လာ…လာ…လာ…ဆက်သောက်ကြမယ်
Vol. 34 Ch. 502
နေ့ခင်းဘက် ကြည့်ရှုသူနှုန်းများ ထွက်လာပြီးနောက် ရှောင်ဖေးဖေး၏ ဖုန်းက နေ့ခင်း နှစ်နာရီမတိုင်ခင်အထိ ရပ်မသွားပေ။
လူများစွာက သူမကို ဂုဏ်ပြုစကား ဆိုကြသော်လည်း တကယ်တမ်းတွင် အများစုက သူမကို မျက်နှာချိုသွေးရန် ကြိုးစားခြင်းသာ ဖြစ်သည်။
ဤသည်က အနုပညာနယ်ပယ်တွင်း၌ ဖြစ်နေကြပင်။ တစ်ညတည်းနှင့် နာမည်ကြီးလာပြီး လူတိုင်းက ငမ်းငမ်းတက် လိုချင်သော လူတစ်ယောက် ဖြစ်လာရန် လွယ်ကူပေသည်။
ရှန်းကျောင်းရုပ်သံ၏ ဒါရိုက်တာသည်လည်း သူမကို ကိုယ်တိုင်ကိုယ်ကျ ဖုန်းဆက်လာပြီး စိတ်ရင်းအတိုင်း စကားပြောလာသည်။ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက သူ၏ရုပ်သံလိုင်း၌ ပြသနိုင်သည့်အတွက် အလွန်အမင်း ဝမ်းသာနေ၏။
ပရိသတ်များ၊ နယ်ပယ်တွင်းမှ အတွင်းလူများနှင့် အဓိက မီဒီယာ ကုမ္ပဏီများက တိုက်ခန်းတွင်းမှ အချစ် ဇာတ်လမ်း၏ အကြောင်းကိုသာ ပြောနေကြသည်။
၎င်းက ယှဉ်ပြိုင်သူ ကင်းမဲ့သော အပြင်းထန်ဆုံး ပြောဆိုမှုပင်။
သူတို့၏ ကျော်ကြားမှုက တစ်ဟုန်ထိုး တက်လာနေသည်။
ဝေ့ပေါ်၊ Tieba၊ Toutiao နှင့် အခြားသော မီဒီယာမျိုးစုံ၌ ထိပ်တန်း ရှာဖွေမှုကလည်း တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းပင်။
အွန်လိုင်းပေါ်မှ ပြောစကားများကလည်း တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းပင်တည်း။
TikTok တွင်မူ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ စကားများကို နေရာတိုင်း၌ တွေ့နေရပြီး လူတိုင်းက အသည်းအသန် တုပ၍ လိုက်ပြောကြကာ အင်တာနက်ပေါ်၌ ဖြစ်နေကြ ဖြစ်စဉ်တစ်ခုပင် ဖြစ်နေလေသည်။
တစ်ချို့သော ရုပ်သံဇာတ်လမ်းတွဲများက မွေးဖွားလာသည်နှင့် နယ်ပယ်၏ အထွတ်အထိပ်၌ ရပ်တည်နိုင် ကြသည်။
တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းနှင့် ထိုစကားနှင့် ထပ်တူကျနေသည်။
ရုပ်သံဇာတ်လမ်းတွဲ တစ်ခု၏ အရည်အသွေးကို တိုင်းတာရာတွင် ရှုထောင့်မျိုးစုံမှ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ သို့သော် အတိကျဆုံးနေရာ၌ နေရာယူသည့် အချက်မှာ … ကြည့်ရှုသူနှုန်းပင်။
တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းသည် အခြားဘာကိုမှ သက်သေပြရန် မလိုအပ်ပေ။ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို မကြိုက်သည့် ဘယ်သူမဆိုဖြစ်စေ၊ နယ်ပယ်တွင်းမှ လူများပါ မကြိုက်လျင်တောင်မှ ယင်းက အမြင့်ဆုံး၌ ရှိနေသည့် အချက်ကို မငြင်းနိုင်ပေ။
အရေးအကြီးဆုံးအချက်မှာ ယင်းသည် ထုတ်လွှင့်ခါစသာ ရှိသေးခြင်း ဖြစ်သည်။
နောက်ပိုင်း၌ ကြည့်ရှုသူနှုန်းက ၂.၀၃ ရာခိုင်နှုန်း ကျော်သွားမည်မှာ သေချာသည်။ အရည်အသွေး ညံ့သွားလျင်တောင်မှ ယင်းက ၂.၀၃ ရာခိုင်နှုန်းကို ကျော်ပြီး ထိပ်ဆုံး၌ ရှိနေဦးမှာပင်။
အကယ်၍ အရည်အသွေးကို ဆက်ထိန်းထားနိုင်ပါက ၂.၅ ရာခိုင်နှုန်းကို ကျော်ခြင်း သို့မဟုတ် ၃ ရာခိုင်နှုန်းသို့ပင် ရောက်နိုင်လေသည်။
ငါးနှစ်အတွင်း စံချိန်အသစ်ကို တင်နိုင်စွမ်းရှိတာက ဘယ်လို သဘောတရားကြီးလဲ။
တကယ်ကို ကြောက်ဖို့ကောင်းလှသည်။ လုံးဝ မှင်တက်ဖွယ် ကောင်းလေသည်။
ပြည်သူများသည် အုတ်အော်သောင်းတင်းဖြစ်ပြီး တရစပ် ပြောဆိုချင်နေကြသည်။
[သရုပ်ဆောင်ဝိုင်က အံ့ဩဖို့ကောင်းလွန်းတယ်၊ သူက တကယ်ကို ငါ့ရဲ့ စံပြပုဂ္ဂိုလ်ပဲ]
[အနုပညာလောကထဲက အခြား ဘယ်သူက သရုပ်ဆောင်ဝိုင်ရဲ့ အရှိန်ကို ရပ်နိုင်သလဲ၊ သူက တကယ်ကို ဝိုင်ပဲ၊ သံသယ ဝင်စရာတောင် မလိုဘူး]
[ဟုတ်တယ်၊ သူ့ရဲ့ သရုပ်ဆောင်ပညာက နံပါတ်တစ်ပဲ၊ သူ့ရုပ်ရှင်ကားကလည်း နံပါတ်တစ်ပဲ၊ ပြီးတော့ သူ့ရဲ့ ဇာတ်လမ်းတွဲကလည်း နံပါတ်တစ်ပဲ၊ ရှင်းရှင်းပြောရရင်သူက လူတိုင်းကို ရိုက်ချနိုင်တယ်]
[ရယ်ချင်စရာ ကောင်းလိုက်တာ၊ အနုပညာနယ်ထဲက သူ့ကို မေးခွန်းထုတ်ခဲ့တဲ့သူတွေ ဘယ်ရောက်ကုန်ပြီလဲ၊ သူတို့ထဲက ဘယ်သူမှ ပေါ်မလာပါလား]
[ဘယ်သူက လူလုံးထွက်ပြရဲမှာလဲ၊ သူတို့ မျက်နှာ ဒဏ်ဖြစ်လောက်တဲ့အထိ ခပ်ကြမ်းကြမ်း အရိုက်ခံလိုက် ရပြီကိုး]
[၂.၀၃ ရာခိုင်နှုန်းတဲ့၊ ဒဏ်ရာ နည်းနည်းလေး ရရုံလောက်နဲ့ ရပ်သွားပါ့မလား၊ မင်းအမေရဲ့ မျက်နှာတော့ ရောင်နေပြီ မဟုတ်လား၊ သူ ခပ်ကြမ်းကြမ်း အရိုက်ခံရလို့ အခု သွေးအန်နေလောက်ပြီ]
[ငါ ဒီကြည့်ရှုသူနှုန်းကို အခုထိ မယုံနိုင်သေးဘူး၊ ဒါက ကြောက်ဖို့ ကောင်းတယ်၊ ဘယ်လိုလုပ် အဲ့လောက် မြင့်ရ တာလဲ]
[ရှင်းရှင်းပြောရရင် ရူးချင်စရာပဲ]
…
ရဲ့လင်းချန်သည် အင်တာနက်ပေါ်မှ အသည်းအသန် ပြောဆိုမှုများကို ဖတ်ပြီး စိတ်ထဲ၌ ထပ်တူ စိတ်လှုပ်ရှား နေသည်။ ၎င်းတို့အားလုံးက ရေပန်းစားခြင်းပင်။
တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက သူ့ထံသို့ ရေပန်းစားမှုများ ဘယ်လောက် ယူဆောင်လာပေးမလဲ သူ မသိသလို ထိုအတွက် သူ စိတ်လှုပ်ရှားနေမိသည်။
ညနေဘက်တွင် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ အဖွဲ့သားများသည် နောက်ထပ် ညစာစားပွဲကို အတူတူ ကျင်းပကြသည်။ ယင်းသည် ခမ်းနားသော ညစာစားပွဲတစ်ခု ဖြစ်လေသည်။ အားလုံးသည် သောက်စား၍ ပျော်ရွှင်စွာ ဖြတ်သန်းနေကြသည်။
သို့သော် ယခုက အရင်တစ်ခေါက်နှင့် မတူပါ။ အရင်တစ်ခေါက်က ရဲ့လင်းချန်က လိုက်ကျွေးခြင်း ဖြစ်သော်လည်း ယနေ့ညတွင် အခြားသူအားလုံးက ရဲ့လင်းချန်ကို လိုက်ကျွေးခြင်း ဖြစ်သည်။
သူတို့ကို နာမည်ကြီးလာရန် အခွင့်အရေး ပေးခဲ့သူက ရဲ့လင်းချန် မဟုတ်ပါလော။ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းသည် ကျောင်းပြီးခါစ ယောက်ျားလေးတစ်ဖွဲ့ကို နာမည်ကျော် ကြယ်ပွင့်များအဖြစ် မွေးထုတ် ပေးခဲ့သည့် ရုပ်သံဇာတ်လမ်းတွဲတစ်ခု ဖြစ်သည်။ သူတို့ ညတွင်းချင်း ကျော်ကြားလာသည်ဟုပင် ပြောနိုင်ပေသည်။
သူတို့ စားသောက်နေစဉ်မှာပင် အခိုက်အတန့်လေးတစ်ခု ဖြစ်လာခဲ့သည်။
လူတိုင်းက စိတ်လှုပ်ရှားကာ ရဲ့လင်းချန်အား ဂုဏ်ပြု၍ ငှဲ့ပေးနေကြသည်။
“သခင်လေးရဲ့၊ ကျုပ် လီထိုက်က အလုပ်လုပ်နေတဲ့ သက်တမ်းတစ်လျှောက် ဘယ်သူ့ကိုမှ မလေးစားခဲ့ဘူး၊ အခုရော နောက်ရော ကျုပ် မင်းကို အမြဲ လေးစားနေမှာ၊ ကျုပ် ခင်ဗျားကို ဒီခွက်နဲ့ ဂုဏ်ပြုပေးပါရစေ၊ ကျုပ်ရဲ့ ညီအစ်ကိုကောင်းလေး ချဗျာ”
သူသည် ပြောပြီးသည်နှင့် တစ်ခါတည်း သောက်ချလိုက်သည်။ ရဲ့လင်းချန်သည်လည်း တစ်ကျိုက်တည်း အကုန် သောက်ပစ်လိုက်သည်။
လူတိုင်း မျက်လုံးအရောင် တောက်သွားပြီး ချန်ချီချီက အပြုံးနှင့် လျှောက်လာသည်။
“သခင်လေးရဲ့၊ ကျွန်တော် ချန်ချီချီ ဘာမှ ထပ်မပြောတော့ပါဘူး၊ ပြောချင်တဲ့အရာအားလုံးကို ဒီခွက်နဲ့ပဲ ချေလိုက်ပါမယ့်၊ သောက်လိုက်ကြစို့”
နှစ်ယောက်သား သောက်လိုက်ကြပြန်သည်။
“သခင်လေးရဲ့၊ လုရှောင်ပုကိုလည်း ထည့်တွက်လိုက်၊ ကျွန်တော် ဒီခွက် သောက်တာကို ကြည့်ထားပါ”
“သခင်လေးရဲ့၊ မင်းရဲ့ လက်အောက်မှာ ငါ ဒါတွေအားလုံး လုပ်နိုင်ခဲ့တဲ့အတွက် တကယ် ကံကောင်းတယ်၊ ချီးယားစ် … စိတ်ကြိုက်သောက်ဗျာ”
“သခင်လေးရဲ့ …”
တစ်ယောက်ပြီးတစ်ယောက်က ရဲ့လင်းချန်အား ခွက်မြှောက်ကြသည်။
နောက်တစ်ခေါက်၌ လီထိုက်က ထပ်ပြောလေသည်။
“သခင်လေးရဲ့၊ ခင်ဗျား ကျုပ်ကို အထင်ကြီးပေးတဲ့အတွက် ကျေးဇူးတင်ဖို့ မေ့သွားလို့ပါ၊ ချီးယားစ်”
“သခင်လေးရဲ့၊ ကျုပ်လီကျင့်က မင်းကြောင့် ဒုက္ခပင်လယ်ထဲက လွတ်လာခဲ့တာပါ၊ တစ်ခွက်နဲ့ မလုံလောက်ဘူး၊ ကျုပ် တစ်ပုလင်းလုံး ငှဲ့ပေးပါရစေ”
“သခင်လေးရဲ့၊ ရောမကိုရောက်ရင် ရောမလိုကျင့်ဗျာ၊ ကျုပ် အလီက နောက်ရုပ်ရှင်ကားမှာ ကျုပ်ကို မင်း ထည့်ရိုက်ဖို့ စောင့်နေပါသေးတယ်၊ ကျုပ်လည်း ငှဲ့ပေးမယ်”
…
ရဲ့လင်းချန်က သူတို့ကို မငြင်းပေ။ ကျန်လူများအားလုံးသည် လက်ထဲ၌ သောက်စရာများ ကိုင်ထားကာ သူသည်လည်း လက်ထဲ၌ တစ်ခွက် ကိုင်ထားလေသည်။ စိတ်ထဲ၌ သူသည် အားလုံးက နည်းနည်း ရယ်ချင်စရာ ကောင်းသည်ဟု ခံစားမိနေ၏။
“လင်းချန် နင် သောက်တာ များနေပြီ၊ နင် ထပ်မသောက်နဲ့တော့”
ရှောင်ဖေးဖေး စိုးရိမ်လာသည်။
“ကိစ္စမရှိပါဘူး၊ ဒီနေ့ ပျော်လိုက်ကြတာပေါ့”
“သခင်လေးရဲ့က အယ်လ်ကိုဟောဒဏ် ခံနိုင်ရည်စွမ်း မြင့်တာပဲ”
လူတိုင်းက စိတ်လှုပ်ရှားနေသော အမူအရာနှင့် အားပေးနေကြသည်။ သူတို့သည် ဆက်လက်၍ ဂုဏ်ပြုကာ သောက်နေကြသည်။
ရဲ့လင်းချန်ကို မူးအောင်လုပ်နိုင်မည့် နေ့ကောင်းတစ်ရက်ပင်။
“ဟေ့လူတွေ မင်းတို့က သခင်လေးရဲ့ကို ကျေးဇူးတင်ချင်တာလို့သာ ဆက်တိုက် ပြောနေတာ၊ ဒါပေမဲ့ ဒါက သူ့ကို ဂုဏ်ပြုနိုင်တဲ့ နည်းလမ်းကောင်း မဟုတ်ဘူးနော်”
လင်းဝမ်ယွီသည် အတော်လေး မမျှတသည်ကို သတိထားပြီးနောက် မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
“ကျွန်တော်တို့ ယောက်ျားလေးတွေက ဘယ်တော့မှ အရှုံးမခံဘူး၊ အထူးသဖြင့် သောက်တဲ့အချိန်မှာပေါ့၊ ဟုတ်တယ်မလား သခင်လေးရဲ့”
ချန်ချီချီက ချက်ချင်း ပြုံး၍ ပြောသည်။
“အင်း … အင်း … ဟုတ်တယ် … ချန်ချီချီ ပြောတာ မှန်တယ်”
ရဲ့လင်းချန်၏ မျက်လုံးများက အနည်းငယ် ရီဝေလာပြီး သူ့စကားက ဗလုံးဗထွေး ဖြစ်လာသည်။
*သူ … မူးလာပြီလား*
လူတိုင်း၏ မျက်လုံးများ တောက်ပသွားသည်။ တစ်ယောက်ပြီး တစ်ယောက် မချိုမချဉ် ပြုံးလာလေ၏။
“သခင်လေးရဲ့က တကယ့်ယောက်ျားပဲ”
လုရှောင်ပုက ချက်ချင်း ဝင်ပြောသည်။
“လာ … နောက်တစ်ခွက်လောက် သောက်ရအောင်”
“အာ ငါ မရတော့ဘူး …”
ရဲ့လင်းချန်က လက်ကာပြသည်။
“သခင်လေးရဲ့၊ ယောက်ျားဆိုတာ မငြင်းဘူး၊ ကျုပ် ခင်ဗျားအတွက် ငှဲ့ပေးမယ်”
လီကျင့်က ထပ်ပြောသည်။
“ပြီးရော၊ ဒါက နောက်ဆုံးပဲ”
“သခင်လေးရဲ့ မလုပ်နဲ့လေ၊ ငါလဲ ငှဲ့ပေးချင်တယ်”
အလီက အလျင်အမြန် ပြော၍ ရဲ့လင်းချန် ပြန်မပြောနိုင်ခင်မှာပင် ခွက်ထဲ လောင်းထည့်ပေးလိုက်သည်။
“အစ် … ငါ ထပ်ပြီး မသောက်နိုင်တော့ဘူး”
ရဲ့လင်းချန်က ခွက်ကို မနည်းကြိုးစားပြီး ဆက်ပြောလေသည်။
“သခင်လေးရဲ့ လာ … ကျုပ် ခင်ဗျားအတွက် ဝိုင်နည်းနည်းလောက် ထည့်ပေးမယ်”
…
လူတိုင်း တစ်ခွက်ပြီးတစ်ခွက် ဆက်သောက်ကြသော်လည်း မကြာခင်မှာပင် သူတို့သည် ပြဿနာတစ်ခုကို သတိပြုမိသွားကြသည်။ ရဲ့လင်းချန်က ထပ်မသောက်နိုင်တော့ဟု ပြောပြီး ပုံစံက မူးဝေနေပုံ ပေါ်သော်လည်း သူက မူးမသွားပေ။
တစ်ဖက်တွင်မူ သူတို့အားလုံး စ၍ ခေါင်းများ လေးလံလာပြီး မျက်နှာများ နီကုန်သည်။
*သေစမ်း၊ အခြေအနေက ပိုခက်လာပြီ၊ ဘာတွေဖြစ်နေတာလဲ*
“မရဘူး၊ ငါ ထပ်မသောက်နိုင်တော့ဘူး”
ရဲ့လင်းချန်က ခွက်ကိုချ၍ အချိန်မရွေး လဲတော့မည့်ဟန်ဖြင့် ကြည့်လိုက်သည်။
*သခင်လေးရဲ့ မကြာခင် မှောက်တော့မယ်၊ ငါတို့သာ သူ့ကို ဆက်သောက်ခိုင်းရင် နောက်တစ်ခွက်ဆို သူ တကယ် မှောက်လောက်တယ်*
လူတိုင်း အချင်းချင်း ပြန်ကြည့်လိုက်ကြပြီးနောက် အပြုံးကြီးပြုံး၍ ဆက်ငှဲ့ပေးကြသည်။
နောက်တစ်ကြိမ် အပြီးတွင် အားလုံး၏ နှလုံးသားများက အေးစက်လာပြန်ပြီး အချို့ဆိုလျင် စ၍ အရှုံးခံ လာကြသည်။
“လာလေ ဆက်သောက်ကြမယ်၊ ငါ မမူးသေးဘူး၊ ငါ အရမ်း အမူးပြေနေတယ်”
ရဲ့လင်းချန်က ခွက်ကိုကိုင်၍ ရည်ရွယ်ချက်ရှိစွာ ဆက်ပြောလေသည်။
လူတိုင်း ရင်တုန်သွားသည်။ ထိုသို့သော အပြုအမူအား ပုံမှန်အားဖြင့် အလွန် မူးနေသော လူများသာ ပြုမူတတ်ကြသည်။
*ချီးပဲကွာ၊ ဆက်လုပ်ကြတာပေါ့*
နောက်တစ်ချီ။
“လာ … လာ … ဆက်သောက်မယ်လေ”
ရဲ့လင်းချန်က ထပ်ပြောသည်။
“ငါ မရတော့ဘူး၊ ငါ ထပ်မရတော့ဘူး …”
လုရှောင်ပုက အားမရှိစွာ လက်ခါပြလိုက်ပြီး စားပွဲပေါ်၌ မှောက်သွားလေသည်။
“အော့ …”
ချန်ချီချီက ချက်ချင်း ပါးစပ်ကိုအုပ်၍ သန့်စင်ခန်းသို့ ပြေးသွားသည်။
ဂုဏ်သိက္ခာရှိသော ဒါရိုက်တာလီထိုက်မှာမူ ထောင့်မှာကွေး၍ ထိုင်ခုံတစ်လုံးကိုဖက်ကာ ညည်းတွားနေ၏။
လီကျင့်နှင့် အလီတို့က အဆိုးဆုံးပင်။ နှစ်ယောက်သား ပတ်၍ ကနေကြသည်။ သူတို့သည် ထွားကြိုင်းသော အမျိုးသားများ ဖြစ်သော်လည်း ကခုန်နေကြလေသည်။
ရဲ့လင်းချန်မှလွဲ၍ အဖွဲ့ထဲမှ ယောက်ျားလေးများအားလုံး မူးကုန်သည်။ အယ်လ်ကိုဟောက ခေါင်းထဲသို့ တရိပ်ရိပ် တိုးလာပြီး မျက်နှာများ ရဲတွက်နေသည်။ အန်နေသူများနှင့် ပေါက်ကရ လျှောက်ပြောနေသူများလည်း ရှိသည်။ လူတိုင်း အရက်မူးသွားသည့်အခါ၌ လုံးဝ မတူတော့သဖြင့် ရယ်ချင်စရာကောင်းလှသည်။
“သေလိုက်ပါတော့၊ သခင်လေးရဲ့၊ ခင်ဗျားက တော်တော် အံ့ဩဖို့ကောင်းတယ်၊ ခင်ဗျားက ကျွန်တော်တို့ကို မူးအောင် လှည့်စားလိုက်တာပဲ၊ ကျွန်တော် ခင်ဗျားနဲ့ ဘယ်တော့မှ ထပ်မသောက်တော့ဘူး”
ချန်ချီချီက ဘိုထိုင်အိမ်သာကို ဖက်၍ မူးဝေစွာ ပြောလေသည်။ ထို့နောက် သူက စတင် ငိုကြွေးလေတော့သည်။