ဓားချက် တစ်ချက်
Vol. 34 Ch. 476
တောင်စောင်းရှိသစ်ပင်များသည် အောက်ဘက်ရှိ စိမ်းစိုနေသောမြေဆီလွှာကို အုပ်မိုးပေးထားသော်လည်း လရောင်ခြည်အောက်တွင် အပြာရောင်အလင်းမှိန်မှိန်များနှင့်နီရဲနေသောမီးတောက်များကြောင့် အေးချမ်းမှုစိုးစဉ်းမျှရှိမနေခဲ့ပေ။
ဝိဉာဉ်နှင်းစက်တိမ်တိုက်သို့ဉီးတည်နေသည့် လမ်းကြောင်းသုံးခုစလုံးတွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေကြဆဲပင်....
အချိန်တွေကြာလာတာနဲ့အမျှ၊ ပိုများသောအဖွဲ့များ ပေါင်းစည်းလာကြသည်။ သူတို့သည် ကြီးကျယ်သောဆုကြီးကို မျှော်ကြည့်နေကြပြီး သူတို့ပါဝင်ရမည့် တိုက်ပွဲများဆီသို့ ဦးတည်သွားကြသည်။
သို့သော်လည်း ရုန်းရင်းဆန်ခတ်အခြေနေထဲသို့ ချက်ချင်း ဝင်မပါခဲ့ကြပေ။
ပထမဦးစွာ၊ ဤနေရာသို့ အပြေးအလွှားရောက်လာကြသော အဖွဲ့များသည် ကျန်သည့်အဖွဲ့များရောက်လာမည့်အချိန်ကို စောင့်နေကြဆဲဖြစ်သည်။ ဒုတိယအနေနှင့်၊ ရုန်းရင်းဆန်ခတ်ဖြစ်မှုထဲသို့ မျက်စိစုံမှိတ်ဝင်ရောက်ခြင်းသည် လက်ရှိတိုက်ခိုက်ရေးသမားများကို ၎င်းတို့အား တွန်းလှန်စေနိုင်သည်။ သူတို့သည် ပိုမိုထက်မြက်ပြီး သတိရှိသောနည်းလမ်းကို ရွေးချယ်ခဲ့ကြသည်။ တိုက်ပွဲမည်ကဲ့သို့ ကြီးထွားလာမည်ကို စောင့်ကြည့်နေရုံသာ....
အကောင်းဆုံးကတော့ နှစ်ဖက်စလုံး ဒဏ်ရာရသွားတဲ့အခါ အရှိန်ပြင်းပြင်းနဲ့အခွင့်ကောင်းဝင်ယူဖို့သာပင်....
ကြယ်တာယာခရီးရှည်ကောလိပ်၏ တပ်မှူး ထုတ်ဖော်ပြသခဲ့သည့် ပဲ့တင်ထပ်သံနှစ်ခု၏စွမ်းအားများသည် အဓိကတိုက်ပွဲတွင် အများစုကို ကိုယ်ရှိန်သတ်သွားစေခဲ့သည်။
သူတို့ ထိတ်လန့်နေကြသည်။ ကြယ်တာယာခရီးရှည်ကောလိပ်သည် ဤကဲ့သို့သော ဝှက်ဖဲမျိုးကို ဖုံးကွယ်ထားမည်ဟု မည်သူမျှ မထင်မိခဲ့ကြပေ။
တစ်ယောက်တည်းနှင့် သုံးယောက်ကိုဖိနှိပ်နိုင်ခြင်းသည် အံ့မခန်း စွမ်းအားကြီးပင်.....
သို့သော် ကြည့်ရှုသူနှင့် အခွင့်ကောင်းစောင့်နေသူ အရေအတွက်များလာသည်နှင့်အမျှ၊ တိုးချဲ့တိုက်ပွဲသည် ကြယ်တာယာခရီးရှည်ကောလိပ်၏ အကျိုးစီးပွားအတွက် မဟုတ်ပေ။
၎င်းတို့သည် စောင့်ကြည့်သူများထံ ၎င်းတို့၏ ခွန်အားကို ကြေညာပြီး နောက်ထပ်တိုက်ခိုက်မှုများကို တားမြစ်သည့် လွှမ်းမိုးနိုင်သော စွမ်းအားများဖြင့် အရာများကို လျင်မြန်စွာ ပြတ်ပြတ်သားသား အဆုံးအဖြတ်ပေးလိုကြသည်။
သို့သော် ကြယ်တာယာခရီးရှည်ကောလိပ် တွင် ထိုသို့သော စွမ်းအားရှိပါသလား။
အနီးနားရှိသစ်ပင်များကို ပြင်းထန်စွာလှုပ်ခတ်သွားစေသည့် စွမ်းအားတစ်ခုကြောင့် အားလုံးက နာခံမှုရှိစွာ တစ်ဖက်သို့ ရှောင်တိမ်းလိုက်ကြသည်။ သစ်ရွက်များနှင့် မြက်ပင်များသည် စိမ်းစိုသောလှိုင်းလုံးများကြောင့်ထောင်းထောင်းကြေမွကုန်သည်။
တိုက်ပွဲဝင် လေးဦးစလုံးသည် တိုက်ပွဲ၏ အရှိန်အဟုန်နှင့် တိုက်ပွဲအတွင်း ပိတ်လှောင်ခံထားရသည်။
တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်နှင့်အမျှ ၎င်းတို့ပတ်ဝန်းကျင်ရှိ သစ်တောများ တဖြည်းဖြည်း ရှင်းလင်းလာသည်။
"ကုံကုမံရိုက်ချက်!"
ကျောက်ရှင်းယင် မြေပြင်ကို လက်သီးဖြင့်ထိုးချလိုက်သောအခါ တောက်ပသော အဝါရောင်နွယ်ပင်များ ထွက်ပေါ်လာပြီး ဧရာမလက်ဖဝါးကြီးတစ်ခုအဖြစ်ဖွဲ့စည်းသွားကာ လီလော့ဆီရွေ့လျားသွားသည်။
ကျင်းစဲ့ယွီ့ရှန်းဓားသည် စိတ်အားထက်သန်ဖြင့် ထောင့်ဖြတ်ခုတ်ပိုင်းချက်နှင့်အတူ လက်ဖဝါးကြီးကိုဖြိုခွင်းလိုက်သည်။
ကျောက်ရှင်းယင် ရှုံ့မဲ့သွားသည်။ လီလော့ ရဲ့လက်ထဲက ဓားကို စိုက်ကြည့်ပြီး အံကြိတ်မိလိုက်သည်။
သူ၏ပဲ့တင်ထပ်သံသည် ခံနိုင်ရည်ရှိမည်ဟု ယူဆရသည်။ သို့သော် သူ၏ယခင်တိုက်ခိုက်မှုအားလုံးကို လီလော့က ဓားတစ်လက်ဖြင့် တို့ဖူးလှီးသလို ဖြိုခွင်းပစ်ခဲ့သည်။
သူ့ဓားတွေက မှော်ဆန်တယ်... လီလော့က လူတင်သန်မာတာမဟုတ်ဘူး....
တချက်ကြည့်လိုက်ရုံဖြင့် လီလော့၏ဓားသည် အဖိုးတန်သောရွှေမျက်လုံးအဆင့်ရတနာဖြစ်သည်ကို သိနိုင်သည်။
လီလော့၏ ပဲ့တင်ထပ်သံနှစ်ခုကို ဖြေရှင်းရန် ခက်ခဲနေချိန်တွင် ကောင်းမွန်သောလက်နက်တစ်ခုပါ ပါလာသောအခါ ပို၍ပင်ခက်ခဲနေလေတော့သည်။
ကျန်းဖူရှင်းနှင့်တင်းချီတို့သည် ကျောက်ရှင်းယင်ဘက်မှ ပေါ်လာပြီး စိတ်ပျက်လက်ပျက်နှင့် စိုးရိမ်နေပုံရသည်။ ယခုတော့ လီလော့ မည်မျှ သန်မာသည်ကို ကောင်းကောင်းကြီးသိခဲ့ရပြီ......
လေးယောက်ပေါင်းပြီးတိုက်တာတောင် အားသာချက်နည်းနည်းမှ ရှာမတွေ့ခဲ့ပေ။
သူတို့ ဘယ်လောက်ပဲ စွမ်းအားတွေထပ်ဖြည့် နေပါစေ သူတို့ရဲ့ တိုက်ခိုက်မှုတွေကို ဘယ်လောက်ပဲ ကောင်းအောင် ချိန်ညှိနေပါစေ လီလော့က အမြဲတမ်း ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။
ထို့အပြင်၊ လီလော့ဘက်ကလည်း သူတို့ကိုဖြုတ်ချရန် နည်းလမ်းရှာနေကြောင်း ခံစားနေရသည်။
သုံးယောက်စလုံး ပထမဆုံးအကြိမ် အတူတကွ တိုက်ခိုက်ခဲ့ကြသော်လည်း ၎င်းတို့၏ နှစ်ပေါင်းများစွာ တိုက်ပွဲအတွေ့အကြုံများက စည်းချက်ညီစေဖို့ အမြန်ဖန်တီးပေးခဲ့သည်။
သို့တိုင် သူတို့သုံးယောက် လီလော့ကို မနိုင်မှန်း သူတို့သိသည်။
ကျောက်ရှင်းယင်က ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်ပြီး....
“တခြားကောလိပ်က မိတ်ဆွေတို့...မင်းတို့တွေ ဒီဝိဉာဉ်နှင်းစက်တိမ်တိုက်ကို စိတ်ဝင်စားရင် ငါတို့နဲ့ လက်တွဲလိုက်ပါ.... ပြီးရင်ခွဲဝေယူကြမယ်...!”
အချိန်အတော်ကြာ တိုက်ခိုက်ထားရသည့်အတွက် လီလော့ မကြာခင်အားကုန်တော့မည်။နောက်ထပ်ကောလိပ်တခုကသာ ဒီလို ရုန်းရင်းဆန်ခတ်အခြေနေထဲကို ဝင်ရောက်ခဲ့မယ်ဆိုရင် လီလော့ ကြာကြာထိန်းထားနိုင်မည်မဟုတ်ဟု သူယုံကြည်ခဲ့သည်။
ကျောက်ရှင်းယင်၏အော်သံသည် တောအုပ်တခွင်တွင် ပဲ့တင်ထပ်နေပြီး အချို့သော တပ်ဖွဲ့များ ဂနာမငြိမ်ဖြစ်နေကြသည်။ သူ့ဖိတ်ခေါ်ချက်ကြောင့် သူတို့သည် တိုက်ပွဲဝင်ရန် ပြတ်သားသော အကြောင်းပြချက်တခုရရှိသွားပြီဖြစ်သည်။ ကျောက်ရှင်းယင် သည် ထိုအခိုက်အတန့်ကို ကောင်းစွာရွေးချယ်ခဲ့သည်။
သို့သော်လည်း တုံ့ဆိုင်းနေကြဆဲပင်....
ကျောက်ရှင်းယင်၏ ရိုးရှင်းသောချဉ်းကပ်မှုကြောင့် လီလော့ အံ့သြသွားသည်။
“နောက်ထပ် အကူထပ်ခေါ်ရင် မင်းတို့အတွက် နှင်းရည်တစ်စက်တောင်ကျန်မှာမဟုတ်ဘူး....."
"ဒါငါ့ကိစ္စပါ..."
ကျောက်ရှင်းယင်က အေးဆေးစွာပြောလိုက်သည်။
"လီလော့၊ အဖွဲ့တွေ ပိုများလာပြီး အခြေအနေတွေ ဖရိုဖရဲ ဖြစ်နေပြီ.... ငါတို့ရဲ့ကမ်းလှမ်းချက်ကို သေချာပြန်စဉ်းစားပါ....ဒါဆို ဝိဉာဉ်နှင်းစက်တိမ်တိုက်ကိုငါတို့နှစ်ဖွဲ့တည်းခွဲယူနိုင်လိမ့်မည်....."
လီလော့က ပြုံးပြီး ခေါင်းခါလိုက်ကာ
လူစုံသလောက်ရှိနေပြီ” ဟု ဆိုလိုက်သည်။
ကျောက်ရှင်းယင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"ဘာလဲ?...."
"အော်...အရင်တစ်ခေါက် မင်းတို့ကိုအနိုင်ယူခဲ့တုန်းက လူမစုံတော့ ငါနာမည်ကြီးသင့်သလောက်မကြီးခဲ့ဘူးလေ....အခုလူအများကြီးရှိနေပြီဆိုတော့ မျိုးဆက်သစ်တွေကိုကြေငြာပြီးသားဖြစ်သွားတာပေါ့......"
ကျောက်ရှင်းယင်က ရယ်မောလိုက်သည်။
" လီလော့၊ မင်း ငါတို့ကို အင်အားအပြည့်နဲ့ တိုက်ခိုက်နေတာမဟုတ်ဘူးလို့ ပြောချင်တာလား....."
"တိုက်ပွဲတဲ့လား...? ခုနက တိုက်နေတာ သွေးပူရုံလေးပဲရှိသေးတာ....”
လီလော့သည် ကျောက်ရှင်းယင်၏ ဒေါသကို လျစ်လျူရှုကာ ကျင်းစဲ့ယွီ့ရှန်းကိုတင်းကြပ်စွာဆုပ်ကိုင်လိုက်လေသည်။
သူ၏ ပဲ့တင်ထပ်သံပူဖောင်းပညာရပ်သည် အခုချိန်တွင် ပူဖောင်း ၁၁ ခုအထိရှိနေပြီဖြစ်သည်။
သို့သော်လည်း ပူဖောင်း ၁၁ခုထဲမှ နှစ်ခုတွင်အဆိပ်များပြည့်နှက်နေသောကြောင့်ယောင်လို့ပင် မထိဝံပေ။
သူသည် ယခုအချိန်တွင် ပူဖောင်း ကိုးခုအနက်မှ ခုနစ်ခုကို ထုတ်သုံးလိုက်သည်။
များပြားလှသော စွမ်းအားများ ပဲ့တင်ထပ်သံနန်းတော်နှစ်ခုထဲသို့ စီးဝင်သွားပြီး မှေးမှိန်မသွားမီ ၎င်းတို့ကို လျင်မြန်စွာ ပေါင်းစပ်ခဲ့သည်။
ပဲ့တင်ထပ်သံနှစ်ခုရဲ့ပေါင်းစပ်စွမ်းအား.......
အစိမ်းရောင်နှင့်အပြာရောင်ရောယှက်နေသောစွမ်းအားများ ကျင်းစဲ့ယွီ့ရှန်းဓားထဲသို့ စိမ့်ဝင်သွားခဲ့သည်။
ကျင်းစဲ့ယွီ့ရှန်းဓားရိုးသည် ဝင်ရောက်လာသောစွမ်းအားများကြောင့် ခပ်သဲ့သဲ့တုန်ခါသွားခဲ့သည်။
ဓားသည် သူရရှိလာသည့် စွမ်းအားကို အားရကျေနပ်စွာ တုံ့ပြန်ခဲ့သည်။
တစ်ချိန်တည်းမှာပင် စိမ်းပြာရောင် အခိုးငွေ့များဓားသွားကို ရစ်သိုင်းလာသည်။
"တသားတည်းဖြစ်အောင်ပေါင်းစည်းနိုင်တဲ့အဆင့်လား...?!"
ကျောက်ရှင်းယင်နှင့် အခြားသူများ မျက်လုံးကျွတ်ကျလုမတတ် အံသြနေကြသည်။
"ဒီတိုက်ခိုက်မှုကိုခံနိုင်ရင် ဘယ်သူ့ကိုမဆို ဝိဉာဉ်နှင်းစက်တိမ်တိုက်ပေးမယ်...."
ဤသည်မှာ ကမ်းလှမ်းမှုတစ်ခုမဟုတ်ခဲ့ပေ။
"ရေတစ်ထောင် ဓားချက်...."
တိတ်ဆိတ်သောပတ်ဝန်းကျင်တွင် လီလော့၏ကြွေးကြော်သံသည် မိုးခြိမ်းသံတမျှကျယ်လောင်စွာ ထွက်ပေါ်လာပြီး သူတို့၏ အမြင်အာရုံများကို ပြာဝေသွားစေခဲ့သည်။
မရေမတွက်နိုင်သော ရေဓားသွားများသည် အစုအဝေးတစ်ခုဖြင့် ၎င်းတို့ဆီသို့ ပျံသန်းသွားကြပြီး တောတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
တောအုပ်ကြီးတခုလုံး တုန်လှုပ်သွားပြီး စောင့်ကြည့်သူများ အံ့အားသင့်နေကြတော့သည်။
***