← Chapters

သတ်ကြပြီ

Vol. 20 Ch. 287

သတ်ကြပြီ

Vol. 20 Ch. 287

အခန်း ၂၈၇ - သတ်ကြပြီ

တစ်ချိန်တည်းမှာပင် သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် သတ်ချင်နေကြ၏။

ထို့အပြင် သူတို့နှစ်ယောက်စလုံးသည် တစ်ဖက်လူကို သတ်ဖြတ်နိုင်စွမ်းရှိသည်ဟု ယုံကြည်မှုရှိနေကြ၏။

ထို့ကြောင့်ပင် ဆူဇီမိုက သိုင်ရှုကို မြို့အပြင်သို့ ခေါ်ထုတ်လာခဲ့ခြင်းဖြစ်၏။

တစ်ချိန်တည်းမှာပင် ဆူဇီမို၏ ရည်ရွယ်ချက်ကို သိရှိသော်လည်း သိုင်ရှုသည် အကြောက်အလန့်မရှိ နောက်ကနေ ထပ်ကြပ်မကွာ လိုက်လာခဲ့၏။

ဘယ်သူကမုဆိုး.. ဘယ်သူကသားကောင် ဖြစ်မလဲဆိုတာကတော့.. ဘယ်သူက ပိုသန်မာလဲဆိုသည့်အချက်က အဆုံးအဖြတ်‌ပေးသွားပေလိမ့်မည်။

သိုင်ရှုက သူ့စိတ်ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်လိုက်သောအခါ သူ့ခန္ဓာကိုယ်မှ အလင်းရောင်တစ်ခုက တောက်ပလာ၏။ စိတ်ဝိညာဉ်မရီးဒါန်တစ်ခုက တဖျတ်ဖျတ်လင်းလက် ထွက်ပေါ်လာ၏။

“မင်းက အခုမှ နောက်ပိုင်း-အခြေတည်အဆင့်ပဲ ရှိသေးတာ.. ငါက မရီးဒါန်ဖွင့်ပြီးသားကျင့်ကြံသူပဲ.. မင်းက ငါ့ကို ဘယ်လိုတိုက်မှာလဲ”

သိုင်ရှုက အေးစက်စွာ ရယ်မော၍ စိတ်ဝိညာဉ်စွမ်းအင်များကို စီးဆင်းလှည့်ပတ်လိုက်သောအခါ.. သူ့လက်ထဲသို့ ဓါးပျံတစ်လက်က ရောက်လာပြီး စိတ်ဝိညာဉ်အင်းကွက်သုံးခုက လင်းလက်တောက်ပလာ၏။

သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်!

ရွှီး!

ဓါးအလင်းတန်းတစ်ခုက လေဟာနယ်ကို ဖြတ်သန်းပြီး ဆူဇီမိုဆီသို့ ဦးတည်သွား၏။

တစ်ချိန်တည်းမှာပင် သိုင်ရှုသည် သူ့အင်္ကျီလက်ကို လှုပ်ခါ၍ လက်ဟန်ချိန်စည်းတစ်ခုကို ထုတ်ဖော်ကာ ရှေ့သို့ လက်ညိုးထိုးလိုက်၏။

“ဂါး!”

နားကွဲမတတ်အော်သံကြီးက ထွက်ပေါ်လာ၏။

လေထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များကနေ စိတ်ဝိညာဉ်သားရဲတစ်ကောင်အဖြစ်သို့ စုဖွဲ့သွား၏။ ကြောက်စရာပုံစံ ထိုသားရဲက အလွန်အကြူးသတ်ဖြတ်လိုစိတ်များနှင့် အပေါ်မော့၍ ဟိန်းဟောက်လိုက်ပြီးနောက် ဆူဇီမိုဆီသို့ ခုန်ဝင်သွား၏။

သိုင်ရှုသည် ဓါးပျံနှင့် စိတ်ဝိညာဉ်တိုက်ကွက် နှစ်ခုစလုံးကို တစ်ပြိုင်တည်း ထုတ်ဖော်လိုက်၏။

ဆူဇီမိုက မပြောင်းမလဲအမူအယာနှင့်ပင် သူ၏ လက်မနှင့် လက်ခလယ်ကို ထိလိုက်ပြီး ထူးဆန်းသော လက်ဟန်ချိတ်စည်းတစ်ခုကို ထုတ်‌ဖော်ကာ ရှေ့သို့ ဖြည်းဖြည်းချင်းတွန်း၍ ဖိချလိုက်၏။

မိစ္ဆာနှိမ်နင်းချိတ်စည်း!

သူသည် အကဲစမ်းတာတွေ ဘာတွေ လုပ်မနေပေ။

သူသိထားသည့် အသန်မာဆုံး စိတ်ဝိညာဉ်တိုက်ကွက်ကို တန်းပြီး ထုတ်ဖော်လိုက်၏။

ဆူဇီမို၏ ဒန်ထျန်ထဲမှ စိတ်ဝိညာဉ်စွမ်းအင်များသည် သူဆင့်ခေါ်ထားသော လက်ဝါးကြီးထဲသို့ အရူးအမူး တိုးဝင်သွားကြ၏။

ဝုန်း!

အလွန်ကြီးမားသည့် ရွှေရောင်လက်ဝါးကြီးသည် ဝုန်းကနဲ မြည်သံကြီးနှင့်အတူ ကောင်းကင်ထက်မှ ကျဆင်းလာပြီး လေထုကို လောင်ကျွမ်းချေမွဖြတ်သန်းကာ.. စိတ်ဝိညာဉ်သားရဲနှင့် ဓါးပျံပေါ်သို့ အလွန်ကြောက်စရာကောင်းသည့်ပုံစံနှင့် ဖိကျလာ၏။

သိုင်ရှု၏ အမူအယာနှင့် ပြောင်းလဲသွား၏။

ထိုရွှေရောင်လက်ဝါးကြီးက စိတ်ဝိညာဉ်စွမ်းအင်များနှင့် စုဖွဲ့ဖန်းတီးထားခြင်းဆိုတာ သူပြောနိုင်၏။ သို့‌သော်လည်း ၎င်းက.. ကမ္ဘာ‌ပေါ်ရှိ မကောင်းဆိုးဝါးများကို နှိမ်နင်းဖျက်ဆီးဖို့အတွက် ကောင်းကင်ဘုံကနေ ကျဆင်းလာသော ဘုရားသခင်၏ လက်ဝါးကြီးလို.. အစစ်အမှန်ဆန်လွန်းလှ၏။

ဗုန်း!

လေထဲတွင် ဟိန်းဟောက်နေသော စိတ်ဝိညာဉ်သားရဲသည် ရွှေရောင်လက်ဝါးကြီးနှင့် ရိုက်ခတ်မိပြီးနောက်.. သူ့ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများက ချက်ချင်းပေါ်လာ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းက လေထဲမှာ ပျက်ပြယ်သွား၏။

သိုင်ရှု၏ အမူအယာက ပြောင်းလဲသွား၏။

ပုံမှန်အားဖြင့်ဆိုလျှင် မရီးဒါန်တစ်ခုအခြေတည်အဆင့်တစ်ယောက်အနေနှင့် သူထုတ်ဖော်လိုက်သော စိတ်ဝိညာဉ်တိုက်ကွက်က နောက်ပိုင်းအခြေတည်အဆင့်တစ်ယောက် ထုတ်ဖော်လိုက်သော စိတ်ဝိညာဉ်တိုက်ကွက်ကို လွယ်လင့်တကူ အနိုင်ယူနိုင်ရပေမည်။

သို့‌သော်လည်း အခုအခြေအနေကတော့ ဆန့်ကျင်ဘက်ဖြစ်နေ၏။

ဖြစ်နိုင်ချေက တစ်မျိုးသာလျှင် ရှိလေသည်။ တစ်ဖက်လူ၏ စိတ်ဝိညာဉ်တိုက်ကွက်က သူ့ထက်အဆများစွာ ပို၍ သန်မာနေသောကြောင့်ပင်။

လေထဲ၌ သိုင်ရှု၏ ဓါးပျံသည် ရွှေရောင်လက်ဝါးကြီးနှင့် ထိတွေ့ပြီး‌နောက် ရှေ့သို့ဆက်လက် မတိုးနိုင်တော့ပေ။

ဓါးက တုန်ယင်လာပြီး စိတ်ဝိညာဉ်စွမ်းအင်များက မတည်မငြိမ်ဖြစ်လာကာ.. ကျိုးပျက်တော့မည့် အရိပ်လက္ခဏာပြလာ၏။

သိုင်ရှုက လှောင်ရယ်၍ သူ့စိတ်ဝိညာဉ်စွမ်းအင်များကို နောက်တစ်ကြိမ်ထပ်မံလှည့်ပတ်စီးဆင်းစေလိုက်၏။

ဝှစ်..

သိုင်ရှု၏ ရွှေရောင်ချပ်ဝတ်ကိုဖြတ်၍ နောက်ထပ် အလင်းတန်းတစ်ခုက လင်းလက်တောက်ပလာ၏။

စိတ်ဝိညာဉ်မရီးဒါန်နှစ်ခု!

ပကတိအခြေတည်အဆင့်တစ်ယောက်က မရီးဒါန်ဘယ်လောက်များများ ဖွင့်လှစ်ထားသလဲဆိုတာ စိတ်ဝိညာဉ်အကဲဖြတ်ခြင်းဖြင့် ကြည့်လို့မရပေ။ ကျင့်ကြံသူက ၎င်းကို ကိုယ်တိုင်ထုတ်ပြမှသာလျှင် သိရှိနိုင်လေသည်။

ယခုအခါမှာတော့.. သိုင်ရှုက စိတ်ဝိညာဉ်မရီးဒါန်နှစ်ခုကို ထုတ်ပြပြီးသွားပေပြီ။

သိုင်ရှုသည် ခွန်အားများ တရိပ်ရိပ်ထိုးတက်၍ လင်းလက်တောက်ပလာသော ဓါးပျံကို ကိုင်တွယ်ထိန်းချုပ်လိုက်၏။ ဓါးပျံက ရွှေရောင်လက်ဝါးကို အမှန်တစ်ကယ်ရပ်တန့်နိုင်သွား၏။

မိစ္ဆာနှိမ်နင်းချိတ်စည်းက မည်မျှပင် သန်မာပါစေ.. ၎င်းမှာလည်း အကန့်အသတ်တစ်ခုတော့ရှိပြီး.. ကျင့်ကြံမှုအဆင့်များအကြား ကွာဟချက်ကို တောက်လျှောက်ကြီးတော့ လိုက်မဖြည့်တင်းနိုင်ပေ။

“ဆူဇီမို.. မင်းမှာရှိသမျှ ဒါအကုန်ပဲဆိုရင်တော့.. ဒီနေ့က မင်းသေဆုံးတဲ့ နှစ်ပတ်လည်နေ့ပဲ!”

အပြင်းအထန်တိုက်ခိုက်နေသည့်ကြားမှ သိုင်ရှုသည် အာရုံခွဲထုတ်၍ စကားအေးဆေး ပြောနိုင်သေးသည်ဆိုသည့်အချက်က သူက ခွန်အားအပြည့်အဝ ထုတ်မသုံးရသေးကြောင်း သက်သေပင် ဖြစ်လေသည်။

ဆူဇီမိုကလည်း တည်ငြိမ်နေပြီး စကားတော့ ပြန်မပြောပေ။

သိုင်ရှုက သူ့ခွန်အားကုန် ထုတ်မသုံးရသေးသလို.. ဆူဇီမိုမှာလည်း နောက်ချန်အစီအစဉ်များ ရှိသေး၏။

“ချိုးဖျက်လိုက်စမ်း!”

ထိုအချိန်မှာပင် သိုင်ရှုသည် ခပ်အုပ်အုပ်တစ်ချက် အော်လိုက်သောအခါ.. သူ့ခန္ဓာကိုယ်မှ နောက်ထပ်အလင်းတန်းတစ်ခုက လင်းလက်တောက်ပလာပြန်၏။

တတိယမြောက် စိတ်ဝိညာဉ်မရီးဒါန်!

မရီးဒါန်သုံးခုမှ စွမ်းအားများက တစ်ချိန်တည်း ပေါက်ကွဲထွက်ပေါ်လာသောအခါ လေထဲရှိ ဓါးပျံကလည်း ပို၍ လင်းလက်တောက်ပလာ၏။

နှစ်ဖက်စလုံးက မျှခြေမှာ လွန်ဆွဲနေကြတုန်းမှာပင် ဗုန်းဆိုသော မြည်သံနှင့်အတူ ဓါးပျံက ရွှေရောင်လက်ဝါးကို ထိုးဖောက်လိုက်၏။ ၎င်းက အရှိန်အဟုန် လျော့ကျခြင်းမရှိဘဲနှင့် ဆူဇီမို၏ ဦးခေါင်းဆီသို့ ပျံသန်းလာ၏။

ရွှေရောင်လက်ဝါးတွင် အက်ကွဲကြောင်းများက ပေါ်လာပြီး ပြိုကျပျက်ဆီးတော့မည့်ဆဲဆဲ ဖြစ်သွား၏။

ဝှီး..

ဓါးအလင်းတန်းက အေးစက်၍ အလွန်တရာ လျှင်မြန်လှ၏။

သို့သော်လည်း ဆူဇီမိုက ပိုတောင်မြန်နေသေး၏။

ဓါးပျံက ရွှေရောင်လက်ဝါးကို ဖောက်ဝင်သွားသည့်အချိန်မှာပင် ဆူဇီမိုသည် လှုပ်ရှားလိုက်ပြီး.. သူရှိနေသောနေရာတွင် နောက်ချန်ပုံရိပ်များက အတန်းလိုက်ကျန်ရစ်ခဲ့၏။

ရွှစ်!

မှုန်ယိုနေသော မြင်းတစ်ကောင်လို ဆူဇီမိုသည် သိုင်ရှုရှေ့သို့ မျက်တစ်မှိတ်အတွင်း ‌ရောက်ချလာ၏။

နတ်မြင်းလျှပ်တစ်ပြက်ပြေးထွက်ခြင်းကို ထုတ်ဖော်ပြီးနောက် သူသည် ရုတ်တရတ် ရှေ့သို့ ခြေလှမ်းကျဲကြီးလှမ်း၍ ကောင်းကင်ထယ်သွားခြေလှမ်းကို ဆက်လက်ထုတ်ဖော်လိုက်၏။

ဗုန်း!

ထိုခြေတစ်လှမ်းနှင့် မြေပြင်က တုန်ခါသွားပြီး ဆူဇီမို၏အော်ရာက တစ်ဟုန်ထိုး မြင့်တက်လာ၏။

သူ့မျက်လုံးက အရူးအမူးသတ်ဖြတ်လိုစိတ်နှင့် ဝင်းလက်သွား၏။ ရုတ်တရတ် သူသည် လက်နှစ်ဖက်ဖြင့် သိုင်ရှု၏ လက်မောင်းများကို ဖမ်းဆွဲလိုက်ပြီး ဒူးကိုကွေး၍ ရှေ့သို့ ပစ်သွင်းလိုက်၏။

နတ်မြင်းဖြိုခွဲခြင်း!

သိုင်ရှု၏ လက်မောင်းများကို ဆူဇီမိုက ဖမ်းချုပ်ထားနိုင်သည်နှင့်အမျှ သူသည် သေချာပေါက် သေရပေလိမ့်မည်။

ဆူဇီမို၏ မုန်တိုင်းထန်သလို ဆက်တိုက်သတ်ဖြတ်ကွက်များနှင့် ရင်ဆိုင်လိုက်ရသောအခါ.. သိုင်ရှု၏ မျက်လုံးထဲသို့ ကြောက်ရွံ့မှုများက တိုးဝင်လာပြီး မကြာမီ ပြန်လည်တည်ငြိမ်သွား၏။

“အား!”

သူသည် ဟိန်းဟောက်အော်ဟစ်လိုက်သောအခါ.. သူ့ခန္ဓာကိုယ်မှ နောက်ထပ်စိတ်ဝိညာဉ်အလင်းတန်းတစ်ခုက လင်းလက်တောက်ပလာပြန်၏။

ဘုန်း!

စတုတ္ထမြောက် စိတ်ဝိညာဉ်မရီးဒါန်က ပေါ်လာခဲ့၏။

ထို့နောက်.. ပဉ္စမမြောက်!.. ဆဋ္ဌမမြောက်!

ချက်ချင်းပင် သိုင်ရှု၏ ခန္ဓာကိုယ်တွင် စိတ်ဝိညာဉ်အင်းကွက်ခြေက်ခုက ပေါ်လာခဲ့၏။

သူ့အော်ရာက ကျယ်ပြန့်လာပြီး သူ့စိတ်ဝိညာဉ်စွမ်းအင်များကလည်း ကြွယ်ဝလာကာ သူသည် မှုန်ယိုသွားသလိုအခြေအနေတစ်ခုသို့ ဝင်ရောက်သွား၏။

မရီးဒါန်ခြောက်ခုအခြေတည်အဆင့်!

မရီးဒါန်ရှစ်ခုအနက် ခြောက်ခုအထိ ဖွင့်လှစ်နိုင်သည့် ကျင့်ကြံသူကား အလွန်ရှားလှ၏။

မရီးဒါန်တစ်ခုဖွင့်ပြီးနောက် နောက်ထပ်တစ်ခု ထပ်ဖွင့်ဖို့က ပို၍ ပို၍ ခက်ခဲလာတတ်၏။

လူတစ်ယောက်သည် ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်၍ ကြီးမားသည့် အခွင့်အလမ်းများ ရရှိလာခြင်းမျိုး မဟုတ်လျှင်.. ထျန်ဟွမ်ပြည်မကြီးအတွင်း၌ မရီးဒါန်ခြောက်ခု ဖွင့်လှစ်ထားနိုင်ခြင်းမှာ လူတစ်ယောက်၏ အဆုံးစွန်သော အကန့်အသတ် ဖြစ်လေသည်။

အစတုန်းကတော့ သိုင်ရှုသည် သူ့ခွန်အားကုန်ကို ထုတ်မသုံးခဲ့ပေ။

အကြောင်းမှာ.. သူ့အမြင်အရ ဆူဇီမိုသည် နောက်ပိုင်း-အခြေတည်အဆင့်တစ်ယောက်သာ ဖြစ်၏။ ထိုသူသည် သူ့ထက် ကျင့်ကြံမှုအဆင့်များစွာ နိမ့်ကျသောကြောင့် သူ့ခွန်အားကုန်ကို ထုတ်သုံးစရာ အကြောင်းမရှိပေ။

တိုက်ပွဲရလဒ်ကို သူသည် ကြိုတင်အဖြေထုတ်ထားပြီးဖြစ်၏။

သို့သော် ယခုအခါမှာ‌တော့ ဆူဇီမိုသည် အံ့မခန်းသတ်ဖြတ်တိုက်ကွက်များကို ဆက်တိုက်ထုတ်ဖော်ပြလိုက်သည့်အခါ.. ဤတိုက်ပွဲသည် မူလက သူတွေးထင်ထားသလို မရိုးရှင်းတော့ကြောင်း သိုင်ရှုတစ်ယောက် နားလည်သဘောပေါက်သွား၏။

သူ၏ မရီးဒါန်ခြောက်ခုစလုံးကို ချက်ချင်း ထုတ်ဖော်လိုက်ရ၏။

“မင်းကတော့ သေချင်နေပြီ!”

သိုင်ရှု၏ မျက်လုံးက ဒေါသမီးတောက်လာပြီး.. သူလက်နှစ်ဖက်ကို ယှက်ဖြာ၍ ကြီးမားသည့် စိတ်ဝိညာဉ်စွမ်းအင်လုံးတစ်လုံးကို ဖန်တီးကာ ဆူဇီမိုကိုပိတ်ဆို့တားဆီးလိုက်၏။

ဤစိတ်ဝိညာဉ်စွမ်းအင်လုံးက သိုင်ရှု၏ စွမ်းအင်အကုန်နီးပါးကို အသုံးပြု၍ ဖန်တီးထားခြင်းဖြစ်‌သောကြောင့် အထင်သွားသေးလို့ မရပေ။

ဆူဇီမိုက မျက်စိကို မှေးကျဉ်းလိုက်၏။

သိုင်ရှုသာ မရီးဒါန်သုံးခု သို့မဟုတ် လေးခု အခြေတည်အဆင့်သာဖြစ်လျှင် ဆူဇီမိုသည် ထိုသူကို သူ၏ ကိုယ်ကာယာခွန်အားသက်သက်နှင့် သတ်ဖြတ်ပစ်ဖို့ ယုံကြည်မှုကောင်းကောင်း ရှိလေသည်။

သို့သော်လည်း မရီးဒါန်ခြောက်ခုအခြေတည်အဆင့်တစ်ယောက်၏ ခွန်အားဆိုသည်က.. ဆူဇီမို၏ ကိုယ်ကာယခွန်အားသက်သက်နှင့် ထိပ်တိုက်ရင်ဆိုင်နိုင်‌‌သော ခွန်အားမျိုး မဟုတ်တော့ပေ။

ထိုအချိန်တွင် ဆူဇီမိုသည် နတ်မြင်းလျှပ်တစ်ပြက်ပြေးထွက်ခြင်းနှင့် ကောင်းကင်ထယ်သွားခြေလှမ်းတို့၏ တွဲလုံးကို ‌ပေါင်းစပ်ထားသော အရှိန်အဟုန်ကြောင့် သူ့လှုပ်ရှားမှုကို ပြောင်းလဲဖို့က နောက်ကျလွန်းသွားလေပြီ။

သူသည် မျိုးဆက်သွေးကို လှည့်ပတ်စီးးဆင်းစေလိုက်၏။

ဝေါ. ဝေါ.. ဝုန်း!

ဆူဇီမို၏ ခန္ဓာကိုယ်ထဲမှ ကြောက်စရာကောင်းသည့် အသံများက ထွက်ပေါ်လာ၏။ အဲ့ဒါက မိုးကြိုးများ တဝုန်းဝုန်းပစ်ချနေသလို.. ဆူနာမီများ တဝေါဝေါတက်လာသလို့ အလွန်ကြောက်စရာကောင်းနေ၏။

All Chapters