← Chapters

သခင်လေးရဲ့ ဆုံးဖြတ်ချက်သာ အတည်

Vol. 20 Ch. 294

သခင်လေးရဲ့ ဆုံးဖြတ်ချက်သာ အတည်

Vol. 20 Ch. 294

အခန်း ၂၉၄ - သခင်လေးရဲ့ ဆုံးဖြတ်ချက်သာ အတည်

အသက်ဆယ်ရှိုက်စာအထိ လေလံစျေးထပ်ပေးမည့်သူ မရှိပါက ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်အား စိတ်တိုင်းကျမှာယူနိုင်မည့်အခွင့်အရေးကို ပကတိသက်ရှိကန်းလန်က ပိုင်ဆိုင်နိုင်ပေမည်။

“ပွဲပြီးသွားပြီပဲ”

လူအုပ်ကြီး၏ အပြင်ဘက်ရှိ ပိုင်ယုဟန်က ရေရွတ်လိုက်၏။

ကျိယောင်ရွှယ်ကလည်း ခေါင်းညိတ်လိုက်၏။

“အင်း.. ပကတိသက်ရှိကန်းလန်ရဲ့ လေသံကို နားထောင်ကြည့်ရတာ သူက သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၂သန်းထက်ပိုပြီး ပြင်ဆင်လာခဲ့ပုံပဲ”

ပိုင်ယုဟန်က ပြုံးလိုက်၏။

“သူ့ရဲ့ စူးရှပြတ်သားတဲ့ အော်ရာနဲ့တင်.. လူအုပ်ကြီးကို ဖိနှိမ်ဖို့ လုံလောက်တယ်.. တစ်ယောက်ယောက် ထပြီး လေလံစျေးထပ်ပေးချင်ရင်‌တောင် သူ့ကိုကျော်ပြီး အနိုင်ရပါ့မလားဆိုတာ မသေချာဘူး.. နောက်ပြီး အဲ့လိုလုပ်လိုက်ရင် အဲ့လူက သူနဲ့လဲ ရန်ငြိုးရန်စပွားရဦးမယ်.. ဘယ်သူမှ ဝင်စွန့်စားချင်ကြမှာ မဟုတ်ဘူး”

“အင်း ဟုတ်တယ်”

နောက်ထပ်လေလံစျေးပေးမည့်သူက ထပ်ပြီး ပေါ်မလာတော့ပေ။

ပကတိသက်ရှိကန်းလန်က စိတ်သက်သာရာရကာ သက်ပြင်းချလိုက်၏။

သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၂သန်းဆိုတာက သူ့အတွက်လည်း နည်းသောပမာဏ မဟုတ်ပေ။

တစ်ယောက်ယောက်သာ ထပြီး လေလံစျေးထပ်ပေးလျှင် သူသည် ရင်နာနာနှင့်ပင် ထပ်ပြီး စျေးထပ်မြှင့်ပေးရပေဦးမည်။

ကံကောင်းစွာနှင့် မည်သူမျှ ထပ်ပြီးပေါ်မလာတော့ပေ။

ပကတိသက်ရှိကန်းလန်၏ မျက်နှာက ရွှင်ပျဝင်းလက်သွား၏။ သူ၏ မျက်နှာပေါ်တွင် အားရကျေနပ်မှုကို ဖုံးကွယ်မထားနိုင်ပေ။

မလှမ်းမကမ်း လမ်းကြားလေးထဲတွင်.. ဂူရှီက လိုက်ကာစကိုချပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ပြန်ကြတာပေါ့.. ငါတို့ကြည့်စရာလဲ ဘာမှမရှိတော့ပါဘူး”

“အင်း သွားကြတာပေါ့” နတ်ဆိုးမကျိကလည်း ခေါင်းညိတ်လိုက်၏။

မြင်းလှည်းမောင်းသမားက ရထားလုံးကို စတင်လှည့်လိုက်၏။

မိုစိတ်ဝိညာဉ်ပန်းပဲရုံရှေ့ရှိ လူအုပ်ကြီးကလည်း စတင်လူချဲကုန်ကြပြီဖြစ်လေသည်။

ကန်းလန်က ယွင်ရှန်နှင့် ရီနင်တို့ဘက်သို့ လှည့်၍ ပြုံးပြလိုက်၏။

“ကျုပ်ကို အလျှော့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

“တာအိုရောင်းရင်းကန်းလန်က အရမ်းချမ်းသာနေမှတော့ ကျုပ်က ဘယ်ယှဉ်နိုင်ပါတော့မလဲ.. ဂုဏ်ယူပါတယ်ဗျာ”

ပကတိသက်ရှိယွင်ရှန်က အေးစက်စက် တစ်ချက်ရယ်၍ ရှစ်ကျန့်နှင့်အတူ လှည့်ထွက်သွား၏။

ပကတိသက်ရှိရီနင်ကတော့ ဘာမှမပြောတော့ဘဲ အေးစက်စက်နှာတစ်ချက်မှုတ်လိုက်၏။ သူမသည် စိတ်ထဲမှာတော့ မချင့်မရဲဖြစ်နေ၏။

ပကတိသက်ရှိကန်းလန်က သူတို့နှစ်ယောက်ကိုကြည့်၍ ပေါ့ပါးစွာ ရယ်မောလိုက်၏။ သူသည် ဘဝင်လေဟပ်သလို ခံစားနေရပြီး.. မျက်နှာကိုမော့၍ နန်းကြည်ဘက်သို့ လှည့်လိုက်၏။

“ဟေး အမျိုးသမီးငယ်လေး.. ရလဒ်ကို ကြေညာပေးဦးလေ”

စစ်ယုထန်က အသံနှိမ့်၍ ပြောလိုက်၏။

“ဂျူနီယာညီမလေး.. ဆရာက လေလံအောင်သွားပြီဆိုတော့.. ငါတို့လဲ ဆရာမိုလဲ တွေ့ဖို့ အခွင့်အရေး ရရင်ရနိုင်တယ်သိလား”

“အင်း”

ရှန်မန်းကီက သူမ၏ လက်သီးကို တင်းတင်းဆုပ်ထားပြီး မျှော်လင့်စောင့်စားစွာနှင့် ခေါင်းညိတ်လိုက်၏။

လေလံပွဲ စတင်လိုက်ကတည်းက နန်းကြည်က စကားတစ်ခွန်းမျှ ဝင်မပြောပေ။ သူမသည် တံခါးပေါက်ရှေ့၌ မတ်တပ်ရပ်၍ များစွာသော ရွှေအမြုတေအဆင့်များ လေလံအပြိုင်ပေးနေသည်ကို တည်ငြိမ်စွာ စောင့်ကြည့်နေ၏။

ယခုအခါမှာသာ နန်းကြည်က သူမ၏ လေသံကိုမြှင့်၍ ပြောလိုက်၏။

“ဒီကနေ့ လေလံပွဲရဲ့ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်ကို စိတ်တိုင်းကျမှာယူခွင့် ရရှိသွားသွားသူ.. တာအိုရောင်းရင်းကတော့..... နံပါတ်...သုံးပဲ ဖြစ်ပါတယ်ရှင်!”

လူအုပ်ကြီးက အစတုန်းကတော့ စတင်ထွက်ခွာနေကြပြီဖြစ်၏။

သို့သော်လည်း နန်းကြည်စကားပြောပြီးသည်နှင့် သူတို့၏ ခြေလှမ်းများက အလိုလိုရပ်တန့်ကုန်ကြ၏။ သူတို့၏ မျက်နှာထက်က အမူအယာက ယောင်တိယောင်ချာ ဖြစ်နေကြ၏။

နံပါတ်သုံးတဲ့လား...

နံပါတ်သုံးပိုင်ရှင်က အဇူရာနှင်းမြူလွှာဂိုဏ်းက ပကတိသက်ရှိရီနင်မဟုတ်လား..

သူမကပဲ မှားယွင်းပြီး ကြေညာလိုက်တာလား.. သူတို့ပဲ နားကြားမှားသွားတာလား..

လူတိုင်း အလိုလို လှည့်ကြည့်လိုက်ကြ၏။

လမ်းကြားလေးထဲမှ ရထားလုံးက ထွက်ခွာမလို့ လှည့်ထွက်နေပြီဖြစ်၏။ ထိုအချိန်မှာပင် ရထားလုံးထဲမှ မပီမသအသံနှင့်အတူ ရထားလုံးက ရပ်တန့်သွား၏။

“ဘာလို့နံပါတ်သုံးလဲ” စိတ်ရှုပ်ထွေးမှုရောစွက်နေသော နူးညံ့သည့်အသံလေးက ထွက်ပေါ်လာ၏။

လူအုပ်ကြီး၏အပြင်ဘက်၌ ကျိယောင်ရွှယ်နှင့် ပိုင်ယုဟန်ကလည်း တုန်လှုပ်စွာ အကြည့်ချင်းဖလှယ်လိုက်ကြ၏။

“ဒါက...”

ပိုင်ယုဟန်သည်လည်း အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီး သူမ၏ မျက်လုံးများကို ပုတ်ခတ်လိုက်၏။

“ခါတိုင်းလိုဆို.. လေလံစျေးအမြင့်ဆုံး ‌ပေးနိုင်တဲ့သူက အဲ့ဒါကို ရမှာမလား.. ဘာလို့များ နံပါတ်သုံးတဲ့လဲ”

ဝင်‌ပေါက်ဝမှ နန်းကြည်၏ အသံကိုကြားလိုက်သောအခါ ပကတိသက်ရှိကန်းလန်၏ မျက်နှာ‌ပေါ်က အပြုံးက တောင့်ခဲသွား၏။

ပကတိသက်ရှိယွင်ရှန်၏ ခြေလှမ်းကလည်း ရပ်တန့်သွားပြီး.. အတွေးနက်စွာဖြင့် ပြန်လှည့်ကြည့်လိုက်၏။

ပကတိသသက်ရှိရီနင်က နေရာမှာတင် ငူငူကြီးရပ်နေမိ၏။ ကောင်းကင်ထက်မှာ အံ့အားသင့်စရာများ သူမအပေါ်သို့ ပြုကျလာသလို.. တုန့်ပြန်မှု မပေးနိုင်ဖြစ်နေ၏။

“လုံမလေး.. နင်မှားပြီး ကြေငြာလိုက်တာမလား”

ပကတိသက်ရှိကန်းလန်က စိတ်မကျေနပ်သောအမူအယာနှင့် မျက်မှောင် ယဲ့ယဲ့ကြုတ်လိုက်၏။

“မမှားပါဘူးရှင်”

နန်းကြည်က ပုံမှန်လေသံအတိုင်း ပြန်ဖြေလိုက်၏။

ပကတိသက်ရှိကန်းလန်၏ အမူအယာက သုန်မှုန်သွား၏။ သူက လက်ထဲမှ တိုကင်နံပါတ်ပြားကို ထောင်ပြ၍ အတည့်အတံ့ပြောလိုက်၏။

“သေချာကြည့်ပါဦး.. ကျုပ်က နံပါတ်တစ်လေ.. စောစောတုန်းက လေလံစျေးအမြင့်ဆုံး ၂.၀၁သန်းပေးလိုက်တဲ့သူက နံပါတ်တစ်လေ”

“သြော်”

နန်းကြည်က ခေါင်းညိတ်လိုက်၏။

“ရှင်ပြောတာ မှန်ပါတယ်”

ထိုစကားကိုကြားသောအခါမှသာ ပကတိသက်ရှိကန်းလန်၏ တင်းမာနေသော မျက်နှာက ပြေလျော့သွား၏။

ထိုအချိန်မှာပင် နန်းကြည်က စကားလမ်းကြောင်းပြောင်းလိုက်ပြီး အတည့်အတံ့ပုံစံနှင့် ထပ်ပြောလိုက်၏။

“ဒါပေမယ့်လို့.. ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်ကို မှာယူခွင့်ရရှိသွားသူကတော့ နံပါတ်သုံးပဲ ဖြစ်ပါတယ်ရှင်”

စောစောတုန်းက ရလဒ်ကိုကြေညာသောအခါ အားလုံးသည် သူတို့အကြားမှားသွားတာလားဟု တွေးမိခဲ့ကြ၏။

သို့သော် ဒီတစ်ကြိမ်မှာတော့ ကျင့်ကြံသူများအားလုံးက ရှင်းရှင်းလင်းလင်း ပီပီသသ ကြားလိုက်ရ၏။

တစ်ခုခုတော့ တစ်ခုခုပဲလေ..

ထွက်ခွာနေကြသည့် ကျင့်ကြံသူများအားလုံးက မိုစိတ်ဝိညာဉ်ပန်းပဲရုံရှေ့သို့ ပို၍ လျှင်မြန်သောနှုန်းဖြင့် အပြေးအလွှားပြန်စုလာကြ၏။ သူတို့သည် စိတ်ဝင်စားဖို့ကောင်းသော ပွဲတစ်ပွဲကြည့်ရတော့မည်ဟူသော အတွေးနှင့် တက်ကြွနေကြ၏။

ပကတိသက်ရှိကန်းလန်၏ ဘေးပတ်ပတ်လည်သို့ လူများက နောက်တစ်ဖန် ပြန်ဝိုင်းသွားကြ၏။

ပကတိသက်ရှိယွင်ရှန်၏ မျက်နှာပေါ်တွင် လှောင်ပြောင်သရော်လိုရိပ်က ပေါ်လာပြီး မသိသလို ဟန်ဆောင်၍ သူက မေးလိုက်၏။

“တာအိုရောင်းရင်းကန်းလန်.. ဘာတွေများ ဖြစ်နေတာလဲဗျ”

“ဟမ့်!”

ပကတိသက်ရှိကန်းလန်၏ မျက်နှာက လွန်စွာ အရုပ်ဆိုးနေပြီး.. အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။ သူက နန်းကြည်ကို သုန်မှုန်နေသော မျက်နှာထားနှင့် စူးစူးရဲရဲကြည့်ပြီး ဖြည်းဖြည်းချင်း မေးလိုက်၏။

“လုံမလေး.. နင်ငါ့ကို လာနောက်နေတာလား”

ပကတိသက်ရှိကန်းလန်ထံမှ ကြောက်စရာကောင်းသည့်အော်ရာတစ်ခုက ထွက်ပေါ်လာပြီး နန်းကြည်ပေါ်သို့ ဖြည်းဖြည်းချင်း ဖိအားတစ်ခုအဖြစ် သက်ရောက်လာ၏။

ယခုအချိန်တွင် ပကတိသက်ရှိကန်းလန်က အမှန်တစ်ကယ်ပင် ဒေါသထွက်နေပြီဖြစ်ကြောင်း အားလုံး မြင်နိုင်သိနိုင်ကြလေသည်။

ပကတိသက်ရှိကန်းလန်၏ ဖိနှိမ်မှုအောက်၌ နန်းကြည်သည် မှင်သေသေမျက်နှာထားနှင့်ပင် ပြန်လှန်ခွန်းတုံ့ပြန်လိုက်၏။

“ဘာလို့လဲ.. ကျမပုံစံက နောက်နေတာနဲ့ တူလို့လား”

“ကောင်းပြီလေ.. အကြောင်းပြချက်တစ်ခု ငါလိုချင်တယ်”

ပကတိသက်ရှိကန်းလန်က ရှေ့သို့ တိုးသွားလိုက်၏။ သူ၏ ရှည်လျားကျဉ်းမြောင်းသော မျက်လုံးတစ်စုံက လင်းလက်တောက်ပလာပြီး ခြိမ်းခြောက်နိုင်စွမ်း မြင့်မားလာ၏။

ပကတိကန်းလန်က ရန်စသလို ပြုမူလာချိန်တွင် နန်းကြည်က စိတ်မရှည်တော့သည့်ပုံဖြစ်လာပြီး မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်။

“ဘယ်လိုအကြောင်းပြချက်ကို ရှင်က လိုချင်နေတာလဲ”

“ငါက အမြင့်ဆုံးလေလံစျေး.. သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၂.၀၁သန်းကို ပေးခဲ့တာ ရှင်းနေတာပဲ.. အဲ့ဒါကို နင်က ဘာလို့ အခြားတစ်ယောက်ကို ထိပ်တန်းအဆင့်လက်နက် မှာယူခွင့် ပေးလိုက်ရတာလဲ”

ပကတိသက်ရှိကန်းလန်က ဖြည်းဖြည်းချင်း ဆက်ပြောလိုက်၏။

“လုံမလေး.. နင်သေချာမကြားလိုက်ဘူးဆိုရင်လဲ ငါအဲ့ဒါကို ထပ်ပြောပြလိုက်မယ်.. ငါ၊ ပကတိသက်ရှိကန်းလန်.. လေလံစျေးအမြင့်ဆုံး ပေးထားသူပဲ.. ဒီမှာရှိတဲ့ကျင့်ကြံသူတွေအကုန်လုံးလဲ သက်သေရှိတယ်!”

“အို့”

နန်းကြည်က တည်ငြိမ်စွာ တုံ့ပြန်လိုက်၏။

“အဲ့ဒီတော့..”

ပကတိသက်ရှိကန်းလန်၏ နုလုံးက စူးအောင့်သွားပြီး.. သွေးအန်လုမတတ် ဖြစ်သွားရ၏။

သူ့မှာတော့ ဒေါသတကြီး စိတ်ဆိုးမာန်ဆိုးဖြင့် ပြိုလဲကျလုမတတ်ဖြစ်နေသော်လည်း တစ်ဖက်လူကတော့ ပုံမှန်အတိုင်း စိတ်အေးလက်အေးကို သူ့ကိုပြုမူပြနေ၏။

ပကတိကန်းလန်၏ အီးမှန်ထားသလို မျက်နှာကြီးကို မြင်လိုက်ကြရသောအခါ လူတိုင်းသည် သူတို့၏ ရယ်ချင်စိတ်ကို မနည်းအောင့်အည်းသည်းခံထိန်းထားရ၏။

“သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၂.၀၁သန်းကို လေလံစျေးပေးခဲ့တဲ့သူက ကျုပ်ဆရာလေ.. ခင်ဗျားမကြားဘူးလား” ပကတိသက်ရှိကန်းလန်၏နောက်မှ သူ့တပည့်စစ်ယုထန်က မနေနိုင်တော့ဘဲ ဝင်ရောက်အော်ပြောလိုက်၏။

နန်းကြည်က သူမနားနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့်အုပ်၍ ရန်တွေ့သလို ကျယ်‌လောင်စွာ လှမ်းအော်ပြောလိုက်၏။

“နင်ဘာတွေ လျှောက်အော်နေတာလဲ.. နင်တို့ဘာသာ ချမ်းသာတော့ရော ဘာဖြစ်လဲ”

သူမ၏ စကားလုံးများက စစ်ယုထန်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်..

“ခွီး..!”

နောက်ဆုံးမှာတော့ လူအချို့သည် မည့်သို့မျှ မထိန်းချုပ်နိုင်တော့ဘဲ.. ရယ်ချလိုက်ကြ၏။

ပကတိသက်ရှိကန်းလန်က အသက်ကို ပြင်းပြင်းရှိုက်သွင်းလိုက်၏။ သူ့မျက်နှာပေါ်ရှိကြွက်သားများနှင့် သူ့မျက်လုံးထောင့်များက ရူးသွပ်စွာ တဆတ်ဆတ်လှုပ်ခါလာပြီး.. အံကိုကြိတ်၍ ပြောလိုက်၏။

“နင့်ပါးစပ်ကပဲ လေလံစျေးအမြင့်ဆုံးပေးနိုင်တဲ့သူက အနိုင်ရမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား.. ငါမေးပါရစေ.. ဘယ်မှာလဲ မိုစိတ်ဝိညာဉ်ပန်းပဲရုံရဲ့ စည်းကမ်းတွေ.. ဘယ်မှာလဲ တရားမျှတမှု!”

“စည်းကမ်းတွေ.. တရားမျှတမှုတွေ.. ဟုတ်လား”

နန်းကြည်က ပကတိသက်ရှိကန်းလန်ကို နုံလိုက်၊ အလိုက်တာဆိုသော အကြည့်နှင့်ကြည့်ပြီး ပြောလိုက်၏။

“မိုစိတ်ဝိညာဉ်ပန်းပဲရုံရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ တရားမျှတမှုတွေအကုန်လုံးကို.... ကျမတို့ရဲ့သခင်လေးကပဲ ဆုံးဖြတ်ပေးတယ်”

All Chapters