ထာဝရပျယ်လွင့်မသွားတော့မယ့် အိပ်မက် (၁)
Vol. 37 Ch. 548
မိုးမှာ ဆက်၍ သည်းထန်စွာ ရွာသွန်းနေကာ တည်နေရာပြောင်းအစီအရင်အနီးအနားမှ သွေးအိုင်သွေးကွက်များအား မြန်ဆန်စွာ ဆေးကြောသွားကြ၏။
တစ်ကြိမ်ပြီးတစ်ကြိမ် မိုးခြိမ်းသံများ ထွက်ပေါ်လာတတ်သေးသည်။ ဝမ်ချန်သည်ကား တည်နေရာပြောင်းအစီအရင်အား မြန်ဆန်စွာ ပြန်ပြင်လျှက် ပို့ဆောင်မည့်နေရာအား ချိန်ညှိနေသည်။
မည်သို့ဆိုစေ သည်နေရာကား ဝတ်ရုံနက်အစောင့်အရှောက်များ ကျူကျော်ခြင်းကို ခံထားရရာ သူတို့က အစီအရင်အား ပြင်ဆင်နိုင်သည့်တိုင် ရောက်ရှိသွားနိုင်သည့်နေရာ၏ဘေးကင်းမှုကို အာမ,မခံနိုင်ပေ။
ထို့ကြောင့် ဘေးကင်းသောနည်းလမ်းမှာ တည်နေရာပြောင်းအစီအရင်၏ နောက်နိုင်သောနေရာအား ပြန်ပြောင်းခြင်း ဖြစ်သည်။
ပြင်ဆင်ခြင်းဖြစ်စဉ်၌ ခုန်ရှန်းလုံသည် သန့်စင်ရေလှိုင်းမျိုးနွယ်၏နယ်ခြားစည်းအရပ်သို့ မကြာခဏ သုန်မှုန်စွာ ကြည့်နေတတ်သည်။
“ဒီနေရာက ငါ့အတွက် အထူးတလေ ပြင်ဆင်ထားတာ ဖြစ်ပုံမရဘူး။ သူတို့က ငါ့တည်နေရာကို ခြေရာခံဖို့လည်း မလွယ်ဘူး။ ပြီးတော့ သူတို့သာ ငါ့ကို ပစ်မှတ်ထားတာဆိုရင် လူနည်းနည်းပဲ လွှတ်မှာ မဟုတ်ဘူး။”
“သူတို့က ဒီနေရာသို့ ချဉ်းကပ်လာတဲ့ ဘယ်သူ့ကိုမဆို တားဆီးတဲ့ပုံစံမျိုးပဲ။ တည်နေရာပြောင်းအစီအရင်နဲ့ပတ်သက်ပြီး ပြဿနာသိပ်မရှိလောက်ဘူး။”
ရွှီချင်းကလည်း ဘေးက တီးတိုးပြောသည်။
“သန့်စင်ရေလှိုင်းမျိုးနွယ်က သူလျှိုကို ရှာနေတာပဲ။”
ရှန်ဟယ်သည်လည်း လမ်းလျှောက်လာရင်း ဖြေးလေးစွာ ပြောသည်။
“ကျွန်မတို့လမ်းကြောင်းက အစစ်အမှန်များ ဖြစ်နေမလား။”
ညဝိညာဉ်က အံ့အားသင့်စွာ ပြောသည်။ ထို့နောက် သူမက အလိုအလျှောက် ပတ်ဝန်းကျင်ကို ကြည့်သည်။ အကြောင်းကား သူတို့၏ယခင် သုံ့သချက်များအရ လမ်းကြောင်းအစစ်အမှန်၌ ပညာရှင်တချို့ လိုက်ပါစောင့်ရှောက်နိုင်ပေသည်။
“မဟုတ်လောက်ဘူး။ သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ လှုပ်ရှားပုံတွေအရ သူတို့ကလည်း သူလျှိုရဲ့ လမ်းကြောင်းကို မသိသေးဘူး။ ဒါကြောင့် သူတို့က နယ်ခြားစည်းနေရာအနှံ့ လိုက်ရှာနေတာပဲ။”
ခုန်ရှန်းလုံ၏မျက်လုံး စူးရှသွားသည်။
ရွှီချင်းကလည်း အသာခေါင်ညိတ်သည်။
ယခုတာဝန်တွင် သူတို့သည် လမ်းကြောင်းလွဲများသာဖြစ်မည်ဟု အားလုံးက တွေးထားကြသည်။ သူလျှို၏အပြန်လမ်းသည် လမ်းကြောင်းလွဲကိုးခုနှင့် အစစ်အမှန်တစ်ခုဖြင့် ရောနှောထား၏။
ထိုနည်းလမ်းက သန့်စင်ရေလှိုင်းမျိုးနွယ်၏အာရုံကို လှည့်ဖြားရန်လည်း ဖြစ်သည်။ ထို့အပြင် ဓားကိုင်ရုံးတော်ကလည်း အစစ်အမှန်လမ်းကြောင်းအတွက် အထူးပညာရှင်များ စေလွှတ်ကာကွယ်ပေးထားပေမည်။
ထို့ကြောင့်ပင် ပြင်ပလူဆိုးထိန်းဌာနက အဖွဲ့ငယ်အများအပြား စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် သည်တစ်ခေါက် တာဝန်၌ ထွက်လာကြသော အဖွဲ့ငယ်များအားလုံးမှာ လမ်းကြောင်းလွဲများ ဖြစ်မည်ဟု ရွှီချင်း တွေးထင်နေသည်။ အမှန်တကယ် လှုပ်ရှားနေသည့် လျှို့ဝှက်အဖွဲ့တစ်ခုပင် ရှိနိုင်သည်။
ထို့အပြင် လူသားမျိုးနွယ်သို့ ပြန်လာသော သူလျှိုသည် သူတို့၏အကူအညီကို မလိုအပ်သည်လည်းဖြစ်နိုင်၏။
ဤသည်ကား မျိုးနွယ်နှစ်ခုအကြား စစ်တုရင်ကစားပွဲတစ်ခုလည်း ဖြစ်သည်။
သို့သော်လည်း ဤကိစ္စ၌ ရွှီချင်းသည် လူသားမျိုးနွယ်၏ဆုတ်ယုတ်မှုအား သိသိသာသာ သတိထားမိသည်။
ဥပမာအားဖြင့် ဝိညာဉ်သူငယ်အဆင့်များအတွက် တားမြစ်ခြင်းများ ရှိသော်လည်း ဝိညာဉ်သူငယ်အဆင့်အောက်က သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်အများအပြား ကျူးကျော်ရောက်ရှိနေခြင်းက ဖုန်းဟိုင်ဒေသငယ်၏အားနည်းချက်အား ဖော်ညွန်းနေသည်။
လူတိုင်းက ထိုအချက်ကို သဘောပေါက်ကြသည်။
မကြာခင် တည်နေရာပြောင်းအစီအရင် ပြင်ဆင်ပြီးသွားသည်။
သည်တစ်ခေါက် ထောက်ကူခြင်းသည် စစ်မှန်သည်ဖြစ်စေ၊ ယောင်ပြဖြစ်စေ သူတို့အုပ်စုက သတ်မှတ်နေရာသို့ ဆက်သွားရပေမည်။ ထိုအခိုက်တွင် သူတို့သည် တည်နေရာပြောင်းအစီအရင်သို့ ဝင်လိုက်ကြကာ မိုးသည်းထဲ၌ ပျောက်ကွယ်သွားကြသည်။
သူတို့ ပြန်ပေါ်လာသောအခါ လင်းလန်ပြည်နယ်ထဲတွင်ရှိသော တောင်ကြားတစ်ခုသို့ ရောက်နေသည်။
“သတိကပ်ထားကြ… ဒီနေရာမှာ သန့်စင်ရေလှိုင်းမျိုးနွယ်က ကျူးကျော်လာတဲ့သူတွေ အများကြီး ရှိနိုင်တယ်။ ငါက သူလျှိုကို လက်ခံရမယ့်နေရာကို အရင်စစ်ဆေးကြည့်လိုက်ဦးမယ်။ သူ အသက်ရှင်နေပါစေလို့ ငါမျှော်လင့်တယ်။”
ခုန်ရှန်းလုံက လှမ်းသွားလိုက်ရင်း ပြောသည်။ တစ်ချိန်တည်းတွင် သူက သံလိုက်အိမ်မြောင်တစ်ခုအား ထုတ်လိုက်သည်။
၎င်းတွင် ဓားကိုင်များအကြား လျှို့ဝှက်ဆက်သွယ်နိုင်သော နည်းလမ်းများ ရှိသည်။ တာဝန်ဦးဆောင်သူတွင်သာ ထိုနည်းလမ်းများကို သိပေသည်။
ဥပမာအားဖြင့် ထိုသံလိုက်အိမ်မြောင်သည် ယခုတာဝန်အတွက် သတ်မှတ်ထားသော ဆက်သွယ်ရေးနည်းလမ်း ဖြစ်သည်။ ၎င်းက သူတို့အား သူလျှိုရှိရာနေရာသို့ ခေါ်သွားပေမည်။
သူတို့၏တာဝန်သည် တစ်ဘက်လူကို ရှာဖွေကာ ခေါ်ယူသွားရန် ဖြစ်သည်။
အထူးလေ့ကျင့်ရေး ရက်သတ္တပတ်၌ ဓားကိုင်ရုံးတော်က ထိုအသိပညာအား လူတိုင်းကို သင်ပေးခဲ့သည်။
ခုန်ရှန်းလုံက လက်ဟန်အတွဲလိုက်ပြုလုပ်လိုက်ကာ သံလိုက်အိမ်မြောင်အား ချိန်ရွယ်လိုက်သည်။ ချက်ချင်းပင် သံလိုက်အိမ်မြောင်က အိမ်မြောင်တံသည် အဆက်မပြတ်လည်ပတ်သွားကာ ဦးတည်ချက်ကို မပြသဘဲ ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။
ပုံရိပ်ထဲတွင် အဝေးတွင်ရှိသော နေရာတစ်ခုအား အနီစက်ဖြင့် ပြသထားသည်။ ထိုအခိုက်တွင် ၎င်းသည် အတော်လေး အားနည်းသော အခြေအနေတစ်ခုအား ဖော်ညွန်းနေ၏။
ထိုအနီရောင်အမှတ်အား ကြည့်ကာ လူတိုင်းက စိတ်သက်သာရာရသွားကြသည်။
ဆိုလိုသည်က ထိုသူသည် အသက်ရှင်နေသေးသည်။
ခုန်ရှန်းလုံသည်လည်း စိတ်တက်ကြွသွားကာ လူတိုင်းကို တာဝန်များခွဲဝေပေးလိုက်သည်။
သူက သူလျှိုအား အလောတကြီး သွားခေါ်၍ မဖြစ်ပေ။ တစ်ဘက်လူ၏တည်နေရာ ပေါက်ကြားသွားကာ အန္တရာယ်များ ဖြစ်လာနိုင်သည်။
ထို့ကြောင့် ပထမဆုံး သူလုပ်ရမည်ကား သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်များကို မြူဆွယ်ခေါ်ယူကာ ပတ်ဝန်းကျင်တစ်ခုလုံးအား ရှင်းလင်းရပေမည်။ တစ်ချိန်တည်းတွင် သူတို့က သူလျှိုအား ခေါ်ယူကြရမည်။ ထိုလုပ်ဆောင်ချက်သုံးခုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ရပေမည်။
ရွှီချင်း၏တာဝန်ကား ထိုနေရာကို အတတ်နိုင်ဆုံး ရှင်းလင်းရန် ဖြစ်သည်။ သူက ညဝိညာဉ်နှင့် ပူးပေါင်းရမည်။
သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်များကို မြူဆွယ်ခေါ်ယူရန်ကား ရှန်ဟယ်၊ ဝမ်ချန်နှင့် တခြားလူများ၏တာဝန်ဖြစ်သည်။
ခုန်ရှန်းလုံက သူလျှိုကို သွားခေါ်မည် ဖြစ်သည်။
ခုန်ရှန်းလုံ၏အစီအစဉ်ကို ကြားလျှင် ရွှီချင်း ခေါင်းညိတ်သည်။ ထိုချဉ်းကပ်မှုသည် လက်တွေ့ကျကာ ထိရောက်ပေသည်။
ရွှီချင်းခန္ဓာကိုယ် လှုပ်ယမ်းကာ ညအမှောင်နှင့် ပေါင်းစပ်သွားသည်။ ထို့နောက် သူက ပတ်ဝန်းကျင်က သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်များအား စတင်ရှာဖွေသည်။
ညဝိညာဉ်လည်း ထိုနည်းတူ ဖြစ်သည်။ သူတို့အဖွဲ့ငယ်ထဲက တခြားဓားကိုင်များလည်း စတင်ဖြန့်ကျက်ထွက်ခွာကြသည်။
အချိန်များ ကုန်လွန်သွားသည်။ တစ်နာရီခန့် ကြာပြီးနောက် တိုက်ခိုက်သံများနှင့် မန္တန်အတတ် ပေါက်ကွဲသံများကို အဝေးမှ ကြားရသည်။
ရွှီချင်း ခေါင်းမော့ကာ လှမ်းကြည့်သည်။ ထိုနေရာသည် ရှန်ဟယ်နှင့် ဝမ်ချန်တို့ရှိရာအရပ် ဖြစ်သည်။ သူတို့က သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်များအား သွေးဆောင်ခေါ်ယူနေကြခြင်း ဖြစ်သည်။
သို့သော်လည်း မကြာခင် ရွှီချင်း မျက်မှောင်ကြုတ်သည်။
အကြောင်းကား သူရှေ့ဆက်သွားလျှင် သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်များ၏ သဲလွန်စများကိုပင် ရှာမတွေ့ပေ။ ထိုသူများမှာ လုံးဝ မတည်ရှိသည့်အလား…။ ၎င်းသည် သူတို့၏ သူလျှိုလက်ခံမည့်တာဝန်နှင့် ကွဲလွဲနေသည်။
“တစ်ခုခုမှားနေပြီ”
ရွှီချင်းကား ယခင်ထက်ပို၍ သတိထားလာသည်။
ရှန်ဟယ်နှင့် ဝမ်ချန်တို့လည်း တစ်စုံတစ်ခု လွဲမှားနေကြောင်း တွေ့ရှိလာသည်။ သူတို့၏မြူဆွယ်ခေါ်ယူမည့် အစီအစဉ်မှာလည်း မည်သည့်အကျိုးသက်ရောက်မှုမှ မရှိပေ။
ထိုထူးဆန်းသော အခြေအနေက လူတိုင်းအား စိတ်လေးလံစေသည်။
မကြာခင် မန္တန်အတတ်တစ်ခုနှင့်အတူ ကောင်းကင်တွင် မီးပွားတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းသည် အရေးပေါ်လူစုခြင်းအချက်ပြမီးဖြစ်သည်။
အချက်ပြမီးတည်နေရာကို ကြည့်ကာ ရွှီချင်း စိတ်များ လေးလံသွားသည်။ ပြဿနာတစ်ခုရှိနေပြီဖြစ်ကြောင်း သူသိလိုက်သည်။
အကြောင်းကား အချက်ပြမီးသည် ခုန်ရှန်းလုံရှိနေသည့်နေရာ ဖြစ်သည်။
အစီအစဉ်သည်သာ အထမြောက်ပါက ခုန်ရှန်းလုံက ထိုအချက်ပြမီးကို လွှတ်လိုက်မည် မဟုတ်ပေ။ သူက သူလျှို့နှင့်အတူ ထွက်သွားပြီဖြစ်ကြောင်းသာ အချက်ပြပေမည်။
ရွှီချင်း ချက်ချင်း အချက်ပြမီးတည်နေရာသို့ ပြေးလွှားသွားလိုက်သည်။ အမွေးတိုင်တစ်ထွန်းစာအချိန်မျှကြာလျှင် သူ ထိုနေရာသို့ ရောက်သွားသည်။ အဝေးမှပင် သူသည် ခုန်ရှန်းလုံ၊ ရှန်ဟယ်နှင့် တခြားလူများကို မြင်သည်။
သူတို့နှင့် ပေတစ်ထောင်ခန့်အကွာတွင် သေခါနီးလူတစ်ယောက် မြေပြင်၌ လဲလျောင်းနေသည်။
မြေပြင်တွင် လဲလျောင်းနေသောသူကား အသက်ဆယ့်ငါးနှစ်ခန့်အရွယ် လူငယ်တစ်ယောက် ဖြစ်သည်။ သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ရှိနေပြီး တချို့မှာ ပြင်းထန်လွန်းသဖြင့် အရိုးများကိုပင် မြင်နေရသည်။
အမှန်တကယ်အားဖြင့် အနီးကပ်ကြည့်ပါက သူ့မျက်နှာမှလွဲ၍ တခြားနေရာက အရေပြားများမှာ အခွာခံထားရသည်ကို မြင်နိုင်သည်။
သိသာစွာဖြင့် သူသည် မခန့်မှန်းနိုင်သော နှိပ်စက်မှုများကို ကြုံတွေ့ထားရ၏။
သူ၏အရိုးအများစုမှာ ကျိုးကြေနေကာ တကိုယ်လုံး၌ ဓမ္မတံခါးတစ်ခုသာ ကျန်တော့သည်။
ပျက်စီးနေသော ဓမ္မတံခါးများကို ကြည့်ပါက သူသည် ဓမ္မတံခါး ၁၂၀ ဖွင့်ထားပြီးသော ကောင်းကင်လက်ရွေးစင်တစ်ဦးဖြစ်ကြောင်း သိမြင်နိုင်သည်။
သူ့မျက်လုံးတစ်ဖက်မှာလည်း ပျက်စီးနေလေပြီ။ မျက်လုံးမှာ တူးထုတ်ခံထားရပြီး သူ့ပါးစပ်ထဲသို့ သိပ်ထည့်ထားသည်။ သူ့နားနှစ်ဖက်မှာလည်း ဖြတ်တောက်ခံထားရ၏။
သူသည်ကား အဆိပ်မိကာ ပုပ်သိုးလာနေသေးသည်။
သူ သေချာပေါက် အသက်မရှင်နိုင်တော့ပါ။ ထိုအခိုက်တွင် သူသည် အသက်ရှင်ရန် အချိန်ခဏသာ ကျန်တော့ပြီ ဖြစ်သည်။
မြင်ကွင်းအား ထိတ်လန့်စရာကောင်း၏။
ရွှီချင်း၏အမူအရာက သုန်မှုန်နေသည်။ သူက လှမ်းသွားလိုက်လျှင် လူငယ်၏ပေတစ်ထောင်ပတ်လည်၌ ဝင်္ကပါအစီအရင်တစ်ခု ပြုလုပ်ထားသည်ကို တွေ့ရ၏။
သူက ဝင်္ကပါအစီအရင်များကို နားမလည်သော်လည်း အတွင်းက ကြောက်စရာကောင်းသော သတ်ဖြတ်အားကို ခံစားမိသည်။ ဝင်္ကပါသည် ထူးခြားကာ သတ်ဖြတ်ခြင်းအမျိုးအစားဖြစ်သည်။
လူငယ်သည်ကား ထိုသတ်ဖြတ်ခြင်းဝင်္ကပါအလယ်၌ ထားရစ်ခံရသည်။
“ဒီလူငယ်ဟာ ငါတို့လက်ခံရမယ့် သူလျှိုမဟုတ်ဘူး။ ဒါပေမဲ့ တစ်နည်းနည်းနဲ့ ဆက်စပ်နေတယ်။ ငါရောက်ကတည်းက ဒီလိုပုံစံ ဖြစ်နေတာပဲ။ ပြီးတော့ သန့်စင်ရေလှိုင်းမျိုးနွယ်က ချန်ထားရစ်တဲ့ ကျောက်စိမ်းပြားတစ်ခုလည်း ရှိနေတယ်။”
ခုန်ရှန်းလုံ၏မျက်လုံးများ နီမြန်းနေသည်။ သူက အံကြိတ်ကာ သူတွေ့ထားသော ကျောက်စိမ်းပြားအား အသက်သွင်းလိုက်သည်။
ချက်ချင်းပင် ကျောက်စိမ်းပြားထဲမှ တည်ငြိမ်သောအသံတစ်ခု ထွက်ပေါ်လာသည်။
“ဟိုင်း… ဓားကိုင်တို့…”
“ငါတို့က မင်းတို့ကို မတွေ့နိုင်ခဲ့တာ စိတ်မကောင်းစရာပဲ။ ဒါပေမဲ့ ငါတို့ဝတ်ရုံနက်အစောင့်အရှောက်တွေက မင်းတို့အတွက် လက်ဆောင်လေးတစ်ခု ချန်ထားရစ်တယ်။ မင်းတို့ သဘောကျမယ်လို့ မျှော်လင့်ပါတယ်။”
အသံသည် အေးစက်ကာ တင်းမာနေသည်။
၎င်းသည် အသံဖမ်းထားခြင်း ဖြစ်သည်။
ဘေးနားတွင် ရှန်ဟယ်၊ ဝမ်ချန်၊ ညဝိညာဉ်နှင့် တခြားလူများသည်လည်း ရောက်လာကြကာ အသံဖမ်းကျောက်စိမ်းပြားထံမှ စကားသံများကို ဒေါသတကြီး နားထောင်ကြသည်။