← Chapters

အသံပျောက်သွားသောလူများ

Vol. 34 Ch. 509

အသံပျောက်သွားသောလူများ

Vol. 34 Ch. 509

ညလယ်ခေါင်၌ …

ညတာ၏ အမှောင်ထုက ကမ္ဘာမြေကို ဖုံးလွှမ်းနေပြီး လအား ဘယ်နေရာကိုမှ မမြင်ရချေ။ တိတ်ဆိတ်မှုက လောကကြီးကို လွှမ်းမိုးနေလေသည်။

ထိုစဉ် အရိပ်တစ်ခုက အမှောင်ထုတွင်း၌ ဖြတ်သန်းနေပြီး အလွန် လျင်မြန်သော အရှိန်က အမှောင်ထုကို ထိုးခွင်း နိုင်သည်ဟုပင် ထင်မှတ်ရသည်။

ထို့နောက်တွင်မူ ထိုအရိပ်သည် အရှိန်လျော့မသွားဘဲ ခပ်လှမ်းလှမ်းသို့ တစ်ဟုန်ထိုး ပြေးနေသည်။

*ဒီနားလောက်ပဲ ဖြစ်မယ်*

ရဲ့လင်းချန်၏ ခြေလှမ်းများ ရပ်တန့်သွားပြီး ဖြည်းဖြည်းချင်း အရှိန်လျော့လာကာ အရှေ့သို့ သတိကြီးစွာ လှမ်းနေ၏။

ပတ်ဝန်းကျင်သည် လူသူကင်းမဲ့ပြီး လူမဆိုထားနှင့် သစ်ပင်တစ်ပင်ကိုတောင်မှ မမြင်ရပေ။ အလွန် ဖွံ့ဖြိုးတိုးတက်သော မြို့ဧရိယာအပြင်ဘက်၌ ဤသို့ လူသူကင်းမဲ့သော ဆင်ခြေဖုံးတစ်ခု ရှိနေလိမ့်မည်ဟု မထင်ထားမိပါ။ ဤနေရာကို လူအများက မေ့လျော့နေသလိုပင်။

အရှေ့ ခပ်လှမ်းလှမ်းတစ်နေရာ၌ စွန့်ပစ်စက်ရုံတစ်ခု ရှိနေသည်။ စက်ရုံဘေးနား၌ ၎င်းနှင့် ဆက်သွယ်ထားသည့် ဝန်ထမ်း အဆောင်တစ်ခုတောင်မှ ရှိနေသည်။ စက်ရုံသည် အိုမင်းဟောင်းနွမ်းနေပုံ ပေါ်သော်လည်း အခါအားလျော်စွာ မီးရောင်များကို မြင်နေရသည်။

အမှောင်ထဲ၌ ရဲ့လင်းချန်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ စက်ရုံတွင်းမှ ထွက်ပေါ်လာသော စကားပြောဆိုသံအချို့ကို သူ ခပ်သဲ့သဲ့ ကြားနေရသည်။

ထိုလူများသည် အလွန် သတိထားကြသည်။ ညသန်းခေါင်ယံ အလယ် ဖြစ်နေတာတောင်မှ သူတို့သည် မီးများ မဖွင့်ဘဲ အမှောင်ထဲ၌ အလုပ်လုပ်နေသည်။

ရဲ့လင်းချန်သည် တွေဝေမနေဘဲ အဆောက်အဦးထဲသို့ ခပ်သွက်သွက် ဝင်သွားလိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် အမှောင်ထုနှင့် တစ်သားထဲကျနေသည်။

*ခိုးဝင်ရတာက အဲ့လောက် ခက်လို့လား*

ပါရမီရှင်တစ်ဦး ဖြစ်သောကြောင့် ရဲ့လင်းချန်သည် လုံးဝ အခက်အခဲ မတွေ့ချေ။

သူသည် စက်ရုံ၏ အတွင်းပိုင်း တည်ဆောက်ပုံကို ခပ်သွက်သွက် တစ်ချက်ကြည့်ပြီးနောက် အဆောင်ဘက်သို့ ဦးတည်သွားသည်။

သူ ဖမ်းထားသော လူနှစ်ယောက်ထံမှ ရရှိသော သတင်းအရ စက်ရုံအား အိမ်ရာမဲ့များ၊ တိရစ္ဆာန်အလောင်းများ၊ သွေးများ၊ မွေးကင်းစကလေးများနှင့် သူတို့၏ သုတေသနအတွက် လိုအပ်သော အခြားပစ္စည်းများကို ထိန်းသိမ်းရန် ဂိုထောင်တစ်ခုအဖြစ်သာ အသုံးပြုသည်။ တကယ့် သုတေသနကိုမူ ထိုအဆောင် အဆောက်အဦးတွင်း၌ လုပ်ဆောင်လေသည်။

တုန်းမြောင်မြောင် ပထမဆုံး မြင်ခဲ့သည့်အရာမှာ ဂိုထောင် ဖြစ်သည်။ လက်ရှိတွင် လူတော်တော်များများက ပစ္စည်းများကို ရွှေ့ပြောင်းနေ၏။ မွေးကင်းစ ကလေးငယ်များ၏ ငိုသံကိုပင် ရဲ့လင်းချန် ကြားနေရသည်။

အမာတဲရာစု မျိုးရိုးဗီဇကဲ့သို့ ဇီဝဗေဒကို သုတေသန ပြုလုပ်သည့် နိုင်ငံတကာ ကုမ္ပဏီတစ်ခုက ဤသို့သော ယုတ်ညံ့သော အလုပ်မျိုး လုပ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ထင်သည့်အတိုင်းပင် ဂျပန်နိုင်ငံမှ ကုမ္ပဏီတစ်ခုက ဤသို့ လူမဆန်သော ပြစ်မှုမျိုးကို ကျူးလွန်နေ၏။

ရဲ့လင်းချန်သည် အဆောက်အဦးထဲသို့ ဝင်ရန် ပြင်လိုက်ပြီးမှ နောက်သို့ ထပ်မံ၍ လှည့်ကြည့်လိုက်သည်။

မွေးကင်းစ ကလေးငယ်များ၏ ငိုသံများက ရင်ကွဲစရာ ကောင်းလွန်းလှသည်။ အကယ်၍ သူ အထဲသို့ ဝင်သွားပြီးလျင် ထိုမွေးကင်းစ ကလေးငယ်များ၌ ဘာတွေ ဖြစ်လာနိုင်မလဲ။

အစောပိုင်းက သူ ဖျတ်ခနဲ ကြည့်လိုက်စဉ်က ကလေးငယ်များထံမှ သွေးများ ထုတ်ယူနေသည်ကို သူ တွေ့ခဲ့ရသည်။ ဤလူများက ဘယ်လိုလုပ် လူစိတ်ကင်းမဲ့နိုင်ရသနည်း။ ရက်စက်၍ စာနာစိတ် မရှိပေ။ သူတို့သည် တိရစ္ဆာန်များထက်တောင်မှ ပို၍ ဆိုးရွားသေးသည်။

သူ ရှိနေသည်ကို သူတို့ သတိထားမိပါက ထိုလူများသည် မွေးကင်းစ ကလေးငယ်များအားလုံးကို သတ်ပစ်လိုက် လောက်သည်။

*ငါ ဂိုထောင်ပြဿနာကို အရင် ရှင်းသင့်တယ်ထင်တယ်*

ဂိုထောင်တစ်ခုလုံး၌ လူဆယ့်ငါးယောက်သာ ရှိသည်။ သူတို့ထဲက ဘယ်သူကမှ သာမန်လူများ မဟုတ်ချေ။

သူတို့အားလုံးက နံပါတ်လေးနှင့် နံပါတ်ခြောက်ကဲ့သို့ သန္ဓေပြောင်းလူသားများ ဖြစ်နိုင်မလားဟု သူ သေချာ မသိသော်လည်း သူတို့အားလုံးသည် သိုင်းပညာအချို့ တတ်မြောက်သော သိုင်းပညာရှင်များ ဖြစ်ပေသည်။ သူတို့ တစ်ယောက်ချင်းစီ၏ လှုပ်ရှားမှုများက သာမန်လူများနှင့် ခြားနားနေ၏။

သို့သော်လည်း ကျွမ်းကျင်သူဟု ပြောနိုင်သည့်သူက သုံးယောက်သာလျင် ရှိသည်။ ကျန်ဆယ့်နှစ်ယောက်သည် အလုပ်လုပ်ရန် ခေါ်ထားသည့် သိုင်းကွက် တစ်ကွက်၊ နှစ်ကွက်သာ သိသည့်သူများ ဖြစ်လေသည်။

ရဲ့လင်းချန်၏ အကြည့်များက စောင့်ကြပ်နေသော လူသုံးယောက်ထံသို့ ကျရောက်နေသည်။ သူတို့ထဲ၌ သူတို့သည် အသန်မာဆုံးဖြစ်ပြီး ပတ်ဝန်းကျင်နှင့် အလုပ်ကို စောင့်ကြည့်ရန် တာဝန်ယူထားကြသည်။

သူ၏ အကြည့်များက လေးနက်လာပြီးနောက် ထိုသူများထံသို့ သတိဖြင့် လျင်မြန်စွာ ချဉ်းကပ်သွားသည်။

ရဲ့လင်းချန်သည် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ အရိပ်ထဲ၌ ပုန်းအောင်းနေပြီး အလစ်ဝင်တိုက်နိုင်မည့် အခွင့်အရေးကို စောင့်ကြည့်နေသည်။

ထိုသုံးယောက်က အထူးလေ့ကျင့်ရေးကို ကြုံတွေ့ဖူးမှန်း သိသာလှသည်။ သူတို့၏ နေရာယူပုံက အလွန် ကောင်းပေသည်.

သူတို့သည် အတူတူ ရပ်မနေဘဲ တြိဂံကဲ့သို့ သုံးထောင့်ခွဲ၍ နေရာယူထားသည်။ သူတို့သည် အချင်းချင်း မြင်နိုင်ပြီး အချင်းချင်း ချက်ချင်း ကူညီနိုင်ကာ တစ်ခါတည်းနှင့် အပြတ်ရှင်းခံရမည့်ဘေးကို တားဆီးနိုင်လေသည်။ တစ်ယောက်စီ၏ အခြေအနေကို စောင့်ကြည့်နိုင်သဖြင့် တစ်ခုခု ဖြစ်ခဲ့လျင် ချက်ချင်း တုံ့ပြန်နိုင်သည်။

ဤအခြေအနေမျိုး၌ သာမန်လူများအတွက် ထိုလူသုံးယောက်ကို ရှင်းရန် တစ်ပြိုင်နက်တည်း လှုပ်ရှားမည့် လူသုံးယောက် လိုအပ်ပေလိမ့်မည်။ သို့မဟုတ်ပါက သူတို့ကို တွေ့သွားမှာ သေချာသည်။

သို့သော် ယင်းက သာမန်လူအတွက်သာ ဖြစ်သည်။

ရဲ့လင်းချန်သည် သူတို့ထဲမှ တစ်ယောက်၏ အနား၌ ပုန်းအောင်းနေသည်။ သူသည် အနားမှ လူကို လေ့လာနေပြီးနောက် ကျန်နှစ်ယောက်ကို တစ်ချက် ကြည့်လိုက်သည်။

ထို့နောက် သူသည် ကျောက်ခဲတစ်လုံးကို ကောက်၍ အနီးအနားမှ အဆောက်အဦးသို့ လှမ်းပစ်လိုက်သည်။

“ဒေါက်”

ထင်ထားသည့်အတိုင်းပင် ထိုအသံက သူတို့သုံးယောက်၏ အာရုံကို ဆွဲငင်သွားသည်။ ထိုအခိုက်မှာပင် ရဲ့လင်းချန်က လှုပ်ရှားလေသည်။ သူ့အနားမှ သိုင်းပညာရှင်၏ ဦးခေါင်းကို လက်ဖြင့် ရစ်ပတ်၍ ခပ်ကြမ်းကြမ်း လှည့်လိုက်သည်။

ထိုသိုင်းပညာရှင်၏ ခန္ဓာကိုယ်က ချက်ချင်း ပျော့ခွေသွားပြီး ကြမ်းပြင်ပေါ် လဲကျသွားကာ ရဲ့လင်းချန်က သူ့နေရာကို တင်ယူလိုက်သည်။

ထိုအရာအားလုံးက တစ်စက္ကန့်အတွင်း၌ ဖြစ်သွားခဲ့လေသည်။

ကျန်သိုင်းပညာရှင် နှစ်ယောက်သည် မူမမှန်တာ ဘာတစ်ခုကိုမှ သတိမထားမိပေ။ သူတို့က ရဲ့လင်းချန်ကို လှမ်းကြည့်လာပြီး အမူအရာက ပုံမှန်အတိုင်းပင်။

ထိုစဉ် ရဲ့လင်းချန်သည် သေသွားသော သိုင်းပညာရှင်အစား အပြည့်အဝ နေရာယူထားသည်။ သူသည် အမှောင်ထဲ၌ တိတ်ဆိတ်စွာ ရပ်နေ၏။ ညအမှောင်ကို အမှီပြု၍ သူသည် တမင်သက်သက် မျက်နှာမပေါ်အောင် ရှောင်နေသည်။ သို့သော် သူ၏ ခန္ဓာကိုယ် အချိုးအစားနှင့် အရှိန်အဝါက သေသွားသော သိုင်းပညာရှင်အတိုင်း တစ်ထပ်တည်းကျအောင် အတုခိုးထားနိုင်သည်။ သူသည် အသေးအဖွဲ အချက်အလက်အချို့ကိုတောင် အတုခိုးနိုင်နေ၏။ ချက်ချင်း အစားထိုးဝင်ရောက်လိုက်ခြင်းက ကျန်နှစ်ယောက်ကို ဘာမှ သံသယမဝင်စေပါ။

ထို့နောက် သူသည် တူညီသော နေရာကိုပင် ကျောက်ခဲဖြင့် ထပ်ပစ်လိုက်သည်။

ယခင်နေရာမှ ပုံမှန်မဟုတ်သော အသံများ ထပ်ပေါ်လာလေသည်။ ယင်းက ကျန်နှစ်ယောက်၏ အာရုံကို ချက်ချင်း ဖမ်းစားသွားသည်။ ထိုအခါ ရဲ့လင်းချန်က ထိုနေရာသို့ လိုလိုလားလား လျှောက်သွားလေသည်။

“ဖြောင်း ဖြောင်း ဖြောင်း”

ရဲ့လင်းချန်က ရုတ်တရက် ကိုယ်ကိုကိုင်း၍ သေသွားသော သိုင်းပညာရှင်အား အနည်းငယ် ရိုက်နှက်၍ တိုက်ခိုက်နေသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်စေရန် ဖန်တီးလိုက်သည်။ ထို့နောက် သူက အလောင်းကို မ၍ ကျန်သိုင်းပညာရှင် နှစ်ယောက်ကို လက်ဝှေ့ယမ်းပြလိုက်သည်။

သိုင်းပညာရှင် နှစ်ယောက်က ရဲ့လင်းချန်ထံသို့ သံသယမဝင်ဘဲ လျှောက်လာသည်။

သူတို့၏ သတိက သိပ်မကြီးပေ။ ထို့အပြင် ဤသို့သော အဖြစ်အပျက်များက မကြာခဏ ဖြစ်ပုံရသည်။ ဤနေရာသို့ ကံဆိုးသူအချို့က အမြဲ လာရောက်စူးစမ်းတတ်ပြီး ချက်ချင်း အရှင်းခံရလေသည်။

အစက ဤနေရာ၌ လူငါးယောက် စောင့်ကြည့်ကာ ပြီးပြည့်စုံသော ဖွဲ့စည်းပုံ ရှိခဲ့သည်။ သို့သော် နံပါတ်လေးနှင့် နံပါတ်ခြောက်တို့က လိုက်ဖမ်းသည့် တာဝန်ကျနေ၏။

“ဒီလူကို စမ်းသပ်ခံ ပစ္စည်းအဖြစ် သယ်လာခဲ့”

သိုင်းပညာရှင်တစ်ယောက်က ပြောလာသည်။

သို့သော် သူတို့ အနားသို့ နီးလာသည်နှင့် ရဲ့လင်းချန်၏ မျက်နှာကို မြင်ပြီး ထိတ်လန့်သွားသည်။ ထို့နောက် သူတို့က ချက်ချင်း အော်ဟစ်ရန် ပြင်လေသည်။

ရဲ့လင်းချန်သည် ဤအတွက် အသင့်ဖြစ်နေပြီး သူတို့ထံသို့ ကျားသစ်သဖွယ် ခုန်ဝင်သွားသည်။ ခြေလှမ်း သုံးလှမ်းတည်းနှင့် အရာအားလုံး ဖြစ်ပျက်သွားခဲ့သည်။ သူသည် လက်ကိုမြှောက်၍ သူတို့၏ ရင်ဘတ်ကို ခပ်ပြင်းပြင်း ထိုးလိုက်သည်။

အရာအားလုံး တိတ်ဆိတ်သွားလေသည်။

သိုင်းပညာရှင် နှစ်ယောက်သည် အံ့ဩကာ ဒေါသထွက်လာကြသည်။ သူတို့ ပါးစပ်ကို ဖွင့်လိုက်၊ ပိတ်လိုက် လုပ်နေကြသည်။ သူ ထင်တာ မမှားလျင် ယင်းက သူတို့ သတိပေးသည့် အော်သံ သို့မဟုတ် ရဲ့လင်းချန်ကို ဆဲဆိုသည့် အသံ ဖြစ်လောက်သည်။

သို့သော် သူတို့ ဘယ်လောက် အော်နေပါစေ ဘာအသံမှ ထွက်မလာသဖြင့် သူတို့ ခြောက်ခြားသွားသည်။

မြင်ကွင်းက အလွန် ရယ်စရာကောင်းသည်။ သူတို့ အသည်းအသန် ပါးစပ်လှုပ်နေသော်လည်း တိတ်ဆိတ်လျက် ရှိသည်။ သူတို့သည် သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ မျက်လုံးများ ပြူးကျယ်လာ၏။

ထို့နောက် သူတို့သည် ရဲ့လင်းချန်ကို လက်ညှိုးထိုး၍ ပါးစပ်ကို မြန်မြန်ဆန်ဆန် လှုပ်ကာ ပြောနေကြသည်။ သူတို့ အားကုန်သုံး၍ အော်နေသဖြင့် မျက်နှာများ နီလာသော်လည်း သူတို့ပါးစပ်က ဘာအသံမှ ထွက်မလာချေ။

သူတို့သည် အချင်းချင်း ပြန်ကြည့်လာပြီး မနားစတမ်း လှုပ်နေသော ပါးစပ်များကို ကြည့်နေကြသည်။ သူတို့ ဦးနှောက်ထဲ ချာချာလည်သလို ခံစားနေရသည်။ အဘယ်ကြောင့် ဤသို့သော အခြေအနေမျိုး ဖြစ်လာသလဲ သူတို့ နားမလည်နိုင် ဖြစ်နေ၏။

“ခွပ် ခွပ်”

သူတို့နှစ်ယောက်သည် အသံများ ပျောက်သွားသဖြင့် စိတ်ရှုပ်ထွေးနေပြီး သတိမကပ်ဘဲ ဖြစ်နေချိန်တွင် ရဲ့လင်းချန်က သူတို့ကို အလဲထိုးလိုက်လေသည်။

All Chapters