ဝတ်ရုံနက်အစောင့်အရှောက်များ၏အိပ်မက်ဆိုး
Vol. 37 Ch. 550
လူငယ်သည် သေချာပေါက် ပိုမိုကောင်းမွန်သော အနာဂတ်အား ရွေးချယ်ခွင့်ရှိသည်။ သို့သော်လည်း အပြန်လမ်းမဲ့သော ရွေးချယ်မှုအား သူပြုလုပ်ခဲ့သည်။
ရွှီချင်း နားမလည်သော်လည်း အမှန်တကယ်အားဖြင့် စိတ်နှလုံး၏အတွင်းကျကျတူးဖော်ကြည့်ပါက သူ နားလည်ပေသည်။
သို့သော်လည်း သူ၏သတိထားတတ်သော သဘာဝကြောင့် အပြင်လူများ၏အတွေးအခေါ်၊ ယုံကြည်ချက်များကို အလွယ်တကူ လက်ခံရန် ခက်ခဲသည်။
ယခုလည်း သိပ်မကွဲပြားပါ။
သို့သော်လည်း သူ၏မျက်လုံးများထဲ၌ ဓားကိုင်များသည် မသိမသာအားဖြင့် ကွဲပြားခြားနားလာသည်။
သူတို့အပေါ်တွင် သူက ပို၍ လေးစားမှု ရှိလာသည်။
သူက ဓားကိုင်များနှင့်ပတ်သက်၍ များစွာ အနှောင်အဖွဲ့မရှိသော်လည်း ခုန်ရှန်းလုံ၏ရိုးသားပွင့်လင်းမှု၊ ရုံးတော်သခင်၏ တင်းကြပ်မှု၊ ဓားကိုင်များ၏ကတိသစ္စာနှင့် သေဆုံးသွားသောလူငယ်တို့အား လေးစားသည်။
ထို့ကြောင့် သူက လူငယ်ပျောက်ကွယ်သွားရာနေရာသို့ လက်နှစ်ဖက်ဆုပ်ကာ လေးစားစွာ ဂါဝရပြုလိုက်သည်။
ထိုအခိုက်တွင် လေပြင်းတစ်ချက်ဝှေ့သွားပြီး အစီအရင်ပြိုပျက်သွားသောကြောင့် ကျန်ရစ်သော အမှုန်အမွှားများနှင့် လူငယ်၏ရုပ်ကြွင်းပြာများမှာလည်း ပျယ်လွင့်သွားကြသည်။ ၎င်းသည် ဆန္ဒမွန်သေတ္တာတွင် ကျန်ရစ်သောအငွေ့အသက်များကိုလည်း ပျက်ပြယ်သွားစေသည်။
ထိုအငွေ့အသက်ကား အနည်းငယ် ထူးခြားကာ ပင်လုံးကြိုင်ရနံ့ကို ပေးနေသည်။
ခုန်ရှန်းလုံက လူငယ်ပျောက်ကွယ်သွားသောနေရာကို လှမ်းသွားကာ သူ့မျက်နှာတွင်လည်း ကြေကွဲဝမ်းနည်းခြင်းများနှင့် ဒေါသအငွေ့အသက်များ ရောယှက်နေသည်။ သူ ထိုနေရာကို ရောက်လျှင် ဒူးထောက်ကာ မြေပြင်မှ သဲတစ်ဆုပ်ကို ကောက်ယူလိုက်ပြီး ပုလင်းတစ်လုံးထဲ၌ အသေအချာထည့်လိုက်သည်။ ထို့နောက် ပွင့်နေသော ဆန္ဒမွန်သေတ္တာအား ကောက်ယူလိုက်၏။
“ငါတို့တာဝန် ပြီးပြီ။”
ခုန်ရှန်းလုံက သေတ္တာကို ကိုင်ကာ တီးတိုးပြောသည်။
ရွှီချင်းနှင့် တခြားလူများအားလုံး တိတ်ဆိတ်နေကြသည်။
တာဝန်သည် ကျဆုံးသွားသည်ဟု ဆိုသော်လည်း ရရှိခဲ့သော သတင်းအချက်အလက်အရ ကျဆုံးသည်ဖြစ်စေ၊ အောင်မြင်သည်ဖြစ်စေ တာဝန်မှာ ပြီးဆုံးသွားပြီ ဖြစ်သည်။
“ကလေး… မင်း ဒေသငယ်မြို့တော်ကို ပြန်ပါ။ ငါ့ကိုယ်စား ပြင်ပလူဆိုးထိန်းဌာနသို့ ဒီပစ္စည်းကို ပို့ပေးပါ။”
ခုန်ရှန်းလုံက တီးတိုးပြောသည်။ ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်လျှင် သေတ္တာငယ်သည် ရွှီချင်းထံသို့ လွင့်လာသည်။ ရွှီချင်းကလည်း သေတ္တာအား ဖမ်းယူလိုက်၏။
သူသည် ဆန္ဒမွန်သေတ္တာကို ကိုင်လိုက်လျှင် ၎င်းထံမှ လွင့်လာသော နန်းလုံးကြိုင်မွှေးရနံ့မှာ ပိုမိုသိသာပေသည်။
“မင်းတို့လည်း ကလေးနဲ့အတူ လိုက်သွားကြ။ ငါက စိတ်ခံစားချက်မကောင်းလို့ လမ်းနည်းနည်းလျှောက်ဦးမယ်။”
ခုန်ရှန်းလုံသည် နောက်လှည့်မကြည့်ဘဲ ပြောသည်။
“ကောင်းပြီ အစ်ကိုလုံ… ခင်ဗျားက တစ်ယောက်တည်း စိတ်ဖြေတာ ကောင်းပါတယ်။ ကလေး… မင်း ပြန်သွားလိုက်။ ငါကတော့ ပုဂ္ဂိုလ်ရေးကိစ္စတချို့ ဖြေရှင်းစရာ ရှိသေးလို့ မလိုက်နိုင်သေးဘူး။”
ရှန်ဟယ်က လက်သီးတင်းတင်းဆုပ်ကာ ပြောသည်။
“တိုက်ဆိုင်တာပဲ… ကျုပ်လည်း မပြန်သေးဘူး။ ကျုပ်က ရုတ်တရက် အိမ်ကို သတိရလာတော့ ခဏလောက် အိမ်ပြန်ဦးမယ်။”
ဝမ်ချန်က သုန်မှုန်စွာ ပြောသည်။ ထို့နောက် သူက မိုးကုတ်စက်ဝန်းထံသို့ လှမ်းကြည့်၏။
“ကျွန်မ အစ်ကိုလုံနဲ့ အဖော်လိုက်ပေးမယ်။”
ညဝိညာဉ်က ဆုံးဖြတ်ပြီးသားဟန်ဖြင့် ခုန်ရှန်းလုံကို ပြောသည်။
ရွှီချင်း သူတို့အား ကြည့်သည်။ တစ်ခဏမျှကြာသော် သူက ဆန္ဒမွန်သေတ္တာအား နောက်က ဓားကိုင်များထံသို့ ပစ်ပေးလိုက်သည်။ ဓားကိုင်တစ်ယောက်က သေတ္တာကို ဖမ်းယူလိုက်ကာ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း တွန့်ဆုတ်နေသည်။
“ကျုပ်မှာ ပုဂ္ဂိုလ်ရေးကိစ္စတစ်ခု ရှင်းစရာရှိတယ်။ မင်းတို့ သွားကြပါ။”
ရွှီချင်းက ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ဖြေးလေးစွာ ပြောသည်။
သူက ထိုသို့ ပြောလိုက်သည်နှင့် ရှန်ဟယ်၊ ဝမ်ချန်နှင့် ညဝိညာဉ်တို့က အံ့အားသင့်စွာ ကြည့်လာကြသည်။
ခုန်ရှန်းလုံက ရွှီချင်းအား ကြည့်သည်။
“ကလေး… မင်း ဒီလို လုပ်စရာ မလိုပါဘူး။”
“ကျုပ် နှုတ်ဆက်စာကို ပြန်ပေးမှ ဖြစ်မယ်။”
ရွှီချင်းက ခုန်ရှန်းလုံကို ကြည့်ကာ လေးနက်စွာ ပြောသည်။
ခုန်ရှန်းလုံ ငြိမ်ကျသွားသည်။ အတန်ကြာမှ သူက ခေါင်းညိတ်ကာ အဝေးသို့ လှမ်းထွက်သွားလိုက်သည်။
သူတို့သုံးယောက် နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။ သူတို့ ဦးတည်ရာနေရာကား ဖုန်းဟိုင်ဒေသငယ်နယ်ခြားစည်းဖြစ်သည်။
၎င်းသည် သန့်စင်ရေလှိုင်းမျိုးနွယ်၏နယ်ခြားစည်းလည်း ဖြစ်သည်။
ရွှီချင်းလည်း သူတို့နောက်မှ မြားတစ်စင်းအလား လိုက်ပါသွားသည်။
သူတို့ ဘာလုပ်တော့မည်ကို ရွှီချင်း သိပေသည်။
ခုန်ရှန်းလုံသည် တာဝန်လုပ်ဆောင်နေချိန်များ၌ စည်းမျဉ်းဥပဒေအတိုင်း မလုပ်ဆောင်ခြင်းမှာ ထူးဆန်းသည်တော့ မဟုတ်ပေ။ လူငယ်၏ ဆိုးဝါးရက်စက်သော အခြေအနေကို မြင်တွေ့ပြီးနောက်တွင် သူက သေချာပေါက် သည်းမခံနိုင်တော့ပါ။
ထို့အပြင် သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်များ ချန်ထားရစ်သော စကားသံသည် ရွှီချင်း၏ခေါင်းထဲ၌ ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။
တစ်ဘက်လူက ဓားကိုင်များကို လက်ဆောင်ပေးခဲ့မှတော့ သူတို့ကလည်း တစ်ခုခုတုန့်ပြန်ပေးရမည်ဟု ရွှီချင်း ခံစားရသည်။
သူတို့ငါးယောက် မြန်ဆန်စွာ ထွက်ခွာသွားလျှင် တခြားသော ပြင်ပလူဆိုးထိန်းဌာနက ဓားကိုင်များသည် အချင်းချင်း ကြည့်လိုက်ကြသည်။
သူတို့၏မျက်လုံးများတွင် အားကျခြင်း လေးစားခြင်းများ ရှိနေကြသည်။ သို့သော်လည်း အဆုံးသတ်၌ သူတို့သည် ရွှီချင်းတို့အား ဦးညွှတ်ကာ ရုံးတော်သို့ ပြန်ရန် ဆုံးဖြတ်လိုက်ကြသည်။
ဓားကိုင်များအားလုံး စည်းမျဉ်းဥပဒေများကို မချိုးဖျက်နိုင်ပါ။
သူတို့က ရွှီချင်းတို့နောက်ကို မလိုက်နိုင်ခြင်းမှာ သူတို့တွင် ပို၍ အရေးကြီးသော တာဝန်တစ်ခု လက်ဝယ်ရှိ၍ ဖြစ်သည်။
သူတို့က သေတ္တာလေးကို ဒေသငယ်မြို့တော်သို့ ဘေးကင်းစွာ ပို့ဆောင်ရမည်။
၎င်းသည် သူတို့၏ပင်မတာဝန်ဖြစ်သည်။
ထို့ကြောင့် ဓားကိုင်တို့၏ဦးညွှတ်ဂါရဝပြုခြင်းဖြင့် နှုတ်ဆက်ကာ သူတို့သည် ရုံးတော်ရှိရာအရပ်သို့ ပြေးလွှားထွက်ခွာသွားကြတော့သည်။
ထိုအခိုက်တွင် ညအမှောင်သည် အေးစက်စက်လေပြင်းများကို သယ်ဆောင်လာတတ်ကာ ရွှီချင်းတို့၏ပြေးလွှားရာလမ်းတစ်လျှောက် လေတိုးသံများ အဆက်မပြတ် ဖြစ်ပေါ်စေသည်။
လေတိုးသံများနှင့်အတူ သူတို့၏အဝတ်အစားများနှင့် ဆံပင်များမှာလည်း တလူးလူးတလွင့်လွင့် ဖြစ်နေသည်။
သို့သော်လည်း အေးစက်သော လေးများသည် သူတို့၏မျက်နှာကို ဖြတ်သန်းရိုက်ခတ်သွားသည့်တိုင် ၎င်းတို့သည် သူတို့၏စိတ်နှလုံးထဲတွင် ဖြစ်ပေါ်နေသော သတ်ဖြတ်ခြင်းအငွေ့အသက်များကဲ့သို့ မအေးစက်ချေ။
သူတို့တစ်ယောက်ချင်းစီမှ သတ်ဖြတ်ခြင်းအငွေ့အသက်များ ထွက်ပေါ်လာနေသည်။
သူတို့၏အမြန်နှုန်းက ပိုမိုအားကောင်းလေ သတ်ဖြတ်ခြင်းအငွေ့အသက်များလည်း ပို၍ သိပ်သည်းလေ ဖြစ်သည်။
ညသည် လရောင်ကင်းမဲ့နေသော်လည်း လေပြင်းများ ရှိနေသည်။ ထို့ကြောင့် သတ်ဖြတ်ခြင်းအတွက် အလွန်သင့်တော်နေ၏။
သူတို့၏အမြန်နှုန်းကား အဆုံးစွန်သို့အထိ ထုတ်ဖော်ထားကြပြီး ဖြစ်သည်။ ရွှီချင်းက ပြန်လည်နှုတ်ဆက်ခြင်းရန် ဆုံးဖြတ်လိုက်ကတည်းက ရှန်ဟယ်၊ ဝမ်ချန်နှင့် ညဝိညာဉ်တို့အားလုံး၏ ရွှီချင်းအပေါ်အမြင်မှာ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။
၎င်းတွင် အသိအမှတ်ပြုခြင်းနှင့် တခြားသော စိတ်ခံစားချက်များ ပါဝင်သည်။
ရှန်ဟယ်၏ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးမြူအငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်နေသည်။ သူသည် မြူခိုးများထဲတွင် နစ်မြုတ်နေကာ ငရဲကမ္ဘာမှ သွေးစွန်းလူသတ်သမားတစ်ဦးနှင့် ဆင်တူလှသည်။
ညဝိညာဉ်သည်ကား မိစ္ဆာအသွင်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူမသည် အစိမ်းရောင်တစေအသွင်မဟုတ်တော့ဘဲ သေဆုံးခြင်းကို ကိုယ်စားပြုသော သွေးနီရောင်အရိုးမီးငှက်အသွင်သို့ ပြောင်းလဲထားသည်။
ဝမ်ချန်သည် သူ၏မီးခိုးမျိုးနွယ်ကိုယ်ပွားအား သိမ်းဆည်းကာ ပထမဆုံးအကြိမ် ခေါင်းတလားကို ဖွင့်သည်။ အဖိုးကြီးအဝတ်အစားဖြင့် လူပုတစ်ဦး လှမ်းထွက်လာသည်။
ရွှီချင်းအား ပြုံးပြပြီးနောက်တွင် သူက နှုတ်ခမ်းကို သပ်ကာ သူ့တကိုယ်လုံးမှ အေးစက်သော လှိုင်းများအား ထုတ်လွှတ်လိုက်သည်။ သူ ဖြတ်သန်းသွားရာနေရာတိုင်း၌ မြေပြင်သည် အေးခဲသွားရ၏။
ခုန်ရှန်းလုံသည်ကား ရွှေနဂါးဖြင့် ရစ်ပတ်ထားကာ သူ့တကိုယ်လုံးမှ ကြောက်စရာရိုက်ခတ်မှုများ ထုတ်လွှတ်နေသည်။ သူ့ခြေတစ်လှမ်းတိုင်းသည် ပေတစ်ထောင်ကို ကျော်လွှားသွားနိုင်ကာ ထူးခြားဆန်းကြယ်သော အရှိန်အဝါအား ထုတ်လွှတ်နေသည်။
ရွှီချင်းသည်လည်း သူ့ထက် မနိမ့်ကျပါ။
အရိပ်သည် သူ့တကိုယ်လုံးအား ရစ်ပတ်သွားသည်တွင် သူ့ရုပ်ခန္ဓာသန်မာမှုသည် နန်းတော်ခုနစ်ခုသို့ ထိုးတက်သွားပြီး သူ့အမြန်နှုန်းသည် မိုးကြိုးလျှပ်စီးအလျား ဖြစ်လာသည်။ သူသည် ညတွင် ဖြစ်သော ဝိညာဉ်အလား ရွေ့လျားနိုင်သည်။
သူတို့သည် အမှောင်ထုထဲတွင် သေမင်းငါးဖော်အလား ပြေးလွှားနေကြကာ လင်းလန်ပြည်နယ်မှ ထွက်ခွာမသွားရသေးသော်လည်း သူတို့ဒေသသို့ ပြန်နေကြပြီဖြစ်သော သန့်စင်ရေလှိုင်းမျိုးနွယ် ဝတ်စုံနက်အစောင့်အရှောက်များနှင့် တဖြည်းဖြည်း ပိုမိုနီးကပ်လာသည်။
ထိုအချိန်အတွင်း သူတို့သည် တိုက်ခိုက်မည့်အစီအစဉ်ကိုလည်း ဆွေးနွေးပြောဆိုထားကြပြီး ဖြစ်သည်။ သူတို့က ရန်သူအရေအတွက်ကို မသိရသေးသော်လည်း သူတို့၏အတွေ့အကြုံနှင့် နားလည်မှုများအရ ပစ်မှတ်များကို အလွယ်တကူ ရွေးချယ်နိုင်သည်။
နောက်ဆုံးတွင် သူတို့သည် အမှောင်ထုအသိပ်သည်းဆုံးသောအချိန်အခါ၌ ရှေ့တွင် ပြေးလွှားနေကြသော ပုံရိပ်အများအပြားကို တွေ့မြင်လိုက်ရသည်။
သူတို့တစ်ယောက်ချင်းစီသည် အနက်ရောင်တာအိုဝတ်စုံကို ဝတ်ထားကာ အရေအတွက်အားဖြင့် ခြောက်ဆယ်ကျော် ရှိပေသည်။
သူတို့က မြန်ဆန်စွာ ရွေ့လျားနေကြခြင်းမရှိရာ သူတို့၏တာဝန်ပြီးမြောက်ခြင်းအတွက် ကောင်းမွန်သော စိတ်ခံစားချက်များ ရှိနေကြသည်မှာ သေချာသည်။ သူတို့သည် ပြေးရင်းလွှားရင်းလည်း တစ်ခါတစ်ရံ ရယ်မောလိုက်ကြသေးသည်။
သို့တိုင်အောင် သူတို့သည် အတော်လေး သတိရှိကြသေးသည်။ ရွှီချင်းတို့ သူတို့နှင့် မလှမ်းမကမ်းသို့ ရောက်သွားသည်နှင့် ဝတ်စုံနက်အစောင့်အရှောက်များက ချက်ချင်း သတိပြုမိလိုက်ကြကာ သူတို့ထံသို့ လှမ်းကြည့်သည်။
သို့သော်လည်း ထိုမျှ သတိပြုမိခြင်းမျှက အသုံးမဝင်ပါ။
ခုန်ရှန်းလုံသည်ကား ပထမဆုံး ရောက်ရှိသွားသူ ဖြစ်သည်။ သူက အသံတိုးတိုးတစ်ချက်ပေးကာ ခုန်ဝင်သွားသည်။
ရွှီချင်းကား ဒုတိယမြောက် ဖြစ်သည်။ အနက်ရောင်လျှပ်စီးတန်းအလား သူသည် နန်းတော်ငါးခု ဝတ်ရုံနက်အစောင့်အရှောက်တစ်ဦးနှင့် ထိပ်တိုက်တွေ့သည်။ ဝတ်ရုံနက်အစောင့်အရှောက်မှာ အသားစိုင်များ တွန့်လိမ်သွားကာ အသံတိုးတိုးတစ်ချက်မျှသာ အော်ဟစ်နိုင်ပြီး အသက်ပျောက်သွားသည်။
သွေးများ ပန်းထွက်လာလျှင် ရှန်ဟယ်နှင့် တခြားနှစ်ယောက်လည်း ပြေးဝင်လာကြသည်။
ထိုအခိုက်တွင် သတ်ဖြတ်ခြင်း စတင်သည်။
ဒေသတကြီး အော်ဟစ်သံများ ဝတ်ရုံနက်အစောင့်အရှောက်များထံမှ ထွက်ပေါ်လာကာ သူတို့ကလည်း မြန်မြန်ဆန်ဆန် ခုခံကြသည်။
လူသားမျိုးနွယ်၏ ဖုန်းဟိုင်ဒေသငယ်အတွင်းပိုင်းသို့ ဝင်ရောက်လာသော အဖွဲ့တစ်ခုအနေဖြင့် သူတို့၏ခွန်အားနှင့် အတွေ့အကြုံများမှာ ကြွယ်ဝလှသည်။
သူတို့အထဲတွင် နန်းတော်ငါးခု သို့မဟုတ် ခြောက်ခုထက်ပိုသော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်သူ ၄၀ ကျော်ရှိပြီး ၁၂ ယောက်ခန့်မှာ နန်းတော်ခုနစ်ခုတိုက်ခိုက်ရေးစွမ်းအားပိုင်ရှင်များ ဖြစ်ကြသည်။
ထိုနန်းတော်ခုနစ်ခု တိုက်ခိုက်ရေးစွမ်းအားပိုင်ရှင်အများစုသည် ဝတ်ရုံနက်အစောင့်အရှောက်များနှင့်သာ သက်ဆိုင်သော အင်ပါယာကျင့်ကြံခြင်းအတတ်များကို ပိုင်ဆိုင်ကြသည်။
သူတို့ထဲတွင် နန်းတော်ရှစ်ခုတိုက်ခိုက်ရေးစွမ်းအားပိုင်ရှင် နှစ်ဦး ပါရှိသေးသည်။