← Chapters

လေလံပွဲ

Vol. 20 Ch. 292

လေလံပွဲ

Vol. 20 Ch. 292

အခန်း ၂၉၂ - လေလံပွဲ

“လူတွေများလှချေလား”

သူမရှေ့မှ သိပ်သည်းများပြားလှသော လူအုပ်ကြီးကိုကြည့်ကာ တုန်လှုပ်သွားပြီး ကျိယောင်ရွှယ်က ရေရွတ်လိုက်၏။

မိုစိတ်ဝိညာဉ်ပန်းပဲရုံ၏ ဂုဏ်သတင်းအကြောင်း သူမ ကြားဖူးခဲ့ပြီးပြီဖြစ်သော်လည်း လစဉ်လေလံပွဲတစ်ခုက ဒီလောက်များပြားလှတဲ့ ကျင့်ကြံသူ‌တွေကို ဆွဲဆောင်နိုင်လိမ့်မည်ဟု သူမ ထင်မထားခဲ့မိပေ။

“‌ယောင်ရွှယ် နင်မသိသေးဘူးထင်တယ်.. ငါကြားတာတော့ ဒီလေလံပွဲက နောက်ဆုံးလေလံပွဲဖြစ်လိမ့်မယ်တဲ့”

ယခုစကားပြောလိုက်သောသူက အဖြူရောင်ရှပ်အင်္ကျီပြောင်ကို ဝတ်ဆင်ထား၏။ သူမက သိမ်းဖြူအစောင့်များ၏ ခေါင်းဆောင်တပ်မှူး ပိုင်ယုဟန်ပင် ဖြစ်လေသည်။

သူတို့နှစ်ယောက်က အလွန်ခင်မင်ရင်းနှီး၍ ဆက်ဆံရေးကောင်းမွန်ကြသောကြောင့် သူတို့နှစ်ယောက်တည်း ရှိသည့်အချိန်ဆို တစ်ယောက်နှင့်တစ်ယောက် လွတ်လွတ်လပ်လပ်ခေါ်ဆို ‌ပြောတတ်ကြလေသည်။

“နောက်ဆုံးလား.. ဘာလို့လဲ” ကျိယောင်ရွှယ်က ဝေခွဲမရ ဖြစ်သွား၏။

ပိုင်ယုဟန်က ရှင်းပြလိုက်၏။

“ဟုတ်တယ် ငါကြားတာတော့ ဂိုဏ်းပေါင်းစုံပြိုင်ပွဲပြီးတာနဲ့ ဆရာမိုက ဒီမြို့ကနေ ထွက်သွားတော့မှာတဲ့.. ဆရာမိုထွက်သွားတာနဲ့ ဒီက ရွှေအမြုတေတွေက အခုလို အခွင့်အရေးမျိုး ထပ်ရမှာ မဟုတ်တော့ဘူးလေ”

ခဏမျှ ရပ်တန့်ပြီးနောက် ပိုင်ယုဟန်သည် လူအုပ်ကြီးကိုဖြတ်၍ မလှမ်းမကမ်းသို့ ဝေ့ကြည့်လိုက်၏။

“ဟိုမှာကြည့်စမ်း.. အဲ့ဒါ ရောင်ဝါလင်းလက်တိမ်နန်းတော်၊ တောင်ပိုင်းတောင်တန်းဂိုဏ်း.. ပြီးတော့ အဇူရာနှင်းမြူလွှာဂိုဏ်းက ရွှေအမြုတေတွေရောပဲ.. ကြည့်ရတာတော့ လေလံပွဲက တစ်ကယ်အကြိတ်အနယ်ရှိတော့မယ့်ပုံပဲ!”

ကျိယောင်ရွှယ်က ခေါင်းညိတ်ပြလိုက်သော်လည်း သူမ၏ ပုံစံက အကျပ်တွေ့သွားသလို အနည်းငယ်စိတ်ပျက်သည့်ပုံပေါက်နေ၏။

ကျိယောင်ရွှယ်၏ ထူးဆန်းသည်ပုံစံကို သတိထားမိသွားပြီး ပိုင်ယုဟန်က ညင်သာစွာ မေးလိုက်၏။

“ဘာဖြစ်လို့လဲ.. စိတ်မချမ်းသာစရာ တစ်ခုခုရှိလို့လား”

ကျိယောင်ရွှယ်က ခေါင်းကိုငုံ့၍ တိတ်ဆိတ်နေ၏။

“ဆူဇီမိုအတွက်နဲ့.. နင်နဲ့ အရှင်မင်းမြတ် ရန်ဖြစ်ကြပြန်ပြီလား” ပိုင်ယုဟန်က အတည်ပြုမေးကြည့်လိုက်၏။

“အင်း”

ကျိယောင်ရွှယ်က ကွယ်ဝှက်မနေဘဲ ပြန်ဖြေလိုက်၏။

ပြီးခဲ့သည့် နှစ်နှစ်သုံးနှစ်လောက်ကတည်းက သူမသည် ဤကိစ္စအကြောင်း ပိုင်ယုဟန်ကို ပြောပြခဲ့ဖူးလေသည်။

ပိုင်ယုဟန်က ဆက်ပြောလိုက်၏။

“အရှင်မင်းမြတ်က နင့်ကို ဒီထိပ်တန်းအဆင့်လက်နက်ကို သွားယူခိုင်းရင်း.. ဆရာမိုနဲ့ပါ ရင်းနှီးစေချင်နေတာ ဟုတ်တယ်မလား”

ကျိယောင်ရွှယ်က ခေါင်းညိတ်လိုက်၏။ သူမသည် ခဏမျှ တွေဝေနေပြီးနောက် မေးလိုက်၏။

“အစ်မပိုင်.. ဒီကိစ္စကို နင်ရော ဘယ်လိုထင်လဲ”

“ငါလား”

ပိုင်ယုဟန်က ရယ်မောလိုက်၏။

“ငါက ဆူဇီမိုကို တစ်ခါမှ မတွေ့ဖူးပေမယ့်လို့.. ဆရာမိုကိုတော့ တွေ့ဖူးတယ်.. ငါပြောနိုင်တာတစ်ခုကတော့ သူက အဲ့ဆူဇီမိုထက်တော့ အပုံကြီးသာတယ်”

မိုးလေရှုခင်းမဏ္ဍပ်ထဲမှာတုန်းက ထိုအစိမ်းရောင်ဝတ်ကျင့်ကြံသူသည် ရိုကျိုးခယနေခြင်းမရှိသလို.. ထောင်လွှားမောက်မာနေခြင်းလည်း မရှိပေ။ အင်အားကြီးအဖွဲ့အစည်းနှစ်ခုဖြစ်သည့် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်း၊ သွေးလင်းတအစောင့်အရှောက်တို့က ဖိအားပေးနေသော်လည်း သူက မယုံကြည်နိုင်စွာ တည်ငြိမ်နေခဲ့၏။ သူသည် စကားလေးတစ်ခွန်းနှစ်ခွန်းထဲနှင့် အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ပြခဲ့ပုံက ပိုင်ယုဟန်ကို လွန်စွာ အထင်ကြီးလေးစားမိသွားစေခဲ့၏။

ကျိယောင်ရွှယ်က မျက်မှောင်ကြုတ်လိုက်၏။

ပိုင်ယုဟန်က ဆက်ပြောလိုက်၏။

“ယောင်ရွှယ် အခုနေတော့ ငါပြောတာကို နင်ယုံချင်မှယုံလိမ့်မယ်.. ဒါပေမယ့်လို့ ဆရာမိုနဲ့ နင်တွေ့ပြီးရင်တော့ သူက ဘယ်သူမှမတူ တစ်မူထူးခြားတဲ့သူဆိုတာ နင်လက်ခံသွားလိမ့်မယ်”

ကျိယောင်ရွှယ်က ဂရုမစိုက်ဟန်နှင့် ပြန်ပြောလိုက်၏။

“ကြည့်ရသေးတာပေါ့”

. . .

ပကတိသက်ရှိကန်းလန်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး သူ့အကြည့်က အေးစက်နေ၏။ သူသည် ရင်ကိုကော့၍ သူ့တပည့်နှစ်ယောက်ကို ဦးဆောင်ခေါ်ကာ ထက်ရှသောအော်ရာနှင့် လူအုပ်ကြားထဲသို့ ဝင်ရောက်လိုက်၏။

များစွာသောလူများသည် တစ်ခုခုကို အာရုံခံမိလိုက်သလို အလိုလို လှည့်ကြည့်လိုက်ကြ၏။

ရောင်ဝါလင်းလက်တိမ်နန်းတော်က ဂိုဏ်းကြီးငါးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်၏။ နောက်ပြီး ပကတိသက်ရှိကန်းလန်သည် အစကတည်းက ရက်စက်တတ်သည်ဟူသော နာမည်နှင့် ကျော်ကြားသူဖြစ်၏။

လူအုပ်ကြီးက တစ်ယောက်ကိုတစ်ယောက် တွန်းထိုး၍ စိုးရိမ်ပူပန်စွာ လမ်းဖယ်ပေးလိုက်ကြ၏။

သိပ်မကြာမီ ပကတိသက်ရှိကန်းလန်နှင့် သူ့တပည့်နှစ်ယောက်သည် လူအုပ်ကြီး၏ အရှေ့သို့ ရောက်ရှိသွား၏။

ပကတိသက်ရှိကန်းလန်နှင့် သူ့တပည့်နှစ်ယောက်အပြင် အရှေ့ဆုံးအတန်း၌.. တောင်ပိုင်းတောင်တန်းဂိုဏ်းမှ ပကတိသက်ရှိ ယွင်ရှန်နှင့် သူ၏ အမွေခံတပည့်၊ အဇူရာနှင်းမြူလွှာဂိုဏ်းမှ ပကတိသက်ရှိရီနင်တို့သည်လည်းပဲ ရောက်ရှိနေကြ၏။

“ဒီတစ်ခေါက် ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်ကို ကျုပ်အရယူဖို့ ဆုံးဖြတ်ထားပြီးပြီ.. ဒါ့ကြောင့်မလို့ တာအိုရောင်းရင်းတို့ ကျုပ်နဲ့အပြိုင် ဝင်မလုကြပါနဲ့” ပကတိသက်ရှိကန်းလန်က ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်ရှုလိုက်၏။ သူ့လေသံက တည်ငြိမ်နေပြီး ပြန်လှန်ခွန်းတုန့်မပြန်နိုင်သော သြဇာကို ပိုင်ဆိုင်ထား၏။

“ဟီးဟီး”

ပကတိသက်ရှိယွင်ရှန်က ရယ်မောလိုက်၏။

“ကန်းလန်.. ဘာတွေအဓိပ္ပါယ်မရှိ လျှောက်အော်နေတာလဲ.. မင်းက အဲ့ဒါကို လိုချင်သလို ငါလဲလိုချင်တာ‌ပေါ့ဟ!”

ထို့နောက် ပကတိသက်ရှိယွင်ရှန်က တစ်ဖက်သို့ လှည့်မေးလိုက်၏။

“တာအိုရောင်ရင်းရီနင်.. ခင်ဗျားရော ဘယ်လိုသဘောရလဲ”

“ဘာပြောစရာလိုလို့လဲ.. ဒါက လေလံပွဲဆိုမှတော့ ကျမတို့ မျှမျှတတယှဉ်ပြိုင်ကြတာပေါ့”

ပကတိသက်ရှိရီနင်ကလည်း ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို ပိုင်ဆိုင်လိုသောကြောင့် ကောင်းကောင်းပြင်ဆင်လာခဲ့ပြီး.. ပကတိသက်ရှိကန်းလန်ပါးစပ်က ထွက်လာသော စကားတစ်ခွန်းမျှနှင့် လက်လျှော့‌ပေးလိုက်စရာ အကြောင်းမရှိပေ။

ပကတိသက်ရှိကန်းလန်က အေးစက်စက်နှာတစ်ချက်မှုတ်လိုက်ပြီး ဘာမျှထပ်မပြောတော့ပေ။

ကျွီ..!

ထိုအချိန်မှာပင် မိုစိတ်ဝိညာဉ်ပန်းပဲရုံ၏ ဝင်‌ပေါက်တံခါးက ရုတ်တရတ် ပွင့်ဟလာ၏။

ရွှစ်.. ရွှစ်.. ရွှစ်..

မရေမတွက်နိုင်သော အကြည့်များက မိုစိတ်ဝိညာဉ်ပန်းပဲရုံ၏ ဝင်ပေါက်တံခါးဆီသို့ စိတ်လှုပ်ရှား‌တောင့်တစွာနှင့် ကျရောက်သွားကြ၏။

တံခါးမှတစ်ဆင့် မိန်းကလေးတစ်ယောက် ထွက်လာ၏။ သူမ၏ ဆံပင်များက အဝါရောင်ရှိပြီး ပြန့်ကျဲကျနေ၏။ သို့သော်လည်း သူမသည် အလွန်တရာချောမောလှပပြီး ထိုအားနည်းချက်ကို လူတိုင်းက အလိုလိုလျစ်လျူရှုမိပြီးသားဖြစ်၏။

“တာအိုရောင်းရင်းနန်းကြည်.. ခင်ဗျားနောက်ဆုံးတော့ ထွက်လာပြီပေါ့လေ”

“တာအိုရောင်းရင်းနန်းကြည်က အရင်ကထက်တောင် ပိုချောလာသလိုပဲ” ရွှေအမြုတေတစ်ယောက်က အရှက်မရှိ ပြောလိုက်၏။

“တာအိုရောင်းရင်းနန်းကြည့်.. ဒီမှာကျုပ်လေ.. အဟမ်း အဟမ်း.. ကျုပ်ထပ်ရောက်လာရပြန်ပြီ”

မြို့တော်ထဲမှာ နေထိုင်ကြသော ကျင့်ကြံသူအားလုံးနီးပါးသည် လေလံပွဲတိုင်း၌ ဆရာမိုက ထွက်လာမည်မဟုတ်ဆိုတာကို သိထားကြလေသည်။ လေလံပွဲကို လက်ခံကျင်းပပေးမည့် တစ်ဦးတည်းသောသူမှာ နန်းကြည်သာ ဖြစ်လေသည်။

သူမသည် အိမ်ဖော်တစ်ယောက်လို ဝတ်စား၍ အခြေတည်အဆင့်မျှသာ ရှိသေးသော်လည်းး.. မည်သည့်ရွှေအမြုတေအဆင့်ကမျှ သူမကို အထင်သေးစွာ မဆက်ဆံရဲပေ။

နန်းကြည်က မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ.. လက်နှစ်ဖက်ကို အောက်သို့ဖိချဟန် ပြလိုက်၏။

အစက ပွက်လောရိုက်နေသော ဆူညံသံများအားလုံးက ငြိမ်ကျသွား၏။

အဲ့ဒီမှာ လူပေါင်းသောင်းချီရှိပြီး ရွှေအမြုတေအဆင့်များစွာလည်း ပါဝင်၏။ သို့သော်လည်း အိမ်ဖော်မလေး၏ လက်ဟန်တစ်ချက်က အားလုံးကို ငြိမ်သက်ကျသွားစေ၏။

ရှန်မန်းကီ၏ မျက်လုံးထဲတွင် အားကျမှုက ပေါ်လာ၏။

အစေခံအိမ်ဖော်မလေးတစ်ယောက်ကတောင် ဒီလိုမျိုး သြဇာအာဏာကို ပိုင်ဆိုင်ထားလျှင် သူမ၏ သခင်က ဘယ်လောက်တောင် အံ့ဖွယ်ကောင်းလိုက်မလဲ။

“အခုဒီမှာ တာအိုရောင်းရင်းအသစ်တွေနဲ့ တခြားနယ်က ကျင့်ကြံသူတွေ အများကြီးကို ကျမမြင်နေရပါတယ်... ဒါကြောင့်မလို့ လေလံပွဲရဲ့ စည်းမျဉ်းတွေကို ကျမထပ်ပြောပါမယ်.. လေလံဆွဲမယ့်သူတွေက ကျမဆီကနေ နံပါတ်ပြားတစ်ခုဆီရမှာဖြစ်ပြီး ပစ္စည်းအစုံသုံးဆယ်စာကို ပြင်ဆင်ထားရပါမယ်.. ကြမ်းခင်းစျေးက သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀၀၀ ကနေစမှာဖြစ်ပြီး.. လေလံစျေးတစ်ကြိမ်တိုးပေးတိုင်း ၁၀၀၀၀ ထက်မနည်းရပါဘူး.. လေလံစျေးအများဆုံးပေးနိုင်တဲ့သူက အနိုင်ရပါမယ်”

ထိုသို့ပြောပြီးသည်နှင့် နန်းကြည်သည် သူမ၏ သိုလှောင်အိတ်ထဲကနေ နံပါတ်များရေးထားသော ကျောက်စိမ်းတိုကင်ပြားများကို ဆွဲထုတ်ကာ လူအုပ်ကြီးထဲသို့ ပစ်ပေးလိုက်၏။

ပကတိသက်ရှိကန်းလန်က သူ့လက်ကို ဝေ့ရမ်း၍ ပထမဆုံးတိုကင်ပြားကို ဖမ်းယူလိုက်၏။

ပကတိသက်ရှိယွင်ရှန်က ဒုတိယတိုကင်ပြားကိုရပြီး ပကတိသက်ရှိရီနင်ကတော့ တတိယတစ်ခုကို ရသွား၏။

အခြားသောတိုကင်များကိုတော့ သူတို့နောက်ဘက်ရှိ များစွာသောရွှေအမြုတေများက ဖမ်းယူလိုက်ကြ၏။

လူပေါင်းများစွာရှိကြသော်လည်း သူတို့အများစုမှာ ရွှေအမြုတေများ၏ တပည့်တပန်းများ ဖြစ်ကြ၏။

တစ်ကယ့်လေလံဆွဲမည့်သူများကတော့ ရွှေအမြုတေအဆင့်တစ်ထောင်ကျော်သာ ဖြစ်လေသည်။

“ကဲ လေလံပွဲကို စလိုက်ကြပါစို့!”

နန်းကြည်၏ အသံက ဆုံးသွားသည်နှင့် လူအုပ်ထဲမှ တစ်‌ယောက်က လေလံစျေးစတင်ခေါ်လိုက်၏။

လူအုပ်ကြီးနှင့် မလှမ်းမကမ်း လမ်းကြားလေးထဲတွင်.. ကြော့ရှင်းလှပသောရထားလုံးလေးတစ်စင်းက ရပ်ထား၏။

ရထားလုံးထဲတွင် အမျိုးသမီးနှစ်ယောက် ထိုင်နေကြ၏။ သူတို့နှစ်ယောက်ထဲမှတစ်ယောက်က ရှိုက်ကြီးဖိုငယ်အသွယ်သွယ် လုံးကြီးပေါက်လှနှင့် ရင့်ကျက်သောညို့ငင်ဓါတ်ရှိ၏။

နောက်ထပ်အမျိုးသမီးကတော့ မျက်နှာကို မျက်နှာဖုံးတစ်ခုနှင့် အုပ်ထားပြီး ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမ၏ မျက်နှာကို မမြင်ရသော်လည်း သူမမျက်တောင်တစ်ချက်ခတ်လိုက်တိုင်း.. လူတစ်ယောက်၏ ဝိညာဉ်ကိုခိုးယူသွားနိုင်သော လှိုင်းဂယက်များက ထွက်ပေါ်လာ၏။

“ဒေါ်လေးဂူ.. အဲ့မိုလင်းရဲ့ နောက်ခံကဘာလဲ.. သူက ရတနာ့ကောင်းကင်လေလံအိမ်တော်ရဲ့ လုပ်ငန်းကိုတောင် လုယူနေပါပြီရောလား” ပန်းရောင်ဝတ်မိန်းကလေးက မျက်မှောင်အနည်းငယ်ကြုတ်၍ ဒေါသသံအနည်းငယ်ရောစွက်ကာ ‌မေးလိုက်၏။

“ငါလဲ သေချာမသိဘူး” ဒေါ်လေးဂူဟု အခေါ်ခံရသော အမျိုးသမီးက ခေါင်းခါပြလိုက်၏။

“ကျမအဖေပြောတာ ကြားတာတော့ သူ့အသက်က နှစ်ဆယ်ကျော်ကျော်လောက်ပဲ ရှိသေးတယ်တဲ့.. သူက အဲ့လူကို တော်တော်အမွှန်းတင်နေတာ.. သူ့ကို သူက အများကြီးမျှော်လင့်ထားပုံပဲ” ပန်းရောင်ဝတ်မိန်းကလေးက ပြောလိုက်၏။

“ဘာလို့လဲ.. စင်ကြယ်အပျိုစင်ဂိုဏ်းက ငါတို့ရဲ့ သခင်မလေးကိုယ်တိုင်ကပါ သူ့ကို စိတ်ဝင်စားနေပြီလား”

ဒေါ်လေးဂူက ပန်းရောင်မိန်းကလေးကို ရွှတ်နောက်နောက်အပြုံးနှင့်ကြည့်၍ စနောက်မေးလိုက်၏။

“ကျွတ်”

ပန်းရောင်ဝတ်မိန်းကလေးက အထင်သေးသလို သူမ၏ နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီး.. မျက်နှာကိုချီ၍ ယုံကြည်မှုရှိရှိ ပြောလိုက်၏။

“ကျမသာ လူလုံးထွက်ပြလိုက်မယ်ဆိုရင်.. လက်ဖျောက်လေးတစ်ချက်တီးပြလိုက်ရုံပဲ.. အဲ့မိုလင်းဆိုတဲ့သူက ကျမခြေရင်းမှာ ဝပ်ဆင်းသွားစေရမယ်!”

All Chapters