သူက ဘယ်လောက် သန်မာနိုင်မှာမို့လို့လဲ
Vol. 35 Ch. 511
ထွက်ပေါက် ပိတ်သွားသောအခါ ရဲ့လင်းချန်၏ မျက်ခုံးများ မသိမသာ လှုပ်သွားသည်။ သို့သော် သူ စိုးရိမ်ခြင်း လုံးဝ မရှိပေ။
ဤသို့ ထူးခြားသော ဓာတ်ခွဲခန်းနှင့်ဆိုလျင် အပြင်ပန်းအတိုင်း ရိုးရှင်းနေမှသာလျင် အံ့ဩစရာ ဖြစ်ပေလိမ့်မည်။
“ရဲ့လင်းချန်၊ ငါတို့ ငါးထပ်မှာ ရှိတယ်၊ ငါတို့ ထပ်တွေ့တဲ့ မြင်ကွင်းကို ငါ မြင်ယောင်ကြည့်ဦးမယ်ကွ …”
သခင်လေး ထာခဲရှီ၏ အထင်အမြင်သေးသော အသံကို လေးဖက်လေးတန်နံရံများမှ ကြားလိုက်ရသည်။
“မင်း ငါ့ရှေ့ကို ဒူးထောက်ပြီး လှမ်းလာသရွေ့ မင်းအသက်ကို ချမ်းသာပေးဖို့ ငါ စဉ်းစားပေးမယ်”
ရဲ့လင်းချန်သည် စောင့်ကြည့်ကင်မရာကို စိုက်ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ မင်းနဲ့တွေ့ဖို့ ဒီကို လာတာ မဟုတ်ဘူး၊ ငါ မင်းအလောင်းကို ကောက်ဖို့ ဒီကိုလာတာ”
“ဟဲဟဲဟဲ မင်းက မောက်မာနေတဲ့ အရူးတစ်ယောက်သက်သက်ပဲ၊ မင်း ဒီကို ဒူးထောက်ပြီး လှမ်းလာတာကို ငါ စောင့်နေတယ်”
သခင်လေး ထာခဲရှီ စကားပြောပြီးသည်နှင့် ဖန်ပြောင်းချောင်များထဲမှ သတ္တဝါ ၁၂ ကောင်က စတင် လှုပ်ရှားလာပြီး အရည်များက ပွက်ပွက်ဆူလာသည်။ ထို့နောက် ကြမ်းကြုတ်သော မာန်ဖီသံများ ထွက်ပေါ် လာ၏။
ကြောက်စရာကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်က အခန်းတွင်း ပြည့်နှက်လာ၏။
“ဂျွတ်”
ဖန်ပြောင်းချောင်များထဲမှ တစ်ခုတွင် အက်ရာတစ်ခု ပေါ်လာပြီး အက်ကြောင်းက လျင်မြန်စွာ ပျံ့နှံ့လာ၏။ ထိုအက်ရာများမှ ဓာတုဆေးရည်များစွာ စိမ့်ထွက်လာသည်။
၎င်းသည် ဝံပုလွေတစ်ကောင် ဖြစ်ပြီး ကျောကုန်းက ဖြူတစ်ကောင်ကဲ့သို့ ရှည်လျားသော ဆူးချွန်များ ပေါက်နေသည်။ ၎င်း၏ မျက်လုံးများက ကျောချမ်းဖွယ်ကောင်းအောင် အစိမ်းရောင် လက်နေသည်။ ၎င်းသည် အေးစက်၍ ခံစားချက်ကင်းမဲ့ပုံ ပေါ်နေ၏။ လက်ရှိတွင် ၎င်း၌ ဘာဉာဏ်ရည်မှ မရှိပါ။ ၎င်း၏ စိတ်ထဲ၌ရှိသော တစ်ခုတည်းသော အရာမှာ အရှေ့မှ လူသားကို တစ်စစီ ဆွဲဖြဲရန်သာ ဖြစ်သည်။
“နည်းပညာ ဌာနက အချက်အလက်ကို စုဆောင်းဖို့ အသင့်ပြင်ထား”
အကြီးအကဲ ဟီရိုရှီက ညွှန်ကြားလေသည်။ သူ၏ အိုမင်းနေသော မျက်လုံးများက ရဲ့လင်းချန်အား စူးစမ်းသော အရိပ်အယောင်များနှင့် ကြည့်နေသည်။
ပထမထပ်မှ စမ်းသပ်ခံများသည် လူသား၏ အနံ့ကို အလွန် ဆတ်ဆတ်ထိမခံနိုင် ဖြစ်ပြီး အလွန်အမင်း ကြမ်းကြုတ်လေသည်။
ရဲ့လင်းချန်သည် လူသားတစ်ယောက်သာလျင် ဖြစ်ပြီး လက်ရှိတွင် တစ်ယောက်တည်း ဖြစ်သည်။ သူက ဘယ်လောက် သန်မာနိုင်မှာမို့လို့လဲ။
ချက်ချင်းဆိုသလိုပင် ရဲ့လင်းချန်က လှုပ်ရှားလာသည်။
သူသည် အရေးမပါသော စကားများ ပြောမနေဘဲ အရင် တိုက်ခိုက်လေသည်။ သူသည် ကိုယ်ကိုကိုင်း၍ သန္ဓေပြောင်း ဝံပုလွေထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။
ရဲ့လင်းချန်၏ လှုပ်ရှားမှုကြောင့် သန္ဓေပြောင်း ဝံပုလွေက သွေးပျက်မသွားပေ။ ၎င်း၏ သားရဲဗီဇအရ လျင်မြန်စွာ တုံ့ပြန်လာပြီး တစ်ပြိုင်တည်းနီးနီး တိုက်ခိုက်လိုက်သည်။ ၎င်း၏ မျက်လုံးများက လျင်မြန်စွာ ရွေ့လျားနေပြီး ရဲ့လင်းချန်၏ အရိပ်ကို အမီလိုက်ဖမ်းနေသည်။ ၎င်း၏ လက်သည်းများက အေးစက်စွာ လက်နေပြီး အစွယ်များကို ဖြဲ၍ တန်ပြန်တိုက်ခိုက်ရန် အသင့်ဖြစ်နေလေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် …
“ဘုတ်”
မသဲမကွဲ အသံတစ်သံကို ကြားလိုက်ရသည်။ ပိတ်လှောင်ထားသော အခန်းတွင်း၌ ထိုအသံသည် အလွန် ကျယ်လောင်နေပုံ ပေါ်နေသည်။
ရဲ့လင်းချန်သည် သန္ဓေပြောင်း ဝံပုလွေနားသို့ နီးလာသည်နှင့် တုံ့ဆိုင်းမနေသလို ဆန်းပြားသော အကွက် များလည်း မလုပ်ဘဲ ၎င်းရှိရာနေရာသို့ တန်း၍ ကန်ကျောက်လိုက်သည်။
ထိုကန်ချက်ပြီးနောက် နောက်ထပ် ကန်ချက်တစ်ချက်ကို ပိတ်သွင်းလိုက်သည်။ ကန်ချက်များက မိုးစက်များကဲ့သို့ မရပ်မနား ကျဆင်းနေလေသည်။
သူ၏ ခွန်အားက မယုံနိုင်လောက်အောင် သန်မာသည်။ ကန်ချက်တစ်ချက်ချင်းစီတိုင်းက သန္ဓေပြောင်း ဝံပုလွေထံမှ နာကျင်သော အူသံကို ထွက်ပေါ်လာစေသည်။ ၎င်း၏ လက်သည်းများဖြင့် ရဲ့လင်းချန်၏ လှုပ်ရှားမှုကို ဖမ်းဆီးရန် ကြိုးစားသော်လည်း အချည်းနှီးပင်။ နောက်ဆုံးတွင် အားပြင်သော လက်သီးတစ်လုံးက သန္ဓေပြောင်း ဝံပုလွေ၏ လည်ပင်းထံသို့ ကျဆင်းလာ၏။
သန္ဓေပြောင်း ဝံပုလွေသည် အမြောက်ဆံကဲ့သို့ လွင့်ထွက်သွားပြီး နံရံနှင့် ဝင်ဆောင့်လေသည်။
ထိုဝံပုလွေသည် သာမန်ဝံပုလွေထက် ပိုအကောင်ကြီးသော်လည်း ရဲ့လင်းချန်၏ လက်သီးချက် တစ်ချက်တည်းဖြင့် လွင့်ထွက်သွားရသည်။ ဤမြင်ကွင်းကို သာမန်လူ တစ်ယောက်ယောက်သာ မြင်လိုက်ပါက အတော်လေး ရင်သက်ရှုမော ဖြစ်သွားလောက်သည်။
“အာဝူး…”
သို့သော် သန္ဓေပြောင်း ဝံပုလွေ၏ အသက်က ရဲ့လင်းချန် ထင်ထားသည်ထက် ပိုပြင်းလေသည်။ ဤသို့သော အခြေအနေအောက်၌ ၎င်းသည် အသက်ရှင်နေဆဲ ဖြစ်သည်။ ၎င်း၏ မျက်လုံးများက သွေးကဲ့သို့ ရဲရဲနီနေပြီး ရဲ့လင်းချန်အား ကြမ်းကြုတ်စွာ စိုက်ကြည့်နေ၏။
“မင်းက လုံးဝ ချစ်ဖို့မကောင်းဘူး၊ ရှောင်ချင်နဲ့ ရှောင်ဟွေကမှ အများကြီး ပိုချစ်ဖို့ ကောင်းတယ်”
ရဲ့လင်းချန် ပြန်ပြောလိုက်သည်။
ငါးထပ်မြောက်၌ အလုပ်သမားတစ်သိုက်သည် ဖန်သားပြင်ကို ကြည့်၍ သုံးသပ်နေသည်။ အချို့ဆိုလျင် ရဲ့လင်းချန်က သန္ဓေပြောင်း ဝံပုလွေကို ဆက်တိုက် တိုက်ခိုက်သည့်အပိုင်းကို ပြန်ပြန်ရစ်ကြည့်နေ၏။
“လျင်မြန်မှုက တစ်စက္ကန့်ကို လေးချက်ကန်တာပဲ၊ ကန်ချက်တစ်ချက်စီတိုင်းက ၂၅၀ ကီလိုဂရမ်နီးပါးလောက် ရှိတယ်၊ လက်သီးချက်က ၅၀၀ ကီလိုဂရမ်လောက် ရှိတယ်၊ သူ ပြနေတဲ့ အရည်အချင်းက အဆင့်နှစ်နဲ့ သုံးကြားမှာ ရှိတယ်”
နည်းပညာဌာနမှ အလုပ်သမားများက အချက်အလက်များကို လျင်မြန်စွာ ရယူနေသည်။
အကြီးအကဲ ဟီရှိုရှီက ခေါင်းညိတ်နေပြီး အမူအရာက တည်ငြိမ်နေသည်။ ထိုအချက်အလက်များသည် သာမန် အဆင့်အတွင်း၌ ရှိနေဆဲပင်။ ယင်းသည် သန်မာသော သိုင်းပညာရှင်တစ်ယောက် လုပ်နိုင်သော အရာတစ်ခုပင်။
“ဟဲဟဲ သူ လုပ်နိုင်တာ ဒါ အကုန်ပဲပေါ့”
သခင်လေး ထာခဲရှီက ခေါင်းခါလေသည်။
“ဂျွတ် ဂျွတ်”
တစ်ခဏအတွင်းမှာပင် နောက်ထပ် ဖန်ပြောင်းချောင်သုံးခု ထပ်ပွင့်လာသည်။ ထို့နောက်တွင်မူ ကွင်းဆက် ဖြစ်ပျက်သကဲ့သို့ ဖန်ပြောင်းချောင်များအားလုံး စတင်ပွင့်လာလေသည်။ တစ်ခဏအတွင်းမှာပင် ဖန်ပြောင်းချောင် အားလုံး ပွင့်သွားကြသည်။
အရည်များက ကြမ်းပြင်တွင် စီးနေပြီး သန္ဓေပြောင်း သားရဲ ဆယ့်နှစ်ကောင်က ရဲ့လင်းချန်ကို စိတ်အားထက်သန်စွာ စိုက်ကြည့်၍ မာန်ဖီနေ၏။
“ဂါး…”
ကြမ်းကြုတ်သော မာန်ဖီသံ၌ လူသတ်ချင်သော အငွေ့အသက်တို့ ပြည့်နေသည်။
“ရွှစ်”
သန္ဓေပြောင်း ဝံပုလွေသည် ယခင်ရန်ငြိုးကို တေးထား၍ ရဲ့လင်းချန်ထံသို့ ထပ်မံ၍ ပြေးဝင်လာသည်။
၎င်း၏ အစွယ်များကို ဖြဲထားသဖြင့် အခန်းတွင်း၌ ၎င်းထံမှ ဆိုးရွားနံ့စော်သော အနံ့အသက်တို့ ပြည့်လာသည်။ ၎င်း၏ ခန္ဓာကိုယ်က အနည်းငယ် ကွေးလာပြီး ကျောပေါ်မှ ဆူးချွန်များ ထောင်လာကာ ၎င်းသည် ရဲ့လင်းချန်ကို ထိုးဖောက်ရန် ကြိုးစားနေသည့် လူသတ်စက်တစ်ခုလိုပင်။
ရဲ့လင်းချန်သည် အာရုံစူးစိုက်ထားပြီး ရှောင်ရမည့်အစား ရှေ့သို့တိုးကာ တိုက်ခိုက်မှုကို ရင်ဆိုင်လေသည်။ သန္ဓေပြောင်း ဝံပုလွေက သူ့အနား မရောက်ခင်မှာပင် သူသည် ဘေးသို့ အနည်းငယ် ယိမ်း၍ လက်ကိုဆန့်ကာ သန္ဓေပြောင်း ဝံပုလွေ၏ အမြီးကို အမိအရ ဖမ်းဆွဲ၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
ထို့နောက် သူသည် သန္ဓေပြောင်း ဝံပုလွေကို ဆွဲ၍ ကျန်သားရဲ ဆယ့်တစ်ကောင်ထံသို့ ပြေးဝင်သွားသည်။
“ရွှစ် ရွှစ် ရွှစ်”
သန္ဓေပြောင်း ဝံပုလွေက သူ့လက်ထဲ၌ ကြီးမားသော ကျာပွတ်တစ်ချောင်းသဖွယ် ပြောင်းလဲသွားလေသည်။ ရဲ့လင်းချန် လွှဲယမ်းလိုက်တိုင်း ၎င်းက လေထဲ၌ ဝဲနေလေသည်။ သန္ဓေပြောင်း ဝံပုလွေ၏ ကျောပေါ်မှ ဆူးချွန်များသည် လွှဲယမ်းလိုက်တိုင်း လေထဲ၌ သွေးများ လွှမ်းမိုးလာစေသည်။
သန္ဓေပြောင်း ဝံပုလွေသည် အစကတည်းက လေးလံသည်။ ၎င်း၏ ချွန်ထက်သော ဆူးချွန်များနှင့် ပေါင်းလိုက်သောအခါ အခြားသားရဲနှင့် ထိပ်တိုက် တွေ့ချိန်တိုင်း အကာအရံရကာ ၎င်းတို့၌ သွေးသံတရဲရဲနှင့် အပေါက်များ ဖြစ်သွားစေသည်။ ထို့နောက် ၎င်းတို့သည် ကြမ်းပြင်ပေါ် လဲကျပြီး ရုန်းကန်၍ နာကျင်စွာ ညည်းညူ ကြသည်။
ဤသန္ဓေပြောင်း သားရဲများသည် ကြီးမားပြီး ချွန်ထက်သော လက်သည်းများနှင့် အစွယ်များ ပိုင်ဆိုင်ထားသည်။ ရဲ့လင်းချန်ကို တိုက်ခိုက်ရန် သူတို့ အစွမ်းကုန် ကြိုးစားသော်လည်း သူ၏ လျင်မြန်မှုက သူတို့အတွက် အလွန် မြန်လွန်းနေ၏။ ထို့အပြင် အကောင်းဆုံး ဒိုင်းနှင့်လှံကဲ့သို့ ပြောင်းလဲနေသော သန္ဓေပြောင်း ဝံပုလွေနှင့် တိုက်ခိုက်၍ သူတို့၏ တန်ပြန်တိုက်ခိုက်မှုကိုပါ ကာစီးနိုင်သဖြင့် ရဲ့လင်းချန်သည် အဖွဲ့လိုက် တိုက်ခိုက်မှု၌ ဘာဒဏ်ရာမှ မရဘဲ ရှိနေလေသည်။
သူသည် တိုက်ခိုက်လေလေ ပို၍ စိတ်အားထက်သန်လေလေ ဖြစ်လာပြီး သက်လုံကလည်း ကျမသွားချေ။ သူ၏ လျင်မြန်မှုက ပိုတိုးလာပြီး သန္ဓေပြောင်း ဝံပုလွေကို လွှဲယမ်းသည့် အားနှင့် အရှိန်က ပို၍ မြန်ဆန်လာလေသည်။
နောက်ဆုံးတွင် ရဲ့လင်းချန်၏ ခန္ဓာကိုယ်၌ သွေးများနှင့် ဖုံးလွှမ်းလာ၏။ ထိုသွေးများက သူ၏ သွေးများ မဟုတ်ပေ။
ထို့အတူ သူ့လက်ထဲမှ သန္ဓေပြောင်း ဝံပုလွေသည်လည်း သွေးများနှင့် ချင်းချင်းနီနေ၏။
ရဲ့လင်းချန်က ရုတ်တရက် ရပ်လိုက်လေသည်။
ကြမ်းပြင်တွင် သွေးများက ဖန်ပြောင်းချောင်ထဲမှ အရည်များနှင့် ရောထွေး၍ အခန်းတွင်း ပျံ့နှံ့နေ၏။
“ဘုတ်”
ထို့နောက် ရဲ့လင်းချန်သည် သန္ဓေပြောင်း ဝံပုလွေအား ခွေးသေတစ်ကောင်သဖွယ် သဘောထား၍ ဘေးသို့ လွှင့်ပစ်လိုက်သည်။
၎င်း၏ ခန္ဓာကိုယ်၌ အပေါက်များနှင့် ပြည့်နေ၏။ သားရဲတစ်သိုက်သည် ရဲ့လင်းချန်ကို နည်းနည်းလေးမှ ထိခိုက်အောင် မလုပ်နိုင်ပါ။ တိုက်ခိုက်မှု အများစုက သန္ဓေပြောင်း ဝံပုလွေထံသာ ကျရောက်ခဲ့သဖြင့် ၎င်းသည် တစ်စစီ ဖြစ်လုနီးပါး ဖြစ်နေ၏။ ၎င်း၏ ကျောပေါ်မှ ဆူးချွန်များတောင်မှ ကျိုးလုနီးနီး ဖြစ်နေလေသည်။
ထိုအခိုက်တွင် သူ့ကို ဝိုင်းနေသည့် သားရဲ ခုနစ်ကောင် ကျန်နေသေးသည်။ ၎င်းတို့အားလုံးသည် ဒဏ်ရာများနှင့် ပြည့်နေပြီး သွေးများ ဒလဟော စီးကျနေသည်။ ၎င်းတို့သည် ကိုယ်ကိုကိုင်း၍ သွားများကို ဖြဲကာ ခပ်တိုးတိုး မာန်ဖီ၍ ရဲ့လင်းချန်အား ထက်သန်စွာ ကြည့်နေကြသည်။
၎င်းတို့မျက်လုံးတွင်း၌ ခက်ထန်မှုအပြင် အခြားသော ခံစားချက်တစ်ခုလည်း ရောင်ပြန်ဟပ်နေသည်။ ယင်းမှာ ကြောက်စိတ်ပင်။ ၎င်းတို့သည် ချက်ချင်း ထွက်မပြေးသော်လည်း အားလုံး တုန်ယင်နေ၏။
ထိုအဖြစ်အပျက်တစ်ခုလုံးက တစ်မိနစ်အတွင်း ဖြစ်သွားခဲ့လေသည်။