← Chapters

ဝတ်စုံနက်အစောင့်အရှောက် (၁)

Vol. 36 Ch. 544

ဝတ်စုံနက်အစောင့်အရှောက် (၁)

Vol. 36 Ch. 544

ရွှီချင်း ပါဝင်ပေမည်။

ခုန်ရှန်းလုံပြောနေသည့် အလုပ်ကိစ္စကြီးဆိုသည်မှာ ပြင်ပလူဆိုးထိန်းဌာနေက သူ့အား ပေးသော လျှို့ဝှက်တာဝန်တစ်ခု ဖြစ်သည်။

မူလက ထိုလျှို့ဝှက်တာဝန်သည် တခြားဌာနကလူများ ပါဝင်ခွင့်မရှိပေ။

သို့သော်လည်း ရွှီချင်းနှင့် တခြားမိတ်ဆွေများလည်း စစ်ရေးအကျိုးပြုမှတ်များ လိုနေသည်ဖြစ်ရာ ခုန်ရှန်းလုံက နည်းလမ်းမျိုးစုံသုံး၍ နားပူနားဆာလုပ်ခြင်းဖြင့် နောက်ဆုံးတွင် ထိုအခွင့်အရေးအား ရလာခဲ့သည်။

ထို့အပြင် သူသည် ထိုကိစ္စအား တာဝန်ခံမည့်သူလည်း ဖြစ်သည်။

ပြင်ပလူဆိုးထိန်းဌာနေက တခြားဓားထိန်းများအပြင် ရွှီချင်း၊ ရှန်ဟယ်၊ ဝမ်ချန်း၊ ညဝိညာဉ်တို့လည်း ပါဝင်ကြပေမည်။

တာဝန်မှာကား…

“ဒါက ကယ်ဆယ်ရေးတာဝန်ပဲ”

ညနက်လျှင် ဓားကိုင်ရုံးတော်၊ ပြင်ပလူဆိုးထိန်းဌာန၌ ရွှီချင်းနှင့် တခြားလူများ တစ်ယောက်ပြီး တစ်ယောက် သွားစုကြသည်။ စုစုပေါင်း ဓားကိုင် ၁၇ ယောက်သည် သုန်မှုန်သော အမူအရာဖြင့် ခုန်ရှန်းလုံအား ကြည့်နေကြ၏။

“ငါတို့ အရင်ထွက်ကြတာပေါ့။ လမ်းမှာ တာဝန်နဲ့ပတ်သက်တဲ့ အသေးစိတ်အကြောင်းအရာတွေကို ရှင်းပြမယ်။ ဒါပေမဲ့ စည်းမျဉ်းအရတော့ မင်းတို့မှာ ရှိတဲ့ အသံပို့ကျောက်စိမ်းပေလွှာတွေအကုန်လုံးကို ပိတ်ဆို့ထားရလိမ့်မယ်။”

“ငါတို့ တာဝန်ပြီးမြောက်ပြီး ပြန်ရောက်တဲ့အထိ မင်းတို့က ပြင်ပလောကနဲ့ အသံပို့လွှတ်နိုင်မှာ မဟုတ်ဘူး။ ဒီတာဝန်ကို ဦးဆောင်တဲ့ ငါပဲ လုပ်နိုင်လိမ့်မယ်။”

ခုန်ရှန်းလုံ၏အမူအရာကား သုန်မှုန်နေသည်။ သူက ပြောပြီးသည်နှင့် လက်ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ထိုကိစ္စအား လုပ်ပေးမည့် ဓားကိုင်တစ်ဦး ထွက်လာသည်။ သူက လူတိုင်းကို လက်နှစ်ဖက်ဆုပ်ပြပြီးနောက် ရှေ့ကို တက်ကာ လူတိုင်း၏ အသံလွှင့်ကျောက်စိမ်းပေလွှာများအား ချိပ်ပိတ်လိုက်သည်။

ချိပ်ပိတ်ခြင်းနည်းလမ်းကား ရိုးရှင်းကာ အတားအဆီးအတတ်ဖြင့် ပြီးမြောက်သွားသည်။

ထိုလူက လက်ဟန်များ အတွဲလိုက်ပြုလုပ်လိုက်လျှင် အတားအဆီးများ လူတိုင်း၏ကိုယ်ပေါ်သို့ ကျဆင်းလာသည်။

ရွှီချင်းက တခြားလူများကို ကြည့်လိုက်လျှင် မည်သူမှ ငြင်းဆိုခြင်းမပြုသည်ကို တွေ့ရ၏။ ၎င်းသည်က တာဝန်များ သွားရောက်ဆောင်ရွက်၍ မဖြစ်မနေလုပ်ရသည့် ထုံးစံတစ်ခုဖြစ်ကြောင်းလည်း နားလည်သည်။ အတားအဆီးများကို အသေအချာ စစ်ဆေးပြီးနောက်တွင် သူ၏ကျောက်စိမ်းပေလွှာအား ချိပ်ပိတ်ခွင့် ပေးလိုက်သည်။

အတားအဆီးသည် ချိပ်ပိတ်ခြင်းသီးသန့်ဖြစ်ကာ တခြားမပါဝင်ပေ။

ဤနေရာသို့ မလာမီ သူက နတ်မိမယ်ကျစ်ရွှမ်အား တာဝန်သွားထမ်းဆောင်မည့်အကြောင်းကို အသံပို့လွှတ်အသိပေးထားသည်။ တစ်ချိန်တည်းမှာ သူက အကျိုင်းထောင်ဌာနမှ ယာယီထွက်ခွာခွင့်ကိုလည်း တောင်းခံထားသည်။

ထိုအခိုက်တွင် အတားအဆီးချိပ်စည်းများမှာ ပြီးမြောက်သွားပြီ ဖြစ်သည်။ ခုန်ရှန်းလုံက လက်ဝှေ့ယမ်းလိုက်သည်တွင် အားလုံးက ဓားကိုင်ရုံးတော်ခန်းမတွင်ရှိသော နေရာကူးပြောင်းအစီအရင်ထံသို့ ထွက်လာကြသည်။ သူတို့က အစီအရင်အတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြသည်။

အစီအရင်သည် စူးရှတောက်ပသွားပြီးနောက်တွင် လူ ၁၇ ယောက်မှာလည်း ထိုနေရာမှ ပျောက်သွားတော့သည်။

သူတို့ ပြန်ပေါ်လာသောအခါ ဒေသငယ်မြို့တော်နှင့် လွန်စွာဝေးကွာသောအရပ်သို့ ရောက်နေပြီ ဖြစ်သည်။ ဤနေရာကား ဒေသငယ်မြို့တော်နှင့် ထျန်းယွင်ပြည်နယ်နယ်စပ်လည်း ဖြစ်သည်။

“နောက်သုံးရက်ကြာရင် ငါတို့ နောက်ထပ်တည်နေရာပြောင်းအစီအရင်တစ်ခုဆီသို့ ရောက်မယ်။ ဒါပေမဲ့ အခုကစပြီး ငါတို့ရဲ့လှုပ်ရှားမှုတွေကို ဖုံးကွယ်ရတော့မယ်။ အားလုံးပဲ ဓားကိုင်အဝတ်အစားတွေကို တခြားဝတ်စုံနဲ့လဲပြီး စထွက်ကြမယ်။”

ညအမှောင်ထဲတွင် ခုန်ရှန်းလုံက ဘေးကလူများအားလုံးကို တီးတိုးပြောသည်။

ရွှီချင်း၏အမူအရာကား သုန်မှုန်နေသည်။ ယခုတာဝန်သည် သာမန်မဟုတ်ကြောင်း သူ ပြောနိုင်သည်။ ၎င်းသည် စစ်ရေးအကျိုးဆောင်မှတ် အများအပြားပေးထားသည်ဖြစ်ရာ သိပ်တော့ မထူးဆန်းလှပါ။ သူက ဓားကိုင်ဝတ်စုံကို တခြားဝတ်စုံနှင့် လဲလိုက်သည်။

မည်သူမှ စကားမပြောပါ။ သူတို့ အဝတ်လဲပြီးသည်နှင့် ခုန်ရှန်းလုံ၏ဦးဆောင်မှုနှင့်အတူ မြန်ဆန်စွာ ထွက်သွားကြသည်။

“အခု ငါ မင်းတို့ကို တာဝန်နဲ့ပတ်သက်ပြီး ပြောမယ်။”

“ဒီတစ်ခေါက်တာဝန်က သန့်စင်ရေလှိုူင်းမျိုးနွယ်မှာ သူလျှိုလုပ်နေတဲ့လူတစ်ယောက်ကို ငါတို့ သွားခေါ်ရမှာ။”

“အဲဒီသူလျှိုဟာ သန့်စင်ရေလှိုင်းမျိုးနွယ်ထဲမှာ ပုန်းနေတာ နှစ်တွေအများကြီးကြာပြီ။ အခုမှ ပြန်လာမှာ။ ငါတို့တာဝန်က သူ့ကို ဓားကိုင်ရုံးတော်သို့ ဘေးကင်းကင်းနဲ့ ခေါ်သွားရမယ်။”

ခုန်ရှန်းလုံက ပြေးရင်းလွှားရင်း သူ့အနီးကလူများကို ပြောသည်။

“သူ့သရုပ်မှန်ကို သိသွားနိုင်တဲ့ကိစ္စဖြစ်စေ၊ သူက အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ရထားနိုင်တာဖြစ်စေ၊ သူက တည်နေရာပြောင်းပြီး ထွက်မပြေးနိုင်တဲ့ကိစ္စဖြစ်စေ၊ မင်းတို့မှာ အတွေးအမျိုးမျိုးရှိလိမ့်မယ်။ ဒါပေမဲ့ မင်းတို့က မင်းတို့မသိနိုင်တဲ့ကိစ္စတွေကို တွေးစရာမလိုဘူးလို့ပဲ ပြောချင်တယ်။”

ခုန်ရှန်းလုံက ရွီချင်း၊ ရှန်ဟယ်နှင့် တခြားလူများကို ကြည့်သည်။ သိသာစွာ သူက ပြင်ပလူဆိုးထိန်းဌာနက လူများကို ပြောသည်မဟုတ်ဘဲ ရွှီချင်းတို့အား သတိပေးနေခြင်း ဖြစ်သည်။

ရွှီချင်း ခေါင်းညိတ်သည်။ လူဆိုးထိန်းဌာနေတွင် လုပ်ဖူးသော ရွှီချင်းသည် ထိုသဘောတရားကို နားလည်၏။

ရှန်ဟယ်တို့ကလည်း သူတို့နားလည်ကြောင်း အချက်ပြသည်။

“ဒါပေမဲ့ ငါ အသေအချာ ယုံကြည်ထားတာ တစ်ခုတော့ရှိတယ်။ သူလျှိုရဲ့ သရုပ်မှန်နဲ့ပတ်သက်ပြီးတော့ ပြဿနာမရှိဘူး။ သူက ဓားကိုင်ရုံးတော်ကို သစ္စာဖောက်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။”

“ပြီးတော့ သူလျှို ပြန်လာမယ့်ကိစ္စက ဟန်ပြလည်း ဖြစ်နိုင်တယ်။ ငါတို့ ကာကွယ်ရမယ့်သူက သူလျှိုမဟုတ်တာလည်း ဖြစ်နိုင်တယ်။ ဒါက ဟန်ပြတာဝန်လည်း ဖြစ်နိုင်တယ်။”

“တခြားတစ်ဖွဲ့က ဒီတာဝန်ကို တချိန်တည်းမှာ လုပ်ဆောင်နေတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အသေးစိတ်အစီအစဉ်ကတော့ ငါတို့နဲ့ ကွဲပြားလိမ့်မယ်။”

“ရုံးတော်က ပညာရှင်တချို့ကိုလည်း စီစဉ်ထားပေးလိမ့်မယ်။ ဒါပေမဲ့ သူတို့ ငါတို့အနီးအနားမှာ ရှိမလားဆိုတာကိုတော့ မသေချာဘူး။”

ခုန်ရှန်းလုံက ရွှီချင်းတို့အား ကြည့်ကာ တီးတိုးပြောသည်။

“အစ်ကိုခုန်… ဒီတစ်ခေါက် ဘာလို့ အသေးစိတ်တွေ ပြောနေတာလဲ။”

ရှန်ဟယ်၏အကြည့်က ရွှီချင်းထံသို့ ရောက်နေသည်။

ညဝိညာဉ်ကလည်း ရွှီချင်းအား ကြည့်သည်။

အမှန်တကယ်အားဖြင့် သည်တစ်ခေါက်တာဝန်၌ ရွှီချင်းပါဝင်လာခြင်းအပေါ် သူတို့လည်း အနည်းငယ် သဘောမကျ ဖြစ်နေသည်။ သူတို့က စိတ်အနှောင့်အယှက်ဖြစ်ခြင်းတော့ မဟုတ်သော်လည်း အသားမကျ ဖြစ်နေသည်။

မည်သို့ဆိုစေ သူတို့က အဖွဲ့တစ်ခုအနေဖြင့် တခြားလူများအား တစ်ခါမှ ပါဝင်စေခြင်း မရှိခဲ့ပေ။

သည်နှစ်များအတွင်း ရွှီချင်းတစ်ဦးတည်းသာ ရှိသည်။

တခြားတစ်ဖက်တွင် ဝမ်ချန်သည်ကား ထူးမခြားနားစွာဖြင့် ခေါင်းတလားပေါ်တွင် ထိုင်ကာ သန်းဝေနေသည်။

ရွှီချင်း၏အမူအရာကား တည်ငြိမ်နေကာ မည်သည့်စကားမှ မပြောပေ။

“ဒီတစ်ခေါက် ရွှီချင်းက ငါတို့နဲ့အတူ ပထမဆုံးအကြိမ် တာဝန်လုပ်တာပဲ။ နားလည်မှုလွဲတာတွေ မဖြစ်ရအောင် ရှင်းပြဖို့လိုတယ်။”

ခုန်ရှန်းလုံက ပြုံးလျက် ပြောသည်။

ခုန်ရှန်းလုံ၏စကားကို ကြားလျှင် ညဝိညာဉ်နှင့် ရှန်ဟယ်တို့ ငြိမ်ကျသွားသည်။

ပြင်ပလူဆိုးထိန်းဌာနက ဓားကိုင်များသည် ထိုဖြစ်ရပ်ကို မမြင်ချင်ယောင်ဆောင်နေကြသည်။ အမှန်တကယ်အားဖြင့် သူတို့က ရှန်ဟယ်တို့နှင့် အလွန်ရင်းနှီးနေပြီး ဖြစ်သည်။ သူတို့သုံးယောက်သည် အမြဲတမ်းအားဖြင့် ခုန်ရှန်းလုံ၏တာဝန်များ၌ ပါဝင်ကြသည်။

ဤသို့ဖြင့် သူတို့အုပ်စု ညအမှောင်ထဲ၌ မြန်ဆန်စွာ သွားနေကြသည်။

ရွှီချင်းသည် အမြန်ဆုံးမဟုတ်သော်လည်း အနှေးဆုံးလည်း မဟုတ်ပေ။ သူက သွားနေရင်း တာဝန်နှင့်ပတ်သက်၍ ခွဲခြမ်းစိတ်ဖြာသည်။ တစ်ချိန်တည်းတွင် မျိုးနွယ်အသီးသီး၏ သမိုင်းကြောင်းများကို အပြန်ပြန်အလှန်လှန် တွေးတောသည်။

သန့်စင်ရေလှိုင်းမျိုးနွယ်သည် သန့်စင်ရေလှိုင်းအမတ်ကြီး လူသားမျိုးနွယ်ကို သစ္စာဖောက်သွားပြီးမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ လူသားမျိုးနွယ်၏သစ္စာဖောက် ဖြစ်သည့်အလျောက် သူတို့သည် မီးနှင့်ရေအလား ကမ္ဘာ့ရန်များဖြစ်ကြသည်။

သူတို့သည် ကောင်းကင်နက်မျိုးနွယ်နှင့် ပေါင်းစပ်သွားကြကာ သူတို့မျိုးနွယ်နှင့် ပေါင်းစပ်ရန်အတွက်ပင် သွေးများ လက်ခံရရှိကြသည်။ ထို့ကြောင့် နောက်ပိုင်းမျိုးဆက်များတွင် သန့်စင်ရေလှိုင်းမျိုးနွယ်၏ နီစွေးသော သွေးများ၌ အနက်ရောင်သွေးအငွေ့အသက်များ ပါဝင်လာခဲ့သည်။

ထို့အပြင် လွန်ခဲ့သော နှစ်များအတွင်းက ပဋိပက္ခများ၌ သန့်စင်ရေလှိုင်းမျိုးနွယ်သည် လူသားမျိုးနွယ်နှင့် တိုက်ခိုက်သောအခါ ကောင်းကင်နက်မျိုးနွယ်ထက်ပင် ကြမ်းတမ်းရက်စက်သေးသည်။ သူတို့က လူသားမျိုးနွယ်အပေါ် ပို၍ ရက်စက်နိုင်လေ သူတို့ကိုယ်သူတို့ ပို၍ သက်သေပြနိုင်လေဟု ထင်မှတ်ထားကြဟန်တူသည်။

ထို့အပြင် သူတို့သည် သန့်စင်ရေလှိုင်းဒေသကြီးက မသိမ်းပိုက်ရသေးသော ဖုန်းဟိုင်ဒေသငယ်ကိုလည်း ယခင်ထက် ပို၍ တပ်မက်လာကြသည်။

သူတို့က လူသားဧကရာဇ်၏ အာဏာစက်ကို အနည်းငယ်ကြောက်ရွံ့သောကြောင့် မဟုတ်ပါက ဖုန်းဟိုင်ဒေသငယ်မှာ သူတို့လက်အောက်ကို ရောက်ရှိသွားသည်မှာ ကြာမြင့်ပြီး ဖြစ်ပေမည်။

သို့သော်လည်း လူသားမျိုးနွယ်နှင့် ဖုန်းဟိုင်ဒေသငယ်တို့က မကြာခင် မျိုးနွယ်နှစ်ခုအကြား ကြီးမားသော စစ်ပွဲကြီး ဖြစ်လာမည်ကို သိထားကြသည်။

လက်ရှိချိန်ခွင်လျှာမှာ ကြွတ်ဆတ်လွန်းရကား အချိန်မရွေး စစ်ဖြစ်နိုင်သော အနေအထားဖြစ်သည်။

အမှန်တကယ်အားဖြင့် ဖုန်းဟိုင်ဒေသငယ်သာမဟုတ်၊ တခြားသော ဒေသငယ်ခြောက်ခုသည်လည်း ဆင်တူသော အခြေအနေနှင့် ကြုံတွေ့နေကြရသည်။ တချို့သော ဒေသငယ်များသည် ပြည်နယ်တချို့ကိုပင် ဆုံးရှုံးထားပြီး ဖြစ်သည်။

“မုန်တိုင်းက ရွေ့လျားလာနေပြီး အဆောက်အဦတွေ ပြိုလဲလာနေတယ်။”

အထူးလေ့ကျင့်ရေးအစီအစဉ်၌ လက်ထောက်ဒေသအကြီးအကဲ၏ ကူရာမဲ့သောစကား ဖြစ်သည်။

သူတို့ ခရီးသွားနေသည်မှာ သုံးရက်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ၎င်းအချိန်အတောအတွင်း၌ ခုန်ရှန်းလုံသည် လျှို့ဝှက်နာမည်များနှင့်ပတ်သက်၍ ရှင်းပြသည်။

သူတို့က တာဝန်သွားလုပ်ဆောင်ရာ၌ နာမည်ကို မခေါ်ကြပါ။ သူတို့က ယာယီနာမည်များဖြင့် ဆက်သွယ်ပြောဆိုကြသည်။

“ကလေး…”

ရွှီချင်းက တီးတိုးပြောသည်။ ၎င်းသည် သူတာဝန်များလုပ်ဆောင်ရာ၌ လျှို့ဝှက်နာမည် ဖြစ်သည်။ ယခုလည်း ထိုနာမည်အား ဆက်၍ အသုံးပြုလိုသည်။

“ကောင်းပြီ။ ဒီတစ်ခေါက်ကတော့ ငါ့ကို အစ်ကိုလုံလို့ ခေါ်ပါ”

ခုန်ရှန်းလုံက ပြုံးသည်။

All Chapters