မိစ္ဆာကြီး
Vol. 34 Ch. 504
“နောက်တစ်ယောက်လား”
သိုင်းပညာရှင်နှစ်ယောက်သည် တစ်ဒင်္ဂမျှ မှင်တက်သွားလေသည်။ ထို့နောက် သူတို့၏ မျက်လုံးများက ကျဉ်းမြောင်းလာပြီး လီကျင့်နှင့် အလီအား အေးစက်စွာ ကြည့်လာသည်။
“ဒီလူနှစ်ယောက်ကို ငါ့တာဝန်ထားလိုက်၊ မင်း အဲ့မိန်းမကို အရင် ခေါ်သွား”
သိုင်းပညာရှင်တစ်ယောက်က အေးစက်စွာ ပြောလာသည်။ ထိုစကား ဆုံးသည်နှင့် သူက အလီနှင့် လီကျင့်တို့ထံ လျှောက်သွားနှင့်လေသည်။
“မင်းတို့ ငါ့ကို အရင် ကျော်သွားမှပဲ ရမယ်”
ထိုသိုင်းပညာရှင်က တီးတိုးကြုံးဝါး၍ အလီထံသို့ လေကဲ့သို့ လျင်မြန်စွာ ပြေးသွားလေသည်။
တစ်လက်မသာ ကွာဝေးတော့သည့်အချိန်၌ သူ့မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းလာပြီး လက်သီးကို ဝင့်၍ ထိုးနှက်လိုက်သည်။
ထိုလက်သီး၏ အားက ပြင်းထန်လွန်းသဖြင့် လေထဲ၌ လေတိုးသံပင် ထွက်ပေါ်လာရသည်။ လေတိုးသံ ထွက်လာပြီး အားပြင်းသည့်အပြင် အရှိန်ကလည်း လျှပ်စီးအလား လျင်မြန်လှသည်။ သာမန်လူဆိုလျင် ရှောင်နိုင်ရန် လုံးဝ မဖြစ်နိုင်ပါ။
ထိုလက်သီးဖြင့် အထိုးခံရသည့် မည်သည့် သာမန်လူမဆို ခန္ဓာကိုယ်၌ အပေါက် ဖြစ်သွားလောက်သည်။
“ကောင်းတယ်”
အလီ၏ မျက်လုံးများ ဝင်းလက်သွားသည်။ သူသည် လက်ဝှေ့ချန်ပီယံတစ်ဦး ဖြစ်ပြီး လက်သီး တိုက်ကွက်များကို သဘောကျလေသည်။ ရဲ့လင်းချန်ထံမှ သိုင်းပညာကို သင်ယူပြီးနောက် သူ၏ ခန္ဓာကိုယ်က လျင်မြန်စွာ တိုးတက်လာခဲ့သည်။ တကယ်တမ်းတွင် သူ့ခန္ဓာကိုယ် အရွယ်အစားက ယခင်ထက် အနည်းငယ် သေးသွား သော်လည်း ခွန်အားက နှစ်ဆ ဖြစ်လာ၏။
လူတော်တော်များများသည် သန်မာပုံပေါ်သော်လည်း ပရိုတင်းမှုန့်စား၍ သူတို့၏ ခန္ဓာကိုယ်ကို ဖိ၍ တည်ဆောက်ခဲ့ကြသည်။ ထိုသို့သောလူများသည် ခွန်အားအရာ၌ အားနည်းပေသည်။ အလီ၏ လက်ရှိ ခန္ဓာကိုယ်က ယခင်ထက် အနည်းဆုံး သုံးဆ ပိုကျစ်လျစ်လာသည်။
“ရှစ်ဆပြင်းထန် တောင်ဖြိုလက်သီး”
အလီက ခန္ဓာကိုယ်ကို ဘေ့စ်ဘောရိုက်ရန် ဟန်ပြင်သကဲ့သို့ အနေအထားပြင်လိုက်သည်။ ထို့နောက် တွေဝေခြင်းမရှိ ချက်ချင်း လက်သီးဖြင့် ပြန်ထိုးနှက်လိုက်သည်။
“ဈဝုန်း”
လက်သီးချင်း ထိုးနှက်မိသည်နှင့် ပြင်းထန်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ညနက်နက်တွင် ယင်းက မြေကြီးပေါ် မိုးကြိုး ပစ်ချလိုက်သည်နှင့် ဆင်တူကာ လူအများအား နားအူသွားစေသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သိုင်းပညာရှင်၏ အမူအရာက ရုတ်တရက်ဆိုသလို ပြောင်းလဲသွားသည်။ ပြင်းထန်သော အားအင်တစ်ခု ပျံ့နှံ့နေသည်ကိုသာ သူ ခံစားမိနေသည်။ အလီ၏ ခွန်အားက သူနှင့် တကယ် ယှဉ်နိုင်နေ၏။
သူ ဘာမှမစဉ်းစားနိုင်ခင်မှာပင် သူ့ဘေးမှနေ၍ လေးတိုးသံ ထွက်လာသည်။ ခြေထောက်၏ အရိပ်က အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ မိုးလာပြီး သူ့လည်ပင်းသို့ ကန်ချက်တစ်ချက် ကျရောက်လာသည်။
“ဟမ့်”
သူက မထီမဲ့မြင်သံပြု၍ ထပ်မံ ထိုးနှက်လိုက်သည်။
လက်သီးနှင့် ကန်ချက်တို့ ထိပ်တိုက် တိုးမိသောအခါ သိုင်းပညာရှင်သည် အနောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရသည်။ ထိုအခါတွင်မှ သူက အလီနှင့် လီကျင့်ကို စူးစိုက်ကြည့်လာသည်။
သူ့ထံမှ ပြာအက်အက်အသံ ထွက်ပေါ်လာ၏။
“မင်းကလည်း သိုင်းပညာရှင်ပဲလား”
“နေ့ခင်းကြောင်တောင်ကြီးမှာ အားနွဲ့တဲ့ အမျိုးသမီးတစ်ယောက်ကို ယောက်ျားသားကြီး နှစ်ယောက်က အနိုင်ကျင့်နေတာ တရားသလား”
“တရားမျှတမှုအောက်မှာ မကောင်းမှုစွမ်းအင်က တဖြည်းဖြည်း သန့်စင်သွားမှာပဲ၊ ဒီည လမင်းအစား ငါ မင်းကို သုတ်သင်မယ်၊ ဟိုက်ယား”
အလီနှင့် လီကျင့်တို့သည် လွန်ကဲသော စကားများ ပြောလာကြသည်။ သူတို့၏ ခပ်တည်တည် ပုံစံက လရောင် အောက်၌ ရယ်ချင်စရာ ကောင်းနေလေသည်။
ခပ်လှမ်းလှမ်း၌ ရဲ့လင်းချန် နဖူးကြောတွန့်နေ၏။ အလီနှင့် လီကျင့်တို့ကဲ့သို့သော ယောက်ျားရင့်မာကြီး နှစ်ယောက်၏ ရင်ထဲ၌ ထိုသို့သော ဇာတ်လမ်းဆန်ဆန် အတွေးများ ရှိနေလိမ့်မည်ဟု ထင်မထားမိပါ။ ယင်းက … ရှက်စရာ ကောင်းလှပေသည်။
*မဟုတ်မှလွဲရော အရက်မူးနေတာက သူတို့ရဲ့ ပင်ကိုစိတ်ကို ပေါ်လာစေတာလား*
“ချီးပဲ၊ လတ်စသက်တော့ ဒီနှစ်ယောက်က အရူးနှစ်ကောင်ကိုး”
သိုင်းပညာရှင်က တစ်ကိုယ်တည်း ကျိန်ဆဲနေသော်လည်း သူ့မျက်လုံးများက ပို၍ စူးရှလာသည်။
“နံပါတ်ခြောက်၊ ဒီနှစ်ယောက်က ခေါင်းမာတဲ့ကောင်တွေပဲ၊ သူတို့ကို အတူတူ ရှင်းရအောင်”
“မင်း အဲ့လူထွားကြီးကို ရှင်းလိုက်၊ နံပါတ်လေး”
နံပါတ်ခြောက်က အရာအားလုံးကို မြင်ခဲ့လေသည်။ ထိုစကားကို ကြားသောအခါ သူက ထွေထွေထူးထူး ပြောမနေဘဲ လီကျင့်ထံ ပြေးဝင်သွားသည်။
“ဟမ့် မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
လီကျင့်၏ မျက်နှာက နီရဲနေပြီး နံပါတ်ခြောက်ထံသို့ မညီမညာ ခြေလှမ်းများဖြင့် ပြေးဝင်သွားသည်။
နှစ်ယောက်ကြားမှ အကွာအဝေးက တိုတောင်းလာချိန်တွင် လီကျင့်က ညာသံပေး၍ လွှားခနဲ ခုန်လိုက်သည်။ သူက လှပစွာ တစ်ပတ်လှည့်၍ နံပါတ်ခြောက်အား ကန်ကျောက်လိုက်သည်။
“ဟမ့်”
နံပါတ်ခြောက်၏ မျက်လုံးတွင် အထင်သေးဟန် တစ်ချက် ဖြတ်ပြေးသွားသည်။ သူ ပြေးနေသေးသော်လည်း ခန္ဓာကိုယ်က ရုတ်တရက် ကျုံ့သွားသည်။ သူသည် ရုတ်တရက် ဦးတည်ရာ ပြောင်းသွားပြီး လေထဲသို့ လွှားခနဲ ခုန်တက်ကာ လီကျင့် ဘေးနား၌ ပေါ်လာလေသည်။ ထို့နောက် သူက လီကျင့်၏ ဝမ်းဗိုက်ကို လက်သီးဖြင့် ထိုးလိုက်သည်။
“ဒုန်း”
လီကျင့်သည် လေးမီတာကျော် လွင့်ထွက်သွားလေသည်။
လီကျင့်၏ ခန္ဓာကိုယ်က အလွန် သန်မာ၍ တော်သေးသည်။ သူသည် မြေကြီးပေါ်မှ လျင်မြန်စွာ ပြန်ထ၍ ကိုယ်ပေါ်မှ ဖုန်များကို ခါထုတ်လိုက်သည်။ သူက ယစ်ထုတ်တစ်ယောက် ရန်ဖြစ်သကဲ့သို့ အော်ဟစ်လာသည်။
“ယီးပဲ၊ မင်းကများ ငါ့ကို ထိုးရဲတယ်ပေါ့လေ၊ ငါ မင်းကို သတ်ပစ်မယ်ကွ”
သူက ပြောပြီးသည်နှင့် ပြေးတက်လာပြန်သည်။
အမှောင်ထု တစ်နေရာ၌ ပုန်းကွယ်နေသော ရဲ့လင်းချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး သက်ပြင်းချ လိုက်မိသည်။
ချီသန့်စင်ခြင်း၏ အကူအညီဖြင့် သူသည် ညဘက်တွင် ကောင်းကောင်းမြင်နိုင်ပြီး အရာဝတ္ထုများကို ချက်ချင်း ပြတ်ပြတ်သားသား မြင်နိုင်လေသည်။
နံပါတ်ခြောက် ပြုလုပ်သွားသော ကိုယ်ကို လိမ်၍ လှည့်လိုက်သည့်ပုံစံက သာမန်လူသားတစ်ယောက်၏ ပုံစံနှင့် လုံးဝ ခြားနားနေသည်။ ထိုအခိုက်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အရိုးများက တွန့်လိမ်၍ ပြောင်းလဲသွားပြီး သူ့လှုပ်ရှားမှုများက တစ္ဆေတစ်ကောင်ကဲ့သို့ မြန်ဆန်လှသည်။
ထိုသိုင်းပညာရှင်နှစ်ယောက်သည် သာမန် သိုင်းပညာရှင်များနှင့် အလွန် ခြားနားပေသည်။
ရဲ့လင်းချန် အလီကို လှမ်းကြည့်လိုက်သည်။
လက်ရှိတွင် သူနှင့် နံပါတ်လေးတို့ကလည်း အပြင်းအထန် တိုက်ခိုက်နေကြသည်။
အလီသည် လက်ဝှေ့ပညာကို သုံး၍ နံပါတ်လေးကို ဝိုင်းထားပြီး အချိန်နှင့်အမျှ ခုန်ဆွခုန်ဆွလုပ်၍ ထိုးနှက်နေ၏။
ထိုတိုက်ခိုက်သည့်ပုံစံက အတော်လေး ရူးမိုက်ပုံပေါ်သော်လည်း အလွန် ထိရောက်လေသည်။ လက်ဝှေ့သည် ထိခိုက်မှု ကြီးမားပြီး အမြဲ ထိပ်တိုက်ရင်ဆိုင်နေမှ ဖြစ်မည်။
အလီနှင့် လီကျင့်သည် မူးနေသော်လည်း သိုင်းပညာရှင်တစ်ယောက်၏ အသိစိတ် ရှိနေသေးသည်။ ယင်းက အလိုအလျောက် တုံ့ပြန်မှုနှင့် ဆင်သလိုလိုပင်။ အနည်းဆုံး သူတို့က သူတို့ကိုယ်သူတို့ ဘယ်လို ခုခံရမလဲနှင့် အထိုးမခံရအောင် ဘယ်လိုနေရမလဲ သိကြသည်။
သို့သော် သူတို့ ထိုးနှက်ခံရရန် အချိန်တစ်ခုမျှသာ လိုတော့ပေသည်။ ရဲ့လင်းချန်၏ ခန့်မှန်းချက်အရ သူတို့ မမူးလျင်တောင်မှ ထိုသိုင်းပညာရှင်နှစ်ယောက်ကို မယှဉ်နိုင်ပါ။ သူတို့ ခုခံနိုင်ရသည့် အကြောင်းရင်းမှ ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်းကြောင့်ပင်။ သူတို့၏ ကြံ့ခိုင်သော ကိုယ်ခန္ဓာကြောင့် ထိန်းထားနိုင်ခြင်း ဖြစ်လေသည်။
“ဒီနှစ်ယောက်က ကြံ့ခိုင်မှုအား တော်တော်လေး ကောင်းတာပဲ”
သို့သော် နံပါတ်ခြောက်က အံ့ဩမည့်အစား ဝမ်းသာသွားပြီး မနေနိုင်ဘဲ ပြောလိုက်မိသည်။
“ငါတို့သာ သူတို့ကို ဖမ်းခေါ်သွားနိုင်ရင် ငါတို့ အကြီးအကဲတွေ လုံးဝကို ပျော်သွားမှာပဲ”
“ဟုတ်တယ်၊ သူတို့ကို မြန်မြန် ရှင်းလိုက်ရအောင်”
နံပါတ်လေးက တီးတိုးပြောပြီးသည်နှင့် သူ့ခန္ဓာကိုယ်က ရုတ်တရက် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်တွင်းမှ အရိုးများ တဖျောက်ဖျောက်မြည်သံ ထွက်ပေါ်လာသည်။ သူ့အဝတ်အစားများက ဖုဖောင်းနေပြီး ခန္ဓာကိုယ် ပြောင်းလဲနေကြောင်း အသေအချာ မြင်နေရသည်။
တစ်ခဏကြာသော် သွားများက ငေါထွက်လာပြီး မျက်လုံးတွင် ကြမ်းကြုတ်လာသည်။ သူသည် ခြေထောက်ဖြင့် ရပ်မနေတော့ဘဲ မြေကြီးကို လက်များနှင့် ထောက်လာသည်။
“ဝုန်း”
သူ့ခန္ဓာကိုယ်က မသိမသာ ကိုင်းလာပြီး ခြေလက်များနှင့် အားကို အသုံးပြုလေသည်။ သူ၏ လျင်မြန်မှုက နှစ်ဆကျော် တိုးလာပြီး အလီထံသို့ ချက်ချင်း ပြေးဝင်သွားသည်။
“ဝုန်း”
အလီ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်က လွင့်ထွက်သွားပြီး မြေကြီးပေါ်သို့ အရှိန်ဖြင့် ရိုက်ကျကာ နာကျင်စွာ ညည်းညူ လာသည်။
လီကျင့်ဘက်တွင် နံပါတ်ခြောက်၏ ခန္ဓာကိုယ်သည်လည်း ပြောင်းလဲနေ၏။ နံပါတ်လေးနှင့် မတူသည်က သူ့အရိုးများက အလွန် ပျော့ပြောင်းပုံရပြီး ဘာအသံမှ မထွက်ချေ။ သို့သော် သူ၏ အရှိန်က အဆပေါင်းများစွာ တိုးလာပြီး ပေါ့ပါးသော ခြေလှမ်းနှင့်အတူ ဝုန်းခနဲ ပြေးတက်လာသည်။ သူ ပြေးတက်လာပြီး မကြာခင်မှာပင် …
“ဗြိ”
ပြင်းထန်သော အသံနှင့်အတူ လီကျင့်တစ်ယောက် လွင့်ထွက်သွားလေသည်။ သူ့ရင်ဘတ်တွင် လက်ငါးချောင်း ရာက နက်ရှိုင်းစွာ ပေါ်လွင်နေပြီး သွေးများ ပန်းထွက်လာ၏။ အလွန် ထိတ်လန့်စရာကောင်းသော မြင်ကွင်း ပင်တည်း။
ထိုသို့သော တိုက်ခိုက်မှုက လီကျင့်နှင့် အလီတို့အား အမူးပြေသွားစေသည်။ သူတို့သည် နံပါတ်လေးနှင့် ခြောက်အား တအံ့တဩ လှမ်းကြည့်မိသည်။
သို့သော် သူတို့ လှမ်းကြည့်မိလိုက်သည့်အခိုက်မှာပင် တစ်ကိုယ်လုံး တုန်ယင်လာပြီး မူးယစ်ခြင်းက အစအနမရှိ ပျောက်ကွယ်သွားသည်။ သူတို့၏ သူငယ်အိမ်က ကျဉ်းမြောင်းလာကာ ကြောက်လန့်တကြား ရေရွတ် လိုက်မိသည်။
“ချီးပဲ”
တုန်းမြောင်မြောင်မှာမူ အစကတည်းက အကျပြင်းသဖြင့် မြေကြီးပေါ် လဲနေလေ၏။ တိုက်ခိုက်နေသော မြင်ကွင်းက သူမ၏ ဦးနှောက်ကို မူးဝေလာစေပြီး မသိလျင် သိုင်းပညာရှင်များ ရန်ဖြစ်နေသည်ကို ကြည့်နေရ သလိုပင်။
တုန်းမြောင်မြောင်သည် နံပါတ်လေးနှင့် နံပါတ်ခြောက်ကို မြင်မိသည့်အခိုက်မှာပင် တစ်ကိုယ်လုံး အပြင်းထန် တုန်ယင်သွားသည်။ မကြာခင်မှာပင် အော်ဟစ်သံတစ်ခု ပေါ်ပေါက်လာလေတော့သည်။
“အား…မိစ္ဆာကြီး”