တကယ့်ခွန်အားအကြောင်း မင်း ဘာမှမသိပါဘူး
Vol. 35 Ch. 512
အဖြစ်အပျက်တစ်ခုလုံးက သိပ်မကြာလိုက်ပါ။ ရဲ့လင်းချန်သည် သားရဲ ငါးကောင်ကို တစ်ခဏအတွင်း လွယ်ကူစွာ ရှင်းလင်းနိုင်ခဲ့သည်။ ထိုသားရဲ ငါးကောင်သည် ခြင်္သေ့များနှင့် ကျားများထက် အဆပေါင်းများစွာ ပို၍ သန်မာလေသည်။
ကြောက်စရာ ကောင်းသည်။
လုံးဝကို ကြောက်စရာကောင်းပေသည်။
ယင်းက အိပ်မက်တစ်ခုလိုပင်။
ရဲ့လင်းချန် လက်ခုပ်တီးလိုက်သည်။ သူ၏ အသက်ရှူသံ၊ အမူအရာနှင့် အကြည့်က ယခင်အတိုင်း မပြောင်းမလဲ ရှိနေပြီး နေရာ၌ တိတ်ဆိတ်စွာ ရပ်၍ ကျန်သားရဲ ခုနစ်ကောင်ကို အေးစက်စွာ ကြည့်နေသည်။ သူ၏ နှုတ်ခမ်းထောင့်က ကွေးတက်လာပြီးနောက် အေးအေးဆေးဆေး ပြောလိုက်သည်။
“မင်းတို့ သားရဲတွေလည်း အကြောက်တရားကို ခံစားမိတာပဲ”
၎င်းတို့သည် အကြောက်တရားကို ခံစားနိုင်ပါသည်။ တကယ်တမ်းတွင် ခံစားချက်များက အခြားသော သားရဲများ၏ အခြေခံ ဗီဇများထက်တောင်မှ ပို၍ ပြင်းနိုင်သေးသည်။ သို့သော် ၎င်းတို့၏ သွေးဆာစိတ်က ပို၍ ပြင်းပြနေ၏။
ရဲ့လင်းချန်က ရန်စဟန်ဖြင့် လက်ဝှေ့ယမ်းပြသည်။
“လာလေ၊ ဆက်တိုက်ကြလေ”
သူ၏ သွေးတို့သည်လည်း သတ်ဖြတ်ချင်ိစတ်ကြောင့် ပွက်ပွက်ဆူနေ၏။
*ငါ့သွေးတွေ ဒီလို ပွက်ပွက်ဆူတာကို မခံစားရတာ ဘယ်လောက် ကြာနေပြီလဲ*
သူ၏ တိုးတက်မှုက မြန်ဆန်လွန်းနေသဖြင့် သူ တွေ့ခဲ့သည့် ပြိုင်ဘက်တိုင်းက သူ့အတွက် မညီမျှသလို ဖြစ်နေသည်။ သို့သော် လက်ရှိတွင် သူ၏ ပြင်းပြသော ထက်သန်စိတ်တို့ နိုးထလာလေပြီ။ ပြိုင်ဘက်များက မိစ္ဆာများပင်။
မိစ္ဆာများ ဖြစ်သောကြောင့် သူသည် စိတ်ကို မထိန်းထားဘဲ သတ်နိုင်လေသည်။ ထိုသားရဲများ၏ အရိုင်းဆန်မှု ကလည်း ရဲ့လင်းချန်ကို တစ်နည်းနည်းဖြင့် သက်ရောက်နေသည်။ သူ၏ အရည်အချင်းများ တိုးတက်လာခြင်းနှင့်အတူ ရဲ့လင်းချန်၏ သွေးထဲတွင် အရိုင်းဆန်မှုတို့ ဖြစ်ပေါ်လာပုံ ရသည်။
ဤသို့သော အခြေအနေ၌ သူ၏ ခွန်အားကို အပြည့်အဝ ထုတ်ဖော်ခွင့် ရလေပြီ။
သို့သော် သူ့ရှေ့မှ သားရဲတစ်သိုက်သည် အားနည်းလွန်းနေသဖြင့် သူ၏ ခန္ဓာကိုယ်တွင်းမှ ခွန်အားများကို ဘယ်နေရာ၌ ဖြေထုတ်ရမလဲမသိ ဖြစ်နေစေသည်။
သင့်တော်သော ပြိုင်ဘက်တစ်ယောက် ရှိလာရန် သူ မမျှော်လင့်ပါ။ ကောင်းမွန်သော တိုက်ခိုက်မှုတစ်ခုကိုသာ သူ လိုချင်ခဲ့သည်။ ထိုသားရဲများက ပို၍ရူးသွပ်ပြီး၊ ကိုယ့်သေတွင်း ကိုယ်ပိုတူး၍ သန်မာရန်သာ သူ မျှော်လင့်မိသည်။
ရဲ့လင်းချန်၏ ရန်စခြင်းကို မြင်သောအခါ ကျန်သားရဲ ခုနစ်ကောင်က ဆက်၍ မာန်ဖီကြသည်။ ဘယ်အကောင်ကမှ အရင် တိုက်ခိုက်မလာချေ။
သူတို့၏ သားရဲဗီဇအရ ရွှေရောင်အခွင့်အရေးတစ်ခု ရလာရန်အတွက် သူတို့ စောင့်ဆိုင်းရန် လိုအပ်ပေသည်။
“မင်းတို့အားလုံး တကယ် ကြောက်နေတဲ့ပုံပဲ၊ မင်းတို့ ကြောက်နေတုန်းလား”
ရဲ့လင်းချန်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် အထင်သေးသံပြု၍ နောက်လှည့်လိုက်သည်။
သူ၏ နောက်ကျောအား သားရဲများကို ပြထားလေသည်။
သူ၏ ကျောပြင်သာ ဖြစ်သော်လည်း အထင်သေးသော အငွေ့အသက်တို့ ပေါ်လွင်နေသေးသဖြင့် သားရဲ ခုနစ်ကောင်အား မာန်ဖီ၍ တဖြည်းဖြည်း နောက်ဆုတ်သွားစေသည်။
သို့သော် မကြာခင်မှာပင် သူတို့၏ မျက်လုံးများက ပို၍ နီရဲလာ၏။
သားရဲတစ်ကောင်ကို ကျောပေးလိုက်ခြင်းက မည်သို့သော သားရဲမျိုးနှင့် ကြုံရပါစေ အလွန် အန္တရာယ်များသော လုပ်ရပ်ပင်။ ကျောပေးလိုက်ခြင်းက သားရဲ၏ ရန်ပြုချင်စိတ်ကို နှိုးဆွပေးလိုက်သလိုပင်။
“ဂါး”
သားရဲခုနစ်ကောင်က မာန်ဖီ၍ ရဲ့လင်းချန်ထံသို့ ပြိုင်တူ ခုန်ဝင်လာသည်။
၎င်းတို့၏ အရှိန်က အလွန်လျင်မြန်ပြီး သားကောင်ကို ခုန်အုပ်သော ကျားသစ်နှင့် တူနေလေသည်။ မှုန်ဝါးဝါး အရိပ်ကိုသာ အားလုံး မြင်လိုက်ရသည်။
“နောက်ဆုံးတော့ မင်းတို့ လာပြီပဲ”
ရဲ့လင်းချန် ပြုံးလိုက်သည်။ သူ့အနီးအနားမှ ခက်ထန်သော အရှိန်အဝါက ပိုပြင်းလာပြီး ရုတ်တရက် သူက လေထဲ ခုန်တက်လိုက်ကာ တစ်ပတ်လှည့်၍ ကန်ကျောက်လိုက်သည်။
ထိုကန်ချက်၏ နောက်ကွယ်မှ အားအင်အား တားဆီး၍ မရနိုင်ပေ။ ၎င်းသည် သားရဲတစ်ကောင်ချင်းစီပေါ်သို့ လျင်မြန်စွာ ကျရောက်သွားသည်။
“ဘုန်း ဘုန်း ဘုန်း”
သူ့ကန်ချက်ကို အရိပ်ကဲ့သို့ ဖျပ်ခနဲသာ မြင်လိုက်ရပြီး သူ့ကန်ချက်များက တိုက်ကွင်း၌ ဓားသဖွယ် တိုးခွင်းသွား လေသည်။
သားရဲခုနစ်ကောင်လုံး အံ့ဩစရာကောင်းသော အရှိန်ဖြင့် လွင့်ထွက်သါားကြသည်။
သို့သော် ရဲ့လင်းချန်က ထိုမျှနှင့် ရပ်မသွားချေ။ သူသည် အရှေ့သို့ ပြေးတက်သွားပြီး အသူရာတစ်ပါးကဲ့သို့ အန္တရာယ် ပေးသော အရှိန်အဝါတစ်ခုကို ထုတ်ဖော်၍ လက်သီးကို ဝင့်ထားသည်။ မုဆိုးနှင့် သားကောင်နေရာက ချက်ချင်း ပြောင်းလဲသွားပြီး သားရဲခုနစ်ကောင်အား ကြောက်လန့်တကြား အော်ဟစ်လာစေသည်။
ချက်ချင်းဆိုသလိုပင် ရဲ့လင်းချန်က သူတို့အပေါ်သို့ ရောက်လာသည်။ သူသည် အရှိန်ပြင်းသော မုန်တိုင်းတစ်ခုသို့ ပြောင်းလဲသွားပုံ ရသည်။ သူသည် ကြောက်တတ်သော ယုန်တစ်ကောင်ကဲ့သို့ ငြိမ်သက်သော်လည်း မုန်တိုင်း သဖွယ် သောင်းကျန်းနေလေသည်။
သူ၏ ခန္ဓာကိုယ်က သားရဲခုနစ်ကောင်ကြား၌ ဖြတ်ပြေးနေပြီး သူတို့ကြား၌ မြွေလိမ်မြွေကောက် သွားလာနေသည်။ သူ၏ လျင်မြန်မှုကြောင့် သားရဲခုနစ်ကောင်၏ ခန္ဓာကိုယ်သည် လေထဲ ဝဲနေသကဲ့သို့ ဖြစ်ကာ သူ့ထံမှ လက်သီးချက် တစ်လုံးပြီး တစ်လုံး ပစ်သွင်းခံနေရသည်။
ခွန်အားများ စုဝေးနေပုံရသည့် သူ၏ လက်သီးများသည် ၎င်းတို့၏ လည်ပင်းများ၊ ဝမ်းဗိုက်များနှင့် အခြားသော နေရာများထံသို့ တန်းတန်းမတ်မတ် ကျရောက်နေသည်။
ဆယ်စက္ကန့်ကြာသော် ရဲ့လင်းချန် ရပ်လိုက်ပြန်သည်။
သူ့ဘေးပတ်ဝန်းကျင်၌ ဗလာကျင်းနေလေသည်။ သားရဲများသည် အမြောက်ဆန်ကဲ့သို့ လွင့်ထွက်သွားကာ ဘေးပတ်လည်မှ နံရံများနှင့် ဝင်ဆောင့်သွားသည်။ ၎င်းတို့သည် ကြမ်းပြင်ပေါ် ဘုတ်ခနဲ ပြန်ပြုတ်ကျကာ အသက်ရှိပုံ မပေါ်တော့ချေ။
တိုက်ပွဲက တစ်ခဏအတွင်း ပြီးဆုံးသွားလေသည်။
ကြမ်းတမ်းပုံပေါ်သော သားရဲများသည် ရဲ့လင်းချန်အရှေ့၌ ယင်ကောင်များနှင့် မခြားနားချေ။ ၎င်းတို့က အဆင့်မတူချေ။
သူ စတင်လှုပ်ရှားသည့်အချိန်မှစ၍ ပြီးဆုံးသည်အထိ သားရဲ ဆယ့်နှစ်ကောင်သည် ရဲ့လင်းချန်၏ အဝတ်အစားထောင့်နားလေးကိုပင် ထိအောင် မလုပ်နိုင်ခဲ့ပါ။
“ညံ့လိုက်တာ၊ ငါတောင် သွေးမပူသေးဘူး၊ ပြီးသွားပြီ”
သူသည် ပြောပြီးသည်နှင့် သားရဲများကို မကြည့်တော့ဘဲ ဒုတိယထပ်သို့ ဦးတည်သွားသည်။
ထိုအခိုက်တွင် ငါးထပ်မြောက်၌ …
အခန်းတွင်း၌ တိတ်ဆိတ်မှုက လွှမ်းခြုံနေ၏။
လူတိုင်းသည် အသူရာကဲ့သို့သော ရဲ့လင်းချန်ကို ကြည့်နေပြီး သူတို့၏ မျက်နှာ၌ မယုံနိုင်ဟန်များ ဖုံးလွှမ်းနေသည်။
“ဒါ … ဒါ … သူ လူရော ဟုတ်သေးရဲ့လား”
အချက်အလက် စုဆောင်းသော အလုပ်သမားက ပင့်သက်ရှိုက်လိုက်မိပြီး အိပ်မက်ထဲ ရောက်နေသည်ဟု ခံစားမိနေ၏။
“အချက်အလက်တွေကို ပြန်သုံးသပ်ဖို့ လိုတယ်”
ရဲ့လင်းချန်က သန်မာလွန်းသည်။ သူ့ခွန်အားကို စကားလုံးဖြင့် မဖော်ပြနိုင်ပါ။
သားရဲဆယ့်နှစ်ကောင်ထဲမှ ဘယ်အကောင်ဆိုသည် ကြမ်းကြုတ်သော ကျားတစ်ကောင်ကို အရှင်လတ်လတ် စားနိုင်သော်လည်း ရဲ့လင်းချန်ရှေ့၌ ဘာမှမဟုတ်သကဲ့သို့ ပြုမူခံခဲ့ရသည်။
သူတို့ကိုယ်တိုင် မျက်မြင် မတွေ့ခဲ့ပါက သူတို့ လုံးဝ ယုံနိုင်မည် မဟုတ်ပါ။
ထိုသားရဲ ဆယ့်နှစ်ကောင်သည် သားရဲအမျိုးမျိုး၏ ထူးခြားသော ဝိသေသများကို ပေါင်းစပ်၍ လူသတ်စက်များအဖြစ် ဖန်တီးထားသည့် သူတို့၏ ပထမဆုံး အောင်မြင်မှု ဖြစ်သည်။ တစ်ကောင်ကောင်ကိုသာ လွှတ်ပေးလိုက်ပါက ၎င်းတို့သည် မြို့များထဲ အုတ်အော်သောင်းတင်း ဖြစ်အောင် ဖန်တီးနိုင်လေသည်။ သဘာဝထဲ လွှတ်ပေးလိုက်ပါက ပြိုင်ဘက်ကင်း သားရဲများ ဖြစ်သွားပေလိမ့်မည်။
ဘယ်သူက ဤသို့ ဖြစ်လာမည်ဟု ထင်ထားမည်နည်း။ …
အထူးသဖြင့် ရဲ့လင်းချန်သည် အဖြစ်အပျက်တစ်ခုလုံး၌ သုံးမိနစ်သာ အချိန်ကုန်ခဲ့သည်။
ထို့အပြင် သူသည် လုံးဝ ဒဏ်ရာမရချေ။ တကယ်တမ်းတွင် သူသည် မကျေမနပ် ဖြစ်နေပုံ ပေါ်နေ၏။
သူတို့က သာမန်လူများ ဖြစ်ပြီး ရဲ့လင်းချန်ကမှ တကယ့် မိစ္ဆာဟု သူတို့ ခံစားမိနေသည်။
“အကြီးအကဲ ဟီရှိုရှီ …”
သခင်လေး ထာခဲရှီသည် အကြီးအကဲ ဟီရှိုရှီအား လှမ်းကြည့်လိုက်မိသည်။ သူ စိုးရိမ်တကြီး ဆက်မေးရန် ပြင်သော်လည်း အကြီးအကဲ ဟီရှီုရှီက ဖြတ်တားလိုက်သည်။ အကြီးအကဲ ဟီရှိုရှီက သူ့ကို တည်ငြိမ်စွာ ကြည့်၍ ပြောသည်။
“သခင်လေး ထာခဲရှီ၊ ဒီခွန်အားအဆင့်လောက်လေးကို မင်းက ကြောက်နေပြီလား”
သခင်လေး ထာခဲရှီက တန့်သွားပြီး သူ့အတွေးများကို ပြန်ရုတ်သိမ်းလိုက်သည်။
“ငါတို့နယ်ပယ်မှာဆိုရင် အနည်းဆုံး ပိုအင်အားကြီးတဲ့သူနဲ့ တွေ့မှာကို ကြောက်သင့်တာ”
အကြီးအကဲ ဟီရှိုရှီက ရယ်၍ ဖန်သားပြင်ကို လက်ညှိုးထိုးသည်။
“ပြီးတော့ ဒီခွန်အားအဆင့်လေးက ဘာလုပ်နိုင်မှာလဲ၊ တကယ့် ခွန်အားအကြောင်း မင်း ဘာမှမသိဘူးလို့ပဲ ငါ ပြောရတော့မယ်”
“အကြီးအကဲ ဟီရှိုရှီ ဒီကောင်က တကယ် ထူးဆန်းတယ်၊ အဲ့ဒါတွေက သန္ဓေပြောင်းသားရဲ ဆယ့်နှစ်ကောင်လေ၊ ကျွန်တော်တို့ သူတို့ခွန်အားတွေကို တိုင်းတာတဲ့ စမ်းသပ်မှုတွေ လုပ်ခဲ့တာပဲ၊ သူတို့ရဲ့ လက်သည်းနဲ့ အစွယ်တွေရဲ့ ထက်ရှမှုနဲ့ အားက ပြည့်စုံလုနီးပါးပဲ၊ ဒါပေမဲ့ သူက …”
သခင်လေး ထာခဲရှီ၏ စကားက မြန်လာသည်။ သူသည် တည်ငြိမ်အောင် ကြိုးစားနေသော်လည်း ရဲ့လင်းချန် ပြလာသော ခွန်အားက သူ့အား ကြောက်လန့်စေသည်။
အကယ်၍ ရဲ့လင်းချန်က စမ်းသပ်ခံတစ်ခုသက်သက် ဖြစ်ပါက သူ ထိတ်လန့်မည် မဟုတ်ပါ။ သို့သော် ရဲ့လင်းချန်က လူသားတစ်ယောက်သာလျင် ဖြစ်သည်။ ဘယ်လိုလုပ် လူသားတစ်ယောက်က ဤသို့ ခွန်အားမျိုး ထုတ်ဖော်နိုင်မည်နည်း။ ဤသည်က ယုတ္တိမရှိချေ။
“ဟဲဟဲ … ဒီသားရဲတွေက ဘယ်လောက်ပဲ သန်မာနေဦးတော့ သားရဲပဲလေ၊ သူတို့က အခြားသားရဲတွေရဲ့ ဗီဇကို ရထားတာပဲ ရှိတာ၊ တကယ်တော့ သူတို့ကို သားရဲတွေထက် နည်းနည်းလေး သန်မာတာလို့ပဲ ပြောလို့ရတယ်”
အကြီးအကဲ ဟီရှိုရှီက လှောင်ပြောင်လာသည်။
“ဒီကောင်လေးက သိုင်းပညာရှင်ထက် နည်းနည်းသန်မာနေရုံလေးပဲ၊ သူက လူဖြစ်နေမှတော့ သူ့အကန့်အသတ် ဆိုတာ ရှိတယ် ငါကတော့ … မတူဘူး”
ထိုသို့ပြောပြီး သူ၏ ခြေထောက်ကို ချ၍ အနည်းငယ် လှည့်လိုက်သည်။ ထိုအခါ ကြမ်းပြင်ပေါ်၌ ကြီးမားသော ခြေဖဝါးရာတစ်ခု ပေါ်လာလေသည်။