← Chapters

ဉာဏ်များသော မိတ်ဆုံစားပွဲ

Vol. 20 Ch. 299

ဉာဏ်များသော မိတ်ဆုံစားပွဲ

Vol. 20 Ch. 299

အခန်း ၂၉၉ - ဉာဏ်များသော မိတ်ဆုံစားပွဲ

ရှောင်းနင်ကို မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်၍ ဘေးကနေ ကြည့်နေ၏။ သူတို့နှစ်‌ယောက်အကြားတွင် တစ်ခုခုလွဲနေတာကို သူမ ပြောနိုင်၏။ ထို့ကြောင့် သူမသည် ကျိယောင်ရွှယ်၏ လက်ကိုကိုင်၍ ပြုံးလိုက်၏။

“အစ်မယောင်ရွှယ်.. ဘာလို့အခုမှ ပြန်လာရတာလဲ.. ညီမက အစ်မကို အရမ်းသတိရနေတာ”

ကျိ‌ယောင်ရွှယ်က‌ ရှောင်းနင်၏ နဖူးကို ညင်သာစွာ ပွတ်သပ်၍ နူးညံ့စွာ မေးလိုက်၏။

“အဇူရာနှင်းမြူလွှာဆေးတိုက်မှာ နင်အဆင်ပြေရဲ့လား.. တခြားသူတွေက နင့်ကို အနိုင်ကျင့်ကြသေးလား”

ရှောင်းနင်က ခဏမျှ တွေဝေသွားပြီးနောက် သူမ၏ အကြည့်ကိုလွှဲကာ ပြုံးပြလိုက်၏။

“ဟင့်အင်း.. စီနီယာအကုန်လုံးက ညီမအ‌ပေါ် ကောင်းကြပါတယ်”

“ဟမ့်”

ကျိယောင်ရွှယ်က နှာတစ်ချက်မှုတ်လိုက်၏။

ရှောင်းနင်ကို ဖုံးကွယ်လိုက်ပေမယ့် ရှေ့နောက် အနည်းငယ် ကွဲလွဲနေတာကို ကျိယောင်ရွှယ်က သတိထားမိ၏။

သူမသည် ဆူဇီမိုကို မျက်မှောင်ကြုတ်ကြည့်ပြီး မေးလိုက်၏။

“ဇီမို.. ဘာတွေဖြစ်ခဲ့တာလဲ”

“ဘာမှ မဖြစ်ပါဘူး အစ်မယောင်ရွှယ်ရဲ့.. လျှောက်မေးမနေပါနဲ့တော့” ဆူရှောင်းနင်က ကပျာကယာ ဝင်ပြောလိုက်၏။

ကျိယောင်ရွှယ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။

“နင်တို့မောင်နှမနှစ်ယောက် ပြောမပြဘူးဆိုရင်တောင်.. ငါသာတစ်ကယ်သိချင်ရင် မဟာကျိုးအင်ပါယာထဲမှာ ငါ့ဆီကနေ ဘယ်အရာကများ ဖုံးကွယ်ထားနိုင်မှာလဲ”

“ဘာရယ်မဟုတ်ပါဘူး.. ယန်ယုလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ပါ.. ငါထင်တာတော့ သူက မင်းနဲ့ ရန်စရှိပုံရတယ်” ဆူဇီမိုက အသေးစိတ်တော့ ရှင်းပြမနေတော့ပေ။

အဇူရာနှင်းမြူလွှာဆေးတိုက်မှာတုန်းက ယန်ယုကို သူပြောခဲ့လေသည်။ သူမကို တစ်ယောက်ယောက်က ကိုင်တွယ်ပါလိမ့်မည်ဟု။

“သူလား”

ကျိယောင်ရွှယ်၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းက လက်လာပြီး သူမ၏ အော်ရာကလည်း ချက်ချင်းပြောင်းလဲသွား၏။

“အဲ့ယန်ယုကို ငါနဲ့ထပ်ပြီး လာမရှုပ်နဲ့တော့လို့ သတိပေးထားခဲ့ရဲ့နဲ့”

ထိုအချိန်တွင် ကျိယောင်ရွှယ်ထံမှ တော်ဝင်သွေး၏ တစ်မူထူးခြားသော ဂုဏ်ကျက်သရေနှင့် ရက်စက်သောဒေါမာန်အမျက်တို့က ထွက်ပေါ်လာ၏။

ထိုအချိန်မှာပင်.. မလှမ်းမကမ်းတစ်နေရာမှ အနီစက်လေးတစ်စက်က ပျံသန်းလာ၏။ ထိုအရာက အလွန်တရာကို မြန်ဆန်လှပြီး မိုစိတ်ဝိညာဉ်ပန်းပဲရုံဆီသို့ ဦးတည်လာနေခြင်းဖြစ်၏။

ပိုင်ယုဟန်က မျက်မှောင်ကြုတ်လိုက်၏။

“အဲ့ဒါ သွေးလင်းတအ‌စောင့်‌တွေပဲ.. သူတို့က ဘာလို့ ရောက်လာတာပါလိမ့်”

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး အကြောင်းရင်းကို ခန့်မှန်းမိလိုက်၏။

များမကြာမီ သွေးလင်းတအစောင့်အတော်များများသည် မိုစိတ်ဝိညာဉ်ပန်းပဲရုံရှေ့၌ ဆင်းသက်လိုက်ကြ၏။ သူတို့ကို ဦးဆောင်လာသူကတော့ လင်းတကတုံးပင် ဖြစ်လေသည်။

လင်းတကတုံးက သွေးလင်းတတစ်ကောင်ကို စီးနင်းထားပြီး သူသည် လက်သီးဆုပ်လေးစားဟန်ပြလိုက်၏။

“အရှင်မင်းမြတ်က တတိယမင်းသမီးကို ပြန်လာခဲ့ဖို့ အမိန့်ပေးလိုက်ပါတယ်.. ပြီးတော့ အရှင်မင်းမြတ်က အခု မိုးလေရှုခင်းမဏ္ဍပ်မှာ ထမင်းစားပွဲတစ်ခု တည်ခင်းထားပါတယ်.. ဆရာမိုကိုလဲ လိုက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်”

ကျိယောင်ရွှယ်က မျက်မှောင်ကြုတ်လိုက်၏။

လင်းတကတုံး၏ မျက်လုံးမှတစ်ဆင့် တစ်ခုခု လွဲမှားနေသည်ကို သူမ ပြောနိုင်၏။

“တပ်မှူး.. ဘာကြောင့် ဆရာမိုအတွက် စားပွဲတစ်ခုတည်ခင်းထားသလဲ အဖေက မပြောလိုက်ဘူးလား” ကျိယောင်ရွှယ်က လင်းတကတုံးကို စိုက်ကြည့်ပြီး အသံမြှင့်၍ မေးလိုက်၏။

လင်းတကတုံးက အနည်းငယ်ဦးညွှတ်၍ ကျိယောင်ရွှယ်၏ အကြည့်ကို ရှောင်လွှဲလိုက်၏။

“အဲ့ဒါတော့ ကျုပ်လဲ မသိပါဘူး”

ကျိယောင်ရွှယ် ရင်ထိတ်သွား၏။

သူမသည် ငယ်ငယ်က‌လေးကတည်းက နန်း‌တော်ထဲမှာ ကြီးပြင်းလာခဲ့သောကြောင့် အရာရာကို သိလေသည်။ လင်းတကတုံးထံတွင် သတ်ဖြတ်လိုစိတ် တစ်စွန်းတစ်စ ကပ်ငြိလာသည်ကို သူမ ခံစားမိလေသည်။

ထိုသတ်ဖြတ်လိုစိတ်က သူမကို ဦးတည်ခြင်း မဟုတ်ပေ။

ဘယ်သူ့ကို ဦးတည်နေလဲဆိုတာ ပြောစရာပင် မလိုတော့ပေ။

“မလိုက်နဲ့”

ကျိယောင်ရွှယ်က ဆူဇီမိုဘက်သို့ လှည့်၍ ညိုးငယ်သွားသောမျက်နှာနှင့် ခေါင်းခါပြလိုက်၏။

ဆူဇီမိုက တည်ငြိမ်စွာ ပြုံးပြလိုက်၏။

ဒီနေ့က ရောက်လာမည်ဆိုတာ သူကြိုတင်မျှော်လင့်ထားပြီးသားပင်။

လွန်ခဲ့သည့်တစ်လကျော်.. မြို့တော်ထဲတွင် ဆူရှောင်းနင်ကို သူ့ညီမလေးအဖြစ် အသိအမှတ်ပြုပြီးကတည်းက.. ဧကရာဇ်၏ ဉာဏ်အမြော်အမြင်နှင့်ဆိုလျှင် သူ၏ သရုပ်သကန်ကို ဖော်ထုတ်နိုင်ဖို့က အချိန်တစ်ခုယူရမည့်ကိစ္စတစ်ခုသာဖြစ်ကြောင်း.. သူမျှော်လင့်ထားပြီးသားပင်။

အခုမဟုတ်လျှင်တောင် ဂိုဏ်းပေါင်းစုံပြိုင်ပွဲရောက်သည်နှင့် ပေါ်ပေါက်မည်သာ ဖြစ်လေသည်။

ဆူဇီမိုကလည်း အဲ့ဒါကို ဖုံးကွယ်ထားလိုစိတ် မရှိပေ။

ယခုအခါ ဧကရာဇ်က စားပွဲတစ်ခုတည်ခင်းထားပြီး သူ့ကိုဖိတ်ခေါ်လိုက်သည်ဆိုသောကြောင့် သူ့သရုပ်က ပေါ်ပေါက်သွားပြီဆိုတာ သေချာသလောက် ရှိလေသည်။

ထိုစားပွဲကို သူတက်ရောက်ရပေမည်။

ဤနေရာက မဟာကျိုးမြို့တော်ထဲမှာ ဖြစ်၏။ သူ့မှာ ရွေးချယ်စရာ မရှိပေ။

“ကျုပ် မင်းနဲ့အတူ လိုက်ခဲ့မယ်”

ဆူဇီမိုက ငြင်းဆန်လျှင်တောင် သွေးလင်းတအစောင့်များက အားသုံး၍ အတင်းအကျပ် ခေါ်ဆောင်လိမ့်မည်ဖြစ်ကြောင်း ကျိယောင်ရွှယ်လည်း နားလည်သဘောပေါက်လိုက်လေသည်။

ထိုအခါမှ ကိစ္စက ပိုမိုဆိုးရွားသွားလိမ့်မည်။

“မင်းတို့တွေ ဒီမှာပဲနေပြီး ငါပြန်အလာကို စောင့်နေကြ.. ဘာမှ မပူနဲ့”

ဆူဇီမိုသည် ရှောင်းနင်နှင့် နန်းကြည်တို့ကို မှာကြားနှုတ်ဆက်ပြီးနောက် ထောင့်တစ်နေရာမှာ လှဲလျောင်းနေသော ညဝိညာဉ်ကို လှမ်းကြည့်လိုက်၏။

“သွားကြတာပေါ့”

ဆူဇီမို၊ ကျိယောင်ရွှယ်နှင့် ပိုင်ယုဟန်တို့သည် သွေးလင်းတတစ်ကောင်စီပေါ်တက်ကာ နန်းတော်ရှိရာသို့ ပျံသန်းသွားလိုက်ကြ၏။

သိပ်မကြာမီမှာပင် သူတို့အားလုံး နန်းတော်သို့ ‌ရောက်သွားကြ၏။

နန်းတော်ထဲတွင် ပျံသန်းခြင်းကို ပိတ်ပင်တားမြစ်ထားသောကြောင့် အားလုံးပဲ သွေးလင်းတများအ‌‌‌ပေါ်မှ ဆင်းလိုက်ကြ၏။

သွေးလင်းတက ဦးညွှတ်လိုက်၏။

“တတိယမင်းသမီးခင်ဗျ.. ကျေးဇူးပြုပြီး ပြန်လို့ရပါပြီ.. ဆရာမိုကို ကျုပ်ပဲ စားပွဲဆီကို ခေါ်သွားလိုက်ပါ့မယ်”

“ငါလဲ လိုက်ခဲ့မယ်” ကျိယောင်ရွှယ်၏ အသံက တည်ငြိမ်နေပြီး လွှမ်းမိုးနိုင်စွမ်းရှိ၏။

အားလုံးပဲ မိုးလေရှုခင်းမဏ္ဍပ်ဆီသို့ ဦးတည်သွားလိုက်ကြ၏။

သိပ်မကြာမီ သူတို့သည် မိုးလေရှုခင်းမဏ္ဍပ်၏ ဝင်ပေါက်ဝသို့ ရောက်လာကြ၏။

ရေကန်၏ အလယ်တွင် လမ်းလေးတစ်ခုဖော်ထားပြီး.. ထိုလမ်းလေး၏ တစ်ဖက်တစ်ချက်စီ၌ အေးစက်စက်မျက်နှာထားနှင့် အင်ပါယာစစ်သားများက စောင့်ကြပ်နေကြ၏။ သူတို့သည် ဆေဘာရှည်နှင့် ပုဆိန်များကို ကိုင်ဆိုင်ထားကြပြီး ခပ်ဖျော့ဖျော့ သွေးဆာရနံ့က ထွက်ပေါ်နေ၏။

အင်ပါယာစစ်သားများအားလုံးသည် ပကတိအခြေတည်အဆင့်များ ဖြစ်ကြပြီး ဆူဇီမိုထက် ကျင့်ကြံမှုအဆင့် မြင့်ကြလေသည်။

သွေးလင်းတအ‌စောင့်များအားလုံးသည် အပြင်ဘက်မှာ နေခဲ့ရပြီး.. ဆူဇီမို၊ ကျိယောင်ရွှယ်၊ လင်းတကတုံးနှင့် ပိုင်ယုဟန်တို့သာလျှင် အင်ပါယာစစ်သားများကို ဖြတ်ကျော်၍ မိုးလေရှုခင်းမဏ္ဍပ်ထဲသို့ ဝင်လိုက်ကြ၏။

အထဲကိုရောက်သည်နှင့် ဆူဇီမိုသည် သတ်ဖြတ်ခြင်းအော်ရာကို ခံစားမိလိုက်၏။

မိုး‌လေရှုခင်းခန်းမထဲတွင် ကျင့်ကြံသူများ ရှိနေကြပြီး သူတို့အကုန်လုံးက ရွှေအမြုတေအဆင့်များ ဖြစ်ကြလေသည်။ သူတို့သည် မှင်သေသေအေးစက်စက်နှင့် ဆူဇီမိုကို စိုက်ကြည့်နေကြ၏။

မိုးလေရှုခင်းခန်းမထဲ၌ အလယ်တွင် စားပွဲတစ်လုံးချထားပြီး.. ထိုအပေါ်၌ ကြော့ရှင်းလှပသော ပန်းကန်ခွက်ယောက်များကို ချခင်းထားကာ စားစရာများက အငွေ့တထောင်းထောင်းထနေ၏။

မြင့်မြတ်ခမ်းနားသော သက်လတ်ပိုင်းရွယ်လူတစ်ယောက်က ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး.. ဝင်ပေါက်ဝဘက်သို့ မျက်နှာလှည့်၍ ထိုင်နေ၏။ သူက နဖူးကျယ်ကျယ်၊ စူးရှတောက်ပသော အကြည့်တို့ကို ပိုင်ဆိုင်ထားပြီး သူ့စိတ်ကို ခန့်မှန်းလို့ မဖြစ်နိုင်ပေ။

မဟာကျိုးဧကရာဇ်!

ဧကရာဇ်၏ အကြည့်က ဆူဇီမို၏ မျက်နှာ‌‌ပေါ်သို့ ကျရောက်လာပြီး အတော်လေးကြန့်ကြာကာ သေချာအကဲခတ်စစ်ဆေးကြည့်နေ၏။

ဧကရာဇ်သည် ပလ္လင်‌‌ပေါ်မှာထိုင်၍ မဟာကျိုးအင်ပါယာတစ်ခုလုံးကို အုပ်ချုပ်မင်းမူနေသူဖြစ်ပြီး.. ဖြုန်လောက်သည့် သြဇာတိက္ကမ အာဏာစက်ကို ပိုင်ဆိုင်ထားကာ တော်တန်ရုံကျင့်ကြံသူက သူ့အကြည့်ကို ရင်ဆိုင်ရဲမည် မဟုတ်ပေ။

သို့သော်လည်း ဆူဇီမို၏ အမူအယာကတော့ တည်ငြိမ်နေပြီး.. ဧကရာဇ်၏ အကြည့်ကို တစ်ချက်တောင် မရှောင်ဘဲ ပြန်လှန်ကြည့်လိုက်၏။

All Chapters