ထာဝရပျယ်လွင့်မသွားတော့မယ့် အိပ်မက် (၂)
Vol. 37 Ch. 549
သည်ကိစ္စကား ရှင်းလင်းသွားပြီ ဖြစ်သည်။ သူတို့က များစွာနားလည်ရန် အချိန်မယူလိုက်ရပါ။
သစ်တော၏အကူအညီဖြင့် သန့်စင်ရေလှိုင်းမျိုးနွယ်သည် ဓားကိုင်တို့၏ကယ်ဆယ်ရေးအစီအစဉ်အား အချိန်ဆွဲထားနိုင်ကြသည်။ ထိုအချိန်အတွင်း သူတို့က ဓားကိုင်တို့၏ပစ်မှတ်ကိုလည်း ရှာတွေ့ကြ၏။
သို့သော်လည်း ပစ်မှတ်မှာ သူလျှိုမဟုတ်ကြောင်း သူတို့ သိလိုက်ရသည်။ ထို့ကြောင့် သူတို့တွေ့သော လူငယ်အား နှိပ်စက်ကာ သေခါနီးအချိန်ရောက်သောအခါ သတ်ဖြတ်ခြင်းအစီအရင်ကို စီမံလျှက် ထွက်သွားကြသည်။
ဝတ်ရုံနက်အစောင့်အရှောက်များ၏ ရည်ရွယ်ချက်ကား ဓားကိုင်များကို သူတို့၏ပစ်မှတ် သေဆုံးသွားသည့်မြင်ကွင်းကို ကိုယ်တိုင်တွေ့မြင်စေလိုခြင်း ဖြစ်သည်။
သူတို့က ဝင်္ကပါထဲကို ခြေတစ်လှမ်းဝင်မိသည်နှင့် ၎င်းသည် အသက်ဝင်လာကာ အတွင်းမှ လူကို သတ်ဖြတ်သွားမည်။ အတွင်းသို့ ဝင်မိသည့်လူလည်း ကြီးစွာဒဏ်ရာရသွားနိုင်သည်။ ဝင်္ကပါကို အသက်ဝင်စေနိုင်သော တခြားမသိနိုင်သော ထောင်ချောက်များလည်း ရှိနိုင်သေးသည်။
ထို့အပြင် ဝင်္ကပါအစီအရင်အသက်မဝင်လာလျှင်ပင် အတွင်းကလူငယ်မှာ အသက်မရှင်နိုင်တော့ပါ။ ထိုအခိုက်တွင် သူသည် အသက်မျှင်မျှင်မျှသာ ကျန်တော့ကာ အချိန်မရွေး အသက်ဆုံးသွားနိုင်သည်။
၎င်းသည် သန့်စင်ရေလှိုင်းမျိုးနွယ်၏ရက်စက်မှု ဖြစ်သည်။
အားလုံး ငြိမ်ကျသွားသည်။
ထိုအခိုက်တွင် ဝမ်ချန်သည် ဝင်္ကပါအစီအရင်အနီးသို့ကပ်ကာ လေ့လာသည်။ ထို့နောက် သူက မသက်မသာခေါင်းယမ်းကာ ခုန်ရှန်းလုံအား ပြောသည်။
“ဒါက သန့်စင်ရေလှိုင်းမျိုးနွယ်၊ ဝတ်ရုံနက်အစောင့်အရှောက်တွေရဲ့ သီးသန့်ဝင်္ကပါနည်းစနစ်ဖြစ်တဲ့ ဝိညာဉ်နှလုံးသားသတ်ဖြတ်ခြင်းအစီအရင်လို့ ခေါ်တယ်။ ဒါက ကောင်းကင်နက်မျိုးနွယ်တွေဆီကနေ ဆင်းသက်လာတဲ့နည်းစနစ်ဖြစ်ပြီးတော့ လူသားကို ဝင်္ကပါမျက်လုံးအဖြစ်အသုံးပြုရတယ်။ လူငယ်ဟာ ဝင်္ကပါနဲ့တသားတည်းဖြစ်နေပြီးသားပဲ။ တစ်ယောက်ယောက်သာ အတွင်းကို ဝင်လိုက်တယ်ဆိုတာနဲ့ အစီအရင်အသက်ဝင်လာလိမ့်မယ်။ ဒါကို ဖြေရှင်းဖို့နည်းလမ်းမရှိဘူး။ အရင်တုန်းက ဒီနည်းစနစ်ကို လက်ထောက်ဒေသအကြီးအကဲက လေ့လာဖူးသေးတယ်။ ကံမကောင်းတာက ဘာရလဒ်မှ မရှိတာပဲ။”
“ဒါက တစ်ခါသုံးဝင်္ကပါဖြစ်ပြီးတော့ ဖယ်ရှားလို့မရဘူး။ ပြီးတော့ လူငယ်ဟာလည်း မျှော်လင့်ချက်မရှိတော့ဘူး။”
ခုန်ရှန်းလုံ၏မျက်လုံးကား ပို၍ နီမြန်းလာကာ သူ့အသက်ရှုသံသည်လည်း ပိုမိုမြန်ဆန်လာသည်။
ရွှီချင်းက သတိမေ့နေသော လူငယ်အား ကြည့်ကာ ဝင်္ကပါအစွန်းသို့ လျှောက်သွားလိုက်သည်။ အရိပ်လေးက အောင်မြင်နိုင်မည်လား မသိသော်လည်း သူက တီးတိုးပြောသည်။
“ကျုပ် ကြိုးစားကြည့်နိုင်တယ်။ ဒါပေမဲ့ အလုပ်ဖြစ်မလားတော့ မသေချာဘူး…”
ခုန်ရှန်းလုံ လက်သီးတင်းတင်းဆုပ်ကာ စကားပြောရန် ပြင်သည်။ ထိုစဉ် အစီအရင်ထဲက လူငယ်သည် မျက်တောင်များ လှုပ်လာကာ အားနည်းနေသော မျက်လုံးများ ဖျတ်ခနဲပွင့်လာသည်။
သူ့မျက်လုံးများတွင် နာကျင်ဟန်များ ရှိနေသော်လည်း ရွှီချင်းတို့အား အသက်မဲ့စွာ ကြည့်သည်။
“မင်းတို့တွေက ဓားကိုင်တွေလား…”
လူငယ်၏အသံသည် အလွန်ဖျော့တော့အားနည်းနေ၏။
အားလုံးက ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။
ရွှီချင်းက သူ၏အမိန့်တော်ဓားအား ထုတ်လိုက်သည်။ တခြားလူများလည်း ထိုနည်းတူ ဖြစ်သည်။ အမိန့်တော်ဓားများ စူးရှလင်းလက်သွားသည်တွင် သေခါနီးလူငယ်၏မျက်လုံးများထဲ၌ အလင်းတစ်ချက်လက်သွား၏။
“ကျုပ်ဝိညာဉ်မှာ အဖေ ရိုက်နှိပ်ထားတဲ့ အမှတ်အသားက ခင်ဗျားတို့ဓာကိုင်တွေကို ခံစားသိရှိစေတယ်။”
“ကျုပ်ကို အခုလို မြင်တွေ့စေမိတာ စိတ်မကောင်းပါဘူး။”
လူငယ်သည် ဓားကိုင်များနှင့်ပတ်သက်၍ အလွန်ဂရုစိုက်ဟန်တူသည်။ သူက သူ့ကိုယ်သူ အတော်လေးကြည့်ကောင်းအောင် ပြင်ဆင်လိုသော်လည်း သူ မတတ်နိုင်ပါ။
“ကျုပ်အဖေဟာ လူသားဖြစ်ပြီးတော့ အမေကတော့ သန့်စင်ရေလှိုင်းမျိုးနွယ်ဖြစ်တယ်။ ကျုပ်ဟာ ဓားကိုင်တစ်ယောက် မဟုတ်ပါဘူး။”
“ဒါပေမဲ့ ကျုပ်ဟာ ပစ္စည်းတွေကို လျှို့ဝှက်သိုလှောင်တဲ့အတတ်ကိုတော့ သိထားတယ်။ အဖေက ကျုပ်ကို သင်ထားတယ်။”
“သန့်စင်ရေလှိုင်းမျိုးနွယ်က လူတွေ ကျုပ်ကို ဘယ်လိုပဲ မေးမေး၊ ဘယ်လောက်ပဲ နှိပ်စက်စက် ကျုပ် မပြောခဲ့ဘူး။”
လူငယ်သည် သူ့အသံမှတစ်ဆင့် ခွန်အားနည်းငယ် ရလာဟန်တူသည်။ သူက အတတ်နိုင်ဆုံး ကြိုးစားပြုံးသော်လည်း သူ့နာကျင်မှုက ပြုံးရယ်ခြင်း၏အလှတရားကို လျော့ပါးသွားစေသည်။
“အဖေက ကျုပ်ကို ပစ္စည်းတစ်ခုယူလာခိုင်းတယ်။ အဲဒီပစ္စည်းက ပျက်စီးသွားလို့မရဘူးလို့ သူက ပြောတယ်။ ကျုပ်ဆုံးသွားတဲ့အခါ ခင်ဗျားတို့ ယူသွားကြပါ။”
“ကျုပ်တာဝန် အောင်မြင်ခဲ့တယ်။”
လူငယ်သည် သူ၏အပြုံးကို ထိန်းထားရန် ကြိုးစားနေသည်။ ၎င်းသည် သူ၏နောက်ဆုံးလက်ကျန် ဂုဏ်သိက္ခာတစ်ခုအလား…။ တာဝန်ပြီးမြောက်ခြင်းက သူ့အား စိတ်ကြေနပ်စေဟန်ရ၏။ သို့သော်လည်း သူ၏ပြင်းထန်သော ဒဏ်ရာများကြောင့် အပြုံးမှာလည်း တဖြည်းဖြည်းကွယ်ပျောက်လာပြီး သူ့အရှိန်အဝါမှာလည်း ပိုမိုဖျော့တော့လာသည်။
သူ့ခန္ဓာကိုယ်က နာကျင်မှုသည် သူ့အသံအား အနည်းငယ် တုန်ခါစေသည်။
“ကျုပ်အဖေဟာ ဓားကိုင်တစ်ယောက်ဖြစ်တယ်။ အဖေဟာ ဓားကိုင်တစ်ယောက်ဖြစ်ရတဲ့အတွက် အမြဲတမ်း ဂုဏ်ယူခဲ့တယ်။ ကျုပ်ဟာလည်း ဓားကိုင်တစ်ယောက် ဖြစ်ချင်ခဲ့တယ်။ ကျုပ်က ဒီတာဝန်ကို ပြီးမြောက်သွားရင် ဖုန်းဟိုင်ဒေသငယ်မှာ ဆက်နေပြီး ဓားကိုင်တစ်ယောက် ဖြစ်လာနိုင်တယ်လို့ အဖေက ပြောတယ်။”
“ကျုပ် တာဝန်ကို ပြီးမြောက်ခဲ့တယ်။ ဒါပေမဲ့ ဓားကိုင်တစ်ယောက် မဖြစ်နိုင်တော့ဘူး။”
ထိုစကားလုံးများက ရွှီချင်းအား စိတ်လှုပ်ရှားစေသည်။
ခုန်ရှန်းလုံနှင့် တခြားလူများသည်လည်း စိတ်ခံစားချက်များ ပြင်းထန်လာသည်။
“ကျုပ် တကယ်ပဲ… အဖေ့လို… ဓားကိုင်တစ်ယောက်… ဖြစ်ချင်မိတယ်”
လူငယ်က တီးတိုးရေရွက်သည်။ သူသည် မျက်လုံးကို ဆက်ဖွင့်ထားရန် ခွန်အားမရှိတော့သည့်အလား ဖြေးလေးစွာ မှေးကျသွားသည်။ သို့သော်လည်း လုံးဝ ပိတ်မကျသွားမီတွင် သူက ခက်ခက်ခဲခဲဖြင့် လက်ဟန်အတွဲလိုက်ပြုလုပ်လိုက်ပြီး သူ၏သိုလှောင်လေဟာနယ်ကို ဖွင့်လိုက်သည်။
သူ့ဘေးတွင် ဘူးငယ်လေးတစ်ခု ပေါ်လာသည်။
ထိုမြင်ကွင်းက လူတိုင်း၏စိတ်ထဲတွင် ဖော်မပြနိုင်သော စိတ်ခံစားချက်များ ရိုက်ခတ်လာစေသည်။ ပြင်းထန်သော စိတ်ခံစားချက်သည် သူတို့၏ခန္ဓာကိုယ်နှင့် နှလုံးသားတို့အား ဖျစ်ညှစ်လာ၏။
“မင်းက ဓားကိုင်တစ်ယောက်ပဲ…”
ခုန်ရှန်းလုံက ကျယ်လောင်စွာ ပြောကာ သူ၏အမိန့်တော်ဓားကို ပင့်မြှောက်လိုက်သည်။
“ငါဟာ ဓားကိုင်တစ်ယောက် ဖြစ်ဖို့ ဆန္ဒရှိတယ်။ ငါဟာ တာဝန်အပေါ် သိတတ်ပြီး စတေးဖို့ မကြောက်ပါဘူး”
ခုန်ရှန်းလုံက ဓားကိုင်များ၏ ကတိသစ္စာကို စတင်ရွက်သည်။ ပတ်ဝန်းကျင်က ဓားကိုင်များအားလုံးလည်း တပြိုင်နက်တည်း စတင်ရွက်ဆိုကြသည်။ ရွှီချင်းလည်း ထိုနည်းတူ ဖြစ်သည်။ သူ့စိတ်နှလုံးက တင်းကြပ်နေသည်။
လူငယ်၏ခန္ဓာကိုယ် တုန်ခါသွားသည်။ ပိတ်ကျသွားခါနီး သူ့မျက်လုံးသည် ရုတ်တရက် ပွင့်လာကာ လူတိုင်းကို ကြည့်လျှက် သူသည်လည်း လိုက်လံရွက်ဆိုသည်။
“ငါဟာ ဓားကိုင်တစ်ယောက်ဖြစ်ဖို့ ဆန္ဒရှိပါတယ်။ ငါဟာ လူသားမျိုးနွယ်အပေါ် ဘယတော့မှ သစ္စာမဖောက်ပါဘူး။ အမြဲတမ်း တိုက်ပွဲဝင်ဖို့ အသင့်ရှိပါတယ်။”
“ငါဟာ ဓားကိုင်တစ်ယောက်ဖြစ်ဖို့ ဆန္ဒရှိပါတယ်။ ငါဟာ လူသားမျိုးနွယ်အတွက် တိုက်ခိုက်ပြီးတော့ ကာကွယ်ပေးပါမယ်”
“ငါဟာ ဓားကိုင်တစ်ယောက်ဖြစ်ဖို့ ဆန္ဒရှိပါတယ်။ ငါဟာ အန္တရာယ်အပေါင်းကို ရှင်းလင်းပြီး လောကကို အလင်းဆောင်ပါမယ်”
လူငယ်၏အသံသည်လည်း အားလုံး၏အသံနှင့် ပေါင်းစပ်သွားသည်။
ထိုအခိုက်တွင် သူသည် မျက်လုံးများကို မှိတ်ကာ မျက်နှာပေါ်၌လည်း ထာဝရမပျက်ပြယ်တော့မည့် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး ရုတ်တရက် အစီအရင်မှ ကမ္ဘာပျက်သွားသည့်အလား ဝုန်းခနဲပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။
သူသည် သေဆုံးသွားကာ အစီအရင်သည်လည်း ပေါက်ကွဲသွားသည်။
ပြင်းထန်သော လေလှိုင်းများသည် အရပ်မျက်နှာမျိုးစုံသို့ ရိုက်ခတ်သွားပြီး လူတိုင်း၏အဝတ်စနှင့် ဆံပင်များကို ပင့်မသွားသည်။ အတန်ကြာလျှင် လေလှိုင်းများ ငြိမ်သက်သွားပြီး လူငယ်၏ခန္ဓာကိုယ်မှာလည်း အစအနမကျန်အောင် ပျောက်ကွယ်သွားတော့သည်။
သူ သေဆုံးသွားပြီးနောက်တွင် သေတ္တာလေးတစ်လုံးသာ ကျန်ရစ်၏။
၎င်းသည် ဆန္ဒမွန်သေတ္တာဖြစ်သည်။
၎င်းသည် ပွင့်နေသော ဆန္ဒမွန်သေတ္တာဖြစ်သည်။
၎င်းသည် သူ၏သေဆုံးခြင်းဖြင့် ပို့ဆောင်သော သတင်းအချက်အလက်လည်းဖြစ်သည်။
ဓားကိုင်ဆိုတာ ဘာလဲ…
ရွှီချင်း တီးတိုးရေရွက်မိသည်။
အတိတ်တွင် သူသည် ဓားကိုင်တစ်ဦးဖြစ်ရခြင်းအပေါ် နားမလည်ခဲ့ပါ။ အမှန်တကယ်အားဖြင့် သူ၏ ဓားကိုင်ဖြစ်လာခြင်း ရည်ရွယ်ချက်မှာ လူသားတို့အအပေါ် ကာကွယ်လိုသောကြောင့် မဟုတ်ပါ။
မည်သို့ဆိုစေ ငယ်ရွယ်စဉ်ကတည်းက လူသားလောက၌ ဘာဝ၏ကြမ်းတမ်းခက်ထန်မှုကို ကြုံတွေ့ထားရသော သူ့အတွက် လူသားမျိုးနွယ်အပေါ် ခံစားချက်ရှိရန်မှာ သိပ်မလွယ်ကူပါ။
သူ၏စစ်မှန်သော အတွေးမှာကား ထိုကျီးကန်းနှင့် သိမ်းငှက်တို့အား မသတ်ခင် အနည်းငယ် အသက်ရှည်ရှည်နေလိုရင်းသာ ဖြစ်သည်။
သူက ဓားကိုင်ဖြစ်လာခြင်းကား ပထမဦးစွာ ခေါင်းဆောင်က ဓားကိုင်ဖြစ်လိုခြင်းကြောင့် ဖြစ်သည်။ ဒုတိယအားဖြင့် သူသည် ဓားကိုင်ဖြစ်လာပါက အကာအကွယ်အလွှာတစ်ခုကို ပိုင်ဆိုင်နိုင်သောကြောင့် ဖြစ်သည်။ တတိယအားဖြင့် သူသည် ဓားကိုင်အဆင့်အတန်းဖြင့် ကျီးကန်းကို ခြေရာခံလိုသည်။
အမှန်တကယ်အားဖြင့် အရေးကြီးသော အချိန်အခါ၌ သူက ဓားကိုင်အဆင့်အတန်းသည် ကျီးကန်းကို သတ်ဖြတ်ရန် လက်နက်ဖြစ်လာနိုင်၏။
ထိုအတွေးများသည် တကိုယ်ကောင်းဆန်သော်လည်း ထိုသို့သောအတွေးရှိသူများမှာ ရွှီချင်းတစ်ဦးတည်း မဟုတ်ပေ။ ပြည်နယ်တိုင်းက ဓားကိုင်လက်သစ်တိုင်းတွင် ထိုသို့သောဆင်တူအတွေးများ ရှိကြသည်သာ။
ဓားကိုင်ရုံးတော်တွင် ငယ်စဉ်ကတည်းက နေလာသူမဟုတ်ပါက လူသားလောကအပေါ် ကာကွယ်လိုသည့် ရည်မှန်းချက်ကြီး ရှိရန် မလွယ်ကူပါ။
သို့သော်လည်း ယင်ဟွမ်ပြည်နယ်က ဓားကိုင်အခမ်းအနားနှင့် နှလုံးသစ္စာစစ်ဆေးမှုတို့ကို ကျော်ဖြတ်ပြီးနောက်တွင် အပြောင်းအလဲတချို့ ဖြစ်လာခဲ့သည်။
သို့သော်လည်း ၎င်းသည် အနည်းငယ်မျှသာ ဖြစ်သည်။ ၎င်းတို့သည် ရွှီချင်းအား ဓားကိုင်တစ်ဦး၏သဘောတရားကို နားလည်စေရန်မျှသာ ဖြစ်သည်။
ဒေသငယ်မြို့တော်ကို ရောက်ပြီး တခြားလူများနှင့် ကွဲပြားခြားနားသော ခုန်ရှန်းလုံနှင့်တွေ့တော့မှ သူ့အတွေးများ ပြောင်းလာရသည်။ သူ့အပေါ် အနည်းငယ် မနှစ်သက်ဟန်ရသော ဓားကိုင်တချို့အား တွေ့ရသော်လည်း သူ့အပေါ် မကောင်းသော အကြံအစည်များတော့ ရှိဟန်မရပေ။ သူက အနည်းငယ် တင်းကြပ်သော်လည်း ကာကွယ်လိုစိတ်ကြီးသော ရုံးတော်သခင်နှင့်လည်း တွေ့ရသည်။
သူသည် ဓားကိုင်များ၏ ကတိသစ္စာနှင့် လူသားမျိုးနွယ်သမိုင်းကိုလည်း ကြုံတွေ့သိရှိလာရသည်။
ထိုအကြောင်းအရာအားလုံးတို့က သူ့စိတ်နှလုံးထဲတွင် အမှတ်အသားမကျန်ရစ်ရန် မဖြစ်နိုင်ပါ။
အဆုံးသတ်၌ တချို့ကိစ္စများက သူ့စိတ်ကို လှုပ်ရှားစေသည်။
ယခု သူ့စိတ်နှလုံးကို လှုပ်ရှားစေသော နောက်ထပ်မြင်ကွင်းတစ်ခုအား ကြုံတွေ့ရသည်။
ဓမ္မတံခါး ၁၂၀ ဖွင့်ထားပြီးသော လူသားတစ်ဝက်လူငယ်၊ ဓားကိုင်ဖြစ်လိုသောသူတစ်ဦး၊ လူငယ်သည် သန့်စင်ရေလှိုင်းမျိုးနွယ်၏ ကြမ်းတမ်းရက်စက်သော နှိပ်စက်မှုများ၌လည်း မည်သည့်အချက်အလက်ကိုမှ ဖော်ထုတ်ခြင်းမပြုခဲ့ပေ။
လူငယ်သည် ဓားကိုင်ကတိကစ္စာကို ရွက်ဆိုကာ စိတ်ကြေနပ်စွာ လူ့လောကမှ ထွက်ခွာသွားခဲ့သည်။ သူ့မျက်လုံးများကို ပိတ်ကာ ဝင်္ကပါအစီအရင်နှင့်အတူ လောကကြီးမှ ပျောက်ကွယ်သွားခဲ့သည်။
ရွှီချင်း လူငယ်အား မသိသလို တစ်ခါမှလည်း မမြင်ဖူးပေ။ ထို့အပြင် သူသည် မရေမတွက်နိုင်သော သေဆုံးခြင်းများအား တွေ့မြင်ဖူးသည်။ ကိုယ်တိုင် သတ်ဖြတ်ဖူးသည်။ ထို့ကြောင့် လူငယ်၏သေဆုံးခြင်းက သူ့စိတ်အား မလှုပ်ခတ်စေနိုင်ပါ။
သူ့အား စိတ်လှုပ်ရှားစေသည်က လူငယ်၏အိပ်မက်နှင့် ရွေးချယ်မှု ဖြစ်သည်။