ကြောက်စရာကောင်းသော သွေးချီစွမ်းအား
Vol. 20 Ch. 288
အခန်း ၂၈၈ - ကြောက်စရာကောင်းသော သွေးချီစွမ်းအား
ဘုန်း!
ဆူဇီမို၏ ဒူးက သိုင်ရှုဖန်တီးထားသော စိတ်ဝိညာဉ်စွမ်းအင်ကို ပစ်တိုက်ချလိုက်ပြီး ကျယ်လောင်သည့်အသံကြီးက ထွက်ပေါ်လာ၏။
ထိုထိတွေ့မှုကြောင့် ကြီးမားသည့် စွမ်းအင်ရောင်ခြည်အလင်းများက အဘက်ဘက်သို့ ဖြာထွက်သွားပြီး ပတ်ဝန်းကျင်တစ်ခွင်ကို နေ့ဘက်ကဲ့သို့ လင်းထိန်သွားစေ၏။
စွမ်းအင်အလင်းလုံးက ပေါက်ကွဲထွက်သွားပြီး အထဲတွင် ပါဝင်သော ပြင်းထန်သည့် စိတ်ဝိညာဉ်စွမ်းအင်များသည် အကုန်ယိုထွက်ပြန့်ကျဲကုန်၏။
မရီးဒါန်ခြောက်ခုအခြေတည်အဆင့်တစ်ယောက် စုစည်းထားသော စိတ်ဝိညာဉ်စွမ်းအင်များက အလွန်တရာ သိပ်သည်းပြင်းထန်လှသောကြောင့် ထိုပေါက်ကွဲမှုအားနှင့် ဆူဇီမိုသည် လွင့်ကန်ထွက်သွားပြီး လေထဲတွင် ကျွမ်းလေးငါးပတ်လည်ပြီးမှ မြေပေါ်သို့ ပြုတ်ကျသွား၏။
သိုင်ရှုသည်လည်း ဒယီးဒယိုင်နှင့် ခြေသုံးလေးလှမ်းခန့် နောက်ဆုတ်လိုက်ရပြီး သူ့ခြေဖဝါးက ရွှံ့ထဲသို့ နစ်ဝင်သွားပြီးမှ တည်ငြိမ်စွာ ရပ်လိုက်နိုင်၏။
အင်အားချင်းက ညီတူညီမျှပင်။
မည်သည့်ဆန်းပြားသည့်နည်းစနစ်မျှ မပါဝင်ဘဲ ထိပ်တိုက်ရင်ဆိုင်လိုက်ကြခြင်းဖြစ်၏။
မရီးဒါန်ခြောက်ခုအခြေတည်အဆင့်တစ်ယောက်၏ စိတ်ဝိညာဉ်စွမ်းအင်က ဆူဇီမို၏ ထုတ်ဖော်လိုက်သော မျိုးဆက်သွေးစွမ်းအားကို ယှဉ်နိုင်စွမ်းရှိ၏။
လွန်ခဲ့သည် နှစ်လလောက်က ရွှေအမြုတေအဆင့်တစ်ယောက်ကို သတ်ဖြတ်ပြီးကတည်းက ဆူဇီမိုသည် ကောင်းကောင်းသိထား၏။ တစ်ယောက်-တစ်ယောက်ချင်း ထိပ်တိုက်ရင်ဆိုင်ကြမည်ဆိုလျှင် သူရော၊ ညဝိညာဉ်ရောက ရွှေအမြုတေများ၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။
တစ်ဖက်မှာတော့ ဆူဇီမိုသည် သိုင်ရှုကို ဤနေရာသို့ မျှားခေါ်ရခြင်းမှာ ထိုငနဲကို သတ်ဖြတ်ဖို့ ဖြစ်လေသည်။
အခြားတစ်ဖက်မှာတော့.. ဆူဇီမိုသည် သူ၏ သားရဲကျင့်စဉ်ခွန်အားက ဘယ်လောက်ထိ အစွမ်းထက်လာကြောင်း.. သူသည် ဘယ်အဆင့်ထိကျင့်ကြံသူကို ရင်ဆိုင်တိုက်ခိုက်နိုင်ပြီဖြစ်ကြောင်း သိချင်လေသည်။
ဆူဇီမိုသည် သိုင်ရှုကို အစကတည်းက စမ်းသပ်ခံကြွက်တစ်ကောင်လို သဘောထားခဲ့ခြင်း ဖြစ်လေသည်။
စောစောက သူတို့တိုက်ခိုက်မှုများအပြီး၌ ဆူဇီမိုသည် သဘောပေါက်သွား၏။
အင်္ဂါသန့်စင်ခြင်းအပိုင်းတွင် အဆင့်မြင့်ကျွမ်းကျင်မှု ရရှိလာခဲ့ပြီးနောက်.. သူ၏ မျိုးဆက်သွေးကို လှည့်ပတ်ခြင်းဖြင့် ထုတ်ဖော်လိုက်သောခွန်အားက မရီးဒါန်ခြောက်ခုအခြေတည်အဆင့်တစ်ယောက်၏ ခွန်အားနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့ လုံလောက်လေသည်။
သိုင်ရှုသည် ဆေးလုံးတစ်လုံးကို ထုတ်ယူပြီး မျိုချလိုက်၏။ သူသည် ဓါးပျံကို ညာဘက်လက်ဖြင့် ထိန်းချုပ်၍ အနည်းငယ်မောဟိုက်စွာ ဆူဇီမိုကို စိန်းစိန်းဝါးဝါး ကြည့်လိုက်၏။
သိုင်ရှုသည် အပေါ်ယံမှာ တည်ငြိမ်နေဟန် ဆောင်နေသော်လည်း.. သူ့စိတ်ထဲမှာတော့ တုန်လှုပ်နေလေပြီ။
သူ့အမြင်အရ.. ဆူဇီမိုက နောက်ပိုင်း-အခြေတည်အဆင့်တစ်ယောက်မျှသာ ဖြစ်လေသည်။ သူက မရီးဒါန်ခြောက်ခုအခြေတည်အဆင့်တစ်ယောက်အနေနှင့် ဆူဇီမိုကို လွယ်လင့်တကူ သတ်ဖြတ်ပစ်နိုင်ရလေမည်။
သို့သော် ယခုအခါမှာတော့ ဆူဇီမိုက သူထင်သလို ကိုင်တွယ်ဖို့ မလွယ်ကူကြောင်း သိရှိလိုက်ရ၏။
ဆူနာမီသွေးတဲ့လား။
အဲ့ဒါက ဒဏ္ဍာရီတွေထဲမှာ ယုံတမ်းစကားအနေနဲ့ ရှိတာမဟုတ်ဘူးလား.. အဲ့ဒါကို လူတစ်ယောက်က ရရှိအောင် ဘယ်လိုမျိုးတောင် ကျင့်ကြံနိုင်ရတာလဲ။
ရှေးဦးကြမ်းကြုတ်သားရဲများတောင် အဲ့ဒါကို ရရှိအောင် မကျင့်ကြံနိုင်ပေ။
အခုလေးတင် သူမျိုချလိုက်သောဆေးလုံးက သိပ်သည်းသောစိတ်ဝိညာဉ်စွမ်းအင်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ၏ မရီးဒါန်ခြောက်ခုထဲသို့ စီးဝင်သွားပြီး ယခင်က ကုန်ဆုံးသွားခဲ့သော စိတ်ဝိညာဉ်စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးလိုက်၏။
ဝှီး..!
သိုင်ရှုက အရင်ဆုံးလှုပ်ရှား၍ ရှေ့သို့ စေညွှန်လိုက်၏။ သူ့ဓါးပျံက သက်တံတစ်ခုလို အသွင်ပြောင်းသွားပြီး ရှေ့သို့ပျံသန်းသွား၏။
ဆူဇီမို၏ ခန္ဓာကိုယ်က ဖျတ်ကနဲလှုပ်ရှား၍ ဓါးပျံကို ပွတ်ကာသီကာ ရှောင်ရှားလိုက်၏။
ဖတ်! ဖတ်! ဖတ်!
ခြေလှမ်းအနည်းမျှနှင့် ဆူဇီမိုသည် သိုင်ရှုရှေ့သို့ ပြန်ရောက်လာပြီဖြစ်၏။
သိုင်ရှု၏ အမူအယာက မပြောင်းမလဲပင် ရှိနေပြီး.. သူသည် လက်ဟန်ချိတ်စည်းတစ်ခုကို ပြုလုပ်၍ စိတ်ဝိညာဉ်စွမ်းအင်ဓါးတစ်လက်ကို ဖန်တီးကာ လက်ပြန်ကိုင်၍ ဆူဇီမိုဆီသို့ ပြင်းထန်စွာ ထိုးသွင်းလိုက်၏။
တစ်ချိန်တည်းမှာပင် လေထဲမှာရှိနေသော သာလွန်အဆင့်ဓါးပျံက ဦးတည်ဘက်ပြောင်း၍ ဆူဇီမိုနောက်သို့ ရောက်လာပြီဖြစ်၏။
“ဖြိုခွဲစမ်း!”
ကျယ်လောင်စွာ တစ်ချက်အော်ဟစ်လိုက်ရင်း.. ဆူဇီမို၏ သွေးများက ရုန်းကြွလာ၏။ သူသည် လက်နှစ်ဖက်ကို လိုက်ဖက်ညီစွာ လေထဲတွင် စက်ဝိုင်းခြမ်းသဏ္ဌာန်ဆွဲရစ်၍ သူ့လက်ကို ချိတ်စည်းတစ်ခုလိုသုံးပြီး ဝင်ရောက်လာသော စိတ်ဝိညာဉ်စွမ်းအင်ဓါးပေါ်သို့ ဖိချလိုက်၏။
ဝုန်း!
စိတ်ဝိညာဉ်စွမ်းအင်ဓါးပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာ၍ လျှင်မြန်စွာ ပျံ့နှံ့သွားပြီး ဓါးတစ်ခုလုံးကို ဖုံးအုပ်သွား၏။
သိုင်ရှုသည် သိမ့်သိမ့်တုန်လှုပ်ကြောက်ရွံ့သွား၏။
တစ်ချိန်တည်းမှာပင် ဆူဇီမို၏ လက်က လက်ပြန်လှုပ်ရှားသွားပြီး နောက်ကျောဘက်ကနေ ဝင်ရောက်လာသော ဓါးပျံပေါ် ညင်သာစွာတင်ကာ ဆင်နှာမောင်းတစ်ခုလို ရစ်ပတ်လိုက်၏။ သူသည် လှည့်ပင်ကြည့်မနေပေ။
သူက ဓါးပျံကို သူ့လက်ချည်းသက်သက်ဖြင့် ရစ်ပတ်လိုက်၏။
သာလွန်အဆင့်ဓါးပျံပေါ်ရှိ စိတ်ဝိညာဉ်စွမ်းအင်က ချက်ချင်းပျက်ပြယ်သွားပြီး ဓါးပျံက ဆူဇီမို၏ လက်တွင်းသို့ မျက်တစ်မှိတ်အတွင်း ကျရောက်သွား၏။
ရွှစ်!
ဆူဇီမိုက သာလွန်အဆင့်ဓါးပျံကို ဆွဲယူပြီးနောက် ရပ်တန့်ခြင်းမရှိဘဲ.. ထိုအရာနှင့် သိုင်ရှု၏ ဦးခေါင်းကို လှမ်းထိုးလိုက်၏။
“အား!”
သိုင်ရှုက ကြောက်လန့်တကြားအော်ဟစ်၍ သူ့ခြေထောက်နှစ်ဖက်ဆီသို့ ခွန်အားကို စိုက်ထုတ်ကာ ခုန်တက်လိုက်၏။
ချွမ်း!
သာလွန်အဆင့်ဓါးပျံက သိုင်ရှုရင်အုပ်ပေါ်ရှိ ချပ်ဝတ်ပေါ်သို့ ကျရောက်သွား၏။
ရွှေရောင်စိတ်ဝိညာဉ်အင်းကွက်သုံးခုက တောက်ပလာပြီး.. ရွှေရောင်ချပ်ဝတ်ထံမှ သန်မာသော ခုခံစွမ်းအားများက ထွက်ပေါ်လာ၏။
ဓါးပျံက ထိုချပ်ဝတ်ပေါ်သို့ အနည်းငယ် နစ်ဝင်သွားသော်လည်း.. ဖောက်ထွက်ဖို့တော့ ခက်ခဲနေ၏။
ထိုအရာက သာလွန်အဆင့်အကာအကွယ်ချပ်ဝတ်ပင် ဖြစ်လေသည်။
သိုင်ရှုသည် အတော်လေး ထိတ်လန့်သွားပြီး ချွေးအေးများပင် ထွက်လာ၏။
သူတို့သည် တစ်ချီသာ တိုက်ခိုက်ရသေးသော်လည်း.. သူ၏ ရွှေရောင်ချပ်ဝတ်ကြောင့်သာမဟုတ်လျှင် အခုလောက်ဆို သူသေနေလောက်ပေပြီ။
“သတ်!”
သိုင်ရှုသည် ဒေါသတကြီး ဟိန်းဟောက်၍ လက်နှစ်ဖက်ဖြင့် စိတ်ဝိညာဉ်ချိတ်စည်းများကို ထုတ်ဖော်ကာ ဆူဇီမိုဆီသို့ စိတ်ဝိညာဉ်တိုက်ကွက်များနှင့် ပစ်လွှတ်လိုက်၏။
ဘုန်း! ဘုန်း!
ဆူဇီမိုသည် ဝင်ရောက်သော စိတ်ဝိညာဉ်စွမ်းအင်များကို လက်သီးနှစ်ဖက်ဖြင့် တဘုန်းဘုန်း ပစ်ထိုးလိုက်၏။ သူ့ခန္ဓာကိုယ်က အနည်းငယ် ရပ်တန့်သွားရသော်လည်း စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း ပျက်ပြယ်ကုန်၏။
လက်သီးနှင့် စိတ်ဝိညာဉ်စွမ်းအင်များ ထိတွေ့ပွတ်တိုက်ခြင်းမှ ထွက်ပေါ်လာသော ပေါက်ကွဲတွန်းကန်အားကိုသုံးကာ သိုင်ရှုသည် အနောက်သို့ အလောတကြီး ဆုတ်လိုက်၏။ သူသည် ဓါးပျံတစ်လက်ကို ဆွဲထုတ်ကာ ထိုအပေါ်သို့ခုန်တက်၍ မြို့တော်ရှိရာသို့ အပြင်းနှင့်လိုက်၏။
သူသည် ဆူဇီမို၏ ပြိုင်ဘက်မဟုတ်တာကို သဘောပေါက်သွားသည်နှင့် တုံ့ဆိုင်းခြင်းမရှိ ချက်ချင်းပင် ပြန်လှည့်ပြေးဖို့ ဆုံးဖြတ်လိုက်၏။
ဆူဇီမိုကလည်း သိုင်ရှုကို အသက်ရှင်လျက် ပေးသွားလိုက်စရာ အကြောင်းမရှိသောကြောင့် ထိုသူနောက်သို့ ပြေးလိုက်လေ၏။
တောအုပ်ကိုဖြတ်၍ လူနှစ်ယောက်က ပြေးတမ်းလိုက်တမ်းကစားနေကြပြီး.. ငှက်များနှင့် တောကောင်များကို အထိတ်တလန့်ဖြစ်စေကုန်၏။
သိုင်ရှုသည် အံကိုကြိတ်၍ သူ့ဒန်ထျန်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များကို အရူးအမူးလှည့်ပတ်လိုက်သောအခါ ၎င်းက တဒုတ်ဒုတ်မြည်၍ နာကျင်ကိုက်ခဲလာ၏။ စွမ်းအင်ထုတ်သုံးခြင်းက နောက်ဆုံးအကန့်အသတ်နီးပါးသို့ ရောက်နေပေပြီ။
ဆူဇီမိုသာ သူ့ကို မီသွားလျှင် သူက သေချာပေါက်သေရတော့မည်ဖြစ်ကြောင်း သူကောင်းကောင်းသိလေသည်။
သူတို့နှစ်ယောက်၏ ကျင့်ကြံမှုအဆင့်က ကွာဟသောကြောင့် ဓါးပျံစီးနင်းခြင်းတွင် သူက ဆူဇီမိုထက် ပိုမြန်လေသည်။
သူသည် တောအုပ်အပြင်ဘက် ဟင်းလင်းပြင်သို့ ထွက်နိုင်ခဲ့ပါက.. လွတ်လွတ်လပ်လပ် ဓါးပျံစီးနင်းနိုင်မည်ဖြစ်ပြီး.. ဆူဇီမိုက မည်သို့မျှ သူ့ကိုလိုက်မီနိုင်တော့မည် မဟုတ်ပေ။
ဆူဇီမိုကလည်း သူ့မျိုးဆက်သွေးကို မဆုတ်မနစ်လှည့်ပတ်၍ တောအုပ်ကို ဖြတ်သန်းပြေးလွှားနေ၏။ သူသည်လည်းပဲ အကန့်အသတ်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ပြီး သိုင်ရှုနှင့် နီးကပ်လာနေ၏။
ဆူဇီမိုက သိုင်ရှု၏ နောက်ကျောကို တည်ငြိမ်စွာ ကြည့်လိုက်၏။
တောအုပ်၏ အစပ်ကို ရောက်ဖို့က သိပ်မလိုတော့ပေ။
တောအုပ်အပြင်ဘက်သို့ မထွက်နိုင်ခင်.. သိုင်ရှုကို သူသတ်ဖို့ လုပ်ရပေမည်။
ဆူဇီမို၏ မျက်လုံးထဲတွင် သားရဲဆန်ဆန်အလင်းများက တဖျတ်ဖျတ်လက်လာပြီး.. သူသည် ခေါင်းကိုနောက်လှန်၍ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။ သူ့ခန္ဓာကိုယ်ထဲမှ အလွန်တရာကြောက်စရာကောင်းသည့် အော်ရာတစ်မျိုးက ထွက်ပေါ်လာပြီး တောအုပ်ထဲသို့ စိမ့်ဝင်ပျံ့နှံ့သွား၏။ ထိုအော်ရာက တောကောင်များအားလုံးကို ဦးညွှတ်သွားစေလေသည်။
အဲ့ဒါက မျိုးဆက်သွေးစွမ်းအားထက်ပင် ပို၍ ကြောက်စရာကောင်းသော.. .. သွေးချီစွမ်းအားပင် ဖြစ်လေသည်။
ဆူဇီမို၏ ခန္ဓာကိုယ်မှ သွေးနီရောင်မြူလွှာတစ်ခုက ထွက်ပေါ်လာပြီး သူ့ကိုပင် တစ်စိတ်တစ်ပိုင်းသာ မြင်ရတော့၏။ သူ့မျက်လုံးများက မင်ကဲ့သို့ နက်မှောင်လာပြီး သူသည် မလှမ်းမကမ်းရှိ သားကောင်ကို အမီလိုက်ဖို့အတွက် အမှောင်ထုကိုဖြတ်၍ လျှောက်လှမ်းလာသော ပြိုင်ဘက်ကင်း သားရဲတစ်ကောင်လိုပင်။
သိုင်ရှုသည် ရုတ်တရတ် ရင်ထဲ တဒိတ်ဒိတ် တလျှပ်လျှပ် ခံစားလာရ၏။
သူသည် ရှေးဦးကြမ်းကြုတ်သားရဲတစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံနေရသလို ခေါင်းနားပန်းကြီးလာကာ နောက်ကျောကိုလည်း တစ်ခုခုနှင့် ထိုးဆွနေသလို တရွရွခံစားလာရ၏။
သိုင်ရှုသည် အလိုလို နောက်လှည့်ကြည့်မိလိုက်၏။
သွေးနီရောင်သားရဲချီများ၏ လွှမ်းခြုံထားမှုအောက်တွင် ပုံရိပ်တစ်ခုသည် သားရဲချီစွမ်းအင်များပေါက်ကွဲအားနှင့် အလွန်တရာ လျှင်မြန်စွာ သစ်ပင်များအကြား တရိပ်ရိပ်နှင့် ဖြတ်သန်းလာနေ၏။
မျက်တစ်မှိတ်မှာပင်.. ထိုပုံရိပ်က သိုင်ရှု၏ ရှေ့သို့ ရောက်လာခဲ့၏။
ဘုန်း!
ထိုပုံရိပ်က မြေပြင်ကို ဖနောင့်နှင့် ပေါက်လိုက်သောအခါ ပြင်းထန်သည့်အားက ထွက်ပေါ်လာပြီး မြေပြင်က ဆုတ်ပြဲကာ နက်ရှိုင်းသည့် တွင်းချိုင့်ကြီးနှစ်ချိုင့် ဖြစ်ပေါ်လာ၏။
ကိုယ်ကာယာပေါက်ကွဲရုန်းကန်အားနှင့် ထိုပုံရိပ်သည် လေထဲသို့ ခုန်တက်လိုက်သောအခါ ပေ၁၀၀အမြင့်လောက်ထိ ရောက်လာ၏။
နောက်တစ်ခဏ၌ သိုင်ရှု၏ သူငယ်အိမ်က ဖျစ်ညှစ်ခံလိုက်သလို တင်းကျပ်သွားပြီး သူ့ခြေလက်များက အေးစက်တောင့်တင်းသွား၏။
“မင်းက...”
ဖြူဖတ်ဖတ်လက်ဝါးတစ်ဖက်က သူ့လည်ပင်းပေါ်သို့ ကျရောက်လာပြီး အညှာအတာမဲ့စွာ ဆွဲညှစ်လိုက်သောကြောင့် သူသည် ထိုစကားနှစ်လုံးသာ ပြောလိုက်နိုင်၏။
ဆူဇီမို၏ လက်ထဲတွင် သိုင်ရှု၏ လည်မျိုက တို့ဟူးတုံးလို ပျော့ဖတ်နေပြီး.. သွေးမြူများအဖြစ်သို့ ဆုတ်ပြဲကာ လေထဲသို့ စိမ့်ထွက်သွား၏။
ဆူဇီမိုသည် သိုင်ရှု၏ ခါးမှသိုလှောင်အိတ်ကို ဆတ်ကနဲ ဆွဲဖြုတ်လိုက်ပြီး.. မြေပေါ်သို့ ဆင်းသက်လိုက်၏။
မြေပြင်ပေါ်သို့ရောက်သောအခါ.. ဆူဇီမိုကို လွှမ်းခြုံထားသော သားရဲချီများက ပျောက်ကွယ်သွားပြီဖြစ်ပြီး.. သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးချီများကလည်း ပုံမှန်အတိုင်း တည်ငြိမ်သွားပြီဖြစ်၏။
ဝိုးတိုးဝါးတားညရောင်အောက်တွင်.. အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်သည် တောအုပ်ထဲမှ ထွက်ကာ မြို့တော်ရှိရာသို့ ထွက်ခွာလာခဲ့၏။
တောအုပ်က တစ်ဖန်ပြန်၍ တည်ငြိမ်သွားပြီဖြစ်၏။