ရှင်က ဆရာမိုလား
Vol. 20 Ch. 298
အခန်း ၂၉၈ - ရှင်က ဆရာမိုလား
ကျိယောင်ရွှယ်၏ လှပသောကိုယ်လေးက အနည်းငယ် တုန်လှုပ်သွားပြီး လှည့်ကြည့်လိုက်၏။
မလှမ်းမကမ်းတွင် နူးညံ့သိမ့်မွေ့သော စာပေသမားပုံစံ ကျင့်ကြံသူတစ်ယောက်က လျှောက်လှမ်းလာ၏။ သူဝတ်ထားသော အစိမ်းရောင်ဝတ်စုံက လေတိုက်တိုင်း တဖျတ်ဖျတ်လှုပ်ခါနေပြီး.. သူ့မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့ အပြုံးတစ်ခုက ရှိနေ၏။
ကျိယောင်ရွှယ်သည် အံ့အားသင့်မှင်သက်သွားပြီး အိပ်မွေ့ချခံရသူတစ်ယောက်လို မိန်းမောနေ၏။
ဘာကြောင့်ရယ်မသိ.. သူမ၏ လည်ချောင်းက တစ်ခုခုခံနေသလို တစ်စို့စို့ကြီး ခံစားလာရကာ သူမ၏ မျက်ဝန်းထဲတွင် မျက်ရည်များက ရစ်ဝဲစိုစွတ်လာ၏။
ထိုပုံရိပ်က သူမ၏ စိတ်အာရုံထဲတွင် မရေမတွက်နိုင်အောင် ပေါ်နေခဲ့ဖူး၏။
ယခု သူမ၏ မျက်စိနှင့် မြင်ရတာတောင် အရာရာတိုင်းကို အိပ်မက်တစ်ခုလို ခံစားနေရ၏။
အရာရာက တိတ်ဆိတ်ငြိမ်သက်ကျသွားပြီး သူမ၏ နားထဲတွင် စကားတစ်ခွန်းကသာ အထပ်ထပ်အခါခါ ပဲ့တင်ထပ်ထွက်ပေါ်နေ၏။
“မကျိ.. ဘယ်လိုလဲ.. ကျန်းမာတော်မူပါရဲ့လားဗျာ”
“နင်လဲ ဆရာမိုနဲ့ သိတာလား.. ငါ့ကိုတောင် ကြိုမပြောဘူးကြည့်စမ်း.. အဲ့ဒါနဲ့များ ဟန်ဆောင်ပြနေလိုက်သေးတယ်” ပိုင်ယုဟန်က ကျိယောင်ရွှယ် နားအနားကပ်၍ တိုးတိုးပြောလိုက်၏။
ထိုအခါမှသာ ကျိယောင်ရွှယ်သည် တဖြည်းဖြည်း သတိပြန်ဝင်လာခဲ့၏။ အစိမ်းရောင်ဝတ်ကျင့်ကြံသူက သူမ၏ အနားသို့တောင် ရောက်လာပေပြီ။
“မင်္ဂလာပါ ဆရာမို”
ပိုင်ယုဟန်က ချက်ချင်းထရပ်ပြီး.. လက်သီးဆုပ်လေးစားဟန် ပြလိုက်၏။
အစိမ်းရောင်ဝတ်ကျင့်ကြံသူက ခေါင်းညိတ်ပြလိုက်၏။ သူ၏ အကြည့်က ကျိယောင်ရွှယ်၏ လှပသော မျက်နှာလေးအပေါ်သို့ တစ်ဖန်ပြန်ရောက်သွားပြီး.. သူ့မျက်လုံးများက ပြုံးနေ၏။
ပိုင်ယုဟန်သည် ကျိယောင်ရွှယ်ကိုကြည့်လိုက်.. အစိမ်းရောင်ဝတ်ကျင့်ကြံသူကို ကြည့်လိုက်နှင့်... သူမသည် နဝေတိမ်တောင် ဖြစ်နေ၏။
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သိကြတယ်ဆိုလည်း ဘာလို့ ဘာစကားမှ မပြောကြတာလဲ။
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မသိကြဘူးဆိုရင်လည်း ဆရာမိုက စောစောက ဘာလို့ တရင်းတနှီး နှုတ်ဆက်လိုက်တာလဲ။
“ရှင်က ဆရာမိုလား”
ခဏကြာပြီးနောက် ကျိယောင်ရွှယ်က နောက်ဆုံး စကားစပြောလိုက်၏။
“အဲ့လို ထင်တာပဲ” အစိမ်းရောင်ဝတ်လူက ခေါင်းညိတ်ပြလိုက်၏။
“ဒါဆိုကျမက ရှင့်ကို ဘယ်လိုခေါ်ရမှာလဲ.. သခင်လေးဆူလား၊ ဆရာမိုလား.. ဇီမိုလား”
“ကြိုက်သလိုသာ ခေါ်ပေါ့”
ထိုသို့ သူပြောပြီးသည်နှင့် သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အရင်တုန်းကလိုပင် စိတ်ချင်းဆက်နေကြသည့်အလား ပြုံးရယ်လိုက်ကြ၏။
“ထိုင်ပါဦး”
ဆူဇီမိုက သူ့ဘေးရှိ ကျောက်ခုံလေးကို ညွှန်ပြကာ သူကိုယ်တိုင်လည်း ကျိယောင်ရွှယ်နှင့် ဘေးချင်းကပ်ဝင်ထိုင်လိုက်၏။
ပိုင်ယုဟန်သည် နေရာမှာတင် ငူငူကြီး ရပ်ကြည့်နေမိ၏။
“ဘာလဲ သခင်လေးဆူဆိုတာ.. ဇီမိုဆိုတာကရော ဘာလဲ”
ပိုင်ယုဟန်သည် ကျိယောင်ရွှယ်ဘက်သို့ ချက်ချင်းလှည့်၍ ဇဝေဇဝါနှင့် မေးလိုက်၏။
“ယောင်ရွှယ်.. သခင်လေးဆူတို့ ဇီမိုတို့ဆိုတာ ဘာအဓိပ္ပါယ်လဲ.. ဒါက .. မိုလင်း.. ဆရာမိုလေ”
ကျိယောင်ရွှယ်က ဘာမှပြန်မပြောဘဲ ပြုံးရုံသာပြုံးပြကာ ဆူဇီမိုဘက်သို့ ပြန်လှည့်လိုက်၏။
ပိုင်ယုဟန်ကိုကြည့်ပြီး ဆူဇီမိုက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။
“ကဲ ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက် ပြန်ပြီး မိတ်ဆက်ကြတာပေါ့.. ကျုပ်က ဆူဇီမိုပါ”
“ဘယ်ဆူဇီမိုလဲ”
ပိုင်ယုဟန်သည် ဇဝေဇဝါဖြစ်နေဆဲဖြစ်ပြီး အလိုလို ပြန်မေးလိုက်၏။
“ယန်တိုင်းပြည်က ဆူဇီမိုပါ”
“အမ်!”
ပိုင်ယုဟန်သည် အံ့အားသင့်သံပြုလိုက်ပြီး သူမ၏ မျက်နှာက မယုံကြည်နိုင်မှုအပြည့် ဖြစ်နေ၏။
“ရှင်က စိတ်ဝိညာဉ်ရင်းမြစ်မရှိလို့ ကျင့်ကြံလို့တောင် မရဘဲ သုံးစားမရတဲ့ ဆူဇီမိုလား”
‘သုံးစားမရ’ဆိုသောစကားကို ကြားရချိန်တွင် ကျိယောင်ရွှယ်က မျက်မှောင်ကြုတ်လိုက်၏။ သူမက မျက်စောင်းတစ်ချက်ထိုး၍ ခပ်တိုးတိုး အော်လိုက်၏။ “အစ်မပိုင်!”
နန်းကြည်က မကျေမနပ်ဖြစ်သွားပြီး လွှတ်ကနဲ ပြောလိုက်၏။
“တပ်မှူးပိုင်.. ခုဏကပြောတာက ဘာသဘောလဲ.. ကျမသခင်လေးက သုံးစားမရဘူးဆိုရင် ဒီကမ္ဘာမှာ သုံးစားလို့ရတဲ့သူရော ရှိသေးလို့လား”
“အဲ့-အဲ့ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
ထိုခဏ၌ ပိုင်ယုဟန်သည် အမှန်တရားကို လက်ခံဖို့ ခက်ခဲနေပြီး.. သူမ၏ အကြည့်က ဆူဇီမို၊ ကျိယောင်ရွှယ်၊ နန်းကြည်နှင့် ဆူရှောင်းနင်တို့အပေါ်တွင် တစ်လှည့်စီကျဆင်းလာ၏။ သူတို့အားလုံး တစ်ယောက်မျှ နောက်ပြောင်နေသည့်ပုံမပေါ်ပေ။
ပိုင်ယုဟန်၏ မှတ်ဉာဏ်ထဲတွင်.. ယန်တိုင်းပြည်မှဆူဇီမိုနှင့် ဆရာမိုက မိုးနှင့်မြေလို့ ကွဲပြားခြားနားကြလေသည်။
ဘယ်လိုကြောင့် ဒီလူနှစ်ယောက်က တစ်ယောက်တည်းဖြစ်နေရတာလဲ။
ဆူဇီမိုက ပြုံးရုံသာပြုံး၍ ထူးမခြားနား ပြန်ပြောလိုက်၏။
“အဲ့ဒါအမှန်ပါပဲ.. ဒီကမ္ဘာပေါ်မှာ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့အရာတွေ အများကြီးရှိပါတယ်”
ကျိယောင်ရွှယ်က စကားလမ်းကြောင်းပြောင်း၍ သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
“ရှင်က ဘာလို့ မိုလင်းဖြစ်နေရတာလဲ”
ဆူဇီမိုက တံခါးထက်ရှိ ဆိုင်းဘုတ်ကို လက်ညိုးထိုးပြလိုက်၏။
“မိုလင်းဆိုတာ ပန်းပဲရုံရဲ့ နာမည်လေ.. ဒါပေမယ် လူတွေက အဲ့ဒါကို ကျုပ်နာမည်လို့ ထင်နေကြတာ.. ကျုပ်လဲ တကူးတက ရှင်းပြနေရမှာ ပျင်းတာနဲ့ပဲ.. အဲ့ဒါက အဲ့တိုင်းပဲ သတင်းပြန့်သွားတာ”
“မတွေ့ရတဲ့ နှစ်နဲနဲလေးအတွင်းမှာ.. ရှင်က အရမ်းပြောင်းလဲသွားတာပဲ.. အခုဆို ရှင်က မြို့တော်တစ်ခုလုံးမှာ နာမည်ဂုဏ်သတင်းကျော်ကြားတဲ့ ဆရာမိုတောင် ဖြစ်နေပြီပဲ.. ရှင်နဲ့တွေ့ရဖို့တောင် ကျမတို့မှာ မနည်းကြိုးစားနေရတယ်” ကျိယောင်ရွှယ်က စနောက်လိုက်၏။
ဆူဇီမိုက ရယ်မောလိုက်၏။
“မဟာကျိုးအင်ပါယာရဲ့ တတိယမင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်ကြီးကို ထုတ်သုံးမှတော့ ကျတော်မျိုးက အတွေ့မခံဘဲ ဘယ်နေရဲပါတော့မလဲ”
ကျိယောင်ရွှယ်က သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်၍ ရယ်မောကာ ပိုင်ယုဟန်ကို မျက်လုံးလှန်ကြည့်လိုက်၏။ “အဲ့ဒါ အစ်မပိုင်ကြောင့်ပေါ့”
ပိုင်ယုဟန်၏ မျက်လုံးထဲတွင်.. ကျိယောင်ရွှယ်သည် ဆူဇီမိုနှင့် တွေ့လိုက်ချိန်ကစပြီး အခြားလူတစ်ယောက်လို ပြောင်းလဲသွား၏။ သူမ၏ မျက်ဝန်းထဲရှိ မှုန်မှိုင်းရီဝေမှုများက ပျောက်ကွယ်သွားပြီး ရေကဲ့သို့ ကြည့်လင် လှပလာ၏။ သူမနှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်တိုင်း.. သူမ၏ စကားပြောဆိုပုံ၊ ပြုမူလှုပ်ရှားပုံများက အလွန်တရာ လှပ၍ ဆွဲမက်ဖွယ်ကောင်းနေ၏။
ခဏမျှ စဉ်းစားပြီးနောက် ကျိယောင်ရွှယ်က ဆက်ပြောလိုက်၏။
“ဟုတ်သား.. အဖေကလဲ ရှင့်ကို တော်တော်သဘောကျနေတာနော်.. သူက အရမ်းကို အထင်ကြီးနေတာ”
“မင်းပြောတာ မိုလင်းကိုမလား” ဆူဇီမို၏ လေသံက တည်ငြိမ်နေ၏။
“အတူတူပဲလေ.. နှစ်ယောက်စလုံးက ရှင်ပဲကို” ကျိယောင်ရွှယ်က ပြန်ဖြေလိုက်၏။
ဆူဇီမိုက ပြုံးရုံသာပြုံး၍ ဘာမှပြန်မပြောပေ။
သူက ဆူဇီမိုဆိုတာကိုသာ ဧကရာဇ်သိသွားလျှင် ထိုအခြေအနေအပေါ် ဧကရာဇ်၏ စိတ်သဘောထားက မည်သို့တုံ့ပြန်မလဲ ပြောဖို့ခက်ကြောင်း ဆူဇီမို ကောင်းကောင်းသိထားလေသည်။
ဧကရာဇ်၏ စိတ်နုလုံးက ခန့်မှန်းလို့မရပေ။ အံ့မခန်းပင်။
သူ အမျက်ထွက်လျှင်.. သူသည် ဆူဇီမိုကို သတ်ဖို့အတွက် လုံလောက်သည့်အကြောင်းပြချက်များ ရှာဖွေနိုင်လေသည်။
“အရှင်မင်းမြတ် မှာယူထားတဲ့ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်က မင်းအတွက် လက်ဆောင်ပေးဖို့ ဟုတ်တယ်မလား” ဆူဇီမို မေးလိုက်၏။
“အင်း”
ကျိယောင်ရွှယ်က ပြုံး၍ လက်ဖြန့်လိုက်၏။
“ပြကြည့်ပါဦး.. ဆရာမို သွန်းလုပ်ထားတဲ့ ဓါးပျံက ဘယ်လောက်ကောင်းလဲ.. ကျမ မျက်စိကျလောက်ပါ့မလားလို့”
ဆူဇီမိုက သွားဖြဲ၍ သူ့သိုလှောင်အိတ်ထဲကနေ ဓါးပျံတစ်လက်ကို ဆွဲထုတ်လိုက်၏။
ဓါးက သုံးပေလောက်ရှည်ပြီး ဗျက်က နှစ်လက်မလောက်ရှိ၏။ ၎င်းကို လျှို့ဝှက်ဆန်းကြယ်သော ကနုတ်များ၊ အင်းကွက်များဖြင့် အပြောက်အမွမ်း တန်ဆာဆင်ထားပြီး ရင်သပ်ရှုမောဖွယ်ရာ ကြည့်ကောင်းလှပနေ၏။ နတ်ဘုရား၏ လက်ရာတစ်ခုလိုပင်။
ဆူဇီမိုက ထိုဓါးထဲသို့ စိတ်ဝိညာဉ်စွမ်းအင်ကို ထိုးသွင်းလိုက်၏။
ရွှစ်..
တဖျတ်ဖျတ်တလက်လက် စိတ်ဝိညာဉ်အင်းကွက်လေးခုနှင့်အတူ ဓါးက လင်းလက်သွား၏။
ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်!
ပိုင်ယုဟန်၏ မျက်ဝန်းထဲတွင် အားကျမှုက ပေါ်လာပြီး ဓါးပျံကိုကြည့်ရှုနေ၏။
သူမသည် သိမ်းဖြူအစောင့်များ၏ တပ်မှူးဖြစ်သော်လည်း သူမမှာ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုတောင် မရှိပေ။
ကျိယောင်ရွှယ်သည် ဓါးပျံကို လက်နှစ်ဖက်ဖြင့် လက်ခံယူလိုက်ပြီး သူမ၏ လက်ချောင်းများဖြင့် ဓါးပေါ်သို့ ပွတ်သပ်ကြည့်လိုက်၏။ ဓါးသွားက အေးစက်နေ၏.. သို့သော်လည်း သူမ၏နုလုံးသားကတော့ နွေးထွေးမှုကို ခံစားနေရ၏။
ဇီ...!
သူသည် လက်ချောင်းလေးဖြင့် ဓါးသွားအဖျားကို တောက်လိုက်သောအခါ ဓါးက တုန်ခါသွားပြီး ကြည်လင်နေသော အသံက ပဲ့တင်ထပ်ထွက်ပေါ်လာ၏။
အသံကို နားထောင်ကြည့်ရုံနဲ့တင် ဤဓါးက ထိပ်တန်းအဆင့်လက်နက်တွေထဲမှာတောင် တစ်ကယ့်ထိပ်ဆုံးမှာ ရှိသင့်သော လက်နက်တစ်ခုဖြစ်ကြောင်း ပြောနိုင်လေသည်။ ဤဓါးပျံက ထိပ်တန်းအဆင့်လက်နက်ထက်ပင် ကျော်လွန်၍ ပကတိလက်နက်အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေလေပြီ။
ဆူဇီမိုသည် သူ့သိုလှောင်အိတ်ထဲကနေ အဝါရောင်ဖျော့ဖျော့ နောက်ထပ်ဝတ်စုံတစ်စုံကို ထုတ်ယူလိုက်ပြီး ကျိယောင်ရွှယ်ကို ကမ်းပေးလိုက်၏။
“ဒီဝတ်စုံကလဲ မင်းအတွက်ပါ”
ကျိယောင်ရွှယ် လှမ်းယူလိုက်၏။
အဝါဖျော့ဖျော့ဝတ်စုံက အလွန်တရာ ပါးလွှာပြီး.. အေးစက်စက်အလင်းက ခပ်ယဲ့ယဲ့ ထွက်ပေါ်နေ၏။
ကျိယောင်ရွှယ်၏ နုလုံးသည် လှုပ်ခတ်သွားပြီး ဝတ်စုံထဲသို့ စိတ်ဝိညာဉ်စွမ်းအင်ကို ထိုးသွင်းကြည့်လိုက်၏။
ဝှစ်..
ဝတ်စုံမှ အလင်းတန်းလေးခုက တောက်ပစွာ လင်းလက်လာ၏။
“အ!”
ကျိယောင်ရွှယ်ရော ပိုင်ယုဟန်ပါ နှစ်ယောက်စလုံး အထိတ်တလန့် ရေရွတ်လိုက်ကြ၏။
နောက်ထပ် ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခု!”
နောက်ပြီး အဲ့ဒါက ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်များထဲမှာတောင် အလွန်တရာ ရှားပါးသော ခုခံရေးလက်နက်အမျိုးအစားဖြစ်လေသည်။
ဝတ်စုံ၏ အဖြတ်အတောက် အတိုင်းအထွာများက ကျိယောင်ရွှယ်အတွက် အထူးသီးသန့်ပြုလုပ်ထားသည့်အတိုင်း လုံးဝကွက်တိကျနေ၏။
ထိုအချိန်၌ ပိုင်ယုဟန်သည် အားကျနေရုံမဟုတ်တော့ပေ.. မနာလိုသည့်အဆင့်သို့ ရောက်သွားလေပြီ။
ဘယ်လိုလူကများ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်များကို လက်ဆောင်အဖြစ် ရော့အင့် ပေးလိုက်မှာလဲ။
ကျိယောင်ရွှယ်သည် ခေါင်းကိုငုံ့၍ သူမ၏လက်ထဲက ဝတ်စုံကို စစ်ဆေးကြည့်နေဟန်ဆောင်နေသော်လည်း သူမ၏ ပါးပြင်က အနည်းငယ်နီမြန်း၍ သူမ၏ နုလုံးက တဒုတ်ဒုတ် ခုန်နေ၏။
ကျိယောင်ရွှယ်၏ မူမမှန်သော အမူအယာကို မြင်တွေ့ရသောအခါ ဆူဇီမိုသည် မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
သူသည် ကျိယောင်ရွှယ်ကို သူငယ်ချင်းကောင်းတစ်ယောက်လို သဘောထားသည့်အတွက် ဤဝတ်စုံကို သူမအား ပေးခဲ့ခြင်းဖြစ်၏။ ထို့အပြင် သူမက ဆူမိသားစု၏ ကျေးဇူးရှင်တစ်ယောက်လည်း ဖြစ်၏။
ကျိယောင်ရွှယ်တစ်ယောက် အဓိပ္ပါယ်ကောက် လွဲသွားမှာကို ဆူဇီမို မလိုလားပေ။
ခဏမျှ ချင့်ချိန်ပြီးနောက် သူက သာမန်ကာလျှံကာပုံစံနှင့် ပြောလိုက်၏။
“သိပ်မကြာသေးခင်ကမှ နှစ်တစ်ထောင်ကောင်းကင်ပိုးချည်ကို ကျုပ်ဝယ်ရခဲ့တယ်လေ.. အဲ့ဒါနဲ့ ကျုပ် ဝတ်စုံသုံးစုံ လုပ်ထားတာ.. မင်းအတွက်က တစ်စုံ.. ရှောင်းနင်နဲ့ နန်းကြည်အတွက်လဲ တစ်စုံစီပေါ့”
ထိုစကားကိုကြားသောအခါ ကျိယောင်ရွှယ်၏ မျက်လုံးက အရောင်မှိန်ကျသွား၏။
သို့သော်လည်း သူမသည် လျှင်မြန်စွာ ပြန်လည်ထိန်းချူပ်လိုက်ပြီး ခေါင်းကိုမော့၊ ပြုံး၍ ပြောလိုက်၏။
“ရှင့်ကို ကျေးဇူးအများကြီး တင်ပါတယ်”