အလယ်အလတ်အဆင့် ဝိဉာဉ်နှင်းစက်တိမ်တိုက်
Vol. 34 Ch. 470
တိုက်ပွဲက မျှော်လင့်ထားတာထက် အများကြီး ပိုမြန်နေခဲ့သည်။
စုစည်းထားသော အဖွဲ့ငါးဖွဲ့သည် မတူညီသောကျောင်းများမှ ဖြစ်သောကြောင့် အထူးတလည်စည်းလုံးမှုမရှိပေ။ ထို့ကြောင့်လည်း အခုလို အလွယ်တကူ လူစုကွဲသွားကြခြင်းဖြစ်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် အားလုံး လမ်းကြောင်းအမျိုးမျိုးသို့ ထွက်ပြေးခဲ့ကြသည်။
တချို့ဆို ဖယ်ထုတ်ခြင်းပင်ခံလိုက်ရသည်။
ခန်းမအဆင့်ပြိုင်ပွဲတွင် ဖယ်ထုတ်ရန် နည်းလမ်းနှစ်ခုရှိသည်။ ပထမအချက်အနေဖြငိ့ တိုက်ပွဲအတွင်းဒဏ်ရာပြင်းထန်စွာရသွားပါက နှင်းစက်ဘူးသီးခြောက်ထဲမှစွမ်းအင်များပွင့်ထွက်လာပြီး ထိုသူကိုကွင်းပြင်ဆီပြန်လည်ပို့ဆောင်ပါလိမ့်မည်။
နောက်တစ်ခုကတော့ နှင်းစက်ဘူးသီးခြောက်ကို တိုက်ရိုက် ဖျက်စီးခြင်းဖြစ်သည်။ ဘူးသီးခြောက် မရှိတော့သူများ ပြိုင်ပွဲဆက်ဝင်လို့မရတော့ပေ။
နှင်းစက်ဘူးသီးခြောက်သည် ဝိဉာဉ်နှင်းစက်သယ်ဆောင်သည့် ရိုးရှင်းသောအရာတခုမဟုတ်ပဲ ၎င်းသည် ပါဝင်သူ၏ကိုယ်ပိုင်အမှတ်အသားဆိုလည်း မမှားနိုင်ပေ။
သိပ်မကြာခင်မှာပင် လီလော့တို့သည် ဝမ်ဟေးကျူ၊ချင်ဇူလု၊ပိုင်တုတုတို့နှင့်ပြန်ဆုံခဲ့ကြသည်။
ပိုင်တုတုက ယုလန်ကိုလိုက်ရှာပြီး.....
"အဆင်ပြေရဲ့လား?"
လူဆယ်ဉီး လိုက်ဖမ်းခြင်းခံခဲ့ရသည့်တိုင် ယခုချိန်ထိကောင်းမွန်စွာရှိနေသေးသည့် ယုလန်ကြောင့် ပိုင်တုတု အံ့သြနေရှာသည်။
"ခေါင်းဆောင် မင်းငါ့ကို ဂရုစိုက်တယ်နော်...."
ယုလန် အမူပိုကာငိုနေသော်လည်း ပိုင်တုတုက လျစ်လျူရှုလိုက်ပြီး.....
" ဘာတွေဖြစ်ခဲ့တာလဲ..."
"ငါ့ကို ပဲ့တင်ထပ်သံနှစ်ခုရှိတဲ့သူလို့ထင်နေကြတာလေ...."
ပိုင်တုတု အံ့အားသင့်သွားပြီး လီလော့ကို လှမ်းကြည့်လိုက်သည်။
ဒါက သူနဲ့ တစ်ခုခု ပတ်သက်နေသလား....
"မမ အဆင်ပြေရဲ့လား"
ထိုအချိန်တွင် ပိုင်မျန်မျန် အပြေးအလွှားရောက်လာပြီး ပိုင်တုတုလက်ကို ဆုပ်ကိုင်လိုက်သည်။
ပိုင်တုတုက ပြုံးပြီး သူမကို ပွေ့ဖက်လိုက်ကာ ညီအစ်မနှစ်ယောက် စကားစမြည်ပြောဖို့ ထွက်လာခဲ့လိုက်သည်။
လီလော့သည် သူ့ညီမနှင့် ဝေးရာသို့ ထွက်ခွာသွားသည့်တိုင် ပိုင်တုတု၏ စူးစူးစိုက်စိုက်အကြည့်ကို ခံစားနေရဆဲပင်....
ဒါက မိန်းမတွေရဲ့ ဗီဇကြောင့်များလား.....
တွေးနေရင်းနဲ့ နောက်ကောင်မလေးတစ်ယောက် သူ့ဆီရောက်လာခဲ့သည်။
"ရွှေနဂါးတာအိုနယ်မြေမှာ နင်လုပ်ခဲ့တာတွေကြောင့်ပဲ မဟုတ်လား"
လုချင်းအာ၏မေးခွန်းကြောင့် လီလော့ အံ့အားသင့်သွားသည်။
ဘယ်လောက်တောင် ထက်မြက်လိုက်သလဲ.... လျှို့ရှောင်က သဲသံမဏိကောလိပ်ကလို့ပြောလိုက်တာနဲ့ ဒီမိန်းကလေးတွေအကုန်တွေးမိနေကြပြီ.... သူတို့က ယုလန်ထက်တောင် ဉာဏ်ကောင်းနေသေးတယ်....
လီလော့၏ အံအားသင့်နေသောအမူအရာကြောင့် လုချင်းအာ အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ထို့နောက် သူမက ယုလန်ကိုလှည့်ကြည့်လိုက်ပြီး......
"ငါတို့ကို ဝိဉာဉ်နှင်းစက်တိမ်တိုက်ဆီမြန်မြန်ခေါ်သွားပေး.... "
သူမစကားကြောင့် သူတို့အားလုံး မျှော်လင့်တကြီးနဲ့ ဆံပင်အစိမ်းနဲ့ကောင်လေးဆီ လှည့်ကြည့်လိုက်ကြသည်။ ဝိဉာဉ်နှင်းစက်တိမ်တိုက်ကို မည်သူမျှ မတွေ့ဖူးသေးပေ။
"ဒါဆို သွားရအောင်။"
ယုလန်က လူအုပ်ကြီးကိုဉီးဆောင်ပြီး တောင်တန်းတစ်လျှောက် လျင်မြန်စွာ ခေါ်ဆောင်လာသော်လည်း နာရီဝက်ခန့်အချိန်ယူခဲ့ရသည်။
နောက်ဆုံးတွင် နွယ်ပင်များဖြင့် ဖုံးလွှမ်းထားသော အဆောက်အအုံတစ်ခုကို လှမ်းမြင်လိုက်ရသည်။
ဝင်ပေါက်က အလွန်ကျဉ်းသောကြောင့် တစ်ယောက်ချင်းစီသာ ဝင်ခဲ့ရပြီးဘအတောမသတ်နိုင်သော ပိုးကောင်များကြောင့် ခက်ခက်ခဲခဲ လမ်းလျှောက်နေကြရသည်။
"ရုတ်တရက် သေးပေါက်ချင်လာလို့ နေရာရှာရင်း ဒီနေရာကိုတွေ့ခဲ့တာ..ဒီနေရာက ခြုံနွယ်တွေ ထူထပ်နေတော့ သေးပေါက်လို့အကောင်းဆုံးပဲလေ... ဟီးဟီး!"
လီလော့သည် ပြင်းထန်သော အနံ့အသက်ဆိုးများနှင့်အတူ စိုစွတ်နေသော မြေဆီလွှာကို တွေ့လိုက်ရသည်။
"မင်း... မင်း..."
လီလော့ ဘာပြောရမှန်းမသိတော့ပေ။
ဒါဆို ယုလန်က သေးပေါက်ဖို့နေရာရှာရင်း ဒီနေရာကိုတွေ့ခဲ့တာပေါ့....ဘယ်လိုလဲကွာ.....
"ငါ့ကိုကျေးဇူးမတင်နဲ့ ...ငါ့ဆီးအိမ်ကိုသာ ကျေးဇူးတင်လိုက်...."
လီလော့က ယုလန်ကို စိတ်လေသည့်အကြည့်များနှင့်သာကြည့်လိုက်ပြီး ကျဉ်းမြောင်းသောလမ်းအတိုင်း ရှေ့ဆက်ခဲ့သည်။
သိပ်မကြာခင် ကျယ်ပြန့်သောဧရိယာတစ်ခုကိုမြင်လိုက်ရပြီး သူ့မျက်လုံးများ တောက်ပလာသည်။
ခြုံထူသော လမ်းကျဉ်းတစ်ခုကိုဖြတ်ကျော်ပြီးချိန်တွင် ယခုအခါ စိမ်းလန်းစိုပြေသော ချိုင့်ဝှမ်းတစ်ခုတွင် သူရပ်နေခဲ့သည်။ အလယ်တွင် ရေတံခွန်တစ်ခုရှိပြီး ကြည်လင်ပြတ်သားသောရေသည် အလင်းရောင်အချို့ကြားတွင် ကျဆင်းနေသည်။ ရေကန်အောက်ခြေတွင် ထူးဆန်းသော အဖြူရောင်ပန်းများ ပေါက်ရောက်နေပြီး ၎င်းတို့၏ အပွင့်များသည် အပေါ်မှ မြူခိုးများကို ဆွဲငင်ထားကြသည်။
နူးညံ့ဖြူစင်သော အပွင့်အဖူးများပေါ်တွင် နှင်းမှုန်များ စိမ့်ဝင်နေသည်။
ထိုစွမ်းအင်အမှုန်အမွှားများသည် လိုအပ်သောပမာဏသို့ရောက်သည်နှင့် ဝိဉာဉ်နှင်းစက်အဖြစ်သို့ ပေါင်းစည်းသွားမည်ဖြစ်သည်။
"အလို!"
နောက်မှရောက်လာသော ပိုင်မျန်မျန်တို့တတွေလည်း သူတို့ရှေ့က လှပတဲ့ မြင်ကွင်းကြောင့် မှင်သက်နေကြလေသည်။
"လှလိုက်တာ....."
" သိပ်သည်းတဲ့ သဘာဝစွမ်းအင်တွေ ဘယ်လောက်များလိုက်သလဲ.... "
"အားလုံးပေါင်း ၂၃ စက်ရှိတယ်”
"ဒါက အလယ်အလတ်အဆင့် တိမ်တိုက်ပေါ့... "
ဤပန်းများသည် နှင်းစက်ရည်ရရှိနိုင်မည့်အရေအတွက်ကို ကိုယ်စားပြုသည်။ ဆိုလိုသည်မှာ ဤနေရာတွင် နှင်းစက်ရည် ၂၃ စက်မျှသာ ရရှိတော့မည် ဖြစ်သည်။
ဝိဉာဉ်နှင်းစက်တိမ်တိုက်များကို သာမာန်အဆင့်၊ အလယ်အလတ်အဆင့်နှင့်သာလွန်အဆင့်ဟူ၍ ၎င်းတို့၏ အထွက်နှုန်းပေါ်မူတည်ပြီး အဆင့် ခွဲခြားထားသည်။
ထို့ကြောင့် ၂၃စက်ကို အလယ်အလတ်အဆင့် အဖြစ်သတ်မှတ်ရပေလိမ့်မည်။
ချင်ဇူလု၊ဝမ်ဟေးကျူ၊ရိလီရှနှင့် အခြားသူများ ကတုန်ကယင်ဖြစ်နေကြသည်။ ယခုအချိန်အထိ ဝိဉာဉ်နှင်းစက် သုံးစက်သာရှာတွေ့ခဲ့သည့်အတွက် ၂၃စက်ဆိုသည်မှာ အံ့သြဖွယ်ပမာဏသာပင်.....
"မဆိုးဘူး..ဒီတစ်ကြိမ် မင်းတကယ်ကံကောင်းခဲ့တာပဲ"
လီလော့ရဲ့ ချီးကျူးစကားကို ယုလန်က လက်ခါခြေခါဖြင့် ဟန်ပါပါ ငြင်းဆန်လိုက်သည်။
"ကျောင်းရဲ့ဂုဏ်သိက္ခာကို စောင့်ရှောက်ဖို့ ငါတို့အားလုံးမှာ တာဝန်ရှိတယ်...."
လီလော့ ရယ်မောလိုက်ပြီး ပါးလွှာသော စွမ်းအင်များ စုစည်းထားသော ချိုင့်ဝှမ်း၏ထိပ်ကို မျှော်ကြည့်လိုက်သည်။ ချိုင့်ဝှမ်းထိပ်တွင် မြူခိုးများ ထပ်မံထွက်မလာအောင် ကာကွယ်ပေးသည့် ဖန်သားပြင်တစ်ခု ရှိနေသည်။ ဆိုလိုသည်မှာ တစ်စုံတစ်ယောက်က အပေါ်စီးမှစစ်ဆေးပင်လျှင် မြင်နိုင်ဖို့မလွယ်ပေ။
"ဒါပေမယ့် အခု ပြဿနာက နှင်းကျဖို့စောနေသေးတယ်.... တညတော့စောင့်ရလိမ့်မယ်....ဒါပေမယ့် တိမ်တိုက်ကနေ သက်တံအလင်းတွေထွက်လာရင် အခြားသူတွေရောက်လာမှာပဲ.... သေချာပေါက် တိုက်ပွဲကြီးတစ်ခု ဖြစ်လိမ့်မယ်...."
လုချင်းအာ၏သုံးသပ်ချက်ကြောင့် အားလုံးတိတ်ဆိတ်သွားကြသည်။
" ဟုတ်တယ်..ဒါက ခန်းမအဆင့် ပြိုင်ဆိုင်မှုရဲ့ရည်ရွယ်ချက်အစစ်အမှန်ပဲလေ...ဝိဉာဉ်နှင်းစက်တိမ်တိုက်တွေက ဒီရည်ရွယ်ချက်အတွက် ချပေးထားတဲ့ငါးစာတွေဆိုတော့ အလကားရဖို့ မျှော်လင့်နေလို့မဖြစ်ဘူး.... ဘာပဲဖြစ်ဖြစ် နှင်းစက်တွေက ရှာရခက်တယ်.... အကယ်၍ လုံကူကျွန်းကို လူများများ စေလွှတ်ချင်ရင် နှင်းစက်တွေအများကြီး လိုလိမ့်မယ်....တခြားကောလိပ်ကလူတွေနဲ့ခွဲဝေနေစရာအကြောင်းမရှိဘူး....ငါတို့အတွက် ၂၃ စလုံးကို လိုချင်တယ်"
လီလော့၏ ဆုံးဖြတ်ချက်ပြတ်သားသော စကားများကြောင့် ချင်ဇူလုက
"ငါ သဘောတူတယ်!" ဟု ပထမဦးဆုံး ထောက်ခံချက် အော်ဟစ်ခဲ့သည်။
အားလုံးကို သူတို့ကိုယ်တိုင် ယူသင့်တာပေါ့....မျှဝေရမယ်တဲ့လား.... တခြားကျောင်းတွေနဲ့ မျှဝေရမယ့် တစ်ခုတည်းသော အရာကတော့ သူ့လက်သီးချက်တွေပဲဖြစ်လိမ့်မယ်.....
"နင်ကခေါင်းဆောင်ဆိုတော့..နင်ပဲဆုံးဖြတ်ပါ..."
ပိုင်တုတုနှင့်ရိလီရှတို့က စကားလုံးများဖြင့်သဘောတူခဲ့သော်လည်း ဝမ်ဟေးကျူကတော့ နှုတ်ဆိတ်နေခဲ့ပြီး အသံတိတ် သဘောတူလိုက်သည်။
"ကောင်းပြီ..ဒါဆိုရင် အားလုံး ပြင်ဆင်ထားသင့်တယ်။ ကောင်းမွန်တဲ့ ခံစစ်တိုက်ပွဲတစ်ခုဆင်နွှဲရတော့မှာမို့ ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့စွမ်းအားကို သူတို့အားလုံးသိအောင် ပြရမယ်......"
***