ထူဆန်းသော ခွေးနက်
Vol. 6 Ch. 60
သူ ဂူရှေ့သို့ လျှောက်သွားလိုက်သည်။ ဆာလောင်မှုငြိမ်း လတ်ဆတ်သော မှိုဟင်းချိုအိုးကို လူများက ဝိုင်းရံထားသည်။ သို့သော်လည်း သူတို့မှာ တစ်ယောက်ကို တစ်ယောက် အစားအသောက် ခိုးယူသည်ဟု အချင်းချင်း စွပ်စွဲနေကြသည်။ အချို့မှာ သူတို့၏ ဓားရှည်များကိုပင် ဆွဲထုတ်နေကြပြီဖြစ်ပြီး ပဋိပက္ခကြီးတစ်ခုဖြစ်ရန် တာဆူနေသည့်ပုံပင်။
“အားလုံးပဲ တိတ်ကြတော့!” လင်းချီ တိုက်ခိုက်ကြတော့မည့်လူတွေကို လှမ်းအော်လိုက်သည်။ ဘာတွေဖြစ်ပျက်သွားလဲဆိုတာ သူ ဆက်စပ်သိပြီးဖြစ်သည်။
သူ့စကားလုံးများက အလုပ်ဖြစ်သွားသည်။ တခြားသူများက တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသော်လည်း လက်နက်များကို ချလိုက်ကြသည်။ လင်းချီသည် သူတို့၏စိတ်ထဲတွင် ဩဇာကို ဆောက်တည်ထားပြီးဖြစ်သည်။ ဒီလူတွေ လိုအပ်နေသော အစားအစာများက သူ့ဆီမှာ ရှိနေဆဲ မဟုတ်လား။
လင်းချီ ရှေ့သို့ လျှောက်သွားကာ အလွန်သန့်ရှင်းပြောင်လက်နေသော အိုးငယ်လေးကို ကောက်ယူလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ဒီအခြေအနေက မကြာသေးခင်က ဧရာမကျောက်တုံးကြီးအောက်မှာ ကြုံခဲ့ရတာနဲ့ အတူတူပဲ။ မင်းတို့ ဒီနားမှာ ထူးထူးဆန်းဆန်းတစ်ခုခု ကြုံရတာမျိုး ရှိလား”
လင်းချီသည် အခြားသူများကို လှည့်ကြည့်လိုက်သည်။ ထိုနှစ်ကြိမ်နှင့် ပတ်သတ်ပြီး သူ့တွင် အချက်အလက်အနည်းငယ်သာ ရှိတာကြောင့် အခြားသူများထံမှ အသုံးဝင်သော သဲလွန်စအချို့ ရနိုင်မည်ဟု သူမျှော်လင့်မိသည်။
သို့သော် ထိုလူများ အားလုံး ခေါင်းယမ်းလာသည်။ ဆိုလိုသည်မှာ သူတို့ ထူးထူးခြားခြား ဘာမှ မကြုံမိကြဘူး ဟူသည့် သဘောပင်။ အဲ့ဒါက လင်းချီကို အတွေးနက်စေခဲ့သည်။
'ဒါ လူတော့ မဖြစ်နိုင်ဘူး။ ဆာလောင်မှုငြိမ်း လတ်ဆတ်တဲ့ မှိုဟင်းချိုအိုးကို နှစ်ကြိမ်စားသွားတာ အော့ခ်တွေတောင် ဒီလောက် စားနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ဒီကောင်က သန်မာတဲ့ မိစ္ဆာသားရဲလည်း မဖြစ်နိုင်ဘူး မဟုတ်ရင် ငါ ကျောက်တုံးပေါ်မှာ ရှိနေတဲ့အချိန်ကတည်းက ငါ့ကို တိုက်ခိုက်ပြီးနေလောက်ပြီ...
‘ဒီအကောင်က အရမ်းမြန်တယ်၊ သန့်ရှင်း
ပြောင်လက်နေအောင်လည်း စားထားတယ်၊ ခြေရာတွေလည်း တစ်စက်မှ မကျန်ခဲ့ဘူး။ အမွှေး၊ အမှတ်အသားလို ဟာမျိုးတွေလည်း ဘာမှ မရှိဘူး။’
လင်းချီ ခဏတာမျှ တွေးတောလိုက်ပေမယ့် ဦးတည်ချက်မရှိပေ။ အခု အရေးကြီးဆုံးက ဟင်းချိုအိုးအသစ်တစ်အိုးလုပ်ပြီး တခြားသူများကို ဗိုက်ဝအောင် စားခွင့်ပေးလိုက်ဖို့သာဖြစ်သည်။ ထိုနည်းအားဖြင့် သူတို့ နတ်ဆိုးသားရဲများနှင့် တွေ့ကြုံလာလျှင်တောင် ခုခံရန် ခွန်အား ရှိပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် လင်းချီ စိတ်ချလက်ချမနေနိုင်ပေ။ ထိုလျှို့ဝှက်ဆန်းကြယ်သော သတ္တဝါ ပုန်းအောင်းနေရာမှ ထွက်လာအောင် ဆွဲဆောင်ရန် မှိုဟင်းရည်ကို အသုံးပြုမည်ဖြစ်၏။ သူတို့ အနီးနားတွင် အမည်မသိဖြစ်တည်မှုတစ်ခုရှိခြင်းက သူတို့ကို စိတ်မသက်မသာဖြစ်စေသည်။
သူ ထိုနေရာတွင် ရှိသမျှလူတို့ကို စုစည်းကာ သူ
တွေးထားသည့် အစီအစဉ်ကို တိုးတိုးလေးပြောပြလိုက်သည်။ သူတို့သာ ပူးပေါင်းဆောင်ရွက်ပါက ထိုသားရဲကို ဖမ်းနိုင်မည်ဖြစ်သည်။
သူ၏အကြံအစည်မှာ အရင်တစ်ခေါက်က သူတို့ကိုဖမ်းရန် အော့ခ်မျိုးနွယ်စုသုံးခဲ့သည့် သားရဲဖမ်းပိုက်ကွန်ကို အသုံးပြုကာ ထိုသားရဲကို ဖမ်းဆီးရန်ဖြစ်၏။ မှိုဟင်းရည်ကတော့ ငါးစာဖြစ်သည်။ လင်းချီတွင် ချောင်းမြောင်းတိုက်ခိုက်မှုအတွက် အသုံးပြုနိုင်သည့် မှုတ်လက်နက်တစ်ခုလည်း ရှိသေးသည်။
အစီအစဉ်ကို ကြားပြီးနောက် အားလုံး သဘောတူညီကြသည်။ ဘာပဲဖြစ်ဖြစ် အန္တရာယ်ကြီးကြီးမားမား ရှိလိမ့်မည်မဟုတ်ပေ။ မိစ္ဆာသားရဲအရှင်တစ်ကောင်ကို ဖမ်းဆီးပြီး မှော်ဆရာများထံ ရောင်းလိုက်မည်ဆိုရင် အမြတ်အစွန်းကြီးကြီးမားမားရနိုင်ပေမည်။
လင်းချီက ဆာလောင်မှုငြိမ်း လတ်ဆတ်သော မှိုဟင်းချို နောက်ထပ်အိုးတစ်လုံးစာကို ချက်ပြုတ်
လိုက်ပြီး လူတိုင်း ဝေစုအနည်းငယ်မျှ ရကြသည်။ လင်းမိသားစု၏ သခင်ငယ်လေးသည် မှော်ဆန်သော အစားအစာများကို ရောင်းချကြောင်း ကြားဖူးသောကြောင့် သူတို့အားလုံး ဂရုတစိုက်နှင့် စားကြည့်ကြသည်။
သေချာတာကတော့၊ ဆာလောင်မှုငြိမ်း လတ်ဆတ်သော မှိုဟင်းချိုဟာ မှော်ရတနာတစ်ပါးဖြစ်၏။ ပထမအချက်မှာ ၎င်းဟင်းပွဲကား အလွန်အရသာရှိပြီး အိုးတစ်အိုးလုံးကို အပြည့်မျိုချပစ်လိုက်နိုင်ရန် ဆန္ဒရှိသော်လည်း သူတို့ဗိုက်မပြည့်ခင်မှာပဲ တစ်လုတ်မျှသာ သောက်ခွင့်ရှိခဲ့သည်။
ထိုအချိန်တွင် ရှိနေသူအားလုံးသည် လင်းချီနှင့် ပတ်သက်၍ သူတို့၏ အမြင်ကို ပြောင်းလဲခဲ့ကြသည်။ မှော်ရတနာများကို ဖန်တီးနိုင်သူတစ်ဦးဟာ ဘယ်နေရာတွင်မဆို လေးစားအားကျခြင်းကို ခံရမည်ဖြစ်သည်။
လင်းချီမှ အစားအစာများကို မှော်အာနိသင်ရှိ
သော ပစ္စည်းများအဖြစ်သို့ ပြောင်းလဲပေးနိုင်ခြင်းအတွက်၊ ဆိုလိုသည်မှာ သူသည် သာမန်မှော်လက်မှုပညာသည်တစ်ဦးသာဖြစ်၏။ ထူးထူးခြားခြား ပစ္စည်းမျိုးစုံကို ဖန်တီးဖူးသည့် ပို၍ပင် ထူးဆန်းသော မှော်လက်မှုပညာသည်ဆရာကြီးတွေတောင် ရှိသေးသည်။
“စကြရအောင်။ ဒါပေမယ့် အမှောင်ထဲတွင် ပုန်းနေတဲ့ အဲ့အကောင်က အသိဥာဏ်ရှိတဲ့ပုံပဲ။ သူသတိမထားအောင် တိတ်တိတ်ဆိတ်ဆိတ် ထောင်ချောက်ဆင်ရမယ်”
လူအကုန် စားပြီးသည်ကို မြင်ပြီးနောက် လင်းချီ ထောင်ချောက်များကို စတင်စီစဉ်တော့သည်။ သူတို့အားလုံးလည်း လင်းချီ၏ ညွှန်ကြားချက်များကို လိုက်နာကြပြီး ထောင်ချောက်များကို အဆင့်ဆင့် တပ်ဆင်ကြသည်။ အပြီးသတ်တပ်ဆင်ခြင်းကမူ လင်းချီ၏ တာဝန်ဖြစ်သည်။
နေ့တစ်ဝက်မျှ အလုပ်လုပ်ပြီးနောက် အနြင်အာရုံဖြင့် ထောက်လှမ်း၍မရနိုင်သော ထောင်ချောက်
တစ်ခုကို ပြင်ဆင်ပြီးသွားပြီဖြစ်သည်။ အစားအသောက်ပြင်ဆင်သည့်နေရာ၌ ဆာလောင်မှုငြိမ်း လတ်ဆတ်သော မှိုဟင်းချိုအိုးတစ်ဝက်စာ ကျန်သေးသည်။ ပြီးဆုံးအောင် မစားကြဘဲ ပိုင်ရှင်မဲ့စွာ ထားခဲ့ကြသကဲ့သို့ပင်။ ကျန်လူများလည်း ဂူအနက်ပိုင်းသို့ ပြန်၍ အနားယူချင်ယောင်ဆောင်ကြသည်။
ဂူထဲတွင် မီးပုံမှာ ငြိမ်သက်စွာ တောက်လောင်နေသည်။ အခြားသူများလည်း ပုန်းကွယ်ပြီး အမှောင်ထဲတွင် မိစ္ဆာသားရဲကို မြှားယူရန် စောင့်ဆိုင်းနေကြ၏။ ဒီလိုနဲ့ ညတစ်ဝက်လောက် ကုန်သွားသည်။ လင်းချီလည်း ကျောက်နံရံကို မှီ၍ အိပ်ပျော်သွား၏။
ခွမ်း!
ကျယ်လောင်သော ဆူညံသံက သူတို့ကို ချက်ချင်း နှိုးလိုက်သည်။ ထို့နောက် သူတို့အားလုံး အဝေးရှိ သားရဲဖမ်းပိုက်ကွန်ကို လှမ်းကြည့်လိုက်ကြသည်။ အနက်ရောင် နတ်ဆိုးတစ်
ကောင်မှာ ပိုက်ကွန်ထဲတွင် ရုန်းကန်နေလေသည်။
နတ်ဆိုးသားရဲက အချိန်အတော်ကြာအောင် ရုန်းကန်ပြီးနောက် လှုပ်ရှားမှု ရပ်တန့်သွားသည်။ သားရဲဖမ်းပိုက်ကွန်က အလုပ်ဖြစ်သည့်ပုံပင်။ လင်းချီကိုယ်တိုင် ၎င်း၏အကျိုးသက်ရောက်မှုကို ခံစားခဲ့ရခြင်းဖြစ်၏။ ၎င်းသာ ပိုက်ကွန်ထဲတွင် ဖမ်းမိပါက တဖြည်းဖြည်း သူ၏စွမ်းအားတို့ ဆုံးရှုံးသွားမည်ဖြစ်သည်။
“ဒါ ခွေးနက်ကြီးပဲ၊ ငါတို့ ဘာမဟုတ်တာအတွက် စိုးရိမ်နေခဲ့တာပဲ”
“ဟုတ်တယ်၊ ဒါပေမယ့် ငါ ဝံပုလွေအမျိုးအနွယ် မိစ္ဆာသားရဲတွေကိုပဲ မြင်ဖူးတယ်။ ခွေးအမျိုးအစား မိစ္ဆာသားရဲတွေကတော့ ရှားပါးတယ်။”
“အဲဒါက မင်းသိပ်မလေ့လာလို့လေ။ အော့ခ်တွေကြားမှာတောင် ခွေးခေါင်းမျိုးနွယ်ဝင်တွေ ရှိတာပဲ”
လူတစ်စုက စကားစမြည်ပြောရင်း ရယ်နေကြသည်။ သူတို့ ပိုက်ကွန်ရှေ့သို့ ရောက်လာပြီး အထဲက ခွေးနက်ကို ကြည့်လိုက်ကြသည်။ ခွေးနက်ကြီးမှာလည်း သေချင်ယောင်ဆောင်နေခဲ့သည်။ အတော်လေး ဉာဏ်ကောင်းပုံရပြီး သူ့ကိုယ်သူ ဘယ်လို ဖုံးကွယ်ရမလဲဆိုတာကိုပါ သိနေပုံရသည်။
သူတို့ထဲက တစ်ယောက်က ရဲရင့်စွာ ရှေ့ကို လျှောက်လာပြီး ခွေးနက်ကို တုတ်ရှည်နဲ့ အကြိမ်အနည်းငယ် တို့ကြည့်နေသည်။ တုံ့ပြန်ခြင်းမပြုသည်ကိုမြင်တော့ လှည့်ပြီး မေးလာသည်။ “ငါတို့ရဲ့စားစရာကို ဒီကောင်ခိုးစားထားတယ်ဆိုမှတော့ ငါတို့လည်း သူ့ကို စားကြမလား”
တခြားသူတွေကလည်း လက်ခံကြပြီး ဘယ်လိုစားရမလဲဆိုတာကို ဆွေးနွေးနေကြသည်။ သူတို့က ခွေးနက်ကြီး၏ ခွန်အားကို နားမလည်ကြသော်လည်း လင်းချီကတော့ ကိစ္စများမှာ ထိုမျှလောက် မရိုးရှင်းကြောင်း ခံစားမိသည်။
ခွေးနက်ကြီးက တစ်ရက်တည်းမှာတင် ဆာလောင်မှုငြိမ်း လတ်ဆတ်သော မှိုဟင်းချိုနှစ်အိုးကျော်ကို စားခဲ့သည်။ ကြယ်သုံးပွင့်သားရဲတစ်ကောင်ပင်လျှင် ထိုပမာဏလောက် စားမိပါက သေလောက်အောင် ခံစားနေရမည်ဖြစ်၏။
“အားလုံးပဲ နောက်ပြန်ဆုတ်ကြ။ ဒီခွေးနက်က အန္တရာယ်ရှိနိုင်တယ်။ မသေချာမချင်း ရှေ့မတက်ကြနဲ့” ခွေးနက်ကို ဘယ်လိုစားရမလဲဆိုတာ ဆွေးနွေးနေကြတဲ့ လူတစ်စုကို လင်းချီက ပြောလိုက်သည်။
သူတို့ အန္တရာယ်ဟု ခေါ်သည့်အရာကို ဂရုမစိုက်သော်လည်း လင်းချီ၏ စကားကိုတော့ နားထောင်ဆဲပင်။ အက်စစ်မိုးသည် မည်မျှကြာအောင် ရွာလိမ့်မည်ကို မသိကြသော်လည်း လင်းချီအနီးတွင် ရှိနေသ၍ ငတ်ပြတ်မှာကို စိုးရိမ်ရန် မလိုအပ်ပေ။
လင်းချီလည်း အကဲခတ်ရန် ရှေ့သို့ လှမ်းသွားသော်လည်း သားရဲကောင်က သူ့ကို ရုတ်တရက် တိုက်ခိုက်လာခြင်းမှ ကာကွယ်ရန် သူ့လက်ထဲ
တွင် မှုတ်မြှားကို ဆုပ်ကိုင်ထားသည်။
သူ့ရှေ့က မှိုဟင်းချိုအိုးတစ်ဝက်စာမှာ ပျောက်ကွယ်သွားပြီဖြစ်သော်လည်း မြေပြင်ပေါ်မှာ ဖိတ်စင်တာမျိုး မရှိပေ။ ခွေးနက်ကြီးက လုံးဝပြောင်နေအောင် စားလိုက်တာဖြစ်လိမ့်မည်။
လင်းချီသည် ရုတ်တရက် ခွေးတစ်ကောင်အပေါ် လေးစားမှုတို့ ခံစားလိုက်ရသည်။ အနှီခွေးနက်ကြီးမှာ သေခါနီးအချိန်မှာတောင် အိုးထဲမှ အစာကို ပြီးအောင် စားလိုက်သေးသည်။ တကယ့်ကို အစားအသောက်ကြိုက်နှစ်သက်သူ ဖြစ်၏။
သူ မမြင်လိုက်ရတာက သေချင်ယောင်ဆောင်နေသော ခွေးနက်ကြီးက လင်းချီ စူးစမ်းဖို့ ရောက်လာတာကို တွေ့လိုက်သောအခါ သူ့ကို ညင်သာစွာ အနံ့ခံကြည့်လိုက်ခြင်းပင်။ မျက်လုံးများ အနည်းငယ်ပွင့်ဟလာပြီး လင်းချီကို မသိမသာ ကြည့်လိုက်သည်။
“ဒီခွေးနက်ကို သတ်ကြရအောင် ဒါဆို ဒီည
အတွက် ဟင်းအပိုတစ်ပွဲရတာပေါ့ ငါတို့ ဒီလောက်ကြာအောင် ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ရတာ။” သူတို့ထဲက တစ်ယောက်က ရှေ့သို့ ထွက်လာပြီး ဓားရှည်ကို ဆွဲထုတ်ကာ တိုက်ခိုက်တော့မည်ပြုသည်။
ခွေးနက်ကြီးက အခြားသူများ ၎င်းကို သတ်ရန် အမှန်တကယ် ဆုံးဖြတ်ထားသည်ကို မြင်လိုက်ရပြီးနောက် ဆက်မဟန်ဆောင်နိုင်တော့ပေ။
ဟူး!
သူ့ပါးစပ်ထဲမှ မီးလုံးတစ်လုံးကို မှုတ်ထုတ်လိုက်ပြီး သားရဲဖမ်းပိုက်ကွန်ကို အပေါက်ကြီးတစ်ခုအဖြစ် ချက်ချင်းလောင်ကျွမ်းသွားစေကာ နောက်မလှည့်စတမ်း ထွက်ပြေးတော့သည်။
လင်းချီအပါအဝင် ထိုနေရာတွင် ရှိနေသူများအားလုံး ကြောက်လန့်တကြား မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
မီးမှုတ်နိုင်တဲ့ မိစ္ဆာသားရဲ!
နတ်ဆိုးသားရဲထက် သာလွန်သောတည်ရှိမှု!
ကြယ်ခြောက်ပွင့်အဆင့်နှင့် အထက်ရှိသော သတ္တဝါဖြစ်ပြီး အနည်းဆုံး ကြယ်ခုနစ်ပွင့်အဆင့်လောက်ရှိမယ့် မိစ္ဆာသားရဲ!
သူတို့အားလုံး ခဏတာမျှ ကြက်သေသေနေကြသည်။ ရုတ်တရက် တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်လိုက်၏။
“ဒီသတ္တဝါက နတ်ဆိုးသားရဲရဲ့ အဆင့်ကိုတောင် ကျော်လွန်နေတာ! ဒီတစ်ခါတော့ ငါတို့ ချမ်းသာတော့မယ်!”
တခြားသူများလည်း အသိပြန်ဝင်လာကြသည်။ ချမ်းသာကြတော့မည်ဟု ကြားသောအခါ သူတို့အားလုံး ပြောလိုက်သူအား ချက်ခြင်းဝိုင်းရံလိုက်ကြသည်။ လင်းချီလည်း သူတို့နောက်ကို လိုက်သွားသည်။ သူလည်း ထိုနတ်ဆိုးသားရဲ
အကြောင်းကို ကြားချင်သည်။
၎င်းခွေးနက်က သူ့ကို အရမ်းထူးခြားတဲ့ ခံစားချက်တစ်ခု ပေးနေသည်။
~~~