လေထဲက သွေးရနံ့များ (က)
Vol. 37 Ch. 551
သူတို့နှစ်ဦးသည် မီးတောက်ငါးခုနန်းတော်များကို မဖွဲ့စည်းရသေးသော်လည်း နန်းတော်ခုနစ်ခု၏အကန့်အသတ်ဖြစ်သော မီးတောက်လေးခုကို ဖွဲ့စည်းထားပြီး ဖြစ်သည်။ အင်ပါယာကျင့်ကြံခြင်းအတတ်၏အစွမ်းများကို ပေါင်းစပ်ပါက သူတို့သည် နန်းတော်ရှစ်ခု တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ကြသည်။
သူတို့အပြင် တခြားသော ခေါင်းဆောင်သုံးယောက်လည်း ပါရှိသေးသည်။
သူတို့သည် ဝိညာဉ်သူငယ်တစ်ဝက်များ ဖြစ်ကြသည်။
ထိုသို့သော ခွန်အားများသည် မည်သည့်ဂိုဏ်းတွင်မဆို ကျော်ထောက်နောက်ခံများဖြစ်နိုင်သည်။ သို့သော်လည်း သန့်စင်ရေလှိုင်းဒေသကြီးတစ်ခုလုံးကို ပိုင်ဆိုင်သော သန့်စင်ရေလှိုင်းမျိုးနွယ်အတွက်ကား ထိုသို့သောအဖွဲ့သည် အသေးအမွှားသာ ဖြစ်သည်။
ရွှီချင်းတို့အား မကြာခင်က အလစ်တိုက်ခိုက်ခဲ့သူများကိုလည်း ထည့်တွက်ပါက သန့်စင်ရေလှိုင်းမျိုးနွယ်၏အဖွဲ့ငယ်များသည် အရေအတွက်အားဖြင့် များပြားသလို တကိုယ်ရည်စွမ်းရည်များလည်း အားကောင်းကြကြောင်း ထင်ရှားပေသည်။
မည်သို့ဆိုစေ သန့်စင်ရေလှိုင်းမျိုးနွယ်သည်ကား ဒေသကြီးတစ်ခုလုံး၏ခေါင်းဆောင်ဖြစ်သည်။ ဒေသကြီးတစ်ခုလုံးကို အခြေခံ၍ တည်ဆောက်ထားသော သူတို့၏အခြေခံအုတ်မြစ်မှာ ခိုင်မာလှသည်။
နှိုင်းယှဉ်ပါက ဒေသငယ်တစ်ခုသည် များစွာ အားနည်းနိမ့်ကျပေသည်။
သို့သော်လည်း သည်တစ်ကြိမ်ဓားကိုင်အုပ်စုသည် သူတို့ယခင်တွေ့ဖူးသော ဓားကိုင်များနှင့် ကွဲပြားခြားနားပေသည်။
နှစ်ဘက်ရင်ဆိုင်တိုးလျှင် ကြီးမားသောတိုက်ပွဲတစ်ခု ဖြစ်ပေါ်လာသည်။ ဝိညာဉ်သူငယ်တစ်ဝက်အဆင့်သုံးယောက်သည် ခုန်ရှန်းလုံထံသို့ ပြေးဝင်သွားကြ၏။ နန်းတော်ရှစ်ခုဝတ်ရုံနက်နှစ်ဦး သူတို့နောက်သို့ လိုက်ပါသွားမည်ပြုစဉ်မှာပင် သူတို့ရှေ့ကို ခေါင်းတလားတစ်ခု ရောက်ရှိလာပြီး လမ်းကို ပိတ်လိုက်သည်။ လူပုဝမ်ချန်သည် မျက်နှာတွင် ရက်စက်သောအပြုံးတစ်ခုနှင့်အတူ ပေါ်လာပြီး သူ့ဘေးကိုလည်း မီးခိုးမျိုးနွယ်ကိုယ်ပွား ရောက်ရှိလာ၏။
တစ်ချိန်တည်းတွင် ညဝိညာဉ်သည် ဘေးနားသို့ ရောက်လာပြီး ရှန်ဟယ်လည်း ချဉ်းကပ်လာသည်။ သူတို့သုံးယောက်က နန်းတော်ရှစ်ခုဝတ်ရုံနက်နှစ်ဦးအား အတတ်နိုင်ဆုံး ပူးပေါင်းတားဆီးကာ ခုန်ရှန်းလုံနှင့် ရွှီချင်းတို့အတွက် အချိန်ဆွဲပေးကြသည်။
ခုန်ရှန်းလုံသည် ရန်သူအုပ်စုထဲက အသန်မာဆုံးလူသုံးယောက်နှင့် ရင်ဆိုင်နေရသည်။
ရွှီချင်းကား ထိုလူများမှအပ တခြားရန်သူများအားလုံးနှင့် ရင်ဆိုင်နေရသည်။
ဤသည်က သူတို့ကနဦး တွေးတောထားသော တိုက်ခိုက်ရေးအစီအစဉ်လည်း ဖြစ်သည်။
ထိုအချိန်က ရွှီချင်းသည် စကားတစ်ခွန်း ပြောခဲ့သည်။
“ကျုပ်က အုပ်စုလိုက်နဲ့ရင်ဆိုင်ရာမှာ ကောင်းတယ်”
ရွှီချင်း သက်ပြင်းတစ်ချက်ရှိုက်ကာ သူ၏ဓားမြောင်ကို ထုတ်လိုက်သည်။
တတိယနန်းတော်က တားမြစ်အဆိပ်သည် သူ့ခန္ဓာကိုယ်ကို အပြည့်အဝလှည့်ပတ်သွား၏။
မရေမတွက်နိုင်သော ပိုးမွှားကောင်များသည် ရွှီချင်းခန္ဓာကိုယ်မှ ဖြန့်ကျက်ထွက်ခွာသွားကြကာ ထူးဆန်းသော မြူခိုးငွေ့အသွင်အား ဖြစ်ပေါ်စေသည်။ ၎င်းသည် ကြောက်မက်ဖွယ်အငွေ့အသက်နှင့် သေစေနိုင်သော အဆိပ်ငွေ့များအား သယ်ဆောင်ကာ ပတ်ဝန်းကျင်သို့ ပြန့်လွင့်သွားကြ၏။
အဆိပ်များ မြန်ဆန်စွာ ပြန့်နှံ့သွားသည်။
ဝတ်ရုံနက်များ၏ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ရွှီချင်းကား တည်ငြိမ်နေသည်။ သူက ခေါင်းကို အသာနှိမ့်ကာ လူအုပ်ထဲသို့ ပြေးဝင်သွားလိုက်၏။
ကျန်းကန်းဂိုဏ်းဘိုးဘေးသည် သံတုတ်အသွင်သို့ ပြောင်းလဲသွား၏။ ရွှီချင်း၏နဖူးက အရိပ်မျက်လုံးသည် အဆက်မပြတ် မျက်တောင်ခပ်သည်။ ၎င်းသည် အပြင်သို့ ဖြန့်ကျက်သွားကာ ဝတ်ရုံနက်များ၏အရိပ်များနှင့် ပေါင်းစပ်ကာ သူတို့အား စတင်ဝါးမျိုသည်။
ထိုအခိုက်တွင်…
စစ်မှန်သော ညအမှောင်ထုသက်ဆင်းလာခဲ့သည်။
ရွှီချင်း မမှားပါ။ သူသည် အမှန်တကယ်လည်း အုပ်စုဖွဲ့တိုက်ပွဲများ၌ ထက်မြက်သည်။
သူ၏တတိယနန်းတော်က အဆိပ်များ ပြန့်လွင့်လာသည်နှင့် ၎င်း၏ဖျက်ဆီးနိုင်စွမ်းမှာ ကြောက်စရာကောင်းလှသည်။ ရွှီချင်းသည် တားမြစ်အဆိပ်ဆေးလုံးအား ရရှိကတည်းက ၎င်းအား အပြည့်အဝ ထုတ်လွှတ်ခြင်း မရှိဖူးပါ။
ယခုတိုင် သူက ၎င်းအား ထိန်းချုပ်ထားပါသေးသည်။
မည်သို့ဆိုစေ တတိယနန်းတော်က အဆိပ်သည် ရန်သူ၊ မိတ်ဆွေ ခွဲခြားနေမည် မဟုတ်ပါ။ အဆိပ်ပိုင်ရှင်ဖြစ်သော သူမှလွဲ၍ ကျန်းကန်းဘိုးဘေးဖြစ်စေ၊ အရိပ်လေးဖြစ်စေ ပြိုလဲသွားပေလိမ့်မည်။
သူက အဆိပ်အား ထိန်းချုပ်ထားသည့်တိုင် ၎င်း၏အစွမ်းသည် ဝတ်ရုံနက်များ၏စိတ်ကို ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။
ရုတ်တရက် နန်းတော်ငါးခုဝတ်ရုံနက်များသည် နာကျင်စွာ အော်ဟစ်လိုက်ကာ သူတို့၏ခန္ဓာကိုယ်မှာလည်း စတင်၍ အရည်ပျော်လာသည်။ သူတို့၏မျက်နှာပေါ်က အသားစိုင်များသည် အစိတ်အပိုင်းများအဖြစ် မြေပြင်ပေါ်သို့ ပြုတ်ကျလာကာ တကိုယ်လုံးမှ သွေးများ ယိုစီးကျလာကြသည်။ သူတို့၏မျက်လုံးများသည်ပင် မြေပြင်ပေါ်သို့ ပြုတ်ကျ၏။
သို့သော်လည်း သူတို့မှာ နာကျင်မှုကို မခံစားကြရပါ။
၎င်းသည် ရွှီချင်း၏အဆိပ် မည်မျှ ကြောက်စရာကောင်းကြောင်း သိသာစေသော အချက် ဖြစ်သည်။ အဆိပ်သည် အရာခပ်သိမ်းကို တိတ်တဆိတ် စိမ့်ဝင်ဖျက်ဆီးနိုင်သည်။ ရန်သူက အဆိပ်ကို ခံစားမိချိန်တွင် ၎င်းသည် သူတို့၏အသွေးအသား၊ ကလီစာနှင့် အရိုးများသို့ စိမ့်ဝင်ပြန့်နှံ့ပြီး ဖြစ်သည်။
ကြောက်လန့်တကြား အော်သံများအကြား၌ ရွှီချင်း၏ပုံရိပ်သည် သေမင်းတစ်ဦးအလား နန်းတော်ခြောက်ခုဝတ်ရုံနက်တစ်ဦး၏နောက်တွင် ပေါ်လာသည်။ သူက ထိုလူ၏လည်ပင်းအား မြန်ဆန်စွာ ဖြတ်တောက်လိုက်သည်။
ဆုတ်ဖြတ်သံတစ်ခုနှင့်အတူ သွေးများ ပန်းထွက်လာသည်။
လည်ပင်းသည် အောက်သို့ လိမ့်ကျသွားကာ ရွှီချင်း၏ကန်ထုတ်ခြင်းကို ခံလိုက်ရသည်။ ၎င်းသည် လေတိုးသံတစ်ချက်ပေးကာ ပုံရိပ်ယောင်အသွင်ဖြင့် နောက်ထပ်ဝတ်ရုံနက်တစ်ဦးထံသို့ ဦးတည်သွား၏။ ခေါင်းပြတ်သည် ထိုလူ၏ရှေ့၌ ပေါက်ကွဲသွားကာ အဆိပ်သွေးများ နေရာအနှံ့သို့ ပြန့်လွင့်သွားတော့သည်။
သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်များ၏အမူအရာက ပြောင်းလဲသွားကာ နောက်သို့ အလျင်အမြန် ဆုတ်သည်။ သို့သော်လည်း သူသည် သေခြင်းတရားကို ရှောင်ဖယ်နိုင်ခြင်း မရှိပါ။
ရွှီချင်းက ခံစားချက်ကင်းမဲ့စွာဖြင့် ရှေ့ကို တစ်လှမ်းတက်လိုက်သည်။ သူ့ထံမှ နန်းတော်ခုနစ်ခုရုပ်ခန္ဓာစွမ်းအားများ အပြည့်အဝပေါက်ကွဲထွက်လာပြီး အရပ်မျက်နှာမျိုးစုံသို့ တစ်ဝုန်းဝုန်းရိုက်ခတ်သွားစေသည်။ အဝေးမှကြည့်လျှင် ထိုနေရာ၌ မည်သည့်နေရာက ထွက်ပေါ်လာမှန်းမသိသော ကြောက်စရာမုန်တိုင်းအသွင်တစ်ခုအား တွေ့မြင်နိုင်သည်။
သူ၏ပြင်းထန်သော အရှိန်အဟုန်ဖြင့် ရွှီချင်းသည် ဝတ်ရုံနက်တစ်ဦးအား အညှာအတာကင်းစွာ ဝင်တိုက်ပစ်သည်။
အသားစများနှင့် သွေးများ နေရာအနှံ့သို့ ပြန့်လွင့်သွား၏။
အနီးတဝိုက်က လူများထဲတွင် ဝတ်ရုံနက်သုံးဦး ထပ်မံ၍ အဆိပ်မိသွား၏။ သူတို့က နာကျင်စွာ အော်ဟစ်လိုက်ကြသော်လည်း သူတို့၏ခန္ဓာကိုယ်များမှာ သွေးများအဖြစ် မြေပြင်ပေါ်သို့ အရည်ပျော်ကျသွား၏။
ထိုမြင်ကွင်းသည် ပတ်ဝန်းကျင်က ကျင့်ကြံသူများအား ကြောက်လန့်တကြား ဖြစ်စေသည်။
“အဆိပ်က အားကောင်းလွန်းတယ်…”
“အားလုံးပဲ… နောက်ဆုတ်ကြ…”
ရွှီချင်းနှင့် တိုက်ခိုက်နေသော ဝတ်ရုံနက်များသည်သာ လူစုခွဲရုံသာမကဘဲ ခုန်ရှန်းလုံ၊ ရှန်ဟယ်နှင့် တခြားအဝေးမှလူများ၏ အမူအရာများလည်း ပြောင်းလဲသွားကြသည်။ သူတို့က အတူတိုက်ပွဲဝင်နေသောလူများနှင့်အတူ ဤနေရာမှ ခပ်မြန်မြန်ထွက်သွားလိုကြသည်။
သူတို့အားလုံး ရွှီချင်းနှင့် အဝေးသို့ ထွက်သွားလိုကြ၏။
ရွှီချင်းက စိတ်ကို တည်ငြိမ်အောင် စုစည်းလိုက်သည်။ တားမြစ်အဆိပ်ကို ပိုသုံးလေ၊ အရာအားလုံးသည် သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု ပိုခံစားရလေလေဖြစ်သည်။ ထိုအချိန်တွင် သူသည် သရဲတစ္ဆေအလား နန်းတော်ခုနစ်ခုတိုက်ခိုက်စွမ်းရည်ပိုင်ရှင်၊ ကိုးယောက်မြောက် ဝတ်ရုံနက်ရှေ့တွင် ပေါ်လာသည်။
သူ နီးကပ်လာသည်နှင့် တပြိုင်နက် သူ့လက်ထဲက ဓားမြှောင်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်သည်။ ဝတ်ရုံနက်သည် သာမန်မဟုတ်ပေ။ သူသည် ထိုအခိုက်အတန့်တွင် ရုပ်ခန္ဓာခွန်အားကို အစွမ်းကုန်ပေါက်ကွဲထွက်စေလျှက် ဓားမြှောင်ကို တားဆီးရန် ဖမ်းကိုင်လိုက်သည်။
သို့သော်လည်း သူက ဓားမြှောင်ကို ကိုင်လိုက်သည့်အခိုက်တွင် ၎င်းထံမှ ဖောက်ထွက်သည့် စွမ်းအားများ လျင်မြန်စွာ ထွက်ပေါ်လာသည်။ ဝတ်ရုံနက်၏ အမူအရာက အဆက်မပြတ် ပြောင်းလဲသွားကာ လက်ဖဝါးတွင် စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရသည်။ ဆေးထိုးအပ်တစ်သောင်းဖြင့် ထိုးနှက်ခံရသည့် ခံစားမှုဖြင့် ၎င်းအဆိပ်သည် သူ၏စိတ်နှင့် ဝိညာဉ်ကိုလည်း နှိပ်စက်ကလူပြု၏။
သူက လက်ကို အလိုလို လွှတ်လိုက်သောအခါ ရွှီချင်း၏ ဓားမြှောင်သည် အတားအဆီးမဲ့ စွာဖြင့် သူ့လည်ချောင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး ဖြစ်သည်။
ဤသည်က ရွှီချင်း ပြင်ဆင်ထားသည့် ဓားမြောင်အတွက် ဒုတိယတိုက်ကွက် ဖြစ်သည်။ ထိုတိုက်ကွက်တွင် ခြုံထည်၏ အစွမ်းသတ္တိလည်း ပါဝင်သည်။
တန်ဖိုးအနေဖြင့် ဓားမြှောင်ကို ကိုင်လိုက်တိုင်း ရွှီချင်းအနေဖြင့် စူးရှသော နာကျင်မှုအား ခံစားရပေမည်။ သူ့တစ်ကိုယ်လုံးကို မရေမတွက်နိုင်သော၊ ထက်ရှသော အပ်များဖြင့် ထိုးသွင်းသကဲ့သို့ ခံစားရပေမည်။
သို့သော် ရွှီချင်းသည် ဤအရာအားလုံးကို ကျင့်သားရနေပြီဖြစ်ပြီး ဂရုစိုက်ခြင်းမရှိပါ။
သူ့ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး ဆက်၍ တိုက်ခိုက်ရန် ပြင်လိုက်စဉ် သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ချက်ချင်း ဘေးသို့ ခြေတစ်လှမ်း လှမ်းပြီး လေတိုးသံနှင့်အတူ ဝင်လာသောဓားကို ရှောင်လိုက်သည်။
နောက်လှည့်ကြည့်လိုက်လျှင် ရွှီချင်းက နန်းတော်ခုနစ်ခု တိုက်ခိုက်စွမ်းရည်ရှိသော ဝတ်ရုံနက်အစောင့်အရှောက်တစ်ဦးသည် အင်ပါယာကျင့်ကြံခြင်းအတတ်ကို အသုံးပြုလျှက် သူ့ထံသို့ ရွေ့လျားလာသော လက်မဲကြီးတစ်ခုအား ဖန်တီးလိုက်သည်ကို တွေ့ရ၏။
သို့သော် ဤတစ်ကြိမ်တွင် ရွှီချင်း လှုပ်ရှားရန် မလိုအပ်တော့ပါ။ နန်းတော်ခြောက်ခုပါသော ဝတ်ရုံနက်အစောင့်အရှောက်နှစ်ယောက်သည် ရုတ်တရက် ထူးထူးဆန်းဆန်း ပြုံးလိုက်ကြသည်။ သူတို့သည် တညီတညွတ်တည်း လှည့်၍ နန်းတော်ခုနစ်ခုကျင့်ကြံသူတစ်ဦးထံသို့ ပြေးလွှားသွားကာ မိမိကိုယ်ကို ဖောက်ခွဲဖျက်ဆီးပစ်လိုက်ကြသည်။
သူတို့ ပြေးလွှားသွားစဉ်က အော်သံများမှာ ၎င်းအတိုင်း ဖြစ်သည်။
“ကျုပ်ဆရာက မင်းကို နှုတ်ခွန်းဆက်လိုက်တယ်”
ဤထူးဆန်းသော မြင်ကွင်းသည် ဝတ်ရုံနက်အစောင့်အရှောက်များအားလုံး၏ အမူအရာကို သိသိသာသာ ပြောင်းလဲသွားစေသည်။
နောက်တခဏတွင်တော့ ဝတ်ရုံနက်အစောင့်အရှောက်နှစ်ယောက်၏ အလောင်းများသည် ကျယ်လောင်စွာပေါက်ကွဲထွက်သွားပြီး သူတို့အနီးက ကျင့်ကြံသူကို ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။
ပေါက်ကွဲမှုကို ခံစားရပြီးနောက် နန်းတော်ခုနစ်ခုကျင့်ကြံသူသည် ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထုတ်လိုက်သည်။ ညာလက်ကို မြှောက်ကာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်သည့် သံချောင်းကို ဖမ်းကိုင်လိုက်စဉ် သူ့အမူအရာသည် ထိတ်လန့်ခြင်း ဒေါသထွက်ခြင်းများဖြင့် ပြည့်နေသည်။
သို့သော် သံချောင်းမှ ခုန်ထွက်လာသော အနီရောင်လျှပ်စီးကြောင်းကိုကား သူ မတားဆီးနိုင်ခဲ့ပါ။ ချက်ချင်းပင် လျှပ်စီးကြောင်းသည် သူ့ခေါင်းထဲသို့ တိုးဝင်သွားကာ သူ့အား တုန်ခါသွားစေသည်။
ရွှီချင်း၏ ဓားမြှောင်သည်လည်း ထိုအခိုက်အတန့်တွင် လျင်မြန်စွာ ရောက်ရှိလာသည်။ သူက ထိုလူ၏ နှလုံးသားကို ဓားဖြင့်ထိုးပြီး နောက်ထပ်တိုက်ကွက်အား မြန်ဆန်စွာ ထုတ်ဖော်လိုက်သည်။ သူသည် ဓားဖြင့် ခုနစ်ကြိမ်ဆက်တိုက် ထပ်ခါထပ်ခါ ရက်စက်ကြမ်းကြုတ်စွာ ထိုးသွင်းလိုက်၏။
သွေးရူးတန်းရူး အော်ဟစ်သံများ ထွက်ပေါ်လာချိန်တွင် ရွှီချင်းသည် သူ၏အဆိပ်များ ပျံ့နှံ့သွားပြီးဖြစ်သည်ကို သတိပြုမိသည်။ ပတ်ဝန်းကျင်မှ ဝတ်ရုံနက်အစောင့်အရှောက်အများစုသည် ပုပ်ပွနေပြီး သူတို့တစ်ယောက်စီတိုင်းမှာ ကြောက်လန့်နေကြသည်။ သူတို့၏ ကျင့်ကြံဆင့်များမှာလည်း ထိန်းမနိုင်သိမ်းမရ အားနည်းလာကြ၏။
“အချိန်တန်ပြီ။”
ရွှီချင်း တီးတိုးရေရွက်သည်။ သူ့နဖူးပေါ်က အရိပ်မျက်လုံးသည် အနက်ရောင် ခေါင်းတလားတစ်ခုထဲသို့ တိုက်ရိုက် ပျံ့နှံ့သွားသည်။ အဖုံးပွင့်သွားသည်နှင့် ရွှီချင်း ပြေးထွက်လာသည်။
မှန်သည်၊ ထိုဖြစ်စဉ်အတွင်း၌ သူနှင့် အရိပ်လေးတို့ ပေါင်းစပ်ခြင်းလျှို့ဝှက်ချက်ကို ဖုံးကွယ်ထားရန် မန္တန်အတတ်တစ်ခုကို ကြွေးကြော်လိုက်သေးသည်။
သူပေါ်လာသည်နှင့် တပြိုင်နက် ရွှီချင်းသည် အောက်လမ်းတာအိုလုယက်အတတ်ကို အသက်သွင်းလိုက်သည်။ သူ၏ ညာလက်သည် ချက်ချင်းပင် ကြည်လင်တောက်ပလာပြီး နန်းတော်ခြောက်ခု ဝတ်ရုံနက်တစ်ဦး၏ ရင်ဘတ်ထဲသို့ ရက်စက်ကြမ်းကြုတ်စွာ ထိုးသွင်းလိုက်သည်။
တစ်ဖက်လူက မည်မျှ ရုန်းကန်နေပါစေ အသုံးမဝင်တော့ပါ။ သူ့လက်သည် နတ်နန်းတော်အတွင်းသို့ ဝင်ရောက်ကာ ရွှေအမြုတေများကို ကြမ်းတမ်းစွာ ဆွဲထုတ်လိုက်သည်။
အမြုတေများတွင် သွေးပြန်ကြောများ တွဲနေပါသေးသည်။