← Chapters

ထွက်ပေါက်မရှိသော ထောင်ချောက်

Vol. 20 Ch. 300

ထွက်ပေါက်မရှိသော ထောင်ချောက်

Vol. 20 Ch. 300

အခန်း ၃၀၀ - ထွက်ပေါက်မရှိသော ထောင်ချောက်

ဧကရာဇ်သည် ဆူဇီမိုထံမှ သူ့အကြည့်ကို ပြန်ရုတ်လိုက်၏။

“ရွှယ်အာ.. ဒီကိုလာလေ”

ဧကရာဇ်က သူ့ခေါင်းကို အနည်းငယ်လှည့်၍ ကျိယောင်ရွှယ်ကို ကြည့်ပြီး ပြုံးပြကာ လက်ယပ်လှမ်းခေါ်လိုက်၏။

ကျိယောင်ရွှယ်က မျက်မှောင် အနည်းငယ်ကြုတ်၍ တုတ်တုတ်မျှ မလှုပ်ပေ။

ဧကရာဇ်က အပြုံးနှင့် မေးလိုက်၏။

“ဘာလို့လဲ.. သမီးက အဖေနဲ့တောင် ထမင်းအတူမစားချင်တော့ဘူးလား”

ထိုအချိန်၌ ဧကရာဇ်က သားသမီးများအား အလွန်တရာ ချစ်မြတ်နိုးသော ဖခင်တစ်‌ယောက် ဖြစ်သွားလေသည်။

သို့သော်လည်း ဤပုဂ္ဂိုလ်က အလွန်တရာ အန္တရာယ်များကြောင်း ဆူဇီမို၏ အာရုံခံသတိစိတ်က ပြောပြနေ၏။

သူသည် သေခြင်း၊ ရှင်ခြင်း ကြိုးတန်းပေါ် ရောက်နေပေပြီ။

ကျိယောင်ရွှယ်သည် ခဏမျှ ချီတုံချတုံဖြစ်နေပြီးနောက် သူမသည် ဧကရာဇ်၏ ဘေးသို့ ဖြည်းဖြည်းချင်းလျှောက်သွားကာ ဝင်ထိုင်လိုက်၏။

“အဖေ.. ဆရာမိုက....”

“အရင်စားကြတာပေါ့”

သူမဆက်မပြောခင် သူက ဖြတ်ပြောလိုက်၏။ သူ့လေသံက တည်ငြိမ်နေသော်လည်း ခွန်းတုံ့ပြန်ခြင်းငှာ မဖြစ်နိုင်ပေ။

ထိုသို့ပြောပြီးသည်နှင့် ဧကရာဇ်သည် စားပွဲပေါ်မှ စားစရာများကို စတင်ယူငင်ကာ သုံးဆောင်လေတော့သည်။ သူ၏ စားသောက်ပုံက အလွန်ကြော့ရှင်းသေသပ်ပြီး.. အသံတစ်ချက်မျှ မထွက်ပေ။

ထိုအချိန်၌ ကျိ‌ယောင်ရွှယ်သည် ဧကရာဇ်ဘာတွေးနေသလဲ ပုံဖော်ကြည့်လို့ မရတော့ပေ။

သူမသည် ဆူဇီမိုကို လှမ်းကြည့်ပြီး စိုးရိမ်ပူပန်နေ၏။ သူမသည် စားကောင်းသောက်ဖွယ်ရာများကို စားနေသော်လည်း အားလုံးက သူမအတွက် ဖော့တုံးများလို အရသာမဲ့နေ၏။

မိုးလေရှုခင်းမဏ္ဍပ်ထဲ၌ ဆူဇီမိုက လူပိုတစ်ယောက်လို ဖြစ်လာ၏။

ဧကရာဇ်က သူ့ကို လျစ်လျူရှုထားပြီး နေရာမှာတင် ရပ်နေစေ၏။

ဆူဇီမိုသည် တည်ငြိမ်စွာ ပြုံးနေ၏။ သူက ထိတ်ထိတ်ပျာပျာ ဖြစ်မနေပေ။ လက်တစ်ဖက်ကို နောက်ပစ်ပြီး သူသည် လှည့်ပတ်လျှောက်ကာ အပြင်ဘက်ရှိ သာယာသောရှုခင်းများကို စိတ်အေးလက်အေးပုံစံနှင့် လိုက်ကြည့်နေ၏။

အချိန်များက တစ်စတစ်စ ကုန်ဆုံးလာ၏။ မိုးလေရှုခင်းမဏ္ဍပ်က တိတ်ဆိတ်နေ၏။ ဆူဇီမိုသည် သူ့ဘေးရှိအရာများအားလုံးကို မေ့လျော့ကာ သာယာလှပသော ရှုခင်းများတွင် နစ်မြောနေပုံရ၏။

ထိုအချိန်၌ ပိုင်ယုဟုန်သည် ခေါင်းညိတ်၍ ချီးကျူးလိုက်၏။

ဧကရာဇ်၏ ရှေ့မှောက်၌ မည်သူမျှ ဤကဲ့သို့ တည်ငြိမ်နေနိုင်မည် မထင်ပေ။

အတန်ကြာပြီးနောက် ဧကရာဇ်သည် သူ့ပါးစပ်ကို သုတ်လိုက်၏။ သူ့မျက်ဝန်းထဲတွင် ကြောက်စရာကောင်းသည့်အလင်းရောင်က ပြန်ပေါ်လာ၏။

ကျိယောင်ရွှယ်က ညင်သာစွာ ချောင်းတစ်ချက်ဟန့်လိုက်၏။

“ဒါတွေသိမ်းလိုက်တော့”

ကျိယောင်ရွှယ်သည် အစေခံမလေးတစ်ယောက်ကို လှမ်းခေါ်ပြီး ပန်းကန်များကို သိမ်းခိုင်းလိုက်ရင်း.. တစ်ဆက်တည်းမှာပင် သူသည် ဆူဇီမိုကိုလည်း သတိလှမ်း‌ပေးလိုက်ခြင်းဖြစ်၏။

ဆူဇီမိုသည် သတိပြန်ဝင်လာပြီး မလှမ်းမကမ်းရှိ ဧကရာဇ်ရှိရာဘက်သို့ ပြန်လှည့်ရပ်လိုက်၏။

“ငါမင်းကို ဘယ်လိုခေါ်ရမှာလဲ.. ဆရာမိုလား.. ဒါမှမဟုတ် ဆူဇီမိုလား”

ဧကရာဇ်က အပိုစကားတွေ သွယ်ဝိုက်ပြောမနေတော့ဘဲ ရုတ်တတ် တဲ့တိုးမေးလိုက်၏။

ဆူဇီမိုက ပြန်ဖြေလိုက်၏။

“နှစ်ခုစလုံးက အတူတူပါပဲ.. အရှင်မင်းမြတ် ကြိုက်နှစ်သက်သလိုသာ ခေါ်ပါလေ”

ဘုန်း!

ဧကရာဇ်က လက်ဝါးဖြင့် စားပွဲခုံကို ပြင်းထန်စွာ ရိုက်ချလိုက်၏။ အလွန်ကျယ်လောင်သည့် အသံကြီးက ထွက်ပေါ်လာ၏။

ကျိယောင်ရွှယ် လန့်ဖျန့်သွား၏။

“ဆူဇီမို.. မင်းအပြစ်ကို မင်းသိလား”

ဧကရာဇ်က စားပွဲခုံကို ရိုက်ပြီး မတ်တပ်ထရပ်လိုက်၏။ ချက်ချင်းပင် သူ့အော်ရာက ပြောင်းလဲသွာ၏။ သူသည် ဒေါမာန်အမျက်ထနေ‌သော ခြင်္သေ့တစ်ကောင်လို ဖြစ်လာပြီး သိပ်သည်းပြင်းထန် ကြောက်စရာကောင်းသည့်အော်ရာက ထွက်ပေါ်လာ၏။

သူ့အသံက မိုးကြိုးပစ်ချလိုက်သလို.. မြည်ဟိန်းထွက်ပေါ်လာ၏။

ဆူဇီမို၏ ခန္ဓာကိုယ်က ယိမ်းထိုးသွား၏။

ဧကရာဇ်၏ ဖိအားအောက်တွင် သူသည် မွန်းကျပ်လာ၏။ သူက အသက်အန္တရာယ်များ‌သော အခြေအနေသို့ ရောက်လာပြီး သူ့ခေါင်းက အချိန်မရွေး ပြတ်ထွက်သွားနိုင်၏။

“အဖေ...” ကျိယောင်ရွှယ်၏ အမူအယာက ပြောင်းလဲသွားပြီး ကပျာကယာ မတ်တပ်ထရပ်လိုက်၏။

“ဒီကိစ္စမှာ နင်ဝင်မပါနဲ့!”

ဧကရာဇ်က သူမကို လှည့်တောင်မကြည့်ဘဲ သူ့အင်္ကျီလက်စကို ဝေ့ရမ်းပြီး ကျိယောင်ရွှယ်ကို ဘေးဘက်သို့ ပို့လိုက်၏။

ကျိယောင်ရွှယ်၏ ခန္ဓာကိုယ်က မမြင်ရသော အားတစ်ခုနှင့် တုပ်နှောင်ခြင်းခံလိုက်ရပြီး နည်းနည်းလေးမျှ လှုပ်ရှားလို့ မရတော့ပေ။ သူမသည် စကားလည်း မပြောနိုင်တော့ဘဲ.. သူမ၏မျက်လုံးများကသာ စိုးရိမ်ပူပန်ကြောက်လန့်မှုကို ‌ဖော်ပြနေလေသည်။

ဆူဇီမိုက သူ့မျက်လုံးနှစ်ဖက်ကို မှိတ်၍ အသက်ပြင်းပြင်းတစ်ချက်ရှိုက်သွင်းလိုက်၏။ သူ့မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ ၎င်းတို့က တစ်ဖန်ပြန်၍ အသက်ဝင်တောက်ပလာ၏။

“ကျုပ်ရဲ့ ဘာအပြစ်လဲ” ဆူဇီမိုက ပြန်မေးလိုက်၏။

ဧကရာဇ်၏ အကြည့်က သုန်မှုန်သွားပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်၏။

“မင်းက မင်းရဲ့သရုပ်မှန်ကို ငါရှေ့မှာ ဖုံးကွယ်ထားခဲ့တယ်လေ.. ဧကရာဇ်တစ်ပါးကို လိမ်လည်လှည့်ဖြားရင် သေသင့်တယ်ဆိုတာ မင်းမသိဘူးလား”

ဧကရာဇ်၏ သတ်ဖြတ်လိုစိတ်ကို မိုးလေရှုခင်းမဏ္ဍပ်ထဲရှိ လူတိုင်းခံစားမိလိုက်ကြ၏။

သို့သော်လည်း ဆူဇီမို၏ အမူအယာက မပြောင်းမလဲရှိနေပြီး သူက တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

“အဲ့အကြောင်းနဲ့ပတ်သတ်ပြီး အရှင်မင်းမြတ်က ကျုပ်ကို တစ်ခါမှတောင် မမေးမြန်းခဲ့ဘဲနဲ့.. ဘယ်လိုဖြစ်ပြီး ကျုပ်က လိမ်လည်လှည့်ဖြားတယ် ဖြစ်သွားရတာပါလဲခင်ဗျ”

“အဓိပ္ပါယ်မရှိတာကွာ!”

ဧကရာဇ်က အော်ပြောလိုက်၏။

“မိုစိတ်ဝိညာဉ်ပန်းပဲရုံမှာတုန်းက မင်းက ဘယ်ဂိုဏ်းကလဲ၊ မင်းဆရာက ဘယ်သူလဲလို့ ငါကိုယ်တိုင် မေးခဲ့တယ်လေ.. ဒီအခြေအနေထိ ရောက်လာတာတောင် မင်းက ငြင်းဆန်ရဲသေးတယ်ပေါ့”

ဆူဇီမိုက မှင်သေသေနှင့်ပင် ပြန်ပြောလိုက်၏။

“အဲ့နေ့တုန်းက အရှင်မင်းမြတ်က တိတ်တဆိတ်လာလည်ခဲ့တာလေ.. အရှင်မင်းမြတ်မှန်း ကျုပ်က ဘယ်လိုလုပ်ပြီး သိနိုင်ပါ့မလဲ”

ဧကရာဇ် မျက်မှောင်ကြုတ်ပြီး ငိုင်သွား၏။

ဆူဇီမိုစကား၏ အဓိပ္ပါယ်က ရှင်း၏။ ပြဿနာ၏ အရင်းအမြစ်က သူမဟုတ်.. ဧကရာဇ်သာလျှင် ဖြစ်လေသည်။

အစကတည်းက ဧကရာဇ်သည် ဆူဇီမို၏ နောက်ခံနှင့် သရုပ်မှန်ကို ဧကရာဇ်တစ်ပါးအဖြစ်နှင့် စုံစမ်းမေးမြန်းခဲ့ခြင်း မရှိပေ။ ထို့ကြောင့် တစ်ဖက်လူက ဧကရာဇ်တစ်ပါးကို လိမ်လည်လှည့်ဖြားခဲ့သည်ဟု မှတ်ယူလို့ မရတော့ပေ။

မည်သို့ပင်ဆိုစေ.. ဆူဇီမိုသည် အရင်တုန်းက ကျိယောင်ရွှယ်၏ အသက်ကိုလည်း ကယ်တင်ပေးခဲ့ဖူး၏။

ထို့အပြင် သူသည် ယခုအခါ မြို့တော်တစ်ဝှမ်းလုံး ဂုဏ်သတင်းကျော်ဇောသော ဆရာမိုဖြစ်နေလေပြီ။

ယုတ္တိကျကျ ဆုံးဖြတ်ရလျှင် ဧကရာဇ်က ဆူဇီမိုကို မသတ်သင့်ပေ။

သို့သော်လည်း ဧကရာဇ်သည် အမှန်တရားကို နောက်ကျမှ သိလိုက်ရသောအခါ.. လူတစ်ယောက်က သူ့ကို စိတ်ကြိုက်ကစားသွားသည့်အလား.. ရှက်ရွံ့၍ မကျေမနပ် ဖြစ်မိ၏။

ဆူဇီမိုကို ဒီအတိုင်းပဲ မသိချင်‌ယောင်ဆောင်ပေးလိုက်ရမည်ဆိုလျှင် ဧကရာဇ်သည် တစ်သက်လုံး မကျေမနပ်နှင့် မချင့်မရဲ ခံစားနေရပေမည်။

သူသည် ထိုလူကို သတ်လည်းသတ်ချင်သည်.. တစ်ချိန်တည်းမှာပင် သတ်လည်းမသတ်ချင်ပေ။

ဧကရာဇ်၏ နုလုံးသားထဲတွင် လွန်ဆွဲနေသော ခံစားချက်က အထွတ်အထိပ်သို့ ရောက်လာခဲ့လေသည်။

ထို့ကြောင့်ပင် သူသည် ဆူဇီမိုအား သတ်ချင်သည့်စိတ်ကို လက်ခံကျေနပ်စေဖို့အတွက် အကြောင်းပြချက်တစ်ခု ရှာဖွေနေခြင်းဖြစ်၏။

ဆူဇီမိုသည် မိုးလေရှုခင်းမဏ္ဍပ်ထဲသို့ ဝင်လာခဲ့ချိန်မှစ၍ ဧကရာဇ်သည် သူ့ကို သတ်ချင်သော်လည်း အကြောင်းပြချက်ကင်းမဲ့နေကြောင်း သူသတိထားမိခဲ့၏။

ထိုကြောင့်လည်း ဧကရာဇ်က သူ့ကိုလျစ်လျူရှုထားခြင်းဖြစ်၏။

ဆူဇီမိုက မူမမှန်တာ တစ်ခုခု ပြုမူလိုက်သည်နှင့် ဧကရာဇ်က အကြောင်းပြချက်ရကာ ချက်ချင်းသူ့ကို သတ်ပစ်လိုက်နိုင်လေသည်။

ပုံမှန်အားဖြင့်ဆိုလျှင် ဆူဇီမိုလိုလူမျိုးသည် အသက်အရွယ်ကလည်း ငယ်ရွယ်၊ မဟာကျိုးအင်ပါယာ၏ နံပါတ်တစ်နတ်ပန်းပဲဆရာဟူသော မာန်မာနကလည်း ရှိနေသောကြောင့် သူ့ကို ဖိတ်ခေါ်ပြီးမှ လျစ်လျူရှုခံရသည့်အခါ သေချာပေါက် စိတ်ဆိုးဒေါသထွက်လာပေလိမ့်မည်။

ထိုအခါ သူသည် ရှေ့တက်၍ အကြောင်းပြချက်တောင်းတာဖြစ်ဖြစ်.. ပြန်လှည့်ထွက်သွားတာဖြစ်ဖြစ် တစ်ခုခုကို စိတ်လိုက်မာန်ပါ လုပ်နိုင်လေသည်။

ထိုသို့လုပ်ခဲ့ပါက ဆူဇီမိုသည် သေချာ‌ပေါက် သေရပေမည်။

သို့သော်လည်း သူသည် ‌ဒေါသလည်းမထွက်၊ ကြောက်လန့်မှုလည်း မရှိဘဲ.. အပြင်ဘက်ရှိ ရှုခင်းများကိုသာ စိတ်အေးလက်အေး ကြည့်ရှုနေခဲ့၏။

ဧကရာဇ်သည် မည်သို့မျှ မတတ်နိုင်ဘဲ သူ့ကို သတ်ဖို့အတွက် ဧကရာဇ်တစ်ပါးအား လိမ်လည်လှည့်ဖြားခဲ့သည်ဟူသော ခေါင်းစဉ်တပ်ကာ အကြောင်းပြချက်ရှာရတော့၏။

သို့သော်လည်း ဆူဇီမိုသည် စကားနှစ်ခွန်းတည်းနှင့် အကျပ်အတည်းမှ ‌လှလှပပ ရှောင်ထွက်ပြသွားခဲ့၏။

အဲ့ဒါက စကားတစ်ခွန်းနှစ်ခွန်းမျှသာ ဖြစ်သော်လည်း သူတို့၏ အပြန်အလှန်ပြောစကားများထဲ၌ ဓါးသွားများ ဆေဘာများက ရောယှက်ပါဝင်နေ၏။ စကားပြောတစ်ချက်မှားသွားသည်နှင့် ဆူဇီမို၏ သွေးများက မိုးလေရှုခင်းမဏ္ဍပ်ထဲတွင် စီးဆင်းသွားပေလိမ့်မည်။

အရာအားလုံးကို ဘေးကနေ ကြည့်နေရသော ကျိယောင်ရွှယ်သည် အနည်းငယ် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်၏။

“သိပ်ကောင်းတယ်”

ဧကရာဇ်သည် မှင်သေသေနှင့် ခေါင်းညိတ်လိုက်၏။ သူ့လေသံက အေးစက်နေ၏။ သူသည် ချီးကျူးလိုက်တာလား.. ထေ့ငေ့ါလိုက်တာလားဆိုတာ မည်သူမျှ မပြောနိုင်ကြပေ။

“ဧကရာဇ်တစ်ပါးကို လိမ်လည်လှည့်ဖြားခဲ့တယ်ဆိုတဲ့အချက်ကို အရင်ခဏထားလိုက်ပါဦး”

ဧကရာဇ်၏ အကြည့်က အေးစက်နေပြီး သူ့အသံက အေးခဲနေ၏။

“အင်ပါယာစစ်တပ်က စစ်သားသိုင်ရှုကို မင်းသတ်ခဲ့တယ်ဆိုတာကိုရော ဝန်ခံလား”

ဆူဇီမိုက ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။

“ကျုပ် သူ့ကို သတ်ခဲ့တယ်”

“ကောင်းပြီ”

ဧကရာဇ်၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းက ပေါ်လာ၏။

“မင်းကိုယ်တိုင် ဝန်ခံပြီဆိုမှတော့ ဘာမှပြောနေစရာ မရှိတော့ဘူး.. အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းပဲ!”

ဆူဇီမိုက ဧကရာဇ်ကို မော့ကြည့်ပြီး မေးလိုက်၏။

“သူက ကျုပ်ကို သတ်ချင်နေမှတော့ ကျုပ်ကရော သူ့ကို ဘာလို့မသတ်နိုင်ရမှာလဲ”

“တစ်ယောက်ယောက်က မင်းကိုသတ်ချင်တယ်ဆိုရင် မင်းကသူ့ကို ပြန်သတ်မှာ‌ပေါ့ အဲ့လိုလား” ဧကရာဇ်က မျက်ခုံးပင့်ပြီး မေးလိုက်၏။

“ဟုတ်ပါတယ်” ဆူဇီမိုက တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်၏။

ရုတ်တရတ် ဧကရာဇ်၏ မျက်လုံးက မှေးကျဉ်းသွားပြီး ဖြည်းဖြည်းချင်းမေးလိုက်၏။

“အဲ့ဒါဆို ငါအခု မင်းကို သတ်ချင်နေတယ်.. မင်းဘာလုပ်ချင်လဲ”

ထိုမေးခွန်းကို ကြားရချိန်တွင် ကျိယောင်ရွှယ်သည် တုန်လှုပ်‌ချောက်ချားသွား၏။

အဲ့ဒါက ထွက်ပေါက်မရှိ‌သော မေးခွန်းဖြစ်လေသည်။

ဆူဇီမိုသည် မည်သို့ပင် ပြန်ဖြေပါစေ.. သူ့အမှားသာ ဖြစ်တော့ပေမည်။

သူသည် ငြင်းဆန်မည်ဆိုလျှင် စောစောက သူပြောသည့်စကားနှင့် ရှေ့နောက်မညီတော့ဘဲ ဧကရာဇ်ကို ထိုအချက်ကို ချနင်းပေမည်။

ဆူဇီမိုသည် သူပြောခဲ့သောစကားမှာ အခိုင်အမာရပ်တည်၍ ဧကရာဇ်ကို သတ်မည်ဟု‌ ပြောလျှင်လည်း သူသည် ဧကရာဇ်တစ်ပါးအား ခြိမ်း‌‌ခြောက်ပြောဆိုမှုနှင့် သေချာ‌ပေါက် အသတ်ခံရပေတော့မည်။

အဲ့ဒါက ထွက်ပေါက်မရှိသော ထောင်ချောက်ပင် ဖြစ်လေသည်။

All Chapters