← Chapters

ရှောင်းနင်လျှောက်လှမ်းမည့်လမ်းကြောင်း

Vol. 20 Ch. 289

ရှောင်းနင်လျှောက်လှမ်းမည့်လမ်းကြောင်း

Vol. 20 Ch. 289

အခန်း ၂၈၉ - ရှောင်းနင်လျှောက်လှမ်းမည့်လမ်းကြောင်း

မိုစိတ်ဝိညာဉ်ပန်းပဲရုံသို့ ဆူဇီမိုပြန်‌ရောက်သောအခါ ညနက်နေပေပြီ။

ခြံဝန်းထဲသို့ အသာအယာလှမ်းဝင်လိုက်ပြီး.. သူနားစွင့်ကြည့်လိုက်သောအခါ နန်းကြည်၏ အခန်းဆီမှ တည်ငြိမ်‌သော ဝင်လေထွက်လေစီးကြောင်းနှစ်ခုက မှန်မှန်ထွက်ပေါ်နေသည်ကို သူကြားလိုက်ရ၏။

အမှောင်ထုထဲတွင် တစ္ဆေတစ်‌ကောင်လို အနက်ရောင်ပုံရိပ်တစ်ခုက လျှောက်လှမ်းလာ၏။ ညဝိညာဉ်ပင်။

ဆူဇီမိုသည် စိတ်ချလက်ချဖြစ်သွား၏။

အနားမှာ ညဝိညာဉ်ရှိနေသမျှ.. နန်းကြည်နှင့် ရှောင်းနင်တို့ ဘေးကင်းဖို့ကို ပူစရာမလိုတော့ပေ။

သူတို့အိပ်မောကျနေကြတာ ဖြစ်ပေလိမ့်မည်။

ရှောင်းနင်သည် ဤနေ့တွင် အဖြစ်အပျက်များစွာကို တွေ့ကြုံခံစားခဲ့ရ၏။

အစတုန်းကတော့ သူမသည် ဟယ်ရှင်းနှင့် ဆေးလုံးဖော်စပ်ခြင်းပြိုင်ဆိုင်နေပြီး ပကတိစိတ်ဝိညာဉ်ဖြည့်တင်းခြင်းဆေးလုံးကို ဖန်တီးနိုင်တော့မည့်ဆဲဆဲပင်။ သို့သော် ထိုအချိန်မှာပင် သူမသည် ချောင်း‌မြောင်းတိုက်ခိုက်ခံလိုက်ရပြီး.. သူမ၏ ဆေးလုံးဖွဲ့တည်ခြင်းကလည်း ပျက်ဆီးသွားခဲ့ရ၏။

ထို့နောက် သူမသည် အစစ်အမှန်မီးစွမ်းအင်ဆေးတိုက်နှင့် အဇူရာနှင်းမြူလွှာဆေးတိုက်မှ ကျင့်ကြံသူများ၏ ဝိုင်းရံမှုကြားထဲတွင် ကူကယ်ရာမဲ့စွာ ခံစားခဲ့ရ၏။ ထိုအချိန်မှာပင် သူမသည် ဆူဇီမိုနှင့် တွေ့လိုက်ရ၏။

အဲ့ဒီနောက်.. ဆူဇီမိုသည် လူသတ်စက်တစ်ခုလို လမ်းမပေါ်မှာ ဆက်တိုက်သတ်ဖြတ်ပြီး နန်းတော်သို့ ခေါ်သွားခံလိုက်ရ၏။ သူပြန်မလာခင်အထိ တစ်လျှောက်လုံး ရှောင်းနင်သည် စိုးရိမ်ပူပန်ခံစားနေခဲ့ရ၏။

ဤကဲ့သို့ အနိမ့်အမြင့်အတက်အကျ စိတ်ခံစားချက်များက သူမ၏ စိတ်ပိုင်းဆိုင်ရာအပေါ် များစွာအကျိုးသက်ရောက်ခဲ့၏။

ဆူဇီမိုသည် သူတို့နှစ်ယောက်ကို နှိုးမနေတော့ဘဲ.. သူ့အခန်းသို့ပြန်၍ တင်ပျဉ်ခွေထိုင်ကာ အတွေးနက်နေမိ၏။

ဤနေ့တွင် သူသည် ရှောင်းနင်နှင့် ပြန်လည်ဆုံဆည်းခဲ့သလို ဧကရာဇ်နှင့်လည်း တစ်ဖန် ဆုံတွေ့ခဲ့ရ၏။ ဧကရာဇ်သည် မိုလင်းက ဆူဇီမိုဆိုတာကို သိဖို့ သိပ်ကြာတော့မည် မဟုတ်ကြောင်း သူယုံကြည်လေသည်။

တစ်ကယ်တော့.. ဧကရာဇ်ဉာဏ်ရည်ထက်မြက်မှုအရ အခုအချိန်အထိ အမှန်တရားကို မခန့်မှန်းမိသေးသည်မှာ သူ့အသိသညာထဲတွင် ဆူဇီမိုက ကျင့်ကြံလို့မရသော မော်တယ်တစ်ယောက်အဖြစ် မှတ်ယူထားသောကြောင့်ပင် ဖြစ်လေသည်။

သို့သော်လည်း မိုလင်းကတော့ အခြေတည်အဆင့်တစ်ယောက်ဖြစ်ပြီး.. မြို့တော်တစ်ဝှမ်း နာမည်ဂုဏ်သတင်းကျော်ကြားသော နံပါတ်တစ်နတ်ပန်းပဲဆရာတစ်ယောက် ဖြစ်လေသည်။

တစ်ယောက်က မြေကြီးအောက်မှာဖြစ်ပြီး တစ်ယောက်က တိမ်လွှာထက်မှာဖြစ်၏။ ကွာဟချက်က အလွန်ကြီးမားလွန်းနေ၏။

ဒါပေမယ့်လည်း သူ့သရုပ်မှန်ကို သိပ်ကြာကြာဖုံးကွယ်ထားနိုင်မည် မဟုတ်ဘဲ.. ဂိုဏ်းပေါင်းစုံပြိုင်ပွဲရောက်သည်နှင့် သေချာပေါက် ဘူး‌‌ပေါ်သလို ပေါ်လာပေလိမ့်မည်။

ဆူဇီမိုသည် ဤကိစ္စနှင့် ပတ်သတ်၍ သိပ်တော့ ဂရုမစိုက်ပေ။ အခြေအနေအပေါ် မူတည်ပြီး မီးစင်ကြည့်ကရုံသာ။

ညက တိတ်တဆိတ်နှင့် ကုန်ဆုံးသွားပြီး မနက်ခင်းသို့ ရောက်ရှိလာခဲ့၏။

ရှောင်းနင်သည် ကြည်လင်စွာ နိုးထလာပြီး ဆူဇီမို ပြန်ရောက်၊ မရောက် စစ်ဆေးဖို့ လုပ်လိုက်၏။

သူမ၏ အခန်းထဲကနေ ထွက်လိုက်သည့်အချိန်မှာပင် ခြံဝန်းထဲ၌ အေးအေးလူလူထိုင်၍ စိမ်ပြေနပြေလက်ဘက်ရည်သောက်နေသော ဆူဇီမိုကို တွေ့လိုက်ရ၏။

“အစ်ကိုလေး.. တောင်းပန်ပါတယ်.. မနေ့ညက ကျမအိပ်ပျော်သွားတယ်”

မနေ့ညက ရှောင်းနင်သည် ဆူဇီမိုပြန်အလာကို စောင့်နေချင်ခဲ့၏။ သို့သော်လည်း သူမသည် ပင်းပန်းနွမ်းလျမှုကို မတွန်းလှန်နိုင်ဘဲ အိပ်ပျော်သွားခဲ့ရ၏။

“အဲ့ဒါက ဘာမှမဖြစ်ပါဘူး”

ဆူဇီမိုက ပြုံး၍ သူ့ဘေးရှိ ကျောက်ထိုင်ခုံလေးကို ညွှန်ပြလိုက်၏။

“ထိုင်ပြီး‌တော့ စကားလေးဘာ‌လေး ပြောပါဦး”

“ဟုတ်”

ရှောင်းနင်က နာခံစွာထိုင်ပြီး ဆူဇီမိုကမ်းပေးသော လက်ဘက်ရည်ခွက်ကို ယူလိုက်၏။ သူမသည် လက်ဘက်ရည်တစ်ငုံကို သောက်လိုက်သည်နှင့် မွှေးပျံ့သောရနံ့က သူမ၏ နှာခေါင်းထဲသို့ တိုးဝင်လာကာ သူမ၏ ချွေးပေါက်များအားလုံးက ပွင့်ထွက်သွားသလို ခံစားလိုက်ရ၏။

“နင်မြို့ထဲကို ဘယ်အချိန်ကထဲက ရောက်နေတာလဲ” ဆူဇီမိုက မေးလိုက်၏။

“ကျမ ဒီကိုရောက်တာ တစ်နှစ်နီးပါးလောက်ရှိပြီ”

ရှောင်းနင်က ပြန်ဖြေလိုက်၏။

“ဒီကိုလာဖို့ ကျမကိုယ်တိုင် ‌တောင်းဆိုလိုက်တာ.. အစ်မယောင်ရွှယ်နဲ့ တခြားသူတွေကတော့ ရောက်မလာကြသေးဘူး”

ထိုသို့ပြောပြီး‌နောက် ရှောင်းနင်သည် ရည်ရွယ်ချက်ရှိရှိ ရပ်တန့်၍ ဆူဇီမို၏ မျက်နှာကို မော့ကြည့်လိုက်၏။

ဆူဇီမိုက ခေါင်းကိုငုံ့၍ လက်ဘက်ရည်ကိုသာ တည်ငြိမ်စွာ မျှဉ်းသောက်နေ၏။ သူသည် ဘာမျှ မကြားလိုက်ရသည့်အလား တုန့်ပြန်မှု လုံးဝမရှိပေ။

ရှောင်းနင်က ဆက်ပြောလိုက်၏။

“ကျမဒီကိုလာခဲ့တာ ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင်ပစ်နိုင်မယ်ထင်လို့.. တခြားသူတွေ ဆေးလုံးဖော်စပ်ရာမှာ ကျမကူညီပေးနိုင်သလို.. ကျမရဲ့ နတ်ဆေးတာအိုကိုလည်း တိုးတက်အောင် လုပ်နိုင်မယ်လေ”

ဆူဇီမိုက ထပ်မေးလိုက်၏။

“နတ်ဆေးဆရာတစ်ယောက်လုပ်ဖို့ နင်ဘယ်လို စဉ်းစားမိသွားတာလဲ”

ရှောင်းနင်မှာ အဆင့်နိမ့်စိတ်ဝိညာဉ်ရင်းမြစ်သာလျှင်ရှိ၏။ သူမသည် ဆေးလုံးဖော်စပ်ခြင်းမှာ အချိန်မဖြုန်းဘဲ ကျင့်ကြံ‌ရေးသက်သက်မှာ အာရုံစိုက်ထားလျှင်တောင် သူမသည် ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်ဖို့ မလွယ်ကူပေ။

ထိုကဲ့သို့သော အခြေအနေမှာတောင် ရှောင်းနင်က နတ်ဆေးဆရာတစ်‌ယောက်လုပ်ဖို့ ဘာကြောင့်ရွေးချယ်ဆုံးဖြတ်ခဲ့သလဲ ဆူဇီမို ဝေခွဲမရဖြစ်နေ၏။

သူမက‌ ရုတ်တရတ် စိတ်ပျက်အားငယ်သွားသလို ညင်သာစွာ သက်ပြင်းချလိုက်၏။ နောက်တစ်ခဏ၌ သူမက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ကျမတို့သုံးယောက်မှာ.. အစ်ကိုကြီးက မကျင့်ကြံနိုင်ဘူးလေ.. တစ်နေ့ သူထွက်ခွာသွားမှာကို.. ကျမကြောက်တယ်”

ဆူဇီမိုက ဆိတ်ဆိတ်သာနေ၏။

သူသည်လည်း ထိုသို့ စိုးရိမ်ပူပန်၍ အိပ်မပျော်သောညပေါင်းများစွာ ရှိခဲ့ဖူး၏။

သူနှင့် ရှောင်းနင်ကသာ အမြုတေကို ဖွဲ့တည်နိုင်ခဲ့လျှင် နောက်ထပ်နှစ်တစ်ရာမကြာခင်မှာ ဆူဟုန်သည် ဘဝသက်တမ်းကုန်၍ သူတို့အရင် လောကကြီးထဲကနေ ထွက်ခွာသွားပေလိမ့်မည်။

သူတို့မောင်နှမသုံးယောက်ကြားက ချစ်ခြင်းမေတ္တာထုံးဖွဲ့ထားမှုကို မည်သူမျှ နားလည်နိုင်ကြလိမ့်မဟုတ်ပေ။

ဆူဇီမိုနှင့် ရှောင်းနင်သည် ကျင့်ကြံရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေကြပြီဖြစ်သော်လည်း ဆူဟုန်က သူတို့နှစ်ယောက်စလုံး၏ နုလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ရစ်ပတ်ခိုင်မာစွာ၊ လေးနက်စွာ နေရာယူထားပြီးဖြစ်လေသည်။

ဆူဟုန်ကြောင့်သာမဟုတ်လျှင်.. သူတို့နှစ်ယောက်စလုံးသည် အဲ့ဒီအချိန်ကတည်းက အသက်ရှင်နိုင်ခဲ့ကြလိမ့်မည် မဟုတ်ပေ။

ဆူဇီမိုနှင့် ရှောင်းနင်တို့ လူမှန်းသိတတ်စအရွယ်ကတည်းက သူတို့၏ မိဘများက မရှိတော့ပေ။ သူတို့၏ နုလုံးသားထဲတွင် ဆူဟုန်ကသာ သူတို့၏ မိဘဖြစ်လေသည်။

ရှောင်းနင်က စိတ်ထိခိုက်စွာနှင့် ပြောလိုက်၏။

“အဲ့ဒါက တစ်နေ့မှာ ညီမလေးတို့ မဖြစ်မနေ ကြုံတွေ့ရမယ့်အရာဆိုတာ သိပါတယ်.. ဒါပေမယ့် အဲ့ဒါကို တတ်နိုင်သလောက်လေး အချိန်ဆွဲထားချင်တယ်”

“ညီမလေးကြားဖူးတာ.. တစ်ချို့အရမ်းအစွမ်းထက်တဲ့ နတ်ဆေးဆရာတွေက လူတစ်ယောက်ရဲ့ ဘဝသက်တမ်းကို တိုးမြှင့်‌ပေးနိုင်တဲ့ ဆေးလုံးတွေကို ဖော်စပ်နိုင်တယ်တဲ့.. အဲ့ဒါမို့ ညီမလေးလဲ ကြိုးစားကြည့်ချင်တယ်.. တစ်နှစ်ပဲဖြစ်ဖြစ်၊ တစ်လပဲဖြစ်ဖြစ်၊ တစ်ရက်လေးပဲဖြစ်ဖြစ် အစ်ကိုကြီးပိုနေရမယ်ဆိုရင်.. ညီမလေး အဲ့ဒီလမ်းကို ကျေကျေနပ်နပ် လျှောက်လှမ်းမယ်”

ဆူဇီမိုရင်ထဲ လှုပ်ရှားသွားပြီး.. သူ့လက်ကို ဆန့်ထုတ်၍ မျက်ရည်များရစ်ဝဲနေသောရှောင်းနင်ကို ညင်သာစွာ ပွေ့ဖက်ပေးထားလိုက်၏။

ကျင့်ကြံသူအများစုသည် အသက်ရှည်ရှည်နေလိုကြသည့်အတွက် ကျင့်ကြံ‌ရေးလမ်းကြောင်းပေါ်သို့ ရောက်လာခဲ့ကြခြင်းဖြစ်၏။

လူတစ်ယောက်၏ ဘဝသက်တမ်းကို တိုးမြှင့်ပေးနိုင်သည်ဆိုသော ဆေးလုံးများအကြောင်း ဆူဇီမိုတစ်ခါမျှ မကြားဖူးပေ။

ကမ္ဘာပေါ်သို့ ထိုကဲ့သို့သော ဆေးညွှန်းဖော်စပ်ပုံရှိသည်ဆိုလျှင်တောင်.. လိုအပ်သည့် ပစ္စည်းများနှင့် အခြေအနေများ ရရှိဖို့က.. ကောင်းကင်ဘုံသို့ အရှင်လတ်လတ် တက်ဖို့ကြိုးစားရသလို ခက်ခဲပေလိမ့်မည်။

ထိုသည်ကို သိသော်လည်း.. ရှောင်းနင်သည် နတ်ဆေးဆရာတစ်ယောက်၏ လမ်းကြောင်းကို လျှောက်လှမ်းဖို့ ရွေးချယ်ဆုံးဖြတ်ခဲ့လေသည်။

ထိုဆေးလုံးမျိုးက ဒဏ္ဍာရီလာ ယုံတမ်းပုံပြင်တွေထဲမှာသာ ရှိသည်ဆိုလျှင်တောင် ရှောင်းနင်သည် သူမနုလုံးသားထဲက မျှော်လင့်ချက်ပါးပါးလေးအတွက် ကြိုးစားကြည့်ချင်လေသည်။

ရုတ်တရတ် ဆူဇီမိုသည် တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွား၏။

ရှောင်းနင်က ဆေးလုံးဖော်စပ်ခြင်းတွင် ယခုလို အောင်မြင်မှုများ ရရှိလာခြင်းမှာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ပေ။

သူမ၏ မဆုတ်မနစ် အလျှော့မပေးတတ်သော ဝီရိယမျိုးက လူတိုင်းပိုင်ဆိုင်နိုင်သောအရာ မဟုတ်ပေ။

နောက်တစ်ဏ၌ ဆူဇီမိုက မေးလိုက်၏။

“ဟိုဆေးမီးဖိုကရော ဘယ်လိုလဲ”

ရှောင်းနင်က မတ်တပ်ရပ်၍ လှပသိမ့်မွေ့လက်ရာမြောက်အိုဟောင်းနေသော ‌ဆေးမီးဖိုကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်၏။

“ယုံရှင်းမြို့က ဆိုင်လေးတစ်‌ဆိုင်ရှေ့ဖြတ်ရင်းနဲ့ ညီမလေး အဲ့ဒါကို မြင်မိသွားတာ.. အစတုန်းကတော့ ဘာရယ်မဟုတ် ဒီအတိုင်းပါပဲ.. အဲ့ဒါက အတော်လေးရှေးဆန်နေတာနဲ့ စိတ်ဝင်စားမိသွားတာ.. ဘာမှထူးခြားတာလဲ မတွေ့ခဲ့ရပါဘူး”

“ဒါပေမယ့် ညီမလေး အဲ့ဒါကို ကောက်ယူပြီးတာနဲ့.. ညီမလေးနုလုံးသားထဲမှာ ထူးဆန်းတဲ့ခံစားချက်တစ်ခုကို ရသွားတာ.. အဲ့ဒါကြောင့်လဲ အဲ့ဒါကို ဝယ်ဖြစ်ခဲ့တာပေါ့.. ဒါပေမယ့် အဲ့အချိန်မှာ အစစ်အမှန်မီးစွမ်းအင်ဆေးတိုက်က ဟယ်ရှင်းကလဲ အဲ့ဒါကို တွေ့သွားတယ်”

ဆူဇီမိုက ဆေးမီးဖိုကိုကြည့်ပြီး စဉ်းစားတွေးတောနေ၏။

ရှောင်းနင်က ဆက်ပြောလိုက်၏။

“နောက်ပိုင်း ဒီဆေးဖိုကို ရပြီးတဲ့နောက် ဆေးလုံး‌ဖော်စပ်သန့်စင်တဲ့အခါ အရင်ကထက် ထူးခြားနေတာကို ညီမလေး သတိထားမိလာခဲ့တယ်”

“ဒီဆေးမီးဖိုကိုသာ ကိုယ်နှင့်မကွာ ဆောင်ထားသရွေ့.. ဆေလုံး‌ဖော်စပ်တဲ့အခါ ညီမလေး အရမ်းအာရုံစိုက်နိုင်လာတယ်.. ကိစ္စအရမ်းကြီးကြီးမားမားသာ ဖြစ်မလာဘူးဆိုရင် ညီမလေးရဲ့ စိတ်အာရုံက ပျက်ပြားသွားမှာ မဟုတ်ဘူး”

ရုတ်တရတ် ဆူဇီမို နားလည်သဘောပေါက်သွား၏။

မနေ့က ဆေးလုံးဖော်စပ်ပြိုင်ကြတုန်း ရှောင်းနင်၏ အာရုံစူးစိုက်မှုက ပကတိပြီးပြည့်စုံသော အခြေအနေမှာရှိနေတာ သိပ်မထူးဆန်းတော့ဘူးပဲ။ အဓိကက ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ဆေးမီးဖိုကြောင့်ပေါ့။

“ကဲ ပြန်သိမ်းထားလိုက်တော့”

ဆူဇီမိုက မှာကြားလိုက်၏။

“ဘာအကြောင်းကြောင့်နဲ့ပဲဖြစ်ဖြစ် ဒီဆေးမီးဖိုကို ဘယ်သူ့ကိုမှ မပေးနဲ့.. ကိုယ့်ဘာသာကိုယ်သုံးဖို့ သိမ်းထား.. ဒီဆေးမီးဖိုမှာ အရမ်းကြီးမားတဲ့နောက်ခံရှိလိမ့်မယ်လို့ ငါထင်တယ်”

အဲ့ဒါက သက်မဲ့ပစ္စည်းတစ်ခုသာ ဖြစ်‌‌သော်လည်း လူတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာအပေါ် အကျိုးသက်ရောက်စေနိုင်သည်ဆိုတာက ပေါ့ပေါ့တန်တန်မဟုတ်ပေ။

“ဟုတ်ကဲ့”

ရှောင်းနင်က ခေါင်းညိတ်လိုက်၏။

ဆူဇီမိုက ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက် ပြောလိုက်၏။

“ဒီနေ့ကစပြီးတော့ နင်ဒီအိမ်မှာပဲ ကျင့်ကြံလေ့ကျင့်တော့.. ဂိုဏ်းပေါင်းစုံပြိုင်ပွဲရောက်ခါမှပဲ ပြန်ပေါ့”

မနေ့က ကိစ္စများစွာ ဖြစ်ပျက်ခဲ့သောကြောင့် ရှောင်းနင်သာ အဇူရာနှင်းမြူလွှာဆေးတိုက်မှာ ဆက်နေမည်ဆိုလျှင် ဆူဇီမို စိတ်မချနိုင်ပေ။

နောက်ပြီး ဂိုဏ်းပေါင်းစုံပြိုင်ပွဲရောက်ဖို့ကလည်း သိပ်မလိုတော့သောကြောင့် ဆူဇီမိုသည် ရှောင်းနင်၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ဖို့အတွက် ကူညီပေးချင်လေသည်။

သူမမှာ အဆင့်နိမ့်စိတ်ဝိညာဉ်ရင်းမြစ်သာ ရှိသောကြောင့် သူမ၏ ကျင့်ကြံမှုအမြန်နှုန်းက အရမ်းနှေးလေသည်။

ထို့ကြောင့် ရှောင်းနင်တစ်ယောက် စိတ်ဝိညာဉ်ချီများကို ပုံမှန်ထက်များစွာ ပိုမိုစုပ်ယူနိုင်ဖို့အတွက် ဆူဇီမိုသည် အထောက်အကူပြု အစီအရင်ဝင်္ကပါတစ်ခု ပြုလုပ်ပေးရပေမည်။ ထိုအစီအရင်ဝင်္ကပါကို အသက်သွင်းဖို့အတွက် သူသည် သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုရပေမည်။

ပုံမှန်အားဖြင့်ဆိုလျှင် ရွှေအမြုတေအဆင့်များသာလျှင် ကျင့်ကြံဖို့အတွက် သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးများကို သုံးနိုင်လေသည်။

သို့သော်လည်း ဆူဇီမိုကတော့ တတ်နိုင်လေသည်။

လောလောဆယ် သူ့ထံတွင် အ‌ပေါများဆုံးမှာ စိတ်ဝိညာဉ်ကျောက်တုံးများပင် ဖြစ်လေသည်။

All Chapters