လူစုလူဝေး
Vol. 20 Ch. 291
အခန်း ၂၉၁ - လူစုလူဝေး
မိုလင်း.. ဆူဇီမို...
ဧကရာဇ်သည် အတွေးနက်နဲ၍ မျက်မှောင်ကို ကြုတ်ထား၏။
ဘယ်လို ဖြစ်နိုင်မှာလဲ..
အမှန်တရားက ထွက်ပေါ်နေပြီဟု ထင်ရသော်လည်း ဧကရာဇ်က အဲ့ဒါကို လက်မခံချင်သေးပေ။
လုံးဝမတူကွဲပြားသည့်လူနှစ်ယောက်က တစ်ယောက်တည်းဖြစ်နေသည်ကို သူ့နုလုံးသားက ဘယ်လိုမှ လက်မခံနိုင်သေးပေ။
နောက်တစ်ခဏ၌ သူသည် နက်ရှိုင်းသောအသံနှင့် အမိန့်ပေးလိုက်၏။
“ငါ့လူတို့!”
သိပ်မကြာမီ အစောင့်နှစ်ယောက်က ပေါ်လာပြီး ဒူးတစ်ဖက်ထောက်လိုက်ကြ၏။ သူတို့သည် ရိုသေလေးစားသော အမူအယာနှင့် ဧကရာဇ်ပေးမည့် အမိန့်ကို စောင့်ဆိုင်းနေကြ၏။
“အင်ပါယာစစ်တပ်က ဒုတပ်မှူးသိုင်ရှုကို သွားခေါ်ပေးကြစမ်း!”
ဧကရာဇ်သည် ဆူမိသားစုနဲ့ ပတ်သတ်ပြီး ဘာမှသိပ်မသိသောကြောင့် သိုင်ရှုကိုခေါ်၍ မေးမြန်းရပေမည်။
ဧကရာဇ်ကို အမိန့်ကိုကြားရသောအခါ.. အစောင့်နှစ်ယောက်သည် တောင့်တင်းသွားပြီး အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့သည် အကျပ်တွေ့နေဟန်ရပြီး ချက်ချင်း ထွက်မသွားကြသေးပေ။
“ဘာဖြစ်လို့လဲ” ဧကရာဇ်၏ အကြည့်က အေးစက်လာ၏။
အစောင့်နှစ်ယောက်က တုန်လှုပ်ချောက်ချားသွားကြပြီး တစ်ယောက်က အလောတကြီး ဖြေလိုက်၏။
“အရှင်မင်းမြတ်ခင်ဗျာ.. ဒုတပ်မှူးသိုင်ရှုသေဆုံးသွားတာ ဆယ်ရက်လောက်ရှိသွားပါပြီ.. သူ့အလောင်းကို မြို့တော်အပြင်ဘက် တောအုပ်ထဲမှာ ရှာတွေ့ခဲ့ကြပါတယ်”
“သူ သေပြီလား”
ဧကရာဇ်၏ မျက်လုံးက မှေးကျဉ်းသွားပြီး အေးစက်စက်အလင်းက ဖျတ်ကနဲလက်သွား၏။
အခြားအစောင့်တစ်ယောက်က ပြောလိုက်၏။
“ဒုတပ်မှူးသိုင်ရဲ့ လည်မျိုက စုတ်ပြတ်သတ်နေပါတယ်.. ကြည့်ရတာတော့ သားရဲတစ်ကောင်က လက်သည်းနဲ့ ကုတ်ဆွဲသွားသလိုပါပဲ.. ကျတော်တို့ရဲ့ ကောက်ချက်ချမှုအရတော့ သူက စိတ်ဝိညာဉ်သားရဲတစ်ကောင် တိုက်ခိုက်တာ ခံခဲ့ရတာပါ”
ဧကရာဇ်က မျက်နှာသေနှင့် မေးမြန်းလိုက်၏။
“သူ့သိုလှောင်အိတ်ကရော ကျန်ခဲ့သေးလား”
“မတွေ့တော့ပါဘူး”
ဧကရာဇ်က အေးစက်စက် သရော်လိုက်၏။
“သူ့သိုလှောင်အိတ်က မရှိတော့ဘူးဆိုမှတော့ အဲ့ဒါ သူ့ကို လူတစ်ယောက်ယောက်က သတ်သွားတာပဲ!”
စိတ်ဝိညာဉ်သားရဲများက လူလိုအသိဉာဏ်ကို ပိုင်ဆိုင်ကြသော်လည်း.. သူတို့သည် ကျင့်ကြံသူများ၏ သိုလှောင်အိတ်ကို မဖွင့်နိုင်ပေ။ ထို့ကြောင့် သိုလှောင်အိတ်များက သူတို့အတွက် ဘာမှအသုံးမဝင်သည့်အတွက် ယူဆောင်သွားလိမ့်မည် မဟုတ်ပေ။
တစ်ကယ်တမ်း ပြောရမည်ဆိုလျှင်.. အင်ပါယာစစ်တပ်မှ ဒုတပ်မှူးတစ်ယောက် သေဆုံးသွားခြင်းက နန်းတော်ထဲမှာ ဘာမှပြောပလောက်သည့် အကြောင်းအရာတစ်ခု မဟုတ်သည့်အတွက် ထိုသတင်းက ဧကရာဇ်၏ နားဝ၌ ရောက်ရှိလိမ့်မည် မဟုတ်ပေ။
ဧကရာဇ်က ထိုသတင်းကို ကြားသိရသည်လျှင်တောင် အခြေတည်အဆင့်တစ်ယောက် သေဆုံးသွားခြင်းကို သူက အရေးလုပ်နေမည် မဟုတ်ပေ။
သို့သော်လည်း အခုချိန်၌ ဧကရာဇ်က တစ်ခုခု လွဲနေသည်ဟု ခံစားမိနေ၏။
အချက်အလက်များက တိုက်ဆိုင်လွန်းနေ၏။
ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက် ဧကရာဇ်က လေးနက်စွာ ပြောလိုက်၏။
“တတိယမင်းသမီး ပင်ယန်းမြို့ကို သွားတုန်းက လိုက်ပါသွားခဲ့တဲ့ အင်ပါယာစစ်တပ်က စစ်သားတွေအကုန် လာခဲ့လို့ ပြောလိုက်.. နောက်ပြီး သိုင်ရှုမသေခင်နေ့က သူနဲ့အတူ နန်းတော်ထဲမှာ ကင်းလှည့်ခဲ့တဲ့ စစ်သားတွေကိုလဲ ခေါ်လိုက်!”
“နားလည်ပါပြီ”
အစောင့်နှစ်ယောက်က ထွက်ခွာသွား၏။
. . .
လမ်းမပေါ်တွင် လူများက ဟိုဟိုသည်သည် သွားလာလှုပ်ရှားနေကြ၏။
လူများကြားထဲတွင် ကျင့်ကြံသူနှစ်ယောက်က များစွာသောကျင့်ကြံသူများ၏ အာရုံကို ဖမ်းစားသွားပြီး သူတို့ကို အိုးတိုးအမ်းတမ်းနှင့် ကြောက်ကြောက်လန့်လန့် ဖြစ်သွားစေ၏။
“တွေ့လား.. သူတို့အင်္ကျီလက်ပေါ်က တံဆိပ်နဲ့ သူတို့ခါးက ဂိုဏ်းတံဆိပ်ပြားတွေကို ကြည့်လိုက်.. သူတို့က ဂိုဏ်းကြီးငါးဂိုဏ်းထဲက တောင်ပိုင်းတောင်တန်းဂိုဏ်းကပဲ!”
“အရှေ့ကတစ်ယောက်က ပကတိသက်ရှိယွင်ရှန်ဖြစ်မယ်ထင်တယ်.. သူ့နောက်က လူငယ်လေးကတော့ တောင်ပိုင်းတောင်တန်းဂိုဏ်းက နံပါတ်တစ်အခြေတည်အဆင့်ကျင့်ကြံသူ ရှစ်ကျန့်ထင်တယ်”
“ငါကြားတာတော့ ရှစ်ကျန့်က အရမ်းသန်မာဆိုပဲ.. သူက မရီးဒါန်ငါးခု ဖွင့်ပြီးသွားပြီတဲ့.. သူက စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းမှာ နေရာတစ်နေရာ ရနိုင်တယ်”
သိပ်မကြာမီ ထိုလူနှစ်ယောက်က လူအုပ်ကြားထဲ ရောနှောပျောက်ကွယ်သွား၏။
သိပ်မကြာမီ လူအုပ်ကြားထဲမှ အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ထွက်လာပြီး.. နောက်ထပ် ရုတ်ရုတ်သဲသဲ ထပ်ဖြစ်သွားစေ၏။
“ကြည့်ကြည့်.. သူက အဇူရာနှင်းမြူလွှာဂိုဏ်းက ပကတိသက်ရှိရီနင်မလား!”
“ဟုတ်တာပေါ့ သူမှသူအစစ်ပဲ.. သူမက နဲနဲလေး အသက်ကြီးဟန် ပေါက်ပေမယ့်လို့.. ရက်ရက်စက်စက် လှနေတုန်းပဲ”
“ဒီတစ်ခေါက် ဂိုဏ်းပေါင်းစုံပြိုင်ပွဲအတွက် အဇူရာနှင်းမြူလွှာဂိုဏ်းက တပည့်တွေကို ဦးဆောင်လာတဲ့သူက ပကတိသက်ရှိရီနင်ဖြစ်မယ်ထင်တယ်”
သိပ်မကြာမီ ပကတိသက်ရှိရီနင်ကလည်း အားလုံး၏ အကြည့်အောက်မှ ထွက်ခွာသွား၏။
ထို့နောက် မကြာမီမှာပင် နောက်ထပ်ကျင့်ကြံသူသုံးယောက်က ရောက်လာပြန်၏။
ရှေ့မှခေါင်းဆောင်ဖြစ်သူက စိမ်းပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရွှေအမြုတေအဆင့်ဖြစ်၏။ သူ့မျက်လုံးနှစ်ဖက်က ရှည်လျားကျဉ်းမြောင်း၍ အကြည့်က အေးစက်ထက်ရှနေ၏။ သူသည် လက်တစ်ဖက်ကို နောက်ပစ်ထားရင်း ဖြည်းဖြည်းချင်း လျှောက်လှမ်းလာနေ၏။
သူ၏ အနောက်တွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က ဘေးချင်းယှဉ်လျှောက်လာ၏။ သူတို့နှစ်ယောက်စလုံးက အခြေတည်အဆင့်များ ဖြစ်ကြ၏။
အမျိုးသားက တစ်မူထူးခြားချောမောပြီး သူ့မျက်လုံးများက ကြယ်များကဲ့သို့ပင်။ သူက ပြုံးရွှင်စွာနှင့် သူ့ဘေးက အမျိုးသမီးကို စကားများ တောက်လျှောက်ပြောလာ၏။
ထိုအမျိုးသမီးက အစိမ်းဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားပြီး အသက်က နှစ်ဆယ်ကျော်ကျော်လောက်သာ ရှိဦးလေမည်။ သူမ၏ အသားအရည်က နှင်းလိုဖြူဖွေးနေပြီး နူးညံသိမ့်မွေ့သောဟန်ပန်ရှိ၏။
“ကြည့်စမ်း.. အဲ့လူသုံးယောက်က ရောင်ဝါလင်းလက်တိမ်နန်းတော်ကမလား!”
“အင်း ငါထင်တာ မမှားဘူးဆိုရင်တော့ စိမ်းပြာရောင်ဝတ်ရုံနဲ့ ရှေ့ဆုံးကလူက ပကတိသက်ရှိကန်းလန်ပဲ.. ပြောကြတာတော့ သူက တော်တော်သန်မာဆိုပဲ.. သူက အလွန်တရာ စွမ်းအားကြီးတဲ့ ရွှေအမြုတေနယ်မြေကိုတောင် ကျင့်ကြံနိုင်ခဲ့တယ်တဲ့.. သူက တစ်ကယ့်ထိပ်သီး ရွှေအမြုတေထဲက တစ်ယောက်ပဲ!”
“သူ့နောက်က ရုပ်ချောချောနဲ့တစ်ယောက်ကတော့ စစ်ယုထန်တဲ့.. သူက စိတ်ဝိညာဉ်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ရောက်လာတာဖြစ်ရမယ်.. ပြောကြတာတော့ သူက မရီးဒါန်ငါးခုတောင်ဖွင့်ပြီးပြီတဲ့.. ရောင်ဝါလင်းလက်တိမ်နန်းတော်က ပါရမီရှင်တစ်ယောက်.. စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းမှာ နေရာတစ်နေရာရဖို့ ရေပန်းစားနေတဲ့သူပဲ”
“မန်းကီလို့ခေါ်တဲ့ ဟိုအမျိုးသမီးကလဲ တစ်မျိုးပဲနော်.. ကြည့်လို့တော့ အတော်လေးကောင်းသားပဲ”
“ကကတိသက်ရှိကန်းလန်အနားမှာနေပြီး စစ်ယုထန်နဲ့ ရင်ဘောင်တန်းရပ်နေနိုင်တယ်ဆိုကထဲက သူမကလဲ ခေသူတော့မဟုတ်လောက်ဘူး”
အားလုံးဆွေးနွေးနေကြစဉ်မှာပင် ထိုသူသုံးယောက်သည် တဖြည်းဖြည်း လျှောက်လှမ်းထွက်ခွာသွားကြ၏။
“အာ.. တောင်ပိုင်းတောင်တန်းဂိုဏ်း၊ အဇူရာနှင်းမြူလွှာဂိုဏ်းနဲ့ ရောင်ဝါလင်းလက်တိမ်နန်းတော်က ကျင့်ကြံသူတွေကို ကြည့်စမ်း.. သူတို့က ဦးတည်ဘက်တစ်ခုတည်းကို သွားနေကြတာပဲ.. ကိစ္စကြီးကြီးမားမား ဖြစ်ပျက်ဖို့များ ရှိလို့လားမသိဘူး” ကျင့်ကြံသူတစ်ယောက်က ရုတ်တရတ် အသံကျယ်ကျယ်နှင့် ထအော်လိုက်၏။
“မင်း မသိဘူးလား”
“ဒီနေ့က မိုစိတ်ဝိညာဉ်ပန်းပဲရုံရဲ့ လစဉ်လေလံပွဲကျင်းပမယ့်နေ့လေ.. အဲ့ဒီကျင့်ကြံသူတွေ အကုန်လုံးက ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်မှာယူချင်လို့ အဲ့ကိုသွားကြတာနေမှာပေါ့”
ဘေးပတ်ပတ်လည်က လူများ၏ ဆွေးနွေးပြောကြားသံများကို နားထောင်ပြီး ရောင်ဝါလင်းလက်တိမ်နန်းတော်က ရုပ်ချောချောနှင့် စစ်ယုထန်က ပြုံးလိုက်၏။
“ဂျူနီယာညီမလေး.. ကြည့်စမ်း.. မြို့တော်ထဲမှာ မိုစိတ်ဝိညာဉ်ပန်းပဲရုံကနေ လစဉ်လေလံပွဲကျင်းပတဲ့နေ့က တစ်ကယ့်ရှားရှားပါးပါးပွဲနေ့ပဲ”
“အင်း”
ရှန်မန်းကီက ခေါင်းညိတ်လိုက်၏။ သူမ၏ မျက်လုံးထဲတွင် အံ့အားသင့်တုန်လှုပ်မှုက ပေါ်လာ၏။
လမ်းတစ်လျှောက်လုံးတွင်.. ကျင့်ကြံသူအားလုံးနီးပါးက ယနေ့မိုစိတ်ဝိညာဉ်ပန်းပဲရုံက ကျင်းပမည့်လေလံပွဲအကြောင်းကိုသာ ဆွေးနွေးပြောကြားနေကြ၏။
နောက်ပြီး.. သူတို့သာလျှင်မဟုတ်.. တောင်ပိုင်းတောင်တန်းဂိုဏ်းနှင့် အဇူရာနှင်းမြူလွှာဂိုဏ်းကပါ ထိုပွဲတွင် ပါဝင်ဆင်နွှဲကြပေမည်။
နတ်ပန်းပဲဆရာတစ်ယောက်က မြို့တော်ထဲတွင် ဤမျှလောက်အထိ လွှမ်းမိုးနိုင်စွမ်းရှိပြီး သူအလိုရှိသလို ခြယ်လှယ်နိုင်နေပုံက ရှန်းမန်းကီကို အလွန်အထင်ကြီးလေးစားမိသွားစေ၏။
သူမဆရာ၊ ပကတိကန်းလန်၏ ခွန်အား၊ အစွမ်းအစနှင့် ဆိုလျှင်တောင်.. သူသည် ဤမျှလောက်ထိ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။
ရှန်မန်းကီက ရှေ့သို့မျှော်ကြည့်လိုက်ပြီး ပြောလိုက်၏။
“ဆရာမိုက ဘယ်လိုပုံစံရှိမလဲ ငါသိချင်လိုက်တာ.. သူနဲ့သာ သိကျွမ်းခွင့်ရရင် အရမ်းကောင်းမှာပဲ”
“အဲ့ဒါက ခက်တော့ခက်တယ်”
စစ်ယုထန်က ခေါင်းခါလိုက်၏။
“မိုစိတ်ဝိညာဉ်ပန်းပဲရုံ စတင်ဖွင့်လှစ်ခဲ့တဲ့ သုံးနှစ်တာကာလအတွင်း ဆရာမိုနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့သူက လက်တစ်ဖက်စာတောင် မပြည့်ဘူးလို့ ပြောကြတာပဲ.. သူနဲ့အသိအကျွမ်းဖြစ်ဖို့ကို အသာထားဦး.. ဆရာမိုနဲ့ တစ်ခါလောက် တွေ့ခွင့်ရခဲ့ရင်တောင် အဲ့ဒါက ဂုဏ်ယူဝင့်ကြွားစရာပဲ”
ရှန်မန်းကီက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး.. အနည်းငယ် စိတ်ပျက်သွားပုံရ၏။
စစ်ယုထန်က သူမကို နှစ်သိမ့်လိုက်၏။
“ဒါပေမယ့် ဘာမှမစိုးရိမ်ပါနဲ့ ဂျူနီယာညီမလေးရယ်.. ဆရာက ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို ရအောင်လေလံဆွဲဖို့ ရည်ရွယ်ချက်နဲ့ ဒီလိုရောက်လာခဲ့တာပဲ.. ဆရာသာ လေလံအောင်သွားရင် ငါတို့လဲ ဆရာနဲ့ကပ်လိုက်ပြီး ဆရာမိုနဲ့ တွေ့ဖို့ အခွင့်အရေးရနိုင်တာပဲ”
ရှန်မန်းကီက ခေါင်းညိတ်လိုက်၏။
“ငါသေချာပေါက် လေလံအောင်မှာ”
ထိုအချိန်မှာပင် ကကတိသက်ရှိကန်းလန်က နောက်ကိုပင် လှည့်မကြည့်ဘဲ တိကျသေချာနေသော လေသံဖြင့် ထူးမခြားနားပြောလိုက်၏။
သူသည် ဤလေလံပွဲအတွက် ကြိုတင်အချိန်ယူ၍ သေသေချာချာ ပြင်ဆင်လာခဲ့၏။ ဤလေလံပွဲကို သေချာပေါက် သူအောင်ရမည်ဟု အခိုင်အမာ ယုံကြည်မှု ရှိလေသည်။
သိပ်မကြာမီ သူတို့သုံးယောက်သည် မိုစိတ်ဝိညာဉ်ပန်းပဲရုံ၏ ပရဝဏ်နားသို့ ရောက်ရှိလာခဲ့ကြ၏။
တစ်ချက်လှမ်းကြည့်လိုက်ကြပြီးနောက် သူတို့သုံးယောက်စလုံးသည် သူတို့မျက်လုံးထဲတွင် အံ့အားသင့်တုန်လှုပ်မှုကို ဖုံးမထားနိုင်ဘဲ မှင်သက်သွားကြ၏။
ပကတိကန်းလန်၏ အမူအယာပင်လျှင် အနည်းငယ်ပြောင်းလဲသွား၏။
မိုစိတ်ဝိညာဉ်ပန်းပဲရုံ၏ ဝင်ပေါက်ဝ၌ လူတွေက အများကြီး ရှိနေလေသည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုနေရာတွင် စုဝေးနေကြသည်က လူပေါင်းသောင်းချီရှိနေကြောင်း ပြောနိုင်လေသည်။ အဲ့လောက်များပြားလှသော လူပင်လယ်ကြီးကို စည်စည်ကားကားတွေ့ရခြင်းက တစ်ကယ့်အံ့မခန်းခမ်းနားထည်ဝါနေလေသည်။
ထိုလူအုပ်ကြီးထဲတွင် ရွှေအမြုအဆင့်များချည်း ရေတွက်လျှင်တောင် လူတစ်ထောင်ကျော်လောက် ရှိလေသည်။
ဤမျှ များပြားလှသော ရွှေအမြုတေအဆင့်များကို တစ်စုတစ်စည်းတည်း မြင်တွေ့ရဖို့က တစ်ကယ့်ကြုံတောင့်ကြုံခဲဖြစ်လေသည်။
သို့သော် ယခုအခါမှာတော့ သူတို့အားလုံးသည် သာမာန်အိမ်တော်တစ်လုံးဟု ထင်ရသော နေရာရှေ့တွင် လာရောက်စုဝေးကြ၍ ဝင်ပေါက်ဘက်သို့ မျှော်တလင့်လင့်နှင့် စောင့်ကြည့်နေကြ၏။