← Chapters

အနိုင်ရသူက ဘယ်သူလဲ

Vol. 20 Ch. 293

အနိုင်ရသူက ဘယ်သူလဲ

Vol. 20 Ch. 293

အခန်း ၂၉၃ - အနိုင်ရသူက ဘယ်သူလဲ

ဒေါ်လေးဂူက ဘာမှမပြောတော့ဘဲ ပြုံးရုံသာပြုံးနေ၏။ ရုတ်တရတ်.. သူမ၏ မျက်ခုံးနှစ်ဖက်ကြားမှ ထူးဆန်းသည့် စွမ်းအင်လှိုင်းများက ဖြာထွက်လာပြီး မိုစိတ်ဝိညာဉ်ပန်းပဲရုံ၏ ခြံဝန်းကိုဖြတ်၍ ဝင်ရောက်သွား၏။

ထိုအရာက နိုးထဝိညာဉ်အဆင့်များသာလျှင် ပိုင်ဆိုင်နိုင်သော မနောဝိညာဉ်ဖြစ်လေသည်။

ထိုအရာက ကျင့်ကြံသူတစ်ယောက်၏ အာရုံငါးပါးထက် များစွာပို၍ အားကောင်း၏။ ထိုအရာက ကြားခံအတားအဆီးများကို ဖြတ်ကျော်နိုင်ပြီး လေစီးကြောင်းတစ်ခုလို ထောင့်များကိုပင် ကွေ့ကောက်၍ ဝင်ရောက်နိုင်၏။

တစ်ခဏကြာပြီးနောက် ဒေါ်လေးဂူ၏ အမူအယာက အလွန်တရာထူးဆန်းလာပြီး မျက်လုံးပြူးမျက်ဆံပြူးဖြစ်လာ၏။ သူမသည် မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။

“အဲ့ဒါသူလား”

“ဘယ်သူလဲဟင်” ပန်းရောင်ဝတ်မိန်းကလေးက သူမ၏ တဖျတ်ဖျတ်လက်နေသော မျက်လုံးများကို ပုတ်ခတ်၍ သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။

ဒေါ်လေးဂူက ပြုံးလိုက်၏။

“ယန်အာ.. အဲ့လူက... နင်လက်ဖျောက်ဘယ်လောက်တီးတီး ဘာမှမလုပ်နိုင်မယ့်လူမျိုးပဲ”

“ကျမ မယုံပါဘူး”

ပန်းရောင်ဝတ်မိန်းကလေးက နှုတ်ခမ်းစူ၍ ပြောလိုက်၏။

“မွန်းစတားအိုကြီးတွေဆိုရင်သာ ကျမရဲ့ ညို့ငင်ဓါတ်က အလုပ်ဖြစ်ချင်မှဖြစ်လိမ့်မယ်.. အသက်နှစ်ဆယ်ကျော်ကျော် သွေးဆူတတ်တဲ့ အရွယ်ဆိုရင်တော့လား.. ဟမ့်.. ကျမလက်တွင်းက သူလွတ်မြောက်စရာ အကြောင်းမရှိဘူး”

“ဟင်းဟင်း.. ငါစိုးရိမ်နေတာက ဘာလဲသိလား.. သူက လက်ဖျောက်တစ်ချက်တီးလိုက်ရင်.. နင်က ရူးကြောင်ကြောင်ကောင်မလေးတစ်ယောက်လို သူ့နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားမှာကိုပဲ..” ဒေါ်လေးဂူက ညင်သာစွာပြုံး၍ ခေါင်းခါလိုက်၏။

“ဒေါ်လေးဂူ အဲ့လိုပြောလေ.. ကျမက ပိုတောင် မယုံလေပဲ”

“နင်ငါ့ကို မယုံဘူးပေါ့လေ.. နင်ဟိုတစ်ယောက်နဲ့တုန်းက ဘေးကင်းလုံခြုံကြောင်း ငါ့ကိုတောင် စာတစ်စောင်အကြောင်းမကြားဘဲ အဲ့လူနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတာမလား.. ငါ့မှာတော့ အလကားသက်သက် စိတ်ပူလိုက်ရတာ”

“အို အဲ့ဒါက နှစ်နှစ်တောင် ကြာသွားပြီကို.. နောက်ပြီး အဲ့ဆူဇီမိုက တော်တော် စိတ်ဝင်စားဖို့ကောင်းလို့လေ.. ဘာလို့လဲမသိဘူး.. သူ့ကို စရတာ အရမ်းပျော်ဖို့ကောင်းတာ” ပန်းရောင်ဝတ်မိန်းကလေးက ပြောရင်း တခစ်ခစ်ရယ်လိုက်၏။

“အဲ့လိုပေါ့လေ”

ဒေါ်လေးဂူက ရယ်မောလိုက်၏။

“အဲ့လိုသာဆိုရင်တော့.. ငါထင်တာ အဲ့မိုလင်းကလဲ တော်တော်စိတ်ဝင်စားဖို့ ကောင်းမယ့်ပုံပဲ”

“အာ”

ခဏမျှ မှင်သက်သွားပြီးနောက် ပန်းရောင်ဝတ်မိန်းကလေးက တော်တော်နှင့် မတုန့်ပြန်နိုင်ပေ။

ဒေါ်လေးဂူက တစ်ခုခုကို သွယ်ဝိုက်ပြောဆိုနေသည်ဆိုတာကို သူမ ပြောနိုင်သောကြောင့် သူမခေါင်းကို စောင်းငဲ့၍ အသည်းအသန်စဉ်းစားကြည့်လိုက်၏။

ခဏကြာပြီးနောက် ပန်းရောင်ဝတ်မိန်းကလေးသည် သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်၍ ထအော်လုမတတ် ဖြစ်သွား၏။ သူမက မျက်လုံးပြူး၍ မေးလိုက်၏။

“ဆူဇီမို.. မိုလင်း.. သူတို့နှစ်ယောက်က အတူတူပဲတော့ မဟုတ်လောက်ပါဘူးနော်.. ဟုတ်တယ်မလား”

“အဲ့ဒါသူပဲ”

ဒေါ်လေးဂူက လိုက်ကာကိုဖြတ်၍ မိုစိတ်ဝိညာဉ်ပန်းပဲရုံရှိရာဘက်သို့ ကြည့်လိုက်၏။

“ငါ သူ့ကို လျှော့တွက်ထားမိတုန်းပဲကိုး”

အမျိုးသမီးနှစ်ယောက်တွင် တစ်ယောက်မှာ ရတနာ့ကောင်းကင်လေလံအိမ်တော်၏ ဘဏ္ဍာစိုးခေါင်းဆောင်ဂူရှီ ဖြစ်လေသည်။ နောက်တစ်‌ယောက်ကတော့ စင်ကြယ်အပျိုစင်ဂိုဏ်းမှ အပျိုစင် နတ်ဆိုးမကျိ၊ ဧကရာဇ်၏ သမီးတော်၊ မဟာကျိုးအင်ပါယာ၏ အငယ်ဆုံးမင်းသမီးလေး ဖြစ်လေသည်။

“တစ်ကယ်ပဲ သူလား”

နတ်ဆိုးမကျိက လက်ခုပ်လက်ဝါးတီး၍ ရယ်ချလိုက်၏။

“ဒေါ်လေးဂူ.. ကျမ မပြောခဲ့ဖူးလား.. သူက စိတ်ဝင်စားဖို့ကောင်းပါတယ်လို့ဆို.. သူဘာလို့ အခုလိုမျိုး လုပ်နိုင်ခဲ့တာလဲ ကျမသိချင်လိုက်တာ.. အဲ့ဒါ ဟိုရှေးဟောင်းမီးဆေးကျမ်းစာကြောင့်များလား”

“နင် သူနဲ့ သွားပြီး မတွေ့ချင်ဘူးလား” နတ်ဆိုးမကျိ၏ စိတ်အားထက်သန်နေမှုကို ကြည့်ပြီး ဂူရှီက မေးလိုက်၏။

“ဒါပေါ့ တွေ့ချင်တယ်”

နတ်ဆိုးမကျိက ရထားလုံးထဲကနေ ထွက်မည်ဟု ဟန်ပြင်ပြီးမှ အပြင်ဘက်သို့ တစ်ချက်ဝေ့ကြည့်ပြီးနောက် ပြန်ဝင်ထိုင်လိုက်၏။

“ဘာဖြစ်လို့လဲ” ဂူရှီက မေးလိုက်၏။

နတ်ဆိုးမကျိက ခေါင်းခါလိုက်၏။

“အဲ့နားမှာ အစ်မရှိနေတယ်.. ကျမ မသွားတော့တာ ကောင်းမယ်ထင်တယ်”

. . .

“နံပါတ် ၉၇၅.. ၁သန်း!”

“နံပါတ် ၆၈.. ၁.၀၁သန်း!”

“နံပါတ် ၃၂.. ၁.၀၂သန်း!”

ခဏလေးအတွင်းမှာပင် ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခု၏ စျေးနှုန်းက တစ်သန်းကို ‌ကျော်လွန်လာ၏။

ရွှေအမြုတေအဆင့် အများစုမှာ လေလံစျေးတစ်ချက်မှ မပေးရသေးခင်မှာပင်.. စျေးနှုန်းက သူတို့တတ်နိုင်စွမ်းထက် ကျော်လွန်လာပြီဖြစ်ပြီး.. စိတ်ပျက်လက်ပျက် စောင့်ကြည့်ရုံသာ တတ်နိုင်တော့၏။

သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းကျော်လာပြီးနောက် လေလံစျေးခေါ်နှုန်းက တဖြည်းဖြည်း နှေးလာ၏။

ရွှေအမြုတေများသည် လေလံစျေးတစ်ကြိမ်ခေါ်တိုင်း သေချာစဉ်းစားချင့်ချိန်လာရပြီး.. တစ်ကြိမ်မှာ ၁၀၀၀၀စီသာ ပိုတိုးခေါ်လာတော့၏။

ပုံမှန်အားဖြင့်ဆိုလျှင် ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခု၏ စျေးနှုန်းက အလွန်ဆုံး သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းသာလျှင် ဖြစ်လေသည်။

သို့သော်လည်းပဲ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်များက ရတနာများဖြစ်ပြီး အကန့်အသတ်ဖြင့်သာရှိကာ စျေးကွက်ထဲမှာ မြင်ရတွေ့ရခဲလေသည်။

ယေဘုယျအားဖြင့် ထိပ်တန်းအဆင့်လက်နက်များကို လက်ဝယ်ပိုင်ဆိုင်ထားသည့်သူများက သူတို့ကိုယ်တိုင်သာ အသုံးပြုမည်ဖြစ်ပြီး အဲ့ဒါကို ပြန်လည်ရောင်းချကြလိမ့်မည် မဟုတ်ပေ။

နောက်ပြီး ယခုလေလံပွဲတွင် အနိုင်ရရှိမည့်သူက ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို မိမိစိတ်တိုင်းကျပုံစံအဖြစ် မှာယူနိုင်မည် ဖြစ်လေသည်။ အဲ့ဒါက ရှားပါးသည့်အထဲမှာ တစ်ကယ့်ရှားပါးသည့် အခွင့်အရေးပင် ဖြစ်လေသည်။

ရှေ့ဆုံးတန်းတွင် ရောင်ဝါလင်းလက်တိမ်နန်းတော်၊ တောင်ပိုင်းတောင်တန်းဂိုဏ်းနှင့် အဇူရာနှင်းမြူလွှာဂိုဏ်းမှ ရွှေအမြုတေများ ရှိနေကြပြီး သူတို့က အခုချိန်ထိ လေလံစျေးလုံးဝမခေါ်ကြရသေးပေ။

စျေးနှုန်းက ၁.၁၁သန်းသို့ ရောက်ရှိလာတာကို ကြည့်ပြီး ပကတိသက်ရှိကန်းလန်က ရုတ်တရတ် ပြောလိုက်၏။

“ကဲကဲ အချိန်တွေ ဖြုန်းမနေတော့ပါဘူး.. နံပါတ် ၁... ၁.၅သန်း!”

ထိုစကားကို သူပြောပြီးသည်နှင့် လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

တစ်ခါတည်းနှင့် သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး လေးသိန်းအထိ စျေးတိုးခေါ်လိုက်ခြင်းက ဆက်လက်လေလံဆွဲချင်နေသေးသည့် ကျင့်ကြံသူတစ်ဝက်ကျော်လောက်ကို သတ္တိကြောင့် လက်လျှော့သွားစေ၏။

သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၁.၅သန်းက တော်ရုံတန်ရုံ ရွှေအမြုတေအဆင့်များ တတ်နိုင်သော ငွေကြေးပမာဏ မဟုတ်ပေ။

တစ်ကိုယ်တော်ရွှေအမြုတေများနှင့် ဂိုဏ်းငယ်လေးများမှ ရွှေအမြုတေများကို မဆိုထားနှင့်.. ပကတိသက်ရှိယွင်ရှန်နှင့် ပကတိသက်ရှိရီနင်တို့ပင်လျှင် သူတို့၏ နှုတ်ခမ်းများက အနည်းငယ် တုန်ယင်သွားကြ၏။ ပကတိသက်ရှိကန်းလန်၏ လေလံပေးစျေးကို ကြားရပြီးနောက် သူတို့၏ အမူအယာက ပြောင်းလဲသွားကြ၏။

ပကတိသက်ရှိကန်းလန် လေလံ‌စျေးပေးပြီးနောက် အသက်နှစ်ရှိုက်စာလောက် မည်သူမျှ ထပ်မပေးသေးဘဲ ရပ်တန့်သွားကြ၏။

“နံပါတ် ၃ ... ၁.၅၁သန်း”

ထို့နောက် ပကတိသက်ရှိရီနင်က ၁၀၀၀၀ထပ်တိုး၍ လေလံစျေးပေးလိုက်၏။

ကန်းလန်က လှောင်ရယ်လိုက်ပြီး ယွင်ရှန်ဘက်သို့လှည့်ကာ မေးလိုက်၏။

“တာအိုရောင်းရင်းယွင်ရှန်.. ခင်ဗျားကို လေလံစျေးဝင်မပေးကြည့်တော့ဘူးလား.. နောက်ထပ်နဲနဲလောက်ကြာရင် ခင်ဗျားမှာ အဲ့အခွင့်အရေးရှိချင်မှ ရှိတော့မှာနော်”

ယွင်ရှန်က အံကိုကြိတ်ပြီး ခပ်တိုးတိုးအော်လိုက်၏။

“နံပါတ် ၂ .. ၁.၅၂သန်း”

ထိုသို့ သူပြောပြီးသည်နှင့် ကန်းလန်က တည်ငြိမ်စွာ ထပ်ပြောလိုက်၏။

“နံပါတ် ၁ ... ၁.၈သန်း!”

သူသည် တစ်ခါတည်းနှင့် သုံးသိန်းနီးပါးစျေးတိုးပေးလိုက်၏။

ရီနင်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“နံပါတ် ၃ ... ၁.၈၁သန်း!”

သာလွန်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၂သန်းက သူမ အတတ်နိုင်ဆုံး အကန့်အသတ် ဖြစ်လေသည်။

အနောက်မှာရှိသော ရွှေအမြုတေများသည် တိတ်တဆိတ်ဖြင့်သာ စောင့်ကြည့်နိုင်ကြတော့၏။

ယခုအခါ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်၏ စျေးနှုန်းက အတော်လေး မြင့်လာပြီဖြစ်ပြီး.. ကန်းလန်နှင့် ရီနင်အကြား ယှဉ်ပြိုင်သည့်ပွဲ ဖြစ်လာလေပြီ။ ယွင်ရှန်ပင်လျှင် ထပ်ပြီး ဝင်မပါနိုင်တော့ပေ။

ကန်းလန်က ရီနင်တစ်ယောက် ဖိအားဝင်နေပြီကို ခန့်မှန်းမိသွားပုံရ၏။

“နံပါတ်တစ်.. ၁.၈၅သန်း!”

ပကတိကန်းလန်က သူမကို အကဲစမ်းရန်စသလို ကြည့်နေသည်ကို မြင်သောအခါ ရီနင်သည် မခံမရပ်နိုင်ဖြစ်သွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။

“နံပါတ်သုံး.. ၂သန်း!”

အဲ့ဒါက သူမ၏ နောက်ဆုံးအကန့်အသတ်ဖြစ်လေသည်။ ကန်းလန်သာ နောက်ထပ်‌စျေးထပ်မြှင့်ပေးမည်ဆိုလျှင် သူမလက်လျှော့ရုံသာ တတ်နိုင်တော့လေမည်။

သည်တစ်ကြိမ်တွင်တော့.. ကန်းလန်သည် အားရပါးရ ရယ်ချလိုက်ပြီး စိတ်အေးလက်အေးအမူအယာနှင့် ပြောလိုက်၏။

“တာအိုရောင်းရင်းရီနင်.. အဲ့ဒါ ခင်ဗျားနောက်ဆုံးတတ်နိုင်တဲ့ ပမာဏပဲ ဟုတ်တယ်မလား.. နံပါတ်တစ်.. ၂.၀၁သန်း”

ပကတိသက်ရှိရီနင်၏ မျက်လုံးက အရောင်မှိန်ကျသွားပြီး ခေါင်းခါလိုက်၏။

သူသည် ပကတိသက်ရှိကန်းလန်များ နောက်ဆုတ်သွားမလားဟူ‌သော နောက်ဆုံးမျှော်လင့်ချက်ဖြင့် အလောင်းအစားထပ်၍ စျေးကို ၂သန်းထိ တစ်ခါတည်း တိုးခေါ်ခဲ့၏။ သို့သော်လည်း အချည်းနှီးသာလျှင်..

အသက်ငါးရှိုက်စာမျှ ကြာသွားတော့လည်း နောက်ထပ်လေလံစျေးပြိုင်ပေးမည့်သူ ထပ်မံထွက်ပေါ်မလာတော့ပေ။

ပကတိသက်ရှိကန်းလန်က သူ၏ ဘေးပတ်ပတ်လည်ကို စူးရှပြတ်သားစွာနှင့် လှည့်ပတ်ကြည့်လိုက်၏။ ထိုအကြည့်တွင် ခြိမ်းခြောက်မှု တစ်စွန်းတစ်စပါဝင်နေလေသည်။

သူ့အကြည့်၏ အဓိပ္ပါယ်ကို အားလုံးလိုလို ပြောနိုင်ကြ၏။ နောက်ထပ် လေလံစျေးထပ်ပေးမည့်သူက သူ့ရန်သူဖြစ်မည်ဆိုသော သဘောပင်။

All Chapters