အံ့ဖွယ်ကျောက်စိမ်းဖြူစွပ်ပြုတ်
Vol. 6 Ch. 52
ယွီမုန့်မှာ အပြစ်ရှိသလိုခံစားနေရပြီး ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ သူမသည် သူမ၏ မှော်တုတ်တံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကာ သူမ၏ လက်ချောင်းများမှာ အင်အားကြောင့် ဖြူဖျော့သွားသည် ။
ငယ်ငယ်ကတည်းက ဘယ်သူ့ကိုမှ မတောင်းပန်ဖူးတာကြောင့် ဘယ်လို လုပ်ရမှန်း မသိပေ။
သူမ ခေါင်းငုံ့ထားတာကိုမြင်တော့ လင်းချီက "ဟေး လာကူညီအုံးလေ ငါမင်းသတ်တာ ခံရတော့မလို့"
သူ့စကားကြားတော့မှ ယွီမုန့်ခင်မျာ တုံ့ပြန်လာနိုင်သည် ။ သူမ လင်းချီ၏ နံဘေးသို့ အမြန်သွားပြီး သူ့ကို ကူညီလိုက်သည်။ ထလို့ရအောင် ကူညီပေးရင်း အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။ "သတိထား ဖြည်းဖြည်း"
ထို့နောက် သူမ လင်းချီ၏ရင်ဘတ်ကို မှော်တုတ်တံဖြင့် ညင်သာစွာ ထိလိုက်သည်။ အပြာရောင်ရေခဲများ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပြီးနောက် လင်းချီခံစားနေရသော အအေးဓာတ်များ ချက်ချင်းလျော့နည်းသွားသော်လည်း သူ့ရင်ဘတ်ရှိ ဒဏ်ရာမှာ အလွန်နာကျင်နေဆဲဖြစ်၏။
"လင်းချီ ငါ...တောင်းပန်ပါတယ်" လူသာနှင့်လူးဝစ်တို့အား သွားရှာသည့် လမ်းတွင် ယွီမုန့်က လင်းချီကို တိုးတိုးလေးတောင်းပန်လိုက်သည်။
ဤသို့ သူဒဏ်ရာရသည့် အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းမှာ သူကိုယ်တိုင်ပေါ့လျော့မှုဖြစ်သောကြောင့် လင်းချီမှာ ယွီမုန့်ကို အပြစ်မတင်ပေ။
"သခင်လေး ဘယ်လိုလုပ် ဒဏ်ရာ ရလာတာလဲ။ မိစ္ဆာသားရဲတွေလုပ်တာလား?" ယွီမုန့်မှ လင်းချီ လမ်းလျှောက်တာကို တွဲကူပေးလာတာ မြင်တော့
လူသာက မြေပြင်ပေါ်တွင် ထိုင်နေလျက်မှ ချက်ချင်းမတ်တပ်ထရပ်ကာ စိုးရိမ်တကြီးမေးလာသည်။
လူးဝစ်သည် နိုးနိုးကြားကြား မတ်တပ်ထရပ်ကာ သူ၏ ဓားရှည်ကို ဆွဲထုတ်ပြီး သူ၏ လေးနက်သော အမူအရာကို ပြသလာသည်။ လင်းချီ သူ့မျက်လုံးထောင့်ကနေ လှမ်းကြည့်လိုက်တော့ လူးဝစ်မှာ အခုမှ တကယ့်ဓားသမားတစ်ယောက်နဲ့တူသွားတယ်လို့ ထင်မိပြီး သူ့နှုတ်ခမ်းထက် အပြုံးတစ်ခုဖြစ်တည်လာသည်။
ထို့နောက် လင်းချီ၏ ရင်ဘတ်ရှိ နာကျင်မှုမှာ ပိုဆိုးလာသောကြောင့် လက်သီးများကို ခပ်တင်းတင်းဆုပ်ထားမိလိုက်တော့သည်။
“အဟွတ်… အဟွတ်…”
"သခင်လေး ကျွန်တော်တို့တွေ အပြင်မထွက်နိုင်လောက်ဘူး ဒါက ဒဏ္ဍာရီထဲက ဆန်းကြယ်နွံဖြစ်လိမ့်မယ်ထင်တယ် ကျွန်တော်တို့ရဲ့ အတွေ့အကြုံ
က သက်သေပဲ” လူသာက လင်းချီအား အသံခပ်နိမ့်နိမ့်ဖြင့် ပြောကာ ၎င်းတို့ပတ်ပတ်လည်ရှိ ထူထပ်သော မြူများကို ညွှန်ပြလိုက်သည်။
"ကျွန်တော်တို့ အသက်ရှင်ချင်ရင် သစ်ပင်တစ်ပင်ကို ရှာပြီး နွံထဲ နစ်မြုပ်မသွားအောင် ချည်နှောင်ထားမှရမယ်။"
“သခင်လေးလင်း၊ မင်းက ဒဏ်ရာရနေတာ မင်းကို ငါကူပြီး ချည်ပေးမယ် ပြီးရင် လူသာက ငါ့ကို ချည်ပေးလိမ့်မယ်။” လူးဝစ်သည် နွယ်ပင်အချို့ကို ရှာဖွေရန် ကြိုးစားရင်း ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
“ငါတို့ အချိန်ဖြုန်းဖို့ မရဘူး။ ဆန်းကြယ်နွံအကြောင်း မင်းတို့သိသလောက် ပြောကြည့်ကြ ... တခြားနည်းလမ်း ရှိကောင်းရှိနိုင်ပါတယ်။”
လင်းချီသည် လူးဝစ်အား ကူကယ်ရာမဲ့ ကြည့်လိုက်သည်။ လူးဝစ်သည် အားနည်းပုံပေါက်သည့် အခြားသူများကို ရယ်မောခဲ့ဖူးသော်လည်း
ယခုအခါ လင်းချီအား လှောင်ပြောင်ခြင်း မရှိပေ။
“ဆန်းကြယ်နွံမှာ အန္တရာယ်အရှိဆုံးအရာက မြူထူထပ်တာပဲ အဲ့တာက သူနဲ့ ထိတွေ့တဲ့ သတ္တဝါတွေအားလုံးကို အိမ်မောကျ မေ့မြောအောင်လုပ်တယ် ပြီးမှ ရွှံ့တွေထဲမှာ နစ်မြုပ်သွားစေတာ”
“မင်းတို့ ဒါကို စောစောကတည်းက ပြောသင့်တာ ငါ့မှာ အားလုံး ဘေးကင်းကင်းနဲ့ ထွက်သွားလို့ရတဲ့နည်းရှိတယ်” လင်းချီ လှည့်ပတ်ကြည့်လိုက်သည်။
[ဒင်! ပူဒီနာရွက်၊ သစ်ခွရည်၊ နှင်းစွတ်ရေခဲမြက် ထုတ်လုပ်ပြီးပါပြီ]
[ပိုင်ရှင်အား ဂုဏ်ပြုပါသည်။ လန်းဆန်းစေသောအချိုရည်အား အောင်မြင်စွာ ရရှိသွားပါပြီ]
လင်းချီသည် လျှာကဝေစနစ်မှ လန်းဆန်းစေသောအချိုရည်ကို ထုတ်လိုက်ပြီး ဤကဲ့သို့သောအခြေအနေတွင် အသုံးတည့်လာမည်မှန်း သိ
လိုက်သည်။
[လန်းဆန်းစေသောအချိုရည် - ၎င်းသည် လူများကို ပြင်ပစွမ်းအားများဖြင့် ညို့ယူခံရခြင်းမှ ကာကွယ်ပေးသည့် အာနိသင်ရှိသည်။ သောက်သုံးပြီးပါက သတိရှိစေပြီး ဘေးထွက်ဆိုးကျိုးမရှိဘဲ 12 နာရီကြာအောင် ထင်ယောင်ထင်မှားဖြစ်ခြင်း၊ လှည့်စားခံရခြင်းတို့မှ တားဆီးကာကွယ်ပေးပါသည်။]
လင်းချီသည် အချိုရည် လေးပုလင်းကို ထုတ်ကာ တစ်ယောက် တစ်ပုလင်းစီ ပေးလိုက်သည်။
ယွီမုန့်က သိလိုစိတ်ပြင်းစွာ သောက်ကြည့်လိုက်သည်။ အခြားသူများလည်း တစ်ငုံစီ သောက်ကြည့်လိုက်ကြသည်။ ချိုချိုချဉ်ချဉ်နဲ့ တော်တော်အရသာရှိတာပဲ။
15 မိနစ်လောက်ကြာတော့ သူတို့မျက်လုံးရှေ့ရှိ မြူခိုးများ ပျောက်ကွယ်သွားသည်။ လက်စသတ်တော့ ၎င်းမြူများမှာ နဂိုကတည်းက
ရှိမနေခြင်းပင်။
သူတို့အားလုံး စိတ်သက်သာရာ ရသွားပြီး ရှေ့ကို ဆက်လျှောက်လာကြသည်။ သူတို့ ချန်ရစ်ခဲ့သော အမှတ်အသားများမှာ အားလုံး ပျောက်ကွယ်သွားပြီဖြစ်၍ ဤနေရာမှ ထွက်ရန် လမ်းကြောင်းသစ်ကို ရှာမှ ဖြစ်လိမ့်မည်။
ရွှံ့ညွန်အတွင်း အလင်းရောင် ထိတွေ့မှုမှာ အနည်းဆုံးဖြစ်သောကြောင့် အပူချိန်နိမ့်ကာ စိုစွတ်လှသော မြေပြင်သည် ဖြတ်သန်းသွားလာရန် အလွန်ခက်ခဲစေသည်။ သူတို့အဖွဲ့လည်း အလှည့်အပြောင်းများစွာကို ဖြတ်သန်းခဲ့ရပြီးနောက် ၎င်းတို့၏ ခွန်အားများ ကုန်ဆုံးလုနီးပါးဖြစ်နေပြီဖြစ်၏။
လင်းချီမှာ ဒဏ်ရာရထားသောကြောင့် သူတို့သုံးယောက်က သူလမ်းလျှောက်ပေးနိုင်ရန် အလှည့်ကျ ကူပေးကြသည်။ ထို့ကြောင့် သူ့တွင် ဆန်းကြယ်နွံထဲ၌ ထူးခြားသည့် အခြင်းအရာတစ်စုံတစ်ခု ရှိမရှိကို ကြည့်ရှုလေ့လာရန် အချိန်ရ
သွားတော့သည်။
ရုတ်တရက် သူ့ရှေ့ ဘယ်ဘက်တွင် နို့နှစ်ရောင်မှိုဖြူတစ်မျိုးကို တွေ့လိုက်ရသည်။ ယင်းမှိုအား သူအတန်ငယ် ရင်းနှီးနေသည်။
ထို့ကြောင့် စနစ်ထဲရှိ လော့ခ်မပွင့်သေးသော ချက်ပြုတ်နည်းများကို သွားကြည့်လိုက်သည်။
[အံ့ဖွယ်ကျောက်စိမ်းဖြူမှိုစွပ်ပြုတ်: ပါဝင်ပစ္စည်းများ: ကျောက်စိမ်းဖြူမှို၊ မြွေသား၊ မှိုပြား၊ လတ်ဆတ်သောမှို၊ ရေ။ ]
[အကျိုးသက်ရောက်မှုများ: အသုံးပြုသူသည် အလွန်ချောမော သို့ အလွန်လှပလာပြီး လူကြိုက်များလာမည်ဖြစ်သည်။ ဆန့်ကျင်ဘက်လိင်သည် အသုံးပြုသူထံမှ သူမတူသော ဆွဲဆောင်မှုကို ခံစားရလိမ့်မည်။ နောက်တနည်းအားဖြင့် ပထမရွေးချယ်မှုအစား၊ ဤဟင်းလျာကို အသုံးပြုသူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အား တိုးစေရန် သုံးနိုင်သည်။]
မဆိုးဘူးပဲ ကျောက်စိမ်းဖြူမှိုကို သုံးပြီး ချက်လို့ရတဲ့ ဟင်းလျာတစ်ခု တကယ်ရှိနေတာပဲ။
[စိမ့်မှိုစွပ်ပြုတ်: ပါဝင်ပစ္စည်းများ : မီးခိုးရောင်မှို ၊ သစ်မှို ၊ ထီးနီမှို ၊ ကျောက်စိမ်းဖြူမှို ၊ ရေ]
[အကျိုးသက်ရောက်မှု- ဘေးထွက်ဆိုးကျိုးတစ်စုံတစ်ရာမဖြစ်စေဘဲ ကဏ္ဍပေါင်းစုံတွင် သောက်သုံးသူ၏ခွန်အားကို မြှင့်တင်ပေးသည်။]
လင်းချီက လူသာကို ကျောက်စိမ်းဖြူမှိုအားခူးခိုင်းသည်။ ကျောက်စိမ်းဖြူမှိုသည် ကျောက်စိမ်းဖြူမှ ထွင်းထားသကဲ့သို့ ထင်ရပြီး အလွန်နွေးထွေးလှသည်။
“စိမ့်မှိုစွပ်ပြုတ်လုပ်ဖို့ ပြင်နေတာလား?" ယွီမုန့်က စူးစမ်းစွာ မေးလိုက်သည်။
အသက်လုပြေးရာကနေ ရွှံ့နွံတောထဲ အချိန်အတော်အတန်ကြာ လမ်းပျောက်နေပြီးနောက် လူ
တိုင်း ဆာလောင်နေကြပြီဖြစ်သည်။
လင်းချီလည်း သူနှင့်အတူ အမြဲဆောင်ထားသည့် အိုးငယ်လေးကို ထုတ်ယူလိုက်သည်။ သူက ယွီမုန့်ကို ကြည့်လိုက်ပြီး "ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ကျောက်စိမ်းဖြူမှိုက ဒီလောက်တန်ဖိုးကြီးတာကို သေချာပေါက် အံ့ဖွယ်ကျောက်စိမ်းဖြူမှိုစွပ်ပြုတ်လုပ်ဖို့အတွက် သုံးရမှာပေါ့။”
သေချာတာကတော့ အံ့ဖွယ်ကျောက်စိမ်းဖြူမှိုစွပ်ပြုတ်ကို စနစ်က ပြုလုပ်ပေးမှာဖြစ်သည်။ ဤအိုးငယ်လေးမှာ အယောင်ပြသာဖြစ်၏။ သူ့ပစ္စည်းများအားလုံးကို သူ မထွက်ခွာမီက ဝယ်ခဲ့သော သိုလှောင်အိတ်ထဲတွင် သိမ်းဆည်းထားခြင်းဖြစ်သည်။
[ ဟင်းအမည်: အံ့ဖွယ်ကျောက်စိမ်းဖြူမှိုစွပ်ပြုတ်၊ အဆင့်သုံးဟင်းလျာ၊ ရှားပါးအဆင့်၊ သက်ရောက်မှု: အသုံးပြုသူသည် သန်မာလာလိမ့်မည် သို့မဟုတ် ချောမောလှပပြီး လူကြိုက်များလာလိမ့်မည် (တစ်ကြိမ်သာ စားသုံးနိုင်၏၊
အများအပြားစားသုံးပြီးနောက် အကျိုးသက်ရောက်မှု မရှိပါ) ]
[ပစ္စည်းအသုံးပြုမှု- ကျောက်စိမ်းမှိုဖြူ (x၁)၊ မြွေသား (x၂)၊ မှိုပြား (x၅)၊ လတ်ဆတ်သောမှို (x၆)၊ ရေ (x၂)]
[ချက်ပြုတ်နေပါပြီ... ချက်ပြုတ်ခြင်းပြီးစီးသွားပါပြီ]
[ဒင်! သင်ရရှိသွားပါပြီ : အံ့ဖွယ်ကျောက်စိမ်းဖြူမှိုစွပ်ပြုတ်]
ဟင်းချက်နေစဉ်အတွင်း လင်းချီသည် စွပ်ပြုတ်၏ အာနိသင်ကို လူတိုင်းအား ရှင်းပြလိုက်သည်။ ၎င်းသည် လူတစ်ဦးကို ပို၍သန်မာလာအောင် လုပ်ပေးနိုင်သည် သို့မဟုတ် ပိုချောမောလှပလာစေရန်လည်း လုပ်ပေးနိုင်သည်။ လိုအပ်ချက်မှာ အာနိသင်နှစ်မျိုးထဲမှ တစ်မျိုးသာ ရွေးချယ်နိုင်ခြင်း ဖြစ်သည်။
လူးဝစ်နှင့် လူသာတို့မှာ အထူးပင် စိတ်လှုပ်ရှားနေကြသည်။ ယွီမုန့်ကသာ အရင်လို အေးစက်နေဆဲဖြစ်သည်။
ခဏကြာတော့ စွပ်ပြုတ်မှာ အဆင်သင့်ဖြစ်နေပြီဖြစ်၏။
လင်းချီလည်း အိုးသေးသေးလေးထဲမှ အဖြူရောင်စွပ်ပြုတ်ကို စိတ်လှုပ်ရှားစွာ ခပ်ယူပြီး တစ်ကျိုက်တည်း သောက်လိုက်သည်။ ထို့နောက် သူ၏အသွင်အပြင်ပြောင်းလဲမှုများကို စစ်ဆေးရန် ရေအိုင်အနားသို့ ပြေးသွားလိုက်သည်။
လင်းချီ၏ရွေးချယ်မှုက ယွီမုန့်ကို ဒေါသတကြီးဖြင့် ခေါင်းလှည့်သွားစေခဲ့သည်။ သူတို့ရဲ့ ခွန်အားကို တိုးတက်အောင် မလုပ်ချင်တဲ့လူ ဒီကမ္ဘာမှာ ရှိသေးတယ်ပေါ့?!
လူသာကတော့ သူ၏ခွန်အားကို မြှင့်တင်ဖို့ ရွေးချယ်ရန် မတွန့်ဆုတ်ခဲ့ပေ။ သူဖြစ်ချင်သော အိပ်မက်သည်ကား သူရဲကောင်းမဟုတ်လော။
လူးဝစ်မှာ ရုပ်ချောလာရမည်လား ပို၍သန်မာလာရမည်လား ရွေးချယ်ရန် တုံ့ဆိုင်းနေဆဲဖြစ်သည်။
ရေထဲတွင် ရောင်ပြန်ဟပ်နေသော လင်းချီ၏ ပုံရိပ်မှာ အလွန်ချောမောသည်။ လင်းချီက သူ့မျက်နှာကို ကိုင်လိုက်ပြီး အံ့ဩစွာ ရေရွတ်လိုက်သည်။ “ငါတို့ကြုံခဲ့ရတဲ့ကံမျိုးနဲ့ ဒီလောက်ထိ ကံကောင်းလိမ့်မယ်လို့ ငါမထင်ထားမိဘူး။ ဝိုး.. ငါတကယ် ချောလာတာပဲ"
လင်းချီက ခေါင်းကိုမော့ပြီး တခြားသူတွေကို ကြည့်လိုက်သည်။ လူသာနှင့်လူးဝစ်တို့ ကြက်သေသေသွားကြသည်။
သူတို့ရှေ့ရှိ လင်းချီမှာ အခြားလူတစ်ယောက်ဖြစ်သွားခြင်းမျိုးမဟုတ်ပေ။ သူ့မျက်နှာသွင်ပြင်ကိုသာ အနည်းငယ် ထိန်းညှိထားခြင်းဖြစ်၏။ ထိုသေးငယ်သော ပြောင်းလဲမှုများက သူ၏ အသွင်အပြင်တစ်ခုလုံးကို ကြီးမားစွာ သက်ရောက်မှုရှိနေသည်။
သူ့သွင်ပြင်က စကားနဲ့ ဖော်မပြနိုင်လောက်အောင်ကို ချောမောတာ!
မူလက စိတ်ပျက်နေသော ယွီမုန့်မှာ အခြားသူ၏ အာမေဋိတ်သံကိုကြားသောအခါ မတတ်သာဘဲ လင်းချီဘက်သို့ ခေါင်းလှည့်ကြည့်မိသွားသည်။
အကြည့်တစ်ချက်မှာပင် သူမ ချက်ချင်း ညှို့ယူခံလိုက်ရသည်။ ဒီလိုချောမောသည့် မျက်နှာမျိုး သူမ တစ်ခါမှ မမြင်ဖူးပေ။
လင်းချီ၏ အသွင်အပြင်ကြောင့် လူတိုင်း မင်သက်နေကြသည်။
ယွီမုန့်မှာ သူမ၏ တည်ငြိမ်မှု ပျောက်ဆုံးသွားသည်ကို သတိပြုမိပြီး အာရုံများ ပြန်လည်စုစည်းလိုက်သည်။ လင်းချီ၏ အသွင်အပြင်ဖြင့် ဖမ်းစားခံလိုက်ရသည့်အတွက် သူမ စိတ်အနှောင့်အယှက်ဖြစ်သွားသည်။
မိမိကိုယ်မိမိ ရှုံ့ချမှုနှင့် ရှက်ရွံ့မှုတို့ကြောင့် နီရဲသွားသော သူမ၏မျက်နှာသည် ဇာပုဝါလွှားဖြင့် ဖုံးကာထားသောကြောင့် သူမဘယ်လောက်ရှက်ရွံ့နေလဲဆိုတာ ဘယ်သူမှ မမြင်နိုင်ပေ။
"ရှင်တို့ အချိန်ဆွဲနေတာကို ကြည့်ကြအုံး! မြန်မြန်ထပြီး စထွက်ကြရအောင် ကျွန်မတို့အသက်တွေက ပိုအရေးကြီးတယ်" သူမ လင်းချီကို ထပ်မကြည့်ဝံ့တော့ဘဲ ထိုစကားကို ပြောပြီးနောက် သူမ၏ စကတ်ကို လွှားကနဲ ယမ်းကာ အမြန်ထွက်သွားတော့သည်။
သုံးယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြသည်။ ယွီမုန့်ပြောတာ မှန်၏။ သူတို့ ရင်ဆိုင်နေရသော အကျပ်အတည်းမှာ မပြီးဆုံးသွားသေးချေ။ ထို့ကြောင့် သူတို့ ဤနေရာ၌ ဆက်နေ၍မရတာကြောင့် ယွီမုန့်၏နောက်သို့ ဆက်လက်လိုက်သွားကြသည်။
"မင်း ဘာလို့ ထပ်ပြီး ဒေါသထွက်နေတာလဲ။ မိန်းမတွေကို ငါတကယ်နားမလည်တော့ဘူး" လူး
ဝစ်က ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။
ယွီမုန့်က သူတို့ကို လျစ်လျူရှုပြီး တစ်ယောက်တည်း ရှေ့ကို လျှောက်သွားသည်။ လင်းချီလမ်းလျှောက်နိုင်ရန် လူသာနှင့် လူးဝစ်တို့က ဆက်လက်ကူညီပေးကြသည်။
သို့သော် လင်းချီမှာ သူအလွန်ချောမောလာသည့်အတွက် ပျော်ရွှင်နေဆဲဖြစ်သည်။ သူ့တွင် ရည်မှန်းချက် သိပ်မရှိပေ။ သူသည် အထက်တန်းလွှာသခင်လေးတစ်ယောက် အနေဖြင့်သာ ငြိမ်းချမ်းစွာ ဘဝကို ဖြတ်သန်းလို၏။ ထို့ကြောင့် သူ့တွင် သန်မာလိုစိတ် များများစားစား မရှိပေ။
လမ်းတစ်လျှောက်တွင် လင်းချီ၏ နှုတ်ခမ်းပေါ်မှ အပြုံးမှာ ပျောက်ကွယ်မသွားဘဲ သူ၏ ချောမောသော အသွင်အပြင်၌သာ နစ်မြုပ်နေဆဲဖြစ်သည်။
~~~