← Chapters

ဆင်းရဲသားက သန္ဓေပြောင်းလဲခြင်းကို မှီခိုပြီးတော့ သူဌေးက နည်းပညာကို မှီခိုတယ်

Vol. 35 Ch. 513

ဆင်းရဲသားက သန္ဓေပြောင်းလဲခြင်းကို မှီခိုပြီးတော့ သူဌေးက နည်းပညာကို မှီခိုတယ်

Vol. 35 Ch. 513

“ဒါက ဘာလဲ”

သခင်လေး ထာခဲရှီသည် ခြေရာကို ကြည့်ပြီး မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ကြမ်းပြင်အတွက် သူတို့ အသုံးပြုခဲ့သော ဆောက်လုပ်ရေး ပစ္စည်းများသည် ကျည်ကာသော ပစ္စည်းများ ဖြစ်သော်လည်း အကြီးအကဲ ဟီရှိုရှီက ခြေရာထင်အောင် အသာလေး လုပ်နိုင်စွမ်း ရှိသည်။ ထိုခြေရာ၏ နောက်ကွယ်မှ ခွန်အားသည် အလွန် အံ့ဩဖွယ် ကောင်းနေလေသည်။

“ဟဲဟဲ ငါက ၁၁၃ နှစ်ကြာအောင် နေလာခဲ့တာလေ၊ ငါက မင်းထက် ပိုပြီး အတွေ့အကြုံ ရှိပြီးတော့ ပိုသိတယ်၊ အရင်တုန်းက ငါလည်း သိုင်းပညာရှင်တစ်ယောက် ဖြစ်ခဲ့တယ်၊ အတွင်းအား သုံးနိုင်တဲ့ သိုင်းပညာရှင် ဖြစ်ခဲ့တာပေါ့၊ နောက်ပိုင်းကျတော့ လူ့ခွန်အားက အကန့်အသတ် ရှိနေတာကို ငါ တွေ့ခဲ့ပြီးတော့ ပိုသန်မာလာအောင် အခြားနည်းလမ်းတွေ ရှာခဲ့တာပဲ”

အကြီးအကဲ ဟီရှိုရှီက ရယ်နေသည်။

“ဒီတစ်ရာတစ်ဆယ့်သုံးနှစ်အတွင်းမှာ ငါ အများကြီး ရှာဖွေတွေ့ရှိခဲ့ပြီးတော့ အသိပညာ ဗဟုသုတတွေ အများကြီး ရခဲ့တယ်”

“ဒါက ငါ့ပညာတွေ စုပေါင်းထားတဲ့ အနှစ်သာရပဲ၊ ကောင်းကောင်း မှတ်ထား”

အကြီးအကဲ ဟီရှိုရှီက လေးနက်စွာ ပြုံးနေသည်။

“ဆင်းရဲသားက သန္ဓေပြောင်းလဲခြင်းကို မှီခိုပြီးတော့ လူချမ်းသာက နည်းပညာကို မှီခိုတယ်၊ ငါ့အတွက် ခွန်အားထက် သာတာ မရှိတော့ဘူး”

သခင်လေး ထာခဲရှီ၏ မျက်လုံးများ တောက်ပသွားသည်။ သူ့စကားများကြောင့် စိတ်ဓာတ် တက်ကြွသလို ခံစားလိုက်ရပြီး ဉာဏ်အလင်း ရလိုက်သလိုပင်။ သူ ချက်ချင်း ပြန်ပြောလိုက်သည်။

“အကြီးအကဲ ဟီရှိုရှီရဲ့ ဉာဏ်ပညာက တကယ်ကို ထူးခြားပါပေတယ်၊ ပညာရှိလိုက်တဲ့ စကားပဲ”

“ဟားဟား ငါ ဒီစကားလုံးတွေကို သိနားလည်လာတဲ့အချိန်က ငါ အသက်ကြီးရင့်နေတဲ့အချိန် ဖြစ်နေတာက နှမြောစရာပဲ၊ မဟုတ်ရင် ငါ ဒီအဆင့်ပဲ ရှိနေမှာ မဟုတ်ဘူး”

အကြီးအကဲ ဟီရှိုရှီက အချိန်အခါလွဲ၍ မွေးလာခဲ့သည်ကို တွေးမိပြီး သက်ပြင်းချမိသည်။

“အကြီးအကဲ ဟီရှိုရှီ၊ ဒီကောင်က တော်တော်လေး သန်မာတယ်၊ ကျွန်တော် အဲ့အဆင့် ရောက်နိုင်မှာလား”

သခင်လေး ထာခဲရှီ၏ မျက်လုံးများက ဖန်သားပြင်ပေါ်မှ ရဲ့လင်းချန်ပေါ်သို့ စူးစိုက်နေသည်။

“ဟားဟား အဲ့လောက် မခက်ပါဘူး၊ သူ့ခန္ဓာကိုယ်ကို ငါ စိတ်ဝင်စားတယ်၊ ငါတို့ နောက်လုပ်ငန်းအတွက် သူက စမ်းသပ်ခံ ဖြစ်နိုင်တယ်”

အကြီးအကဲ ဟီရှိုရှီ၏ မျက်လုံးများက ဝင်းလက်နေပြီး အထက်စီးဖြင့် ပြောလိုက်သည်။

“သူ ငါနဲ့ တွေ့တဲ့အခါကျရင် ငါ့တိုက်ကွက် ဘယ်နှစ်ကွက်လောက်ကို သူ ခံနိုင်မယ်ထင်လဲ”

“သ…သ…သုံးကွက်လား”

သခင်လေး ထာခဲရှီ သတိလက်လွတ် ဖြစ်နေသည်။

“ကျွန်တော်က ဘာသိုင်းပညာမှ မသိဘူး၊ အဲ့ဒါကြောင့် ကျွန်တော် သေချာ မပြောတတ်ဘူး …”

“တစ်ကွက်ပဲ၊ ငါ့ခွန်အားနဲ့ဆိုရင် သူ တစ်ကွက်တောင်မှ ခံနိုင်ရည် ရိမှာ မဟုတ်ဘူး”

အကြီးအကဲ ဟီရှိုရှီ၏အသံက အနည်းငယ် အက်ကွဲလာပြီး အထင်သေးသော အငွေ့အသက် ပေါ်လွင်လာသည်။

“ဒါပေမဲ့ အဲ့ဒါက သူ ငါနဲ့ ရင်ဆိုင်နိုင်မှပါ”

သခင်လေး ထာခဲရှီ စိတ်အေးဟန်ဖြင့် သက်ပြင်းချလိုက်သည်။ အကြီးအကဲ ဟီရှိုရှီ၏ ယုံကြည်မှုက သူ့အား စိတ်ချသွားရစေသည်။ တစ်ချိန်တည်းမှာပင် သူသည် ရဲ့လင်းချန်၏ ခန္ဓာကိုယ်အား စိတ်အား ထက်သန်သော အကြည့်ဖြင့် ကြည့်နေ၏။

အကြီးအကဲ ဟီရှိုရှီ၏ ယုံကြည်ချက် ရှိနေခြင်းမှာ သူသည် လူသား၏ အကန့်အသတ်ကို ရောက်ရှိပြီးနေ သောကြောင့် ဖြစ်သည်။ လူသား ခန္ဓာကိုယ်၏ အကန့်အသတ်က ဘယ်နေရာ၌ ရှိနေသလဲ သူ သိနေသည်။ သူ့မျက်လုံးထဲတွင် ရဲ့လင်းချန်က ဘယ်လောက် သန်မာနေပါစေ၊ အလွန်ဆုံး ယခင်တုန်းက သူနှင့် ယှဉ်နိုင်ရုံမျှသာ ဖြစ်ပေသည်။ လက်ရှိတွင် သူသည် လူသားအဆင့်ကို ကျော်လွန်သွားပြီးသား ဖြစ်သည်။ ဖြစ်နိုင်လျင် သူ့ကိုယ်သူ နတ်ဘုရားဟု ခေါ်ချင်နေသည်။

“အကြီးအကဲ ဟီရှိုရှီ၊ ကျေးဇူးပြုပြီး သူ့ကို အရှင် ဖမ်းလာခဲ့ပေးပါ၊ ကျွန်တော် သူ့ကို ကောင်းကောင်းကြီး အရှက်ခွဲ ချင်တယ်၊ သူက အရမ်း သန်မာနေတော့ ဘာဖြစ်လဲ၊ အဆုံးကျရင် ကျွန်တော့်ရှေ့မှာ သူ ဒူးထောက်နေရဦးမှာပဲ၊ အဲ့ဒါကို တွေးမိရုံနဲ့တင် စိတ်လှုပ်ရှားလာပြီ”

သခင်လေး ထာခဲရှီက ကျောချမ်းဖွယ် ကောင်းလောက်အောင် ပြုံးလာ၏။

“ကိစ္စမရှိဘူး”

အကြီးအကဲ ဟီရှိုရှီက အေးအေးလူလူ ရယ်မောလိုက်သည်။

“အကြီးအကဲ ဟီရှိုရှီ၊ ဒါဆို ကျွန်တော် ခင်ဗျားကိုပဲ အားကိုးတော့မယ်”

သခင်လေး ထာခဲရှီသည် တလေးတစား ပြောပြီးနောက် ပင့်သက်ရှိုက်ကာ နှုတ်ခမ်းသပ်လိုက်လေသည်။

“ဟားဟား သူ ငါ့ဆီ ရောက်မှပဲ ပြောကြတာပေါ့”

အကြီးအကဲ ဟီရှိုရှီက အပြုံးကြီး ပြုံးနေသည်။

“သူက သိုင်းပညာရှင်တစ်ဘောက် သက်သက်ပဲ၊ ငါတို့ကြားက ခြားနားချက်က ကြောင်တစ်ကောင်နဲ့ ကျားလိုပဲ၊ ငါတို့ သူ့ကို အရင် ပတ်ပြေးခွင့်‌ ပေးထားကြတာပေါ့”

*ဒါက လူသားတွေရဲ့ ပြုမူပုံပဲ၊ ကြီးမားတဲ့ ခွန်အားကို မသိသရွေ့တော့ ရေတွင်းထဲက ဖားလို ဖြစ်နေမှာပဲ၊ သိုင်းပညာက ဘယ်လောက် အစွမ်းထက်မှာမို့လို့ပဲ၊ သူက သိုင်းပညာလေး နည်းနည်းသိနေလို့ လူတွေဆီက ချီးကျူးခံနေရတာ၊ သူက ပုရွက်ဆိတ်တစ်ကောင်ထက် မပိုဘူး*

“ဒီဂျူနီယာလေးက ဆရာရဲ့ ကြီးမြတ်တဲ့ အောင်ပွဲကို စောင့်နေပါတယ်”

အစက သခင်လေး ထာခဲရှီသည် သူ့ကိုယ်သူ အထင်ကြီးနေဆဲ ဖြစ်သည်။ သို့သော် အကြီးအကဲ ဟီရှိုရှိ၏ ခြေရာက သူ့ကို ထိတ်လန့်သွားစေခဲ့ပြီး အမှန်တကယ် လေးစားသွားစေခဲ့သည်။

ဤကိစ္စများ၌ ပါဝင်သူများက သာမန်လူများ ဟုတ်ပုံမရချေ။ အကြီးအကဲ ဟီရှိုရှီသည် မိစ္ဆာများထဲမှ မိစ္ဆာ တစ်ကောင်ပင်။

အကြီးအကဲ ဟီရှိုရှီက ဘာမှမပြောဘဲ ခေါင်းညိတ်လိုက်သည်။

သူ ဂုဏ်ယူနေသည်။ သူ၏ ခန္ဓာကိုယ်မှ ပေးသော ခွန်အားက ယုံကြည်မှု ရှိစေသည်။ သူသည် အခြားသူများနှင့် တိုက်ခိုက်ရန် စိတ်မပါချေ။ အကြောင်းမှာ သူကိုယ်တိုင် ဝင်ပါရန် နိမ့်ကျလွန်းသည်ဟု တွေးမိ၍ ဖြစ်သည်။ ပြောရမည်ဆိုလျင် သူသည် လူသားမျိုးနွယ်၏ နောက်ဆုံးပုံစံသို့ ဆင့်ကဲပြောင်းလဲသွားလေပြီ။

“အကြီးအကဲ ဟီရှိုရှီ၊ ဒုတိယထပ် သားရဲတွေနဲ့ ရောစပ်ထားတဲ့ သိုင်းပညာရှင်တွေနဲ့ ပြည့်နေတာ၊ သူ အသက်ရှင်နိုင်မယ်လို့ ခင်ဗျားထင်လား”

သခင်လေး ထာခဲရှီက စူးစမ်းစွာ‌ မေးလေသည်။

“ကျစ်၊ အဲ့ဆယ်ယောက်ကို သိုင်းပညာရှင်လို့ သဘောထားတာက တော်တော် လွန်နေပြီ၊ သူတို့က တိုက်ကွက် နည်းနည်းပါးပါး လေ့ကျင့်ထားပြီးတော့ သာမန်လူထက် နည်းနည်းလေး သန်မာနေရုံလေပဲ၊ သူတို့ကို သားရဲတွေရဲ့ ထူးခြားတဲ့ လက္ခဏာတွေနဲ့ ပေါင်းစပ်ထားပင်မယ့်၊ အဲ့ဒါ သူတို့ လုပ်နိုင်တာ အကုန်ပဲ၊ သူတို့ အဲ့ကောင်ကို ဆွဲမထားနိုင်ဘူး”

အကြီးအကဲ ဟီရှိုရှီက ခေါင်းခါ၍ အခြေအနေကို သုံးသပ်သည်။ ထို့နောက် သူက ဆက်ပြောလေသည်။

“ဒါပေမဲ့ သုံးထပ်က ငါးယောက်ကိုပါ လွှတ်ပေးပြီးတော့ ဒုတိယထပ်က ကောင်တွေနဲ့ ပေါင်းလိုက်မယ်ဆိုရင် … အဲ့ကောင် အသက်ရှင်မယ်ဆိုရင်တောင်မှ သူ့အကန့်အသတ်ကို ရောက်နေမှာ သေချာတယ်၊ နှစ်ဖက်လုံး ဆုံးရှုံးမှု ကြီးကြီးမားမား ခံစားရမှာပဲ”

အကြီးအကဲ ဟီရှီုရှီက သူ၏ သုံးသပ်မှုကို ပြောနေချိန်တွင် ရဲ့လင်းချန်က ဒုတိယထပ်သို့ ခြေချပြီးနေလေပြီ။

ယင်းသည် ပထမထပ်နှင့် အတူတူပင်။ မတူတာဟူ၍ ဖန်ပြောင်းချောင် ဆယ်ခုသာ ရှိနေခြင်း ဖြစ်သည်။ ထို့အပြင် အထဲ၌ ရှိနေသည်များက သားရဲများ မဟုတ်ဘဲ လူသားများ ဖြစ်နေခြင်းပင်။

သို့သော် ဤလူသားများသည် နံပါတ်လေးနှင့် နံပါတ်ခြောက်နှင့် မတူပေ။ သူတို့သည် လူ့အရေပြားကိုသာ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ သူတို့၏ မျက်နှာများနှင့် လက်သည်းများက လုံးဝ မတူပေ။ သူတို့၏ လူ့အသွင်အပြင် တော်တော်များများက ပြောင်းလဲနေသည်။ သူတို့ထဲမှ တစ်ယောက်က မြွေတစ်ကောင်၏ လျှာနှင့် ဖြစ်နေသည်ကို ရဲ့လင်းချန် သတိထားမိသည်။ ပုံစံက ဆိုးရွားလှသည်။

“ဂျွတ် ဂျွတ်”

ဖန်ပြောင်းချောင် ဆယ်ခုက ပြိုင်တူ အက်ကွဲလာသည်။ သုံးလွှာမှနေ၍ တူညီသော အက်ကွဲသံများ ထွက်ပေါ် လာသည်ကိုလည်း ရဲ့လင်းချန် သတိထားမိသည်။

“ဒုန်း ဒုန်း ဒုန်း”

သူ့အရှေ့တွင် လူနှင့်သားရဲ ပေါင်းစပ်ထားသည့် စမ်းသပ်ခံ ဆယ်ယောက်က တန်းစီ ရပ်နေပြီး သူ့အား စူးစိုက်ကြည့်နေသည်။ သူတို့၏ မျက်နှာတွင် ရက်စက်၍ ဆိုးရွားသော အပြုံးများ ရှိနေပြီး အရိုင်းဆန်မှုနှင့် ပြည့်နေကာ လက်သည်းများက တလက်လက် ဖြစ်နေသည်။

“ဒေါက် ဒေါက် ဒေါက်”

တစ်ခဏအတွင်းမှာပင် သုံးထပ်မြောက်မှ နောက်ထပ် ငါးယောက် ဆင်းလာသည်။ သူတို့သည် လက်ချည်း သက်သက် မဟုတ်ပေ။ သူတို့သည် ကာတာနာဓားရှည်များနှင့် ဓားများ ကိုင်ဆောင်ထားသည်။ အပြာရောင် မီးရောင်အောက်၌ သူတို့သည် ကျောချမ်း၍ ရက်စက်သော အငွေ့အသက်တို့ ထွက်ပေါ်နေသည်။

သူတို့ ဆယ့်ငါးယောက်လုံးက ပြိုင်တူ မလှုပ်ရှားချေ။ သူတို့သည် ရုပ်တုများသဖွယ် ရပ်နေ၏။ သို့သော် သူတို့ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် စက္ကန့်တိုင်း ပိုသန်မာလာပြီး ခန္ဓာကိုယ်တွင်း၌ အားအင်တို့နှင့် ပိုမို ပြည့်နှက်လာသည်။

အချိန် တစ်ခုသို့ ရောက်သောအခါ သူတို့၏ အရှိန်အဝါက အထွတ်အထိပ်သို့ ရောက်သွားလေသည်။ နောက်ဆုံး၌ သူတို့ လှုပ်ရှားလာသည်။

သူတို့သည် မတူညီသော အရပ်မျက်နှာ ဆယ့်ငါးခုမှနေ၍ ရဲ့လင်းချန်၏ အရေးကြီးသော ကိုယ်အင်္ဂါများကို တိုက်ခိုက်လာသည်။ သူတို့ တစ်ယောက်ချင်းစီက ကောက်ကျစ်၍ ရန်များပေသည်။

သူတို့၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း ရဲ့လင်းချန်က နေရာ၌ လှုပ်ရှားခြင်းမရှိဘဲ ရပ်နေ၏။

ငါးထပ်မြောက်၌ …

အကြီးအကဲ ဟီရှိုရှိသည် ရဲ့လင်းချန်ကို မတ်တပ်ရပ်၍ ကြည့်နေသည်။ သူသည် ခေါင်းခါ၍ အထင်သေးစွာ ရယ်မောလိုက်သည်။

“ဒီကောင်က တကယ်ကို အဆင်အခြင် မရှိတာပဲ၊ လူငယ်တွေမှာ တွေ့နေကြ အပြုအမူပဲ၊ သူ့ရန်သူက အရင် လှုပ်ရှားလာတာကို စောင့်ပြီးတော့ လက်ဗလာနဲ့ ရပ်နေရဲတယ်တဲ့လား၊ ဒါ သေတွင်းတူးတာပဲ၊ ကာတာနာဓားရှည်၊ ဓား၊ လက်သည်းနဲ့ အစွယ်တွေနဲ့ ရင်ဆိုင်ရတာတောင်မှ သူက အရင် မလှုပ်ရှားဘူး၊ ပြီးတော့ ဒါက အဖွဲ့လိုက် တိုက်ခိုက်တာ၊ ဒါက သေကြောင်းကြံတာနဲ့ အတူတူပဲ”

သခင်လေး ထာခဲရှီနှင့် အခြားသူများလည်း ခေါင်းညိတ်သည်။ သူတို့သည် အတိုက်အခိုက်၌ မကျွမ်းကျင် သော်လည်း သဘောတရားများကို နားလည်နိုင်စွမ်း ရှိပါသေးသည်။

လက်နက်များသည် လူတစ်ယောက်၏ တိုက်စစ်ကို သိသိသာသာ တိုးစေသည်။ လူတစ်ယောက်၏ လက်သီးက ဘယ်လောက် သန်မာနေပါစေ ဓားနှင့်တွေ့လျင် ဖိနှိပ်ခံရမှာပင်။ လူတစ်ယောက်၏ လက်သီးက ဓား၏ အကြမ်း ခံနိုင်မှုနှင့် မယှဉ်နိုင်ပေ။

ထို့အပြင် အင်အားသာနေချိန်တွင် ဤသို့သော အားနည်းချက်က ပို၍ သိသာလာ၏။

“ကြည့်ရတာ သူက ငါကိုယ်တိုင် လှုပ်ရှားဖို့တောင် အရည်အချင်း မရှိဘူးနဲ့တူတယ်၊ မာနက လူတွေရဲ့ ကျဆုံးရာပဲ၊ လူငယ်တွေက သူတို့မာနက ခြယ်လှယ်တာကို အလွယ်တကူ ခံရတယ်”

အကြီးအကဲ ဟီရှိုရှိက သက်ပြင်းချ၍ ခေါင်းခါလေသည်။ ဓားများနှင့် လက်သည်းများ၌ တစ်စစီ စုတ်ဖြဲခံရ တော့မည်ကို သူ မြင်ယောင်နေ၏။

All Chapters