ငါ သေမယ်ဆိုရင်တောင်မှ ဘာမှမပြောနိုင်ဘူး
Vol. 34 Ch. 508
“ဂလူး ဂလူး ဂလူး …”
လီကျင့်နှင့် အလီသည် တူညီသော နည်းလမ်းကို အသုံးပြု၍ ထိုနှစ်ယောက်ကို ရေထဲ တွန်းလေသည်။
သူတို့ သတိပြန်ရလာသောအခါ လိပ်အိုကြီးအား ကြောက်လန့်တကြား ကြည့်နေသေးသော်လည်း ပြန်၍ စိတ်တည်ငြိမ်လာပြီး ရဲ့လင်းချန်တို့အဖွဲ့အား အေးစက်စွာ ကြည့်၍ ပြောသည်။
“ငါ ဘယ်သူလဲ မင်း သိလား၊ ငါတို့ လုပ်ငန်းကို မင်းတို့က ဝင်စွက်ဖက်ရဲတယ်ပေါ့၊ မင်းတော့ သေပြီသာမှတ်”
“ဖြောင်း”
သူ ထိုသို့ပြောပြီးသည်နှင့် ပါးရိုက်ခံလိုက်ရလေသည်။ ယင်းက သူ့ကို အံ့ဩသွားစေပြီး ငြိမ်ကျသွားစေသည်။
“အခု မင်း အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ပြီလား”
ရဲ့လင်းချန်က ထိုနှစ်ယောက်ကို ခက်ထန်စွာကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းတို့ အမာတဲရာစု မျိုးရိုးဗီဇကို ဘယ်လောက်များများ သိလဲ၊ ငါ့ကို အားလုံး ပြောပြ၊ ဒါဆို ငါ မင်းတို့ကို နာကျင်ခြင်းမရှိတဲ့ အဆုံးသတ်မျိုး ပေးမယ်”
“ဟီးဟီး … ဟားဟားဟား …”
ရဲ့လင်းချန်၏ စကားကို ကြားသောအခါ သူတို့နှစ်ယောက်သည် ရယ်မောလိုက်ကြပြီး ရဲ့လင်းချန်အား ရူးနှမ်းနေသော လူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာသည်။ နံပါတ်လေးက ပြောလာသည်။
“ဟေ့ကောင် မင်းက တော်တော် တုံးတာပဲ၊ ငါတို့က အထူးလေ့ကျင့်ရေးကို ဖြတ်သန်းခဲ့ပြီးသား၊ မင်း ဘယ်လို နည်းလမ်းပဲသုံးသုံး၊ ငါတို့ကို စကားပြောလာအောင် လုပ်ဖို့ မဖြစ်နိုင်ဘူး၊ မင်း ငါ့ကို နုတ်နုတ်စင်းပြီး ငါးစာ ကျွေးရင်တောင်မှ ငါ လုံးဝ မျက်နှာပျက်မှာ မဟုတ်ဘူး”
“ငါတို့ဆီက သတင်းရဖို့ မင်း ကြိုးစားနေတာဆိုရင် မေ့လိုက်ဖို့ ငါ အကြံပေးမယ်၊ ငါတို့ မျိုးရိုးဗီဇ စမ်းသပ်မှုကို လက်ခံလိုက်ကတည်းက ငါတို့အသက်ကို ငါတို့ ဂရုမစိုက်တော့ဘူး”
နံပါတ်ခြောက်ကလည်း ရဲ့လင်းချန်ကို အထင်သေးသော အပြုံးနှင့်ကြည့်၍ ပြောလေသည်။
“ယီးပဲ မင်းတို့က တော်တော် လေကျယ်တာပဲ”
အလီသည် ဒေါသထွက်ကာ သူတို့အား လက်သီးတစ်ချက်စီ ထိုးလိုက်သည်။ သို့ရာတွင် သူတို့သည် တကယ်ပင် ခေါင်းမာပြီး ခပ်တိုးတိုး တစ်ချက်သာ ညည်းတွားပြီး ရဲ့လင်းချန်အား ဆက်၍ အထင်သေးစွာ ပြုံးပြနေသည်။
“ငါတို့နဲ့ ညှိနှိုင်းဖို့ ကြိုးစားနေတာက မင်းတို့လား၊ မင်းတို့ လိုသေးတယ်”
နံပါတ်ခြောက်၏ အကြည့်က ပြောင်းလဲသွားခြင်းမရှိဘဲ ခံစားချက် ကင်းမဲ့နေသည်။
“ငါတို့ရဲ့ မျိုးရိုးဗီဇ ပြောင်းလဲတာကိုတောင် ငါတို့ သည်းခံနိုင်ခဲ့တာ၊ ဒီလောကမှာ ငါတို့ကို နာကျင်လို့ မျက်နှာရှုံ့မဲ့သွားအောင် လုပ်နိုင်တဲ့ အခြားအရာတွေ မရှိဘူး”
သူတို့သည် သားရဲတစ်ပိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သဖြင့် သူတို့စိတ်က အလွန်ကို ပုံမှန် မဟုတ်ချေ။ သာမန် ညှိနှိုင်းသော နည်းလမ်းများက အလုပ်ဖြစ်မည့်ပုံ မပေါ်ချေ။
လီကျင့်နှင့် အလီတို့ မျက်မှောင်ကြုတ်နေပြီး ဤပြဿနာ၏ ခက်ခဲမှုကြောင့် ဒေါသထွက်နေ၏။
သူတို့ သတင်းလိုနေသဖြင့် ထိုနှစ်ယောက်ကို သေအောင် ရိုက်သတ်၍ မရနိုင်ပါ။ ထို့အပြင် သာမန် နှိပ်စက်သည့် နည်းလမ်းများက သုံးမရချေ။ တကယ်ကို ဒုက္ခများသော အခြေအနေပင်။
ဤလူထူးဆန်းများမဆိုထားနှင့် သေသွားသည့် စစ်သားများတောင်မှ သူတို့ လျှို့ဝှက်ချက်ကို ထိန်းသိမ်း ပေလိမ့်မည်။
“ဖြောင်း ဖြောင်း ဖြောင်း”
ရဲ့လင်းချန်က လက်ခုပ်တီး၍ သူတို့ကို မပြောင်းလဲသော အမူအရာနှင့် ပြောလိုက်သည်။
“မင်းတို့ ဒါကို ခံနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်”
“မင်းတို့က ရယ်ရတာကို သိပ်သဘောကျမှတော့ ငါ မင်းတို့ကို တစ်ခါတည်း ရယ်ရအောင် လုပ်ပေးရတာပေါ့”
ထိုသို့ပြောပြီး သူက လက်ညှိုးနှင့် လက်ခလယ်ကို စု၍ နံပါတ်လေး၏ ခါးမှ တစ်နေရာကို ထိုးလိုက်သည်။
ထိုမထိရောက်သော ထိုးခြင်းက နံပါတ်လေးအား အံ့ဩသွားစေပြီး သတိလက်လွတ် ဖြစ်သွားစေသည်။ သို့သော် မကြာခင်မှာပင် သူ့အမူအရာက အကြီးအကျယ် ပြောင်းလဲလာ၏။ သူ့ပါးစပ်က ထိန်းမရဘဲ ခပ်ကျယ်ကျယ် ဟလာပြီးနောက် ခန္ဓာကိုယ်က အကြောဆွဲလာသည်။ ပြောမပြတတ်သော ခံစားချက်တစ်ခုက သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့လာလေသည်။
“ဟားဟားဟား … ဟားဟားဟား … ဝါးဟားဟားဟား …”
သူသည် ခွက်ထိုးခွက်လန် ရယ်မောပြီး ထိန်းမရစွာ ဆန့်တငင်ငင် ဖြစ်နေကာ မသိလျင် ဝင်ပူးခံထားရသလို ဖြစ်ကာ ရပ်မရချေ။
“မင်း ဘာလုပ်လိုက်တာလဲ”
နံပါတ်ခြောက်သည် ထိုသို့ ကျောချမ်းဖွယ်ကောင်းသော မြင်ကွင်းကို မြင်ပြီး မျက်နှာပျက်သွားလေသည်။ သူ အလန့်တကြား အော်ဟစ်တော့သည်။
“ငါနဲ့ ဝေးဝေးနေ၊ အနားမလာနဲ့ …”
“ဟားဟားဟား … ဝါးဟားဟားဟား …”
မကြာခင်မှာပင် ပတ်ဝန်းကျင်၌ နံပါတ်ခြောက်နှင့် နံပါတ်လေး၏ ရယ်သံများဖြင့် ပြည့်နှက်လာသည်။
ရယ်မောခြင်းက ဘာမှမဟုတ်ပါ။ သို့သော် ဆက်တိုက် ရယ်မောနေခြင်းကြောင့် တစ်ကိုယ်လုံးမှ ကြွက်သား များအား အကြောဆွဲလာစေပြီး မျက်ရည်များ ကျလာစေသည်။ ယင်းက ကြောက်စရာ ကောင်းလှပေသည်။
နံပါတ်လေးနှင့် ခြောက်သည် ဆယ့်ငါးမိနစ်တိတ် ရယ်နေခဲ့သည်။ သူတို့၏ မျက်နှာများ တောင့်တင်းနေပြီး အသံများပင် အက်လာသော်လည်း ရပ်တန့်မရပေ။
လီကျင့်၊ အလီနှင့် တုန်းမြောင်မြောင်တို့တောင်မှ ထိုမြင်ကွင်းကြောင့် ကျောချမ်းလာသဖြင့် ခံနေရသူများဆိုလျင် ပြောနေစရာ မလိုတော့ချေ။ သူတို့အားလုံးက ရဲ့လင်းချန်ကို နတ်ဘုရားသဖွယ် ကြည့်လာကြသည်။
“သခင်လေးရဲ့၊ မဟုတ်မှလွဲရော ဒါက တရုတ်ရဲ့ ဆန်းကြယ်တဲ့ မရဏ အထိအတွေ့ စွမ်းရည်လား”
အလီက ကြောက်လန့်စွာ မေးလေသည်။
“ဟုတ်တယ်”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။
“မရဏ အထိအတွေ့က တကယ် ဖြစ်လိမ့်မယ်လို့ ကျုပ် ထင်မထားမိဘူး၊ အဲ့ဒါက ဝတ္ထုလက်ရာတစ်ခုလို့ ကျုပ် အမြဲ ထင်နေခဲ့တာ၊ ဒါက အံ့ဩဖို့ကောင်းလွန်းတယ်”
လီကျင့်က ဝင်ပြောသည်။ ရဲ့လင်းချန်နောက်သို့ လိုက်ခြင်းက သူ့အား သူကိုယ်တိုင် မမြင်တွေ့နိုင်သည့် အံ့ဩစရာများအား မြင်တွေ့နိုင်အောင် အမှန်တကယ် ကူညီပေးလေသည်။
အခြားကွန်ဖူးပညာများနှင့် ယှဉ်လိုက်လျင် မရဏ အထိအတွေ့က တကယ်ကို နတ်ဘုရား ဆန်လှသည်။ ၎င်း၌ အဖျက်စွမ်းအင် မရှိသော်လည်း ယင်းက လက်တွေ့ကျ၍ အသုံးဝင်သည်။
“ဆိုတော့ မင်းတို့ ပြောပြမှာလား”
ရဲ့လင်းချန်က ရယ်ရလွန်း၍ အကြောဆွဲနေသော နှစ်ယောက်ကို ကြည့်နေသည်။
“မပြောဘူး၊ ငါ ရယ်ရလွန်းလို့ သေရမယ်ဆိုရင်တောင်မှ ငါ့ဆီက သတင်းနှိုက်နိုင်မယ်လို့ မထင်နဲ့”
“ကောင်းတယ်၊ ငါ ခေါင်းမာတဲ့လူတွေကို သဘောကျတယ်၊ မင်းတို့ ရယ်ပြီး သေချင်တာလား၊ ဆုတောင်းလေ”
ရဲ့လင်းချန် ညင်သာစွာ ပြုံးလိုက်သည်။ သူတို့အား သူ၏ မရဏ အထိအတွေ့ စွမ်းရည်အတွက် စမ်းသပ်ခံများအဖြစ် အသုံးပြုနိုင်ပေသည်။ ထို့နောက် သူက သူတို့၏ ခန္ဓာကိုယ်မှ အခြားနေရာ တစ်ခုကို ဖိလိုက်သည်။
“အီးဟီးဟီး … အူးဝါး …”
ရယ်မောသံများနေရာ၌ ငိုကြွေးသံများက အစားထိုးလာသည်။
သူတို့သည် အဆက်မပြတ် ငိုကြွေးနေပြီး မရပ်နားချေ။ သူတို့၏ မျက်ရည်များက ဘူးသီးလုံးမျှ ဆက်တိုက် စီးကျလာ၏။
အစောပိုင်းက ရယ်မောခြင်းကြောင့် သူတို့ အားအင် ကုန်ခမ်းနေပြီ ဖြစ်သည်။ ဆက်၍ ငိုရသောအခါ သူတို့ အသက်ပင် မရှူနိုင် ဖြစ်လာပြီး ကိုယ်တွင်းအင်္ဂါများ တွန့်လိမ့်လာသည်ဟုပင် ခံစားမိသည်။
နောက်ထပ် ဆယ့်ငါးမိနစ် ကုန်သွားလေသည်။
နံပါတ်လေးနှင့် ခြောက်တို့၏ မျက်လုံးများက မို့ဖောင်းနေပြီး သစ်ကြားသီးကဲ့သို့ တွန့်လိပ်နေသည်။ သူတို့၏ ပြူးကျယ်သော မျက်လုံးများက မှိတ်လုနီးပါး ဖြစ်နေသည်။ တကယ်ကို သနားစရာကောင်းသည့် မြင်ကွင်းပင်။ သူတို့၏ ရင်ကွဲမတတ် ငိုသံကိုပါ ပေါင်းလိုက်သောအခါ ပို၍ သနားစရာ ကောင်းလေသည်။
“မင်းတို့ ပြောမှာလား”
“မပြောဘူး၊ ငါတို့ ငိုပြီး သေရရင်တောင်မှ မင်းကို ဘာမှမပြောပြဘူး”
ရဲ့လင်းချန်က တိတ်တိတ်နေပြီး သူတို့ခန္ဓာကိုယ်ကို ထပ်ဖိလိုက်သည်။
“အား … ယားတယ်၊ အရမ်း ယားတယ်”
သူတို့ ခန္ဓာကိုယ်များ စတင်၍ တွန့်လိမ်လာသည်။ သူတို့၏ မျက်နှာများက ချက်ချင်း နီရဲလာပြီး မြေကြီးပေါ်၌ လူးလိမ့်လာ၏။
အနှိပ်စက်ဆုံး ခံစားချက်ကို ရွေးချယ်ပါဟု ဆိုလာလျင် ယားယံခြင်း ဖြစ်မှာ သေချာသည်။
နာကျင်ခြင်းကို သည်းခံနိုင်သော်လည်း ယားယံခြင်းက တကယ်ကို မခံနိုင်ပေ။
ပုရွက်ဆိတ်လေးများ တွားသွားတက်နေပြီး ခြင်များက ကိုယ်ကို မကြာခဏ ကိုက်နေသော်လည်း သူတို့ကို မထိနိုင် ဖြစ်ကာ ခံရခက်သော ယားယံခြင်းကိုသာ ခံစားမိနေသည်ဟု မြင်ယောင်ကြည့်ပါလေ။ မည်သူက ခံနိုင်မည်နည်း။
နံပါတ်လေးနှင့် နံပါတ်ခြောက်က နာကျင်မှုကို မကြောက်ပါ။ ထို့ကြောင့် ရဲ့လင်းချန်က အခြားနည်းလမ်းကို ရှာရခြင်း ဖြစ်သည်။ ငိုခြင်း၊ ရယ်ခြင်းနှင့် ယားယံခြင်းတို့က လူတစ်ယောက်၏ စိတ်ကို ကျိုးပျက်စေသည်။
“အခု မင်းတို့ ပြောမှာလား”
“အင်း ပြောမယ်၊ ငါ မင်းကို အားလုံး ပြောပြမယ်”
နံပါတ်လေးနှင့် နံပါတ်ခြောက်က ဆက်တိုက် ခေါင်းညိတ်ပြသည်။ သူတို့သည် ရဲ့လင်းချန်အား နတ်ဆိုး တစ်ကောင်ကို ကြည့်သကဲ့သို့ အလန့်တကြား ကြည့်နေကြသည်။ ထိုနည်းလမ်းများက တကယ် ကြောက်စရာ ကောင်းလှသည်။
ဤနတ်ဆိုးက သူတို့ ထပ်ငြင်းလျင် ဘာများထပ်လုပ်လာမလဲဆိုသည်ကို သူတို့ ကြောက်မိသည်။
သူတို့ကို မတူတဲ့ နေရာတွေဆီ ခေါ်သွားပြီး အမာတဲရာစု မျိုးရိုးဗီဇရဲ့ မြေပုံ ဆွဲခိုင်းလိုက်”
ရဲ့လင်းချန်က လီကျင့်နှင့် အလီကို ညွှန်ကြားလိုက်သည်။ ထို့နောက် သူက နံပါတ်လေးနှင့် နံပါတ်ခြောက်ကို အေးစက်စက် ပြုံးပြလေသည်။
“မင်းတို့ ဆွဲတဲ့ မြေပုံက နည်းနည်းလေး မတူတာနဲ့ ဒီလို လွယ်လိမ့်မယ် မထင်နဲ့”
နံပါတ်လေးနှင့် နံပါတ်ခြောက်တို့ တုန်လှုပ်သွားသည်။ သူတို့ သေခြင်းထက် ဆိုးသော ဘဝကို တကယ် ခံစားလိုက် ရလေပြီ။ နှိပ်စက်မှုများစွာနှင့် ယှဉ်လိုက်လျင် ရဲ့လင်းချန်၏ နည်းလမ်းက ညင်သာသည်ဟု ထင်ရသော်လည်း ၎င်းသည် ကြောက်စရာ အကောင်းဆုံး နှိပ်စက်သည့် နည်းလမ်းပင်တည်း။