← Chapters

လောဘဇောတက်နေတဲ့ ရည်ရွယ်ချက်ကို လျစ်လျူရှုထားလို့ မဖြစ်ဘူး

Vol. 34 Ch. 507

လောဘဇောတက်နေတဲ့ ရည်ရွယ်ချက်ကို လျစ်လျူရှုထားလို့ မဖြစ်ဘူး

Vol. 34 Ch. 507

“သွေးတွေအများကြီးကို ကုန်သေတ္တာကြီးထဲမှာ ထည့်ထားတယ်”

တုန်းမြောင်မြောင်သည် နှုတ်ခမ်းကိုက်ထားပြီး အသံက တုန်နေသည်။

“ပြီးတော့ ကုမ္ပဏီထဲက လူတိုင်းက ထူးဆန်းတယ်၊ သူတို့က လုံးဝ စကားမပြောဘူး ပြီးတော့ မျက်နှာတွေက ခံစားချက် ကင်းမဲ့နေတယ်၊ သူတို့က သက်ရှိလူတွေနဲ့တောင် မတူဘူး၊ ဒါပေမဲ့ ကျွန်မ ဆက်လေ့လာလို့ မပြီးခင် ကျွန်မကို သူတို့ ရှာတွေ့သွားတာ”

သူမ မြင်ခဲ့သော မြင်ကွင်းများက သူမစိတ်ကို စိုးမိုးနေမှန်း သိသာလှသည်။ ထို့ကြောင့်ပင် သူမ အလွယ်တကူ ရှာတွေ့ခံရခြင်း ဖြစ်သည်။

ဆက်လက်ဖြစ်ပေါ်လာသော အရာက တုန်းမြောင်မြောင်ကို ပို၍ ခြောက်ခြားစေသည်။

လူသားခန္ဓာကိုယ်က သူမ၏ လျှပ်စစ်ဆိုင်ကယ်ကို အသာလေး လိုက်မီနိုင်ပြီး အသွင်ပြောင်းနိုင်စွမ်းပင် ရှိနေခဲ့သည်။

ထိုသို့တွေးမိသည်နှင့် သူမ ရဲ့လင်းချန်ကို မနေနိုင်ဘဲ ကြည့်လိုက်မိသည်။ ထိုလူနှစ်ယောက်၏ အသွင်ပြောင်းခြင်းနှင့် ယှဉ်လျင် ရဲ့လင်းချန်က ပို၍ ကြောက်စရာကောင်းလေသည်။ အထူးသဖြင့် အန္တိမ ပါးရိုက်ခြင်း အစွမ်းပင်။

“ဆိုတော့ ဒီလူနှစ်ယောက်က အမာတဲရာစု မျိုးရိုးဗီဇရဲ့ ရလဒ်တွေ ဖြစ်မယ့်ပုံပဲ”

လီကျင့်သည် ပင့်သက်ရှိုက်လိုက်မိပြီး မျက်လုံးတွင်း၌ ကြောက်လန့်ဟန် ပေါ်လာသည်။ ယင်းက တကယ်ကို ကြောက်စရာ ကောင်းလှသည်။

“မျိုးရိုးဗီဇကို ပြောင်းပြီး လူသားနဲ့ တိရစ္ဆာန် ဗီဇကို ပေါင်းစပ်တယ်၊ ကြောက်ဖို့ကောင်းတာပဲ”

အလီကလည်း မှတ်ချက်ချသည်။

“ဒီလိုကုမ္ပဏီမျိုးက ဆက်ပြီး ရှိနေလို့ မဖြစ်ဘူး”

“အမာတဲရာစု မျိုးရိုးဗီဇရဲ့ ဌာနချုပ်က ဂျပန်မှာ ရှိတာ၊ ဒီမှာရှိတာက ရုံးခွဲတစ်ခု သက်သက်ပဲ၊ ဒါပေမဲ့ သူတို့ရဲ့ သုတေသနက ပိုပြီး ရက်စက်တယ်”

တုန်းမြောင်မြောင် အသက်ပြင်းပြင်းရှူလိုက်ပြီးမှ ဆက်ပြောသည်။

“သူတို့က သုတေသနလုပ်ဖို့ ကျွန်မတို့နိုင်ငံက လူတွေကို သုံးနေတာ”

“ဒုန်း”

လီကျင့်က သူ့ဘေးနားမှ သစ်ပင်ကို လက်သီးဖြင့် ထိုးလိုက်သဖြင့် လက်သီးရာတစ်ခု ချိုင့်ဝင်သွားသည်။ သူက အေးစက်စွာ ပြောသည်။

“ခွေးမသားတွေ၊ ငါ သူတို့ကို သတ်ပစ်မယ်”

ရဲ့လင်းချန်၏ မျက်လုံး၌ အေးစက်သော အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။

သူ့စိတ်ထဲ ဝင်လာသော အတွေးများက ကျန်သုံးယောက်ထက် ပိုများလေသည်။ အကြောင်းမှာ လူကုန်ကူးမှု အဖွဲ့ကို ဖမ်းစီးနိုင်ခဲ့ခြင်းနှင့် ရှုနန်ကို ကူ၍ လျှို့ဝှက်ဂိုထောင်ကို ရှာတွေ့ခဲ့ခြင်းတို့ကို ပြန်သတိရသွား၍ ဖြစ်လေသည်။ ဂိုထောင်တွေ သွေးများစွာကို သိမ်းဆည်းထားပြီး များစွာသော သတင်းအချက်အလက်များနှင့် သိပ္ပံနည်းပညာ သုတေသန အချက်အလက်များစွာ ရှိနေခဲ့သည်။

ထိုအချက်သုံးချက်လုံးက တစ်ခုတည်းကို ညွှန်ပြနေ၏။

ထိုလူကုန်ကူးသူများ ပြန်ပေးဆွဲလာသည့် ကလေးငယ်များကို အမာတဲရာစု မျိုးရိုးဗီဇက ဝယ်ခဲ့ခြင်း ဖြစ်လောက်သည်။ ထိုဂိုထောင်ထဲမှ သွေးများကိုလည်း အမာတဲရာစုအား သုတေသနအတွက် ပံ့ပိုးပေးခြင်း ဖြစ်နိုင်ပေသည်။

ဤသို့သော ကုမ္ပဏီမျိုး တည်ရှိနေသရွေ့ လူများစွာ သေဆုံးမည် ဖြစ်သည်။ အကျိုးဆက်ကလည်း မတွေးဝံ့ လောက်စရာပင်။

“ဒါပေမဲ့ … ဒီလို မျိုးရိုးဗီဇ ကုမ္ပဏီက ဖန်တီးတဲ့လူတွေက တကယ်ကို ပုံမှန်မဟုတ်ဘူးပဲ”

လီကျင့်သည် နံပါတ်လေးနှင့် နံပါတ်ခြောက်၏ ပုံပန်းသွင်ပြင်ကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။

“နံပါတ်လေးကို ခွေးရဲ့ မျိုးရိုးဗီဇနဲ့ စပ်ထားပြီးတော့ နံပါတ်ခြောက်က ကြောင်ရဲ့မျိုးရိုးဗီဇနဲ့ ပေါင်းထားတာပဲ”

ရဲ့လင်းချန်က အသာအယာ မှတ်ချက်ပြုပြီးနောက် မျက်လုံးများက မသိမသာ လက်သွားသည်။

“ဟားဟား အမာတဲရာစု မျိုးရိုးဗီဇကို ငါ အထင်သေးခဲ့မိတာပဲ၊ သူတို့က ဒီလောက် အတိုင်းအတာအထိ သုတေသန လုပ်လိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ဧရာမ စပါးအုံးမြွေကြီးရဲ့ အသားကို ဝယ်ဖို့ သူတို့ အရမ်း စိတ်အား ထက်သန်နေတာ အံ့ဩစရာ မရှိတော့ဘူးပဲ”

စပါးအုံးမြွေ၏ မျိုးရိုးဗီဇကို လူသားထဲ ပေါင်းစပ်လိုက်ပါက အမာတဲရာစု၏ ဖန်တီးမှုများက မည်မျှ ကြောက်စရာ ကောင်းလိုက်မလဲ တွေးကြည့်နိုင်ပေသည်။

“ဒါ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ စစ်သားတစ်ယောက်ပဲ”

အလီ၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။

“သူတို့ရဲ့ ရက်စက်တဲ့ ရည်ရွယ်ချက်က လူမဆန်ဘူး”

“ဒီနှစ်ယောက်က မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ စစ်သားဆိုတာထက် ပိုတယ်”

ရဲ့လင်းချန်က ခေါင်းခါ၍ တည်ငြိမ်စွာ ပြောလိုက်သည်။

“သူတို့တွေက ဒီစမ်းသပ်မှုကို မလုပ်ခင်က သိုင်းပညာရှင်တွေဆိုတာ သေချာတယ်၊ သိုင်းပညာရှင်တွေကပဲ မျိုးရိုးဗီဇရဲ့ အစွမ်းကို တောင့်ခံနိုင်တယ်ဆိုရုံလေး ရှိမှာ၊ သိုင်းပညာရှင် တစ်ယောက်ကို မျိုးရိုးဗီဇ စွမ်းရည် ပေါင်းထည့်လိုက်တာက သူတို့ရဲ့ ခွန်အားကို တစ်ဟုန်ထိုး မြင့်သွားအောင် လုပ်ပေးမှာပဲ၊ ဒါပေမဲ့ အမာတဲရာစု မျိုးရိုးဗီဇက လုပ်တဲ့ သုတေသနက မရေတွက်နိုင်တဲ့ လူ့အသက်တွေနဲ့ ဆက်နွယ်နေတယ်”

ထိုသိုင်းပညာရှင် နှစ်ယောက်ကို အတွင်းအားသုံး သိုင်းပညာရှင်များဟု မသတ်မှတ်နိုင်သော်လည်း သူတို့၏ အတိုက်အခိုက် သက်ရောက်မှုက သာမန် အတွင်းအားသုံး သိုင်းပညာရှင်များထက် ပို၍တောင်မှ သန်မာ လေသည်။ အမာတဲရာစု မျိုးရိုးဗီဇကို ဆက်၍ သုတေသန လုပ်ခွင့်ပြုထားပါက အကျိုးဆက်များက ဆိုးရွား ပေလိမ့်မည်။

“ငါ တခြားနိုင်ငံတွေကို ဂရုမစိုက်ဘူး၊ ဒါပေမဲ့ … ငါတို့ တရုတ်နိုင်ငံနဲ့ ပတ်သက်လာရင်တော့ ငါ မသိချင်ယောင် မဆောင်ထားနိုင်ဘူး”

ရဲ့လင်းချန်သည် နံပါတ်လေးနှင့် နံပါတ်ခြောက်ကို ခံစားချက်ကင်းမဲ့စွာ ကြည့်နေပြီး စကား ဆက်မပြောတော့ချေ။

…

တောင်ကျစမ်းရေ အိမ်ရာမှ တောင်အနောက်မှ ရေကန်တွင်။

ရဲ့လင်းချန်သည် တည်ငြိမ်နေသော ရေကန်နား၌ လေချွန်လိုက်သည်။ မကြာခင်မှာပင် ကန်ရေမျက်နှာပြင်၌ လှိုင်းကြီးတစ်ခု ပေါ်လာပြီး ရေများက တဖြည်းဖြည်း ကြွတက်လာသည်။

ရေပြန်ကျသွားသောအခါ လိပ်အိုကြီး ပေါ်လာလေသည်။

“ဝူး…”

၎င်းသည် ရဲ့လင်းချန်ကို မြင်သည်နှင့် ချက်ချင်း ညင်သာစွာ ညည်းညူလေသည်။

ရဲ့လင်းချန်သည် ကျင့်သားရနေပြီးသား ဖြစ်သော်လည်း သူ့အနားမှ လူတစ်ချို့သည် တည်ငြိမ်နိုင်ခြင်းမရှိ ဖြစ်နေသည်။ လီကျင့်နှင့် အလီသည် ချက်ချင်း တောင့်တင်းသွားပြီး ကြောက်လွန်း၍ အသက်ပင် မရှူရဲချေ။ တုန်းမြောင်မြောင်က ပိုအဆင်ပြေနေသည်။ အကြောင်းမှာ လိပ်အိုကြီးကို သူမ ယခင်က မြင်ခဲ့ဖူး၍ ဖြစ်သည်။ သို့သော်လည်း ရုတ်တရက် ပေါ်လာခြင်းက သူမကို အံ့ဩသွားစေပြီး အသက်ကို ဖြည်းဖြည်းချင်း ရှူလိုက် ရသည်။

ဤသို့သော သားရဲမျိုးများသည် အကြိမ်ပေါင်း မည်မျှ မြင်ဖူးနေပါစေ၊ လူတစ်ယောက်၏ ရင်ထဲမှ ကြောက်စိတ်ကို လှုံ့ဆော်ပေးနိုင်လေသည်။

“ဘုရား ဘုရား၊ သခင်လေးရဲ့၊ ဒါ လိပ်အိုကြီးလား၊ ဒါက … ဒါက အံ့ဩဖို့ကောင်းလွန်းတယ်”

လီကျင့် မနည်းကို တံတွေးမျိုချနေရသည်။ သူသည်လည်း ဘဝ၏ ရုန်းကန်ခြင်း အပိုင်းများကို ကြည့်ဖူးပြီး လိပ်အိုကြီး အကြောင်း သိခဲ့သည်။ သို့သော် တီဗွီမှ မြင်ရခြင်းနှင့် မျက်စိဖြင့် တပ်အပ်မြင်ရခြင်းက လုံးဝ မတူချေ။ ယင်းက သဘာဝ၏ အံ့ဩဖွယ်ကို သိမြင်လာစေသည်။

“ဘုရားသခင်

အလီက ချက်ချင်း ဒူးထောက်လာပြီး စိတ်ရင်းနှင့် ပြုလုပ်ခြင်း ဖြစ်သည်။ သူသည် ခပ်တိုးတိုး ရေရွတ်၍ နေရာမှာတင် ဆုတောင်းလေသည်။

“ဘုရားသခင်၊ ကျွန်တော်က အပြစ်ရှိပါတယ်၊ ကျွန်တော် နောင်တရပါတယ်၊ ကျွန်တော့်ရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပေးပါ၊ ကျွန်တော့်ရဲ့ ချောမောမှုက ရိုးအတဲ့ မိန်းကလေး အများကြီးကို ထိခိုက်စေခဲ့ပြီးတော့ ကျွန်တော့်ရဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်က မရေတွက်နိုင်တဲ့ လူတွေရဲ့ အမြင်ကို ကန်းစေခဲ့ပါတယ်၊ ကျွန်တော်က အပြစ် ရှိပါတယ် …”

“မင်းဆုတောင်းက တော်တော်လေး အကျိုးမရှိတာပဲ”

လီကျင့်က သူ့ကို အထင်မကြီးဟန်ဖြင့် ကြည့်လိုက်သည်။

“ဘာလို့လဲ”

“ပထမဆုံးအချက်က၊ မင်းရဲ့ဆုတောင်းက အလိမ်အညာပဲ”

“အရေးမပါလိုက်တာ၊ ငါ့ချောမောမှုကို မင်း မမြင်နိုင်ဘူးဆိုရင် မင်းမှာ အလှတရားကို တွေ့နိုင်တဲ့ မျက်လုံး မရှိဘူးလို့ ဆိုလိုတာပဲ”

အလီက အခိုင်အမာ ပြန်ငြင်းသည်။

“ကဲ ပြဿနာ ရှာမနေနဲ့၊ ငါတို့ အရေးကြီးတဲ့ ကိစ္စတွေ လုပ်ဖို့ ရှိတယ်”

ရဲ့လင်းချန်သည် သူတို့၏ ဗရုတ်ကျခြင်းကို ရယ်မောရန် အချိန်မရှိပေ။ သူ ခေါင်းခါ၍ ပြောလိုက်သည်။

“ဒီမှာ အဆင်မပြေဘူး၊ အားလုံး လိပ်အိုကြီးရဲ့ ကျောပေါ်တက်ကြ၊ ကန်ရဲ့မျက်နှာချင်းဆိုင်က တောင်ဆီ သွားကြမယ်”

“ဒါ … ဒါရဲ့ ကျောပေါ် တက်ရမှာလား”

တုန်းမြောင်မြောင်သည် ကြောက်လန့်သော်လည်း နောက်ဆုံးတွင် မနည်းကြိုးစား၍ လိပ်အိုကြီး၏ ကျောပေါ် တက်လိုက်လေသည်။

လူလေးယောက်နှင့် သားရဲတစ်ပိုင်း နှစ်ယောက်တို့သည် ကန်၏ တစ်ဖက်သို့ အတူတကွ ပါသွားကြသည်။ ဖြစ်စဉ် တစ်ခုလုံးက အလွန် ချောမွေ့ပြီး အခက်အခဲ မရှိချေ။ လိပ်အိုကြီး၏ အရှိန်က ရေထဲ၌ အလွန် လျင်မြန်လှသည်။ လှိုင်းကြပ်ခွပ်များ ဖြတ်ပြေးနေကာ လူတိုင်း စိတ်အေးလက်အေး ရှိသလို ခံစားရစေသည်။

ယင်းက လှေစီးရသည်က ပို၍ သက်တောင့်သက်သာ ရှိလှသည်။

“သခင်လေးရဲ့၊ မင်း လိပ်အိုကြီးကို ရုပ်ရှင်ရိုက်ဖို့ သုံးမယ်ဆိုရင် သက်ရောက်မှုက သေချာပေါက် အံ့ဩဖို့ ကောင်းမှာ၊ ဒါက ဗွီဒီယို တည်းဖြတ်ခကိုလည်း သက်သာစေမှာ၊ ဒါက ကြွားလုံးထုတ်ဖို့ အကောင်းဆုံး ပစ္စည်းပဲ”

လီကျင့်က ထောက်ပြလေသည်။

“ငါတို့ ဒါကို နောက်မှ ပြောကြတာပေါ့”

ရဲ့လင်းချန်က ပြုံး၍ သတိလစ်နေသော နှစ်ယောက်ကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။

“သူတို့ကို နှိုင်းပြီး အောက်ကို ပစ်ချလိုက်၊ ငါ သူတို့ကို မေးစရာ ရှိတယ်”

“အိုကေလေ”

လီကျင့်နှင့် အလီတို့ ချက်ချင်း တက်ကြွသွားသည်။ သူတို့သည် ထိုလူနှစ်ယောက်ကို ကြည့်မရ ဖြစ်နေသည်မှာ ကြာပြီဖြစ်ပြီး သူတို့၏ မျက်လုံးတွင် ထက်သန်သော အရိပ်အယောင်များ ဖြတ်ပြေးလာသည်။ သူတို့က သတိလစ်နေသော ထိုနှစ်ယောက်၏ ခေါင်းကို ရေထဲနှစ်ချလိုက်လေသည်။

သခင်လေးရဲ့က သူတို့ကို နှိုးလိုက်ရန်သာ ပြောခဲ့ပြီး ဘာနည်းလမ်းကို သုံးပါဟု မပြောခဲ့ပါ။ ထို့ကြောင့် သူတို့ အကြမ်းနည်းကို ရွေးလိုက်သည်က အံ့ဩစရာ မဟုတ်တော့ပေ။

“ဂလူး ဂလူး ဂလူး …”

မကြာခင်မှာပင် ပူဖောင်းများ ပွက်လာပြီး ထိုနှစ်ယောက်က အသည်းအသန် ရုန်းကန်လေတော့သည်။

ငါးမိနစ်တိတိ ကြာပြီးမှ လီကျင့်နှင့် အလီက သူတို့ကို ပြန်မလေသည်။

သူတို့နှစ်ယောက်သည် ရေထဲမှ သနားစဖွယ် ပေါ်လာပြီး မနည်းကို အသက်ရှူနေကြသည်။ သူတို့ ဘာမှမပြောနိုင်ခင်မှာပင် တစ်ဖက်သို့ ခေါင်းလှည့်လိုက်သောအခါ ဧရာမလိပ်ကြီး၏ ဦးခေါင်းကို မြင်သွားသည်။ သူတို့ အသက်ပင် မရှူလိုက်နိုင်ဘဲ ထပ်မံ၍ သတိလစ်သွားတော့သည်။

All Chapters