← Chapters

လူသားစားပန်းများ

Vol. 6 Ch. 53

လူသားစားပန်းများ

Vol. 6 Ch. 53

"ငါတို့ ထွက်လာပြီ!"

အရှေ့မှာ လမ်းလျှောက်နေတဲ့ လူသာက အံ့အားသင့်စွာ အော်လိုက်သည်။ လင်းချီ ကြားသောအခါ ခြေလှမ်းနှစ်လှမ်းခန့် အမြန် လှမ်းလိုက်သည်။ သူ့ရှေ့က ပေါင်းပင်တွေကို ဆွဲဖယ်လိုက်သောအခါ သူတို့ရှေ့၌ ဘာမှမရှိသော နေရာလွတ်ကို မြင်လိုက်ရသည်။

“နောက်ဆုံးတော့ ငါတို့ ထွက်လာပြီ။ အဲဒီ ခြင်တွေ ရွှံ့တွေနဲ့ ပြည့်နေတဲ့ နွံတောထဲမှာ ငါတို့ ထပ်နေဖို့မလိုတော့ဘူး” လင်းချီက ယွီမုန့်အား စိတ်လှုပ်ရှားစွာ ပြောပြီး သူ့ခန္ဓာကိုယ်ကို အကြောဆန့်လိုက်သည်။

မမျှော်လင့်ဘဲ ထိုလုပ်ရပ်က သူ့ရင်ဘတ်ပေါ် ရှိ ဒဏ်ရာကို စုတ်ပြဲသွားစေသည်။ နာကျင်လွန်းလို့ သူ၏နှုတ်ခမ်းထောင့်တို့က တဆတ်ဆတ်တုန်နေသည်။ ကံကောင်းထောက်မစွာ အကင်

အနည်းငယ်စားပြီးနောက်တွင် သူ၏ဒဏ်ရာသည် ပြန်လည်ကောင်းမွန်လုနီးပါးဖြစ်နေပြီဖြစ်သည်။

“နောက်ကျနေပြီ လူသာ၊ ဒီတစ်ဝိုက်ကို တစ်ချက်လှည့်ပတ်ကြည့်ပြီး ငါတို့၏ လက်ရှိတည်နေရာကို အတည်ပြုကြရအောင်။ ပြီးရင် တောင်အောက်ကို အမြန်ဆုံးဆင်းသင့်တယ်”

လင်းချီသည် လွန်ခဲ့သော ရက်အနည်းငယ်ကမှ ဤတောင်တန်းသို့ ရောက်လာသည်ကို သတိရမိသည်။ ယခု သူတို့လိုအပ်သမျှအရာအားလုံး ပြည့်စုံနေပြီဖြစ်သောကြောင့် ဤကြောက်မက်ဖွယ်တောင်တန်းများတွင် ဆက်မနေနိုင်တော့ပေ။ ပိုအန္တရာယ်များတာ တစ်ခုခုနှင့် ကြုံလာပါက သူတို့ဒီမှာပဲ ထာဝရအဆုံးသတ်သွားနိုင်တာမို့ တတ်နိုင်သမျှ လုံခြုံသည့်လမ်းကို အမြန်ဆုံးရှာရမည်။

သူတို့သည် မတူညီသော အရပ်မျက်နှာသုံးခုသို့ တပ်ဖြန့်လိုက်ကြသော်လည်း တစ်ယောက်နှင့် တစ်ယောက် သိပ်မဝေးလှပေ။ ထိုမှသာ

အန္တရာယ်တစ်ခုခုကြုံလာပါက အနီးနားရှိ အခြားသူများက အမြန်ကူညီနိုင်မည်ဖြစ်သည်။

"ဒါက ဘာလဲ _ နေကြာပန်းလား?။ အရမ်းကြီးလွန်းတယ် မဟုတ်ဘူးလားဟ”

လင်းချီသည် သူ့ရှေ့ရှိ ထူးဆန်းသော ပန်းပွင့်တစ်ပွင့်ကို မြင်လိုက်ရပြီး လုံးဝ ထိတ်လန့်သွားခဲ့သည်။ ထိုပန်းပွင့်သည် ဇောက်ထိုးဖြစ်ပြီး ၎င်း၏ပုံစံက သာမန်မဟုတ်ပေ။ သို့သော် ကောင်းကင်က မှောင်နေပြီမို့ သူ့ရှေ့တွင် ဘာရှိနေသည်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

ဝှစ်!

လင်းချီ နောက်လှည့်လိုက်ချိန်မှာပင် ဆူးနွယ်တစ်ချောင်းက ကြောက်မက်ဖွယ်အရှိန်ဖြင့် သူ့ဆီသို့ ဦးတည်လာသည်။

လင်းချီလည်း တစ်ခုခုမှားနေပြီဟု သတိပြုမိကာ ချက်ခြင်း ငုံ့ပြီး ရှောင်ရှားလိုက်သည်။

ဖျတ်!

နောက်ထပ် ဆူးနွယ်ပင်တစ်ချောင်းက ထပ်ပေါ်လာပြီး သူ့ရှေ့က မြေပြင်ကို ရိုက်ခတ်လိုက်သည်။ ထိုအခြင်းအရာက မြေဆီလွှာတွေကို ပြန့်လွင့်သွားစေပြီး သူ့ဘေးနားက အကိုင်းအခက်တွေကိုပါ ကျိုးကျသွားစေသည်။

အကယ်၍ သူသာ စောစောမရှောင်လိုက်ပါက သူ့ခေါင်းလည်း သူ့ရှေ့က မြေကြီးလို ကွဲထွက်သွားလိမ့်မည်ဖြစ်၏။

လင်းချီ မထနိုင်ခင်မှာပဲ သူ့နောက်တွင် နောက်ထပ် ဆူညံသံများစွာကို ကြားလိုက်ရတယ်။ ကံကောင်းထောက်မစွာဖြင့် သူအသင့်ပြင်ထားပြီးဖြစ်သည်။ သူ့တွင် အရင်တစ်ခေါက် အဆင့်မြှင့်တင်မှုမှ ရရှိခဲ့သော စွမ်းအားပေါက်ကွဲ အမဲသားလုံးများရှိနေသေးသည်။ ၎င်းသည် လျှာကဝေစနစ်ထဲတွင် ရှားပါးသည့် ဘက်စုံသုံး မှော်အစားအစားများထဲမှ တစ်ခုဖြစ်သည်။

[ စွမ်းအားပေါက်ကွဲ မှော်အသားလုံးများ : အထူးစားဖွယ်တစ်မျိုး။ စားနိုင်သလို ပစ်လည်း ပစ်နိုင်သည်။ စားပြီးသည့်နောက်၊ အသုံးပြုသူ၏ခွန်အားကို နှစ်ဆတိုးလာစေပြီး ပစ်လိုက်လျှင် ပြင်းထန်သည့် ပေါက်ကွဲမှုကို ဖြစ်စေနိုင်သည်။ မတော်တဆထိခိုက်မှုမဖြစ်စေရန် ဂရုတစိုက်အသုံးပြုပါ။]

လင်းချီ အမြန်ထကာ ရှေ့သို့ ပြေးသွားသည်။ လက်ကလည်း ကြက်ဥအရွယ် အမဲသားလုံးတစ်လုံးကို သူ့နောက်သို့ လွှင့်ပစ်လိုက်သည်။

ဘုန်း!

နားကွဲလောက်သော ပေါက်ကွဲသံတစ်ခုက အနောက်မှ ထွက်ပေါ်လာသည်။ လင်းချီလည်း ပေါက်ကွဲလှိုင်းရိုက်ခတ်မှုကို ခံရပြီး လဲကျလုနီးပါးဖြစ်သွားသည်။

'သေတော့မလို့ အဲ့နွယ်တွေ ရိုက်တာ ခံရဖို့ နီးနီးလေးပဲ'

လင်းချီမှာ တွေးလိုက်တိုင်း ကြောက်နေမိဆဲဖြစ်၏။ ဟောဟဲလိုက်ရင်း လူသာရောက်လာမည့်အချိန်ကို စိုးရိမ်စွာ စောင့်နေလိုက်သည်။

"အခြေအနေမကောင်းဘူး သခင်လေး အန္တရာယ်ရောက်နေပြီ!" လူသာသည် ပြင်းထန်သောပေါက်ကွဲသံကိုကြားပြီး လင်းချီထံသို့ အမြန်ပြေးသွားလိုက်သည်။

ယွီမုန့်နှင့် လူးဝစ်တို့လည်း အသံကြားတာကြောင့် အမြန်ပြေးလာကြသည်။ ထိုသို့သော ရုန်းရင်းဆန်ခတ်မှုကို ဖန်တီးနိုင်သော မိစ္ဆာသားရဲတစ်ကောင်အား ရင်ဆိုင်ရန် သူတို့အဖွဲ့ဝင်အားလုံးလိုအပ်လိမ့်မည် ဖြစ်သည်။

"သခင်လေး အဆင်ပြေရဲ့လား ခုနက ဘာသံတုန်း?"

လင်းချီ အဆင်ပြေနေသည်ကို မြင်သောအခါ လူသာမှာ စိတ်သက်သာရာရသွားသည်။ ထို့နောက် သူဘာဖြစ်ခဲ့သလဲ ဆိုတာကို သေချာအောင် အမြန်မေးမြန်းလိုက်သည်။

လင်းချီက သူကြုံတွေ့ခဲ့ရသမျှကို ပြောပြသည်။ လူသာမှာ သူ့လက်ထဲရှိ ဓားကြီးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး ပိုသတိရှိလာသည်။

“သခင်လေး ခုနက တွေ့လာတဲ့ဟာက လူစားပန်းဖြစ်လိမ့်မယ်ထင်တယ်”

“ဘာ… လူစားပန်း ဟုတ်လား?”

လင်းချီ မလာခင်က ကြောက်မက်ဖွယ် တောင်တန်းများတွင် ကျက်စားကြသော သတ္တဝါများကြားတွင် ထင်ရှားကျော်ကြားသည့် သတ္တဝါတစ်မျိုးမှာ လူသားစားပန်းဖြစ်ကြောင်း အခြားသူများထံမှ ကြားသိခဲ့ရသည်။ ၎င်းတို့ ထင်ရှားရသည့် အကြောင်းအရင်းမှာ ၎င်းပန်းများမှာ ဤကမ္ဘာတွင် အတော်ရှားပါးသည်သာမက မိမိ

ဘာသာ လှုပ်ရှားနိုင်သော အပင်အမျိုးအစားဖြစ်သောကြောင့်လည်း ဖြစ်၏။ သူတို့နေထိုင်ရန် မသင့်တော်သော အရပ်တစ်ခု၌ အခြေချပြီးတိုင်း သူတို့ဟာ သဘာဝအတိုင်း သေဆုံးသွားကြပြီး လေထဲတွင် လွင့်မျောနိုင်သည့် ကြီးမားသော ပန်းပွင့်ကြီးကို နေရာသစ်ရှာရန် ချန်ရစ်ထားခဲ့သည်။

“ရှေ့ကို သွားကြည့်ရအောင်။ သေချာ စေ့စေ့စပ်စပ် စုံစမ်းပြီးမှ အနားယူဖို့ နေရာတစ်ခုရှာကြတာပေါ့”

လူသာက တခြားသုံးယောက်ကိုပြောလိုက်သည်။ သူသည် ၎င်းတို့အထဲတွင် တောရိုင်းထဲတွင် နေထိုင်သည့် အတွေ့အကြုံအရှိဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ သူ တောင်ပေါ်ဓားပြ ဖြစ်ခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီမဟုတ်လား။

လင်းချီသည် အခြားသူများအား ဖြစ်ပျက်ခဲ့သည့် အရာများကို ပြန်ပြောင်းပြောပြသောအခါ စွမ်းအားပေါက်ကွဲ အမဲသားလုံးကို မှော်စာလိပ်ဖြင့် အစားထိုးပြောခဲ့သည်။ ထိုဆူညံသံက သူ့

စနစ်၏ ဟင်းလျာတစ်ခုကြောင့်ဆိုတာ သူတို့သိရင် လင်းချီ အနာဂတ်မှာ အန္တရာယ်ရှိနိုင်သည်။

ထိုအချိန်တွင် ယွီမုန့်နှင့် လူးဝစ်တို့သည် လင်းချီတိုက်ခိုက်ခံရသည့်နေရာကို သွားရောက် ထောက်လှမ်းကြ၏။ သူတို့သည် တစ်ချိန်လုံး သတိကပ်ထားပြီး လူသားစားပန်း၏ အကြွင်းအကျန်များကို လေ့လာကြည့်နေကြသည်။ တကယ့်ကို ထိတ်လန့်ဖွယ်ရာမြင်ကွင်းတစ်ခုပင် ဖြစ်၏။ သူတို့ရှေ့တွင် တွင်းကြီးတစ်ခုရှိနေသည်။ အရမ်းမနက်သော်လည်း တော်တော်ကြီးမားသည်။

ဒါ ဘယ်လိုမီးမှော်စာလိပ်မျိုးပါလိမ့်?

သို့သော် လူတိုင်းတွင် လျှို့ဝှက်ချက်ရှိသောကြောင့် လင်းချီကို သွားမမေးကြပေ။ ဒါဟာ လင်းချီ၏ ဝှက်ဖဲဖြစ်နိုင်သည်။ အခြားသူများ၏ ဝှက်ဖဲအကြောင်း မေးရန်မှာ တားမြစ်ချက်ဖြစ်၏။

လင်းချီကိုယ်တိုင်က တရားခံဖြစ်သော်လည်း သူတို့ရှေ့မှ မြင်ကွင်းက သူ့ကိုပါ အံ့အားသင့်သွားစေသည်။ သူတို့ရှေ့က တွင်းကြီးထဲမှာ ဘာမှမရှိပေ။ ထိုစက်ကွင်းအတွင်းတွင် တည်ရှိနေသမျှ အားလုံး ပျောက်ကွယ်သွားခဲ့သည်။ တွင်းအစွန်းတွင်မူ လူစားပန်းများ အနည်းငယ် တင်ကျန်နေသည်။ ၎င်းတို့မှာ အမြစ်များသာ ကျန်ရစ်သည်အထိ ဖျက်ဆီးခံထားရပြီး အချို့အပင်များ၏ ခန္ဓာကိုယ်မှာမူ ငြိမ်းလုနီးနီး မီးတောက်အချို့ ရှိနေသည်။

“ဒါ တကယ့် လူစားပန်းပဲ ကျနော် တွေ့ဖူးတဲ့အကြိမ်တုန်းကတော့ တစ်ပင်နှစ်ပင်လောက်ပဲရှိတာ ဒါပေမယ့် ဒီမှာက အများကြီးပဲ” လူသာသည် မီးလောင်ကျွမ်းနေသော လူစားပန်းပင်ကို ကောက်ကိုင်လိုက်ပြီး ဂရုတစိုက်ကြည့်လိုက်သည်။

၎င်းသည် လူစားသောပန်းဖြစ်ကြောင်း အတည်ပြုပြီးနောက် ယွီမုန့်၏အမူအရာပြောင်းသွားပြီး သူမ မျက်မှောင်ကြုတ်လိုက်သည်။

ကြည့်ရသည်မှာ လူစားပန်းများက အလွန်အန္တရာယ်များပြီး အချိန်မရွေး အန္တရာယ်ဖြစ်စေနိုင်သည့်ပုံပင်။

“သခင်လေးနဲ့အတူ မင်းတို့ ဒီမှာပဲ အရင်စောင့်နေလိုက်။ ကျုပ်သွားပြီး ပတ်ဝန်းကျင်ကို ကင်းထောက်လိုက်မယ်” လူသာက သူ့ရှေ့ရှိ သစ်ပင်ကြီးတစ်ပင်ကို ညွှန်ပြရင်း ပြောလိုက်သည်။

ထိုသစ်ပင်ကြီးသည် အနီးတစ်ဝိုက်တွင် အမြင့်ဆုံးဖြစ်ပြီး လူစားပန်းများဖြင့် ဝန်းရံထားသည်။ သို့သော် အောင်အောင်မြင်မြင် တက်လိုက်နိုင်ပါက အဝေးကို လှမ်းမြင်နိုင်သည်။ ၎င်းမှာ ဤနေရာမှ ပေ ၁၀၀၀ နီးပါးအကွာတွင်ရှိသောကြောင့် ပေါက်ကွဲမှုကြောင့် ထိုနေရာရှိ လူစားပန်းများမှာ ထိခိုက်မှုမရှိပေ။

"နေအုံး သစ်ပင်အောက်က လူစားပန်းတွေကို အေးခဲဖို့ ရေခဲမှော်ကို အရင်သုံးလိုက်ရင် ပိုလုံခြုံသွားလိမ့်မယ်" ယွီမုန့်သည် သူမ၏ မှော်တုတ်

တံကို ဝှေ့ယမ်းကာ အေးခဲမှော်ပညာတစ်ခုကို ထုတ်ဖော်လိုက်သည်။

မန္တန်၏အကျိုးသက်ရောက်မှုက ချက်ချင်းပင် အစွမ်းပြလာသည်။ လူသာ၏ချဉ်းကပ်မှုကြောင့် လှုပ်လှုပ်ရှားရှားဖြစ်နေသော လူစားပန်းများမှာ အေးခဲသွားပြီး ရေခဲပန်းပုများအဖြစ်သို့ ပြောင်းလဲသွားသည်။

လင်းချီကလည်း လူသာ့ကို အရသာရှိသော အသားကင်ကို ကမ်းပေးလိုက်ပြီး သတိထားဖို့ ပြောလိုက်သည်။ သူ ဒီလောက်ပဲ လုပ်ပေးနိုင်သည်။ သူ့တွင် စွမ်းအားပေါက်ကွဲ အမဲသားလုံးတစ်လုံးသာရှိရာ ၎င်းကိုလည်း အသုံးပြုပြီးဖြစ်သည်။

လူသာမှာ အရမ်းမြန်ဆန်သည်။ သူသည် ရေခဲရုပ်ထုကဲ့သို့ အေးခဲနေသော လူစားပန်းများကို နင်းပြီး သူ့ရှေ့က သစ်ပင်ပေါ်သို့ ခြေလှမ်းသုံးလှမ်းတည်းဖြင့် ခုန်တက်လိုက်သည်။

ဒါပေမယ့် သူပြန်ပြောလာသည့် သတင်းမှာမူ သိပ်မကောင်းလှပေ။ ထိုနေရာသည် လူစားပန်းများဖြင့် ဝန်းရံထားသဖြင့် ရှေ့သို့ ဆက်သွားရန်လမ်းမရှိပေ။ တစ်ခုတည်းသော ရှင်းလင်းသည့် လမ်းကြောင်းက သူတို့ကို ဆန်းကြယ်နွံတောထဲသို့ ဦးတည်သည်ဖြစ်ရာ အခြားလမ်းကို ရှာရတော့မည်။

သူတို့မှာ လင်းချီပေးသော လန်းဆန်းစေသည့်အချိုရည်ကို သောက်ထားသဖြင့် ထူထပ်သော မြူခိုးများကြောင့် စိတ်ထွေပြားလိမ့်မည် မဟုတ်သော်လည်း နွံထဲတွင် သွားလာ၍မရပေ။ ရွေးချယ်စရာနှစ်ခုလုံးက ဆိုးရွားလှသည့်အတွက် အခြေအနေပိုကောင်းလာမလားဆိုတာ စောင့်ကြည့်ဖို့ မနက်ဖြန်မှသာ ဆုံးဖြတ်ချက်ချကြရန် ဆုံးဖြတ်လိုက်ကြသည်။

"စကားပြောတာတွေ ရပ်ထားလိုက်ရအောင် လာစားကြ" လင်းချီက စနစ်ထဲက ဟင်းလျာတွေကို ထုတ်ထားနှင့်ပြီး နောက်ထပ်နည်းနည်းကြာအောင် ချက်ပြုတ်ဖို့ အိုးသေးတစ်လုံးထဲကို ထည့်

လိုက်သည်။ ယခုအခါ ပူပူနွေးနွေးနှင့် မွှေးပျံ့သော ဟင်းရနံ့တို့က ထွက်ပေါ်နေပြီဖြစ်၏။

တစ်ရက်တာလုံး လမ်းလျှောက်ပြီးနောက် ပင်ပန်းနေကြပြီဖြစ်သည်။ ထို့ကြောင့် ဝိုင်းစုထိုင်လိုက်ကာ စတင်စားကြတော့သည်။

~~~

All Chapters