေ”
ဆူဇီမိုက ဟန်လုပ်ပြုံးပြ၍ ပြန်ဖြေလိုက်၏။
“အဲ့တုန်းက ကျုပ်ကို မသတ်ခဲ့တဲ့အတွက် တပ်မှူးသိုင်ကို ကျေးဇူးတင်ရမှာပဲ”
“ဟမ့်!”
ထိုစကားကို ကြားသောအခါ သိုင်ရှုက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
အဲ့တုန်းကသာ ဆူဇီမိုက အလိုက်တသိနှင့် ကျိယောင်ရွှယ်အနားကနေ မခွာခဲ့လျှင်.. ထိုအချိန်ကတည်းက အဲ့လူက သေနေခဲ့ပေမည်။
ထိုအချိန်တုန်းက သိုင်ရှုက သူ့သတ်ဖြတ်လိုစိတ်ကို ကောင်းကောင်းဖုံးကွယ်ထားခဲ့သော်လည်း ဆူဇီမိုက သူ၏အာရုံခံသတိစိတ်ကြောင့် အဲ့ဒါကို သတိထားမိခဲ့၏။
“တပ်မှူးသိုင်.. ခင်ဗျား ဘာလို့ တစ်လမ်းလုံး ကျုပ်နောက်ကို လိုက်လာခဲ့ရတာလဲ” ဆူဇီမိုက တဲ့တိုး မေးလိုက်၏။
“ဆူဇီမို.. မင်းသာ တစ်ကယ် ပါးရည်နပ်ရည်ရှိမယ်ဆိုရင်.. ဒီမြို့တော်နဲ့ တတိယမင်းသမီးအနားကနေ ဝေးဝေးမှာ နေသင့်တယ်ကွ”
သိုင်ရှုက သတ်တော့ဖြတ်တော့မည့် အမူအယာနှင့် ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အခုတော့ မင်းက နန်းတော်ထဲထိတောင် ဝင်လာခဲ့ပြီဆိုတော့.. မင်းက သေချင်နေပြီလို့ပဲ ငါသတ်မှတ်ရတော့မှာပေါ့”
သိုင်ရှုက သူ့သိုလှောင်အိတ်ထဲကနေ ဓါးပျံတစ်လက်ကို ထုတ်ရင်း ပြောလိုက်၏။
ဆူဇီမိုက ပြုံးပြလိုက်၏။
“ခင်ဗျားက လိမ်နေတာပဲ.. တပ်မှူးသိုင်”
သိုင်ရှုက ဆိတ်ဆိတ်သာ နေလိုက်၏။
ဆူဇီမိုက ဆက်ပြောလိုက်၏။
“ခင်ဗျားက ကျုပ်ကို သတ်ချင်တဲ့ အကြောင်းပြချက်က အဲ့ဒါချည်းပဲ မဟုတ်ပါဘူး.. ကျုပ်က မိုလင်းဆိုတာ ခင်ဗျားခန့်မှန်းမိပြီးပြီမလား.. ခင်ဗျားကျုပ်ကို သတ်လိုက်ရင် ကျုပ်မှာရှိတဲ့ ရတနာတွေကို ယူနိုင်မယ်လေ ဟုတ်တယ်မလား”
“ဟဟား!”
သိုင်ရှုက ကျယ်လောင်စွာ ရယ်လိုက်၏။
“မင်းက တစ်ကယ် ပါးနပ်ပါပေတယ်.. ဒါပေမယ့်လဲ မင်းဒီနေ့ သေရမယ်!”
ဆူဇီမိုက မျက်ခုံးပင့်၍ ပြန်မေးလိုက်၏။
“ကျုပ်နန်းတော်ထဲက ထွက်လာကတည်းက ခင်ဗျားကျုပ်နောက်လိုက်လာတာ သတိထားမိသားပဲ.. ဒါတောင် ကျုပ်က ဘာလို့ မြို့အပြင်ကို ထွက်လာတာလို့ ခင်ဗျားထင်လဲ”
“မင်းက ငါ့ကို အမဲလိုက်ချင်တာလား!”
သိုင်ရှုက ရယ်မောလိုက်၏။
“မင်းက မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိလို့ မြို့အပြင် တောအုပ်ထဲထိ ငါ့ကို မျှားခေါ်ပြီး အမဲလိုက်ချင်တာပေါ့လို့.. ဒါပေမယ့် ငါ့မှာလဲ အဲ့လိုစိတ်ကူးရှိနေတာပဲ”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
“ဟုတ်တော့ ဟုတ်နေပါပြီ”
သိုင်ရှုက အေးစက်စက်လေသံနှင့် ပြောလိုက်၏။
“စကားတွေ အများကြီးပြောနေစရာ မရှိတော့ဘူး.. ပိုတော်တဲ့သူက အနိုင်ရသူပေါ့.. ဒီနှစ်တွေထဲ မင်းလောက်ထိ တိုးတက်လာခဲ့သလဲ ငါ့ကို ပြစမ်းပါဦး”