← Chapters

သူ အလွန်ဆုံး တတိယထပ်ထိပဲ ရောက်လိမ့်မယ်

Vol. 34 Ch. 510

သူ အလွန်ဆုံး တတိယထပ်ထိပဲ ရောက်လိမ့်မယ်

Vol. 34 Ch. 510

မရဏ အထိအတွေ့ကို သုံး၍ တစ်ဖက်လူ၏ စကားပြောနိုင်စွမ်းကို ယာယီ ပိတ်ဆို့ထားရန် မခက်ပေ။ တိုက်ခိုက်မှုက လျင်မြန်၍ ရိုးရှင်းသည်။ ယင်းသည် နာမည်အတိုင်း တကယ်ကို လုပ်ကြံရေးသမားများအတွက် နတ်ဘုရားဆန်သည့် သိုင်းပညာပင်။

ကျန်ပမွှားများက ပို၍ ရှင်းလင်းရ လွယ်ကူပေသည်။

ရဲ့လင်းချန်က ပခုံးတွန့်၍ ဂိုထောင်ဘက်သို့ အေးအေးလူလူ လျှောက်သွားလေသည်။ လူတစ်စုသည် မည်သည့် ပုံမှန်မဟုတ်မှုများကိုမှ သတိမပြုမိသေးပေ။ သူတို့သည် အေးအေးလူလူ ဟန်ပန်ဖြင့် သူတို့ကိစ္စကိုသာ ဆက်၍ လုပ်နေကြသည်။ စောင့်ကြည့်ပေးမည့်လူများ ရှိနေသဖြင့် သူတို့ ကြောက်စရာ ဘာမှမရှိချေ။

ရဲ့လင်းချန်သည် ဂိုထောင်ထဲမှ အရာအားလုံးကို မှတ်သားခဲ့ပြီးသား ဖြစ်သည်။ အထဲသို့ ဝင်လိုက်သည်နှင့် သူက ထိုနေရာမှ လူတစ်ယောက်ချင်းစီကို တိတ်တဆိတ် ရှင်းလင်းလေသည်။

ငါးမိနစ်ကြာသော် သူသည် ဂိုထောင်ထဲမှ ထွက်လာပြီး တစ်ဖက် အဆောက်အဦးသို့ ဦးတည်လိုက်သည်။

သူ ထင်ထားသည်နှင့် ခြားနားစွာပင် ပထမထပ်၌ ဘယ်သူမှ ရှိမနေပေ၊ အစောင့်တောင်မှ မရှိချေ။ တစ်ထပ်လုံး ခပ်ဖျော့ဖျော့ အပြာရောင် အလင်းရောင် လက်နေပြီး ညတာ၌ ကျောချမ်းသော ခံစားချက် ပေးစွမ်းနေကာ လူအများအား သက်တောင့်သက်သာ မဖြစ်ခြင်း၊ စိတ်ညစ်ခြင်းနှင့် အိပ်ငိုက်ခြင်းတို့ကို တစ်ပြိုင်တည်း ခံစားရ စေသည်။

ရဲ့လင်းချန် မျက်ခုံးပင့်လိုက်မိပြီးနောက် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။ ထို့နောက် သူ့အကြည့်က ဖန်ပြောင်းချောင်များထံသို့ ကျရောက်သွားသည်။

တစ်ထပ်လုံး ဗလာကျင်းနေပြီး ဘာပစ္စည်းမှ မရှိချေ။ ထိုနေရာ၌ ဖောက်ထွင်းမြင်ရသော ဖန်ပြောင်းချောင် ဆယ့်နှစ်ခုသာ ရှိလေသည်။ ထိုဖန်ပြောင်းချောင်များသည် ရုပ်ရှင်များထဲ၌ မြင်ရသော အရာများနှင့် ဆင်တူ လေသည်။ အရည်များနှင့် ပြည့်နေသော ဖန်ပြောင်းချောင်ထဲ၌ အစိမ်းရောင် ခပ်ဖျော့ဖျော့ လင်းနေသည်။ ၎င်းတို့ထဲတွင် တိရစ္ဆာန်များနှင့်တူသော အလောင်းများက ပေါလောပေါ်နေ၏။

ဖန်ပြောင်းချောင်ထဲမှ သတ္တဝါများသည် ဆင်တူပုံပေါ်သော်လည်း မတူပေ။ သူ ကြည့်နေသော ဖန်ပြောင်းချောင် ထဲ၌ အလွန် ရှည်လျားသော အစွယ်များ ရှိသည့် ကျားတစ်ကောင် ရှိနေသည်။ အစွယ်က ပါးစပ်မှ မေးစေ့အထိ ရှည်ထွက်နေသည်။ တစ်ဖက်တွင်မူ ခြင်္သေ့တစ်ကောင်က ကိုယ်၌ ကြေးခွံများ ပေါက်နေပြီး ကြွက်၏ ခန္ဓာကိုယ် အရွယ်အစားက ခွေးတစ်ကောင်ထက် ပိုကြီးနေလေသည်။

ဖန်ပြောင်းချောင်ထဲမှ သတ္တဝါတစ်ကောင်ချင်းစီ၏ ကြောက်စရာကောင်းသော အသွင်အပြင်ကြောင့် ရဲ့လင်းချန် မသိမသာ နှလုံးခုန်နှုန်း မြန်လာရသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့် မြင်သူမဆို ထိတ်လန့်တုန်လှုပ်သွားလောက်သည်။ ၎င်းသည် လူတစ်ယောက်၏ အတွေးအမြင်ကို ပြောင်းလဲနိုင်သည့် ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုပင်။

တစ်ချိန်တည်းမှာပင် ပိုမြင့်သော အထပ်များ၌ …

“သခင်လေး ထာခဲရှီ၊ ဒီကို တစ်ယောက်ယောက် ရောက်လာပါတယ်”

(စကားချပ်။ ။သခင်လေး ထာခဲရှီဆိုတာက အရင်အပိုင်းတွေမှာ ဖော်ပြခဲ့တဲ့ သခင်လေးဝေ့ကို ပြောခြင်း ဖြစ်ပါတယ်၊ စာရေးဆရာက ဒီအခန်းရောက်မှ နာမည်တွေ ပြောင်းလိုက်တာမို့ အခုကစပြီး သခင်လေးဝေ့ကို သခင်လေး ထာခဲရှီလို့ ပြောင်းရေးပါတော့မယ်)

အဘိုးအိုတစ်ယောက်က တီးတိုး ပြောလာသည်။ သူသည် မျက်မှန်ဝိုင်းတစ်လက်ကို တပ်ထားပြီး ဓာတ်ခွဲခန်း ဝတ်စုံကို ဝတ်ထားကာ ဖြည်းဖြည်းချင်း ဝင်လာပြီး သခင်လေး ထာခဲရှီနားသို့ လျှောက်လာ၏။

ထိုအဘိုးအိုသည် အလွန် အရပ်ပုပြီး ပါးစပ်ချွန်ချွန်နှင့် ပိန်ပါးပါး ပါးပြင်များ ရှိသည်။ သူ၏ မျက်လုံးများက ကျဉ်းမြောင်းပြီး မကြာခဏ အေးစက်စက် အလင်းတန်း ဖြတ်ပြေးနေသည်။ သူ့တွင် အဘိုးတစ်ယောက်၏ ကြင်နာမှုမျိုး လုံးဝ မရှိဘဲ ကောက်ကျစ်၍ ရက်စက်မှုတို့နှင့်သာ ပြည့်နှက်နေသည်။

“အင်း”

သခင်လေး ထာခဲရှီက အမူအရာ သိပ်မပြောင်းလဲသွားဘဲ ခပ်ပြတ်ပြတ် ပြန်ပြောသည်။

ထိုစဉ် သူ့ဘေးမှ အလုပ်သမားတစ်ယောက်က ပြောလာသည်။

“သူ ရောက်လာတာ မြန်တယ်၊ နံပါတ်လေးနဲ့ နံပါတ်ခြောက်တို့ သူတို့တာဝန် ပြီးအောင်လုပ်ဖို့က တစ်နာရီလောက်ပဲ လိုတာ၊ အခု နောက်ကျနေတာ မိနစ်သုံးဆယ် ရှိပြီ၊ သူတို့ ပြဿနာတစ်ချို့နဲ့ ကြုံနေတာ သေချာတယ်၊ ပြီးခဲ့တဲ့ ခုနစ်မိနစ်က ကျွန်တော်တို့ နံပါတ်သုံးရဲ့ အသက်ဓာတ် အချက်ပြကိန်းကို ဆုံးရှုံးလိုက်ရတယ်၊ ဂိုထောင်အပြင်ဘက်က လူတွေလည်း အရှင်းခံလိုက်ရလောက်တယ်”

“တော်တော် မဆင်မခြင် နိုင်တာပဲ၊ ဘယ်သူက ဒီအထိ လာရဲတာလဲ”

အလုပ်သမားတစ်ယောက်က ပြောသည်။

သူတို့၏ ကွန်ပျူတာများ၌ အချက်အလက်မျိုးစုံကို ပြသနေပြီး အမှတ်အသား တစ်မှစ၍ ဒါဇင်အချို့အထိ မှတ်သားထားသည်။ ယင်းသည် သူတို့၏ စမ်းသပ်ခံ ပစ္စည်းများ၏ ခန္ဓာကိုယ်ထဲ၌ ထည့်ထွင်းထားသည့် မိုက်ခရိုချစ်ပ်များ ဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ် အခြေအနေ၊ အသက်ဓာတ် လက္ခဏာများ စသဖြင့်တို့ကို ကြည့်ရှု နိုင်သည်။

သူတို့ ဤနေရာ၌ စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်က ကြာမြင့်နေပြီ ဖြစ်သည်။ လူသူကင်းမဲ့ခြင်းကြောင့် လူတော်တော် များများက ဤမြေကို တိုးတက်ဖွံ့ဖြိုးအောင် မကြိုးစားကြပေ။ အမာတဲရာစုသည် မြေကို ဝယ်ထားပြီးသည်မှာ ကြာပြီဖြစ်သော်လည်း တမင်သက်သက် မတိုးတက်အောင် ထားထားခဲ့သည်။

သူတို့သည် လူလာရောက်ခြင်းမှ ရှောင်ရှားရန် လွင်တီးခေါင်မြေပုံစံ ပေါက်အောင် လုပ်ခဲ့သည်။

သူတို့၏ အစီအစဉ်များနှင့် စမ်းသပ်မှုများက တစ်လျှောက်လုံး ချော့မွေ့ခဲ့ပြီး ကောင်းမွန်သော ရလဒ်များ ပေးခဲ့သည်။ သို့သော် နံပါတ်လေးနှင့် နံပါတ်ခြောက်တို့၏ ရုတ်တရက် ပျောက်ကွယ်မှုက သူတို့ကို သတိ အနေအထား ဖြစ်သွားစေသည်။

စမ်းသပ်ခံများ သေသွားပါက သူတို့ ဂရုမစိုက်ပါ။ သူတို့ စိတ်ဝင်စားသည်က သူတို့၏ စမ်းသပ်ခံများကို ရင်ဆိုင်နိုင်စွမ်း ရှိသည့်လူပင်။

ထိုလူက မျက်နှာပြောင်တိုက်ပြီး သူတို့ထံ လျင်မြန်စွာ ချဉ်းကပ်လာလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားမိပါ။

“ဟဲဟဲ စိတ်ဝင်စားစရာပဲ”

ထိုအဘိုးအိုက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ သူ့မျက်လုံးများက အဆိပ်ပြင်းသော မြွေတစ်ကောင်၏ မျက်လုံးများနှင့် တူနေသည်။ သူ၏ အမူအရာက မပြောင်းလဲသော်လည်း သူ့မျက်လုံးတွင်းမှ စိတ်လှုပ်ရှား နေဟန်က ထင်ရှားပေသည်။

ထိုသို့သော အခြေအနေနှင့် ရင်ဆိုင်ရသော်လည်း သူတို့သည် နည်းနည်းလေးမှ သွေးပျက်မသွားချေ။

“အားလုံး ကိုယ့်အလုပ်ကိုယ်ပြန်လုပ်၊ ဒီမှာ တိတ်တဆိတ် စောင့်နေ၊ ဒီနေ့ ဘယ်သူလာလာ၊ သေမင်းက စောင့်နေတယ်”

သခင်လေး ထာခဲရှီက အေးစက်စွာ ရယ်မောလိုက်သည်။ ထို့နောက် သူ့ဘေးမှ အဘိုးအိုအား တလေးတစား မေးလေသည်။

“အကြီးအကဲ ဟီရိုရှီ၊ တစ်ယောက်ယောက်က ခိုးဝင်လာမှတော့ ကျွန်တော်တို့ စောင့်ကြည့်ကင်မရာလေး ဖွင့်ပြီး ဒီလူပြက် ဖျော်ဖြေတာကို မကြည့်သင့်ဘူးလားဗျ”

အကြီးအကဲ ဟီရိုရှီသည် ဤစမ်းသပ်ခန်း၏ တာဝန်ရှိသူ ဖြစ်သည်။

သခင်လေး ထာခဲရှီသည် ထောက်ပံ့ပေးသူသာ ဖြစ်သည်။ သူသည် အပေါ်ယံ၌ အမာတဲရာစု မျိုးရိုးဗီဇ၏ သခင်လေး ဖြစ်သော်လည်း စမ်းသပ်မှုအားလုံးက အကြီးအကဲ ဟီရိုရှီကိုသာ မှီခိုနေသည်။

ဤအဘိုးအို၏ မျိုးရိုးဗီဇက သုတေသနသည် မယုံနိုင်လောက်သော အဆင့်တစ်ခုသို့ ရောက်နေပြီ ဖြစ်သည်။ သူ၏ အသက်သည်လည်း ၁၁၃ နှစ်သို့ ရောက်နေလေပြီ။

အသက် ၁၁၃ နှစ် ရှိပြီဖြစ်သော်လည်း သူ့ခွန်အားက သခင်လေး ထာခဲရှီထက် ပိုသာပြီး သူ့အား အသာလေး လွင့်ထွက်သွားအောင် လုပ်နိုင်လေသည်။

ဤသို့ ပျော့ပြောင်းသော ခန္ဓာကိုယ်၌ ကြီးမားသော ခွန်အားတို့ ပုန်းကွယ်နေလိမ့်မည်ဟု မည်သူမှ ထင်ထားမည် မဟုတ်ပါ။

အကြီးအကဲ ဟီရိုရှီက ဘာမှပြန်မပြောဘဲ ခလုတ်တစ်ခုကို အသာ နှိပ်လိုက်သည်။

နံရံ၌ တီဗွီကြီးတစ်ခု ပေါ်လာပြီး အောက်ထပ်မှ မြင်ကွင်းကို ပြသလာသည်။

မကြာခင်မှာပင် အလုပ်သမားတစ်ယောက် လက်ဖက်ရည် စားပွဲတစ်လုံး သယ်လာသည်။ အကြီးအကဲ ဟီရိုရှီနှင့် သခင်လေး ထာခဲရှီတို့က တီဗွီရှေ့၌ ထိုင်၍ လက်ဖက်ရည်ခွက်ကို ကိုင်ကာ ကြည့်နေကြသည်။

အခြားအလုပ်သမားသည်လည်း စကားပြောခြင်းကို ရပ်၍ တီဗွီကို စိတ်အားထက်သန်စွာ ကြည့်လာသည်။

အောက်ဆုံးထပ်၌။

ရဲ့လင်းချန်၏ ဆဋ္ဌမအာရုံက ဒတ်ခနဲ ဖြစ်သွားပြီး ခေါင်းမော့ကာ နှုတ်ခမ်းကို တင်းတင်းစေ့၍ တီးတိုး ရေရွတ် လိုက်သည်။

“ငါ့ကို တွေ့သွားပြီပဲ”

ဤအဆောက်အဦး၏ ထောင့်တိုင်း၌ အဆင့်မြင့် စောင့်ကြည့်ကင်မရာများ တပ်ထားသည်။ ဤသို့သော နေရာသို့ ဝင်လိုက်သည်နှင့် လူသတိမထားမိဘဲ ဝင်နိုင်လိမ့်မည်ဟု ရဲ့လင်းချန် တွက်မထားပါ။

“သူကိုး”

သခင်လေး ထာခဲရှီသည် စောင့်ကြည့်ကင်မရာမှနေ၍ ရဲ့လင်းချန်ကို သတိထားမိသွားသည်။ ထိုအခိုက်တွင် သူ့အသက်ရှူသံက ပြင်းလာသည်။ သူ့မျက်လုံးများက ကျဉ်းလာပြီး သွေးဆာသော အရိပ်အယောင် ပြလာသည်။ သူက အံကြိတ်၍ ရေရွတ်လေသည်။

“ဟားဟားဟား၊ သူက လိုလိုလားလားနဲ့ ရောက်လာတာပဲ၊ သူ ဒီကို တကယ် လာရဲတာပဲ”

သခင်လေး ထာခဲရှီသည် ဧရာမ စပါးအုံးမြွေကြီး၏ အသားအတွက် လေလံပွဲကတည်းက ရဲ့လင်းချန်၏ အပြုအမူကြောင့် အငြိုးထားခဲ့သည်။ ၎င်းအကြောင်း သူ တွေးမိတိုင်း ရဲ့လင်းချန်၏ သွေးကို သောက်၍ သူ့အသားကို စားချင်စိတ် ပေါက်လာသည်။

ထို့အပြင် ရဲ့လင်းချန်၏ ခွန်အားသည် သူ အလွန်အမင်း မနာလိုဖြစ်ရသော အရာ ဖြစ်သည်။ သူ့ကိုယ်ကျိုးအတွက် ရဲ့လင်းချန်ကို သတ်၍ သုတေသနအတွက် အသုံးချမည်ဟု သူ ရည်ရွယ်ထားသည်။

“မင်းက ဒီကို လာအသေခံမှတော့ မင်း သေရလို့ ငါ့ကို အဆိုးမဆိုနဲ့တော့”

သခင်လေး ထာခဲရှီ၏ မျက်လုံးများက နီရဲနေပြီး အငြိုးထားခြင်းနှင့် စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နှက်နေသည်။

“လတ်စသက်တော့ သူကိုး”

အကြီးအကဲ ဟီရိုရှီသည်လည်း ရဲ့လင်းချန်ပေါ်သို့ အကြည့်ရောက်ကာ ပြုံးလာသည်။

“ဟားဟား … အဲ့လောက် ခွန်အားလေးနဲ့ သူက မောက်မာလာပုံရတယ်၊ သူ ဒီကို လာတာက ငါတို့အတွက် တော်တော်လေး သက်သာသွားတာပဲ”

ရဲ့လင်းချန်၏ ဧရာမ စပါးအုံးမြွေကြီးနှင့် တိုက်ပွဲဗွီဒီယိုကို သူ အနည်းဆုံး အကြိမ်တစ်ရာမက ကြည့်ဖူးသည်။ ရဲ့လင်းချန်၏ အစွမ်းအစကို သူ အပြည့်အဝ သတိထားမိသည်။ သူ၏ ခွန်အားနှင့် လျင်မြန်မှုက အံ့ဩစရာ ကောင်းသော်လည်း … မလုံလောက်သေးပေ။

“သူ့အရည်အချင်းနဲ့ဆို အလွန်ဆုံး တတိယထပ်ထိပဲ ရောက်လိမ့်မယ်”

အကြီးအကဲ ဟီရိုရှီက ပြောသည်။

ထိုအခိုက်တွင် ပထမထပ်၌ …

“ဂျိန်း ဂျိန်း ဂျိန်း”

အဆောက်အဦး၏ ယိုယွင်းနေသော တံခါးများ ပြိုကျသွားသော်လည်း ၎င်းနေရာ၌ မာကြောသော စတီးတံခါးများက အပေါ်မှ ကျလာသည်။ ပျက်စီးနေသော ပြတင်းပေါက်များနေရာတွင်လည်း စတီးဘောင်ခတ် ပြတင်းပေါက်များ ထွက်ပေါ်လာ၏။ တစ်ခန်းလုံးအား ပိတ်လှောင်လိုက်လေပြီ။

…

All Chapters