အသန်မာဆုံးမျိုးဆက်၏ ခွန်အား (၂)
Vol. 36 Ch. 547
အသက်မဲ့အလောင်းအား ကြည့်ကာ ရွှီချင်း၏အမူအရာ ပြောင်းလဲသွားသည်။ သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်ထံမှ ရင်းနှီးသော အငွေ့အသက်တစ်ခုအား ခံစားမိသည်။
ထိုအခိုက်တွင် သူ၏ပဥ္စမနန်းတော်ထံမှ ခရမ်းလသည် အနည်းငယ်မျှ လှုပ်ယမ်းသွားသည်။
“အနီရောင်လရဲ့ အငွေ့အသက်လား…”
ရွှီချင်း၏မျက်လုံးများထဲတွင် ထူးဆန်းသော အကြည့်တစ်ခု ဖြစ်လာသော်လည်း မြန်ဆန်စွာ ပျက်ပြယ်သွားသည်။ ထိုကိစ္စအား တွေးနေရန် အချိန်မဟုတ်ကြောင်း သူ သတိထားသည်။ သူက တစ်ဘက်လူ၏သိုလှောင်အိတ်နှင့် လိပ်ခွံအပိုင်းအစကို သိမ်းဆည်းလိုက်ကာ မှိန်ကျသွားသော ကောင်းကင်နန်းတော်များအား စစ်ဆေးလိုက်သည်။
“အောက်လမ်းတာအိုလုယက်အတတ်{ ကျင်းဝူလျန့်ဝမ့်လင်အတတ်}ဟာ အရိပ်လေးနဲ့ ပေါင်းစပ်ထားတဲ့အချိန်မှာ သုံးလို့ မရဘူး။ ကျင့်ကြံသူတစ်ယောက် သေဆုံးသွားရင် သူတို့သိစိတ်ပင်လယ်ဟာလည်း ပြိုလဲသွားပြီးတော့ နတ်နန်းတော်တွေလည်း ပြိုပျက်ရတယ်။ သူတို့ ရွှေအမြုတေတွေဟာ ညစ်ညမ်းသွားပြီးတော့ သုံးမရတော့ဘူး။”
ရွှီချင်း နောင်တရခြင်း မရှိပါ။
သည်နေရာမှာ အပြင်လူများ ရှိနေသလို တာဝန်လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။ မဟုတ်လျှင် သူက တိုက်ပွဲကို နည်းနည်းအချိန်ဆွဲကာ တစ်ဘက်လူထံမှ အမြုတေအား ဆွဲထုတ်ပစ်မည် ဖြစ်သည်။
သို့သော်လည်း အကယ်၍ သူက အမြုတေထုတ်ယူခြင်းဖြင့် အချိန်ကြာနေပါက တခြားဓားကိုင်သုံးဦးသည် သေချာပေါက် အန္တရာယ်နှင့် ကြုံတွေ့သွားရနိုင်သည်။ ထို့အပြင် တခြားသော ဝတ်ရုံနက်အစောင့်အရှောက်များ စစ်ကူရောက်လာပါက တိုက်ပွဲ၏နောက်ဆုံးရလဒ်မှာ ကွဲပြားသွားနိုင်သည်။
အကျိုးအကြောင်းများကို ဆင်ခြင်ပြီးနောက်တွင် တိုက်ပွဲအား မြန်ဆန်စွာ အဆုံးသတ်ရန် ဖြစ်လာသည်။ မည်သို့ဆိုစေ အမြုတေများအား ထုတ်ယူရန် နောက်ပိုင်း အခွင့်အရေးများ သေချာပေါက် ရှိလာနိုင်သည်။
ဝတ်ရုံနက်အစောင့်အရှောက်အား သတ်ဖြတ်ပြီးနောက်တွင် အရိပ်လေးသည် သူ၏နဖူး၌ စုစည်းသွားကာ မျက်လုံးတစ်လုံးအသွင်သို့ ပြောင်းလဲသွားသည်။ ထို့နောက် သူက ထိတ်လန့်နေကြသော ဓားကိုင်သုံးယောက်အား ခေါင်းညိတ်ပြကာ ညအမှောင်ထဲသို့ ပျောက်ကွယ်သွားတော့သည်။
ဓားကိုင်သုံးယောက်သည် မြေပြင်တွင် ရုပ်ပျက်ဆင်းပျက်သေဆုံးနေသော ဝတ်ရုံနက်အစောင့်အရှောက်အား ကြည့်ကာ ရွှီချင်းထွက်သွားရာဘက်သို့ တဖန်ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့ အချင်းချင်းကြည့်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်ကြ၏။
သူတို့သည် ပြည်နယ်အသီးသီးက ကောင်းကင်လက်ရွေးစင်များ ဖြစ်ကြသည်။ သို့သော်လည်း ဒေသငယ်မြို့တော်သို့ ရောက်ပြီးနောက်တွင် အမြဲတမ်းအားဖြင့် ပိုသာသောလူတစ်ဦး ရှိနေတတ်ကြောင်း နားလည်လာကြသည်။ သူတို့ထက် သာလွန်သူများ၊ ပါရမီမြင့်သူများ အများအပြား ရှိနေကြသည်။
ခုန်ရှန်းလုံဖြစ်စေ၊ ရှန်ဟယ် သို့မဟုတ် လက်ရှိရွှီချင်း ဖြစ်စေ သူတို့အားလုံးမှာ လွန်စွာ သန်မာကြသည်။
“ဒီတစ်ခေါက်ဓားကိုင်လက်သစ်တွေက အရင်ကထက် အားကောင်းကြတယ်လို့ ပြောတယ်။ ထင်တဲ့အတိုင်း ကြောက်စရာပါရမီရှင်တချို့ ရှိနေတာပဲ။”
သို့သော်လည်း သူတို့သုံးယောက်သည် ယုံကြည်မှုပျက်ပြားသွားခြင်းတော့ မရှိပါ။ သူတို့၏မျက်လုံးများမှ ထက်ရှဟန်များ ဖြစ်ပေါ်လာပြီး ရှေ့ကို ဆက်သွားလိုက်ကြသည်။ သို့သော်လည်း သူတို့က ရွှီချင်းသွားရာအရပ်သို့ မရွေးတော့ဘဲ နောက်အရပ်တစ်ခုသို့ ဦးတည်လိုက်ကြသည်။
တစ်ချိန်တည်းတွင် ရွှီချင်းသည် သစ်တောအလယ်သို့ ရောက်လာသည်။
သည်နေရာက တိုက်ပွဲမှာ အတော်လေး ပြင်းထန်သည်။
သည်နေရာတွင် အလစ်တိုက်ခိုက်ရန်စောင့်နေသော ဝတ်ရုံနက်အစောင့်အရှောက်များစွာ ရှိကြသည်။ ယခုကား ရှန်ဟယ်သည် ပတ်ဝန်းကျင်အား အေးစိမ့်စေသော သွေးချီများ ပေါက်ကွဲစေလျှက် သူ ဖြတ်သန်းသွားသောနေရာတိုင်းသည် တစ်ဝုန်းဝုန်းမြည်သံများ ထွက်ပေါ်နေတော့သည်။
ထို့အပြင် သူသည် သတ်ဖြတ်လေလေ သွေးချီအငွေ့အသက်များမှာ ပိုမိုသိပ်သည်းလာလေဖြစ်ကာ သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာလည်း ပိုမိုတိုးတက်လာသည်။
၎င်းသည်ကား သွေးမြူဂိုဏ်း၏လျှို့ဝှက်အတတ် ဖြစ်သည်။ ၎င်းသည် သတ်ဖြတ်ခြင်းအငွေ့အသက်များ ကျင့်ကြံခြင်း ဖြစ်သည်။ ထိုအငွေ့အသက်မပျက်ပြယ်သေးသရွေ့ သတ်ဖြတ်ခြင်းဖြင့် ပို၍ သန်မာစေနိုင်သည်။
အဆုံးသတ်၌ သူသည် ရူးသွပ်နေသည့်အလား ကျယ်လောင်စွာ ရယ်မောလိုက်သေးသည်။ ၎င်းသည် ပုံမှန်အားဖြင့် သုန်မှုန်နေတတ်သော သူ့သဘာဝနှင့် ကွဲလွဲနေလေသည်။
ညဝိညာဉ်သည်လည်း သာမန်မဟုတ်ပါ။
အာကာသမိစ္ဆာအသွင်ပြောင်းဂိုဏ်းကလာသော သူမသည် ပေသုံးဆယ်မြင့်သော အစိမ်းရောင်မိစ္ဆာတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းသွားသည်။ သူမတစ်ကိုယ်လုံးမှ အစိမ်းရောင်မြူခိုးများ ထုတ်လွှတ်နေကာ ခန္ဓာကိုယ်မှာလည်း စူးရှတောက်ပနေသည်။ သူမသည် တိုက်ခိုက်လျှင် အလွန်တရာ ရက်စက်ကြမ်းကြုတ်ကာ နှလုံးနှင့် ဦးနှောက်များကိုသာ ဖောက်ထုတ်သတ်ဖြတ်သည်။
သူမ၏ထူးခြားလှသော ကျင့်ကြံခြင်းအတတ်သည် ရုပ်ခန္ဓာတိုက်ခိုက်မှုများအားလုံးကို လျစ်လျူရှုစေနိုင်ကာ သူမ၏တိုက်ခိုက်မှုများမှာလည်း ပို၍ ရက်စက်သည်။ ရံဖန်ရံဖန် သူမသည် ရန်သူများကိုလည်း ဝါးမျိုတတ်သေးသည်။
သူမနှင့် ရင်ဆိုင်တိုက်ခိုက်သူများမှာကား ကုပ်ခြစ်ရာများနှင့် ပြရှရာများဖြင့် ပြည့်နေသည်။
ထို့အတူ ဝမ်ချန်သည်လည်း ရက်စက်ကြမ်းကြုတ်သည်။ သူ့ပင်မခန္ဓာသည်ကား ခေါင်းတလားထဲက ထွက်လာခြင်း မရှိပါ။
သူ၏ကိုယ်ပွားသည် သဘာဝအားဖြင့် လုပ်ကြံသတ်ဖြတ်သူ ဖြစ်သည်။ ၎င်းသည် မည်သည့်အရောင်အဝါနှင့်မဆို ပေါင်းစပ်နိုင်ကာ ထူးဆန်းစွာဖြင့် ပေါ်လိုက်ပျောက်လိုက် လုပ်နိုင်သည်။
တစ်ခါတစ်ရံ သူသည် ပျောက်ကွယ်သွားပြီးနောက် ရန်သူ၏ခန္ဓာကိုယ်၌ ဖွဲ့စည်းဖြစ်ပေါ်လာပြီး ရန်သူ၏ခန္ဓာကိုယ်အား တိုက်ရိုက်ခွဲခြမ်းလိုက်သည်။ သွေးများသည် သူ၏မြူအသွင်ကို ညစ်ညမ်းစေသည့်တိုင် ၎င်းသွေးများအား အရပ်မျက်နှာမျိုးစုံသို့ ထုတ်လွှတ်ဖြန့်ကျက်လိုက်ပြီးနောက် သူ၏မြူခန္ဓာသည် ရှေ့ကို ဆက်လက်တိုးဝင်ပျောက်ကွယ်သွားတတ်သည်။
ထို့အတူ ဝေဟံမှလည်း မိုးကြိုးလျှပ်စီးများသည် မြေပြင်ပေါ်သို့ ကျဆင်းကာ ပေါက်ကွဲနေကြ၏။
မိုးကြိုးလျှပ်စီးမျိုးနွယ်ဝင်တစ်ဦးဖြစ်သည့်အလျှောက် သူ၏တိုက်ခိုက်ခြင်းစွမ်းရည်သည် ဤသို့သော မိုးခြိမ်းနေသော သဘာဝပတ်ဝန်းကျင်၌ မူလထက် သုံးဆယ်ရာနှုန်းခန့် ပိုသန်မာနေသည်။
သူတို့သုံးယောက် တိုက်ခိုက်နေသည်ကို ကြည့်ကာ သူတို့သည် မည်မျှသန်မာကြောင်း ရွှီချင်း ခံစားရသည်။
ဆင်တူစွာဖြင့် သူတို့သုံးယောက်သည်လည်း ရွှီချင်း ရောက်လာသည်ကို အာရုံခံမိကာ သူ့နဖူးမှ ထူးဆန်းသော မျက်လုံးနှင့် ခန္ဓာကိုယ်မှ ထွက်နေသော နတ်နန်းတော်ခုနစ်ခုစွမ်းအားတို့ကို သတိထားမိကြပြီး ကြီးစွာ ထိတ်လန့်သွားမိကြသည်။
ရွှီချင်းကို ပို၍ စိတ်လှုပ်ရှားစေသည်ကတော့ ကောင်းကင်မှ ခုန်ရှန်းလုံ ဖြစ်သည်။
ဝတ်ရုံနက်အစောင့်အရှောက်လေးဦးသည် နတ်နန်းတော်ရှစ်ခုစွမ်းရည်ကို ပိုင်ဆိုင်ထားကာ အင်ပါယာကျင့်ကြံခြင်းအတတ်များ၊ ဓမ္မအပိုင်းအစများဖြင့် ဝန်းရံတိုက်ခိုက်သလို မိုးကြိုးကဒ်ဘေးလျှပ်စီးကိုပင် ဆင့်ခေါ်နိုင်သည့်တိုင် ခုန်ရှန်းလုံအား မည်သို့မှ လုပ်နိုင်စွမ်း မရှိကြပေ။
သူ၏အပေါင်းအသင်းများက သူ့အား ကူညီရန် တိုက်ခိုက်ပြေးဝင်လာနေသည်ကို သတိထားမိသည်တွင် ခုန်ရှန်းလုံမှာ အနည်းငယ် အရှက်ရသွားဟန်တူသည်။ သူက ဒေါသတကြီးကြည့်ကာ မာန်သွင်းအော်ဟစ်လိုက်သည်။
သူ့ခန္ဓာကိုယ်က နတ်နန်းတော်ဆယ်ခုစွမ်းအား ပေါက်ကွဲထွက်လာသည်။ ရွှေနဂါးသည် မာန်သွင်းအော်ဟစ်ကာ တိမ်တိုက်များထဲသို့ လှည့်ပတ်သွားပြီး ကောင်းကင်ကို ဆွဲဆုတ်သည်။ တိမ်များ ပြိုပျက်သွားပြီးနောက် သူက နဖူးကို ရိုက်လိုက်လျှင် သူ့ခေါင်းပေါ်မှ အနီရောင်ဝတ်ရုံတစ်ခု ခုန်ထွက်လာပြီး သူ့ခန္ဓာကိုယ်အား ရစ်ပတ်သွားသည်။
ဝတ်ရုံနီသည် သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်သွားသည်နှင့် သွေးမြူများ ဝေဟံတစ်ခုလုံး ပေါက်ကွဲထွက်လာပြီး ညအမှောင်သည်ပင် သွေးနီရောင်ညဖြစ်သွားသည်။
ခုန်ရှန်းလုံ၏တိုက်ခိုက်ရေးစွမ်းရည်သည်လည်း ထိုအခိုက်တွင် ကြီးမားစွာ ထိုးတက်သွားသည်။ သူ့ခန္ဓာကိုယ်က ကမ္ဘာပျက်လောက်သည့် မကောင်းဆိုးဝါးအငွေ့အသက်များထွက်ပေါ်လာကာ ပြင်းထန်စွာ ရိုက်ခတ်သွား၏။
တစ်ဝုန်းဝုန်းမြည်သံများကြားရကာ ဝတ်ရုံနက်အစောင့်အရှောက်လေးဦးလုံးသည် သွေးများ အန်ထုတ်လိုက်ကြသည်။ အင်ပါယာအတတ်ဖြင့် ဆင့်ခေါ်ထားသော အနက်ရောင်လက်များမှာ ပြိုပျက်ကာ သူတို့၏ဓမ္မရတနာအပိုင်းအစများမှာလည်း လွင့်စင်သွားရသည်။ သူတို့အားလုံးက မြန်ဆန်စွာ နောက်ဆုတ်ကာ ထွက်ပြေးရန် ပြင်ကြသည်။
သို့သော်လည်း နောက်ကျသွားချေပြီ။ ခုန်ရှန်းလုံ၏ခန္ဓာကိုယ် လှုပ်ယမ်းသွားကာ ဝတ်ရုံနက်အစောင့်အရှောက်တစ်ဦး၏ရှေ့သို့ တိုက်ရိုက်ရောက်လာသည်။ ရက်စက်သော အမူအရာဖြင့် သူက တစ်ဘက်လူ၏ခေါင်းကို လှမ်းရိုက်လိုက်သည်။ ဝုန်းခနဲမြည်သံနှင့်အတူ ဝတ်ရုံနက်အစောင့်အရှောက်၏ခေါင်းမှာ ပေါက်ကွဲသွားကာ သူ၏ခန္ဓာကိုယ်မှာလည်း ပြုတ်ကျသွားသည်။
ခုန်ရှန်းလုံ လှုပ်ရှားလိုက်ပြန်ကာ ဒုတိယတစ်ယောက်ထံသို့ ရောက်လာသည်။ တစ်ဘက်လူက ထိတ်လန့်နေစဉ်မှာပင် သူက ထိုလူ၏ရင်ဘတ်ထဲသို့ လက်ဖြင့်ထွင်းဖောက်ကာ ရက်စက်ကြမ်းကြုတ်စွာ ဆွဲဆုပ်လိုက်သည်။ နာကျင်စွာ အော်ဟစ်သံတစ်ခုနှင့်အတူ ထိုလူမှာလည်း နှစ်ပိုင်းဖြစ်သွားသည်။
တခြားနှစ်ယောက်မှာလည်း လွတ်မြောက်ခြင်းမရှိပါ။ တစ်ယောက်မှာ ရွှေနဂါး၏ဝါးမျိုခြင်းကို ခံရပြီး နောက်တစ်ယောက်မှာ သွေးမြူများလွှမ်းခြုံသွားကာ သွေးအိုင်အဖြစ်သာ ကျန်ရစ်တော့သည်။
ထိုမြင်ကွင်းကို ကြည့်ကာ ရွှီချင်းသည် ခေါင်းဆောင်၏ပြောစကားတချို့အား အမှတ်ရသည်။ ခုန်ရှန်းလုံသည် လူမဟုတ်မျိုးနွယ်များအပေါ်တွင် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်တတ်သည်။
ထို့အပြင် ရွှီချင်းက ဝတ်ရုံနီထံမှ ဝတ်ရုံမျိုးနွယ်ဝင်များ၏အငွေ့အသက်များကို ခံစားမိသည်။
“အဲဒါက အစ်ကိုလုံ ငါးကြိမ် သန့်စင်ထားတဲ့ တားမြစ်ဓမ္မရတနာအစိတ်အပိုင်းတစ်ခုပဲ။”
ဝမ်ချန်၏မြူခိုးခန္ဓာသည် ရွှီချင်းဘေး၌ ဖွဲ့စည်းဖြစ်ပေါ်လာသည်။ သူ့မျက်လုံးထဲ၌ အလင်းတစ်ချက်လက်သွားကာ ရွှီချင်းအား ကြည့်သည်။
“ကလေး… မင်းရဲ့ရုပ်ခန္ဓာလျှို့ဝှက်အတတ်… အဲဒါက အရမ်းအားကောင်းတယ်။ နောက်ပိုင်း တစ်ခေါက်လောက် လက်ရည်စမ်းရအောင်။”
“ငါနဲ့ဝေးဝေးမှာ နေစမ်းပါ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
“မနေဘူးဆိုရင်ရော…”
ဝမ်ချန်က မျက်တောင်ပင့်သည်။
“ငါ့အဆိပ်တွေကို ထိန်းချုပ်ထားမှာ မဟုတ်တော့ဘူး။ မင်းက မကြာခင် ကိုယ်ပွားအသစ်တစ်ခု ရှာရတော့မယ်”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
ချက်ချင်းပင် ဝမ်ချန်သည် ထိုနေရာမှ ပျောက်ကွယ်သွားကာ အဝေးတစ်နေရာ၌ ပေါ်လာပြီး မသက်မသာခြောင်းဆိုးသည်။
ထိုအခိုက်တွင် ခုန်ရှန်းလုံသည်လည်း မြေပြင်ပေါ်သို့ သက်ဆင်းလာသည်။ သူက အားလုံးကို လှမ်းကြည့်လိုက်လျှင် ပြင်ပထူဆိုးထိန်းဌာနက ဓားထိန်းများမှာ ဒဏ်ရာပြင်းထန်သူတချို့ ရှိသော်လည်း သေဆုံးသူများ မရှိသည်ကို တွေ့ရလျှင် စိတ်သက်သာရာရသွားသည်။
ထို့နောက် သူက ရွှီချင်းအား ကြည့်ကာ ခေါင်းညိတ်ပြလျှက် ဝမ်ချန်ကို လှမ်းအော်လိုက်သည်။
“နေဝိညာဉ်… မင်းက မီးခိုးမျိုးနွယ်ရဲ့ကိုယ်ပွားတစ်ခုကို ရထားတာနဲ့ပဲ အတော်လေး စိတ်တက်ကြွနေတယ်ပေါ့ ဟုတ်လား။ မင်းက တခြားဟာတွေ မသင်ယူနိုင်ပေမဲ့ စိတ်ကြီးဝင်ဖို့တော့ သင်တတ်သားပဲ။ မင်းဘာလို့ ငါနဲ့ လက်ရည်မစမ်းတာလဲ။”
“အစ်ကိုလုံ… ကျွန်တော် မှားပါပြီ။”
ဝမ်ချန်က အလျင်အမြန် ပြောသည်။
“မြန်မြန်… တည်နေရာပြောင်းအစီအရင်ကို ပြင်မယ်။”
“ကောင်းပါပြီ”
ဝမ်ချန်က အလျင်အမြန် ပြေးသွားကာ တည်နေရာပြောင်းအစီအရင်အား စတင်ပြင်ဆင်သည်။
ရွှီချင်းက ထိုမြင်ကွင်းကို ကြည့်ပြီး လက်ရှိခုန်ရှန်းလုံသည် ရုံးတော်သခင် ကြိမ်းမောင်းစဉ်ကနှင့် အတော်လေးဆင်တူသည်ဟု တွေးမိလိုက်သည်။