ကျောက်တုံးမိုး
Vol. 6 Ch. 62
သူတို့ အားလုံး လေးလေးနက်နက် ဆွေးနွေးနေခဲ့ကြသည်။
"ငါတို့သာ အဲ့သားရဲကို ဖမ်းမိမယ်ဆိုရင် ပြိုင်ပွဲကို အဆုံးသတ်နိုင်ရုံတင်မကဘူး....ပြန်သွားရင်လည်း ဆုချီးမြင့်ခံရဦးမှာ"
"ဟားဟား...ဒါပေါ့ကွ... ခြေရာမဲ့မိစ္ဆာသားရဲလေကွာ နှစ်တစ်ရာမှ တစ်ခါလောက် တွေ့ရတဲ့ ရှားပါးမြင်ကွင်းပဲကို"
"မှန်တယ်...ငါတို့ အရှင်ဖမ်းနိုင်ရင် ပိုကောင်းတယ်....အဲ့အခါကျရင် ဟို...အတင်းပဲ တုပ်တတ်တဲ့ မိန်းမတွေ ငါ့ကို အသုံးမကျတဲ့ကောင်လို့ ပြောရဲသေးလား ကြည့်လိုက်ဦးမယ်"
......
လင်းချီကတော့ အများကြီး မစဉ်းစားပေ။ ခွေးနက်ကြီးက မှတ်တမ်းမဲ့သားရဲဖြစ်ခဲ့လျှင်တောင် မီးမှုတ်နိုင်သော သားရဲဖြစ်၏။
ထို့ပြင် သူတို့အားလုံး ခွေးနက်ကြီးကို မရှာတွေ့ခဲ့ချေ။ အဲ့တာတောင် ဘယ်လိုများ ယုံကြည်မှုတွေ ပြည့်ဝနေကြလဲဆိုတာ လင်းချီ မတွေးတတ်တော့ပေ။
လင်းချီ တိတ်တဆိတ် မျက်ဆံလှန်မိလိုက်သည်။ သူပြန်ရမည့် လမ်းကိုလည်း မမှတ်မိ၊ သူ့မှာ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်တဲ့ ခွန်အားအလုံအလောက် မရှိတာကြောင့်သာ မဟုတ်ပါက အစောကြီးကတည်းက သူ့ဘာသာ တစ်ယောက်တည်း ပြန်သွားပြီဖြစ်၏။
ယခုတော့ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ရုံသာ တတ်နိုင်တော့သည်။
လင်းချီမမျှော်လင့်တာက ထိုလူများက သူ့ကိုပါ သူတို့အစီအစဉ်ထဲ ဆွဲထည့်မည်ဆိုတာပင်။
"ဒါပေမယ့် ငါတို့ သူ့ကို ခြေရာခံလို့တောင် မရတော့တာကို...ဘယ်လို ဖမ်းကြမှာလဲ"
"အရင်နည်းအတိုင်းပဲပေါ့ကွာ...အစာနဲ့ မျှား ပိုက်ကွန်ထဲကျတာစောင့်ပြီး ဖမ်းလိုက်ရုံပေါ့"
"ဒါပေမဲ့....အဲ့ခွေးက မီးမှုတ်နိုင်တယ်လေ....သူလုပ်လို့ ခုနက ပိုက်ကွန်တောင် ချက်ချင်း မီးလောင်သွားတာ"
"ဒါပေမဲ့လည်း သူမီးမမှုတ်ခင် သေချင်ယောင်ဆောင်ခဲ့တယ်လေကွာ....အဲ့တာက ဘာကိုဆိုလိုလဲဆိုတော့ သူ အကန့်အသတ်မဲ့ မီးမှုတ်လို့ မရဘူးဆိုတာပဲ"
"အမှန်ဘဲ...ဒီတစ်ခေါက်တော့ သူ့ကို မီးမှုတ်ဖို့ အခွင့်အရေးပေးလို့မရဘူး... ပိုက်ကွန်ထဲ ရောက်တာနဲ့ ချက်ချင်းတိုက်ခိုက်ရမယ်"
သူတို့ပြောပြီးနောက် လင်းချီ ကို ကြည့်လိုက်သည်။
"လင်းချီ... နောက်ထပ် မှိုစွပ်ပြုတ် တစ်အိုးလောက် လုပ်ပေးပါ"
လင်းချီ ရွေးချယ်စရာမရှိ သဘောတူလိုက်ရသည်။ သို့သော်လည်း သူယခုလေးတင် ဆာလောင်မှုငြိမ်း လတ်ဆတ်သော မှိုစွပ်ပြုတ်အတွက် အမယ်အားလုံးကို အသုံးပြုလိုက်မိသည်။
ရေတော့ အများကြီး ကျန်နေသေးသည်။ နှင်းဆီဆားမှာလည်း စနစ်မှ လဲလှယ်၍ ရသည်။ သို့သော်လည်း မှိုအရောအနှောများနှင့် ယူကလစ်ရွက်များကိုတော့ စုဆောင်းရန် လိုနေသေးသည်။
လင်းချီ သူတို့ကို လိုအပ်သော အမယ်များ ရေးထားသော စာရင်းကို ပေးလိုက်သည်။ ခဏကြာသောအခါ အမယ်များ အပြည့်ဖြင့် လူအုပ်မှာ နေရာလွတ်ဆီသို့ ပြန်လာခဲ့ကြသည်။
လင်းချီ သက်ပြင်းချလိုက်မိသည်။ လူများ
လေ အင်အားများလေဖြစ်သည်။ မဟုတ်ပါက ထိုမျှ များပြားသော အမယ်များကို အချိန်တိုအတွင်း ရရှိနိုင်မည်မဟုတ်ပေ။
သူအမယ်များကို ယူသွားပြီး ကြိုတင်ပြုလုပ်ထားသော ထောင်ချောက်ထဲတွင် မွှေးကြိုင်နေသော အဆာခံမှိုစွပ်ပြုတ်ကို ပြုလုပ်လိုက်သည်။ ခဏကြာသောအခါ စွပ်ပြုတ်မှာ အသင့်ဖြစ်သွားပြီး မွှေးရနံ့များက သူတို့၏ နှာခေါင်းထဲသို့ ၀င်ရောက်လာသည်။
ယှဉ်ပြိုင်သူများလည်း သူတို့ရှေ့ရှိ အရသာရှိသော ဟင်းပွဲကို ကြည့်ပြီး တံတွေးမြိုမချဘဲ မနေနိုင်အောင်ရှိလေသည်။
အချို့ဆို ဤကဲ့သို့ပင် ရေရွတ်လိုက်သေးသည်။ "ငါတို့တကယ်ပဲ အဲ့ဒီဟင်းပွဲကို ငါးစာအဖြစ် သုံးရမှာလား... ဖြုန်းတီးသလို မဖြစ်ဘူးလားကွာ...ငါ့ကို ပေးမြည်းပါလား.....ငါတို့ နည်းနည်းလောက်မြည်းပြီးမှ သုံးလည်း အဆင်ပြေတာပဲကို"
"စိတ်လျှော့... စွပ်ပြုတ်က ကုန်သွားရင်တောင် လင်းချီ ထပ်လုပ်လို့ရတယ်...ဒါပေမယ့် ကြယ်ခုနစ်ပွင့် မှတ်တမ်းမဲ့မိစ္ဆာသားရဲက ဘယ်နေရာမဆို ငါတို့တွေ့နိုင်တဲ့ သားရဲမဟုတ်ဘူးနော်..."
၎င်းကိုကြားတော့ လင်းချီ မျက်လုံးလှန်လိုက်မိသည်။ ထိုအုပ်စုက သူ့ကို တွယ်ကပ်ချင်နေတုန်းပင်။ အပြန်လမ်းကို မသိသောကြောင့်သာ မဟုတ်ပါက သူ ထိုအုပ်စုကို ကူညီလိမ့်မည် မဟုတ်။
သူတို့၏ ဆာလောင်မှုကို ဖိနှိပ်ရန် တော်တော်လေး ကြိုးပမ်းလိုက်ရသည်။ ထို့နောက် သူတို့ အစီအစဉ်အတိုင်း ထောင်ချောက်ဆင်ကြတော့၏။
ရုတ်တရက် အနက်ရောင် အရိပ်တစ်ခု ရှေ့သို့ပြေးထွက်လာသည်။ ထိုအရိပ်က ခွေးနက်ပင်။
၎င်းက မှိုစွပ်ပြုတ်ရှေ့သို့ ပြေးသွားပြီး ပါးစပ်ကြီးကို ဖြဲကာ အိုးငယ်လေးအား သွားဖြင့် ကိုက်
ကာ ချီ၍ တောနက်ကြီးထဲသို့ ထွက်ပြေးသွားသည်။
လူတိုင်း သူတို့ရှေ့ရှိ ရှော့ခ်ရဖွယ် မြင်ကွင်းကိုကြည့်ပြီး အေးခဲသွားသည်။ အနည်းငယ်လောက်သာ အချိန်မှီ တုံ့ပြန်နိုင်ပြီး ခွေးနက်နောက်သို့ ပြေးလိုက်ကြ၏။
"အဲ့မှာဘဲ ရပ်မနေကြနဲ့...အဲ့ခွေးနောက်ကို အမြန်လိုက်ကြဟ"
ကျယ်လောင်သော အော်သံတစ်ခုက သူတို့ကို လှုပ်နှိုးသွားပြီး ခွေးနက်နောက်သို့ လျင်မြန်စွာ ပြေးလိုက်တော့သည်။
လင်းချီလည်း ကျန်နေသေးသော အမယ်များကို သိမ်းဆည်းရင်းအော်လိုက်သည်။ "ဟေ့....ငါ့ကိုလည်း စောင့်ကြဦးလေ"
သူအုပ်စုနောက်ကို ပြေးလိုက်နေရင်း မနေနိုင်ဘဲ ခွေးနက်ကို ချီးကျူးမိသည်။
"ဒီခွေးနက်ကတော့ အံ့ဩဖို့ကောင်းလောက်အောင်ကို ဉာဏ်ကောင်းတာဘဲ"
အမှန်တော့ ခွေးနက်မှာ အစောကြီးကတည်းကပင် အဝေးသို့ ထွက်မပြေးသွားဘဲ အနီးအနားတွင် ပုန်းနေပြီး သူ့ကို ဖမ်းချင်နေသော လူများ၏ အစီအစဉ် တစ်ရပ်လုံးကို ခိုးနားထောင်နေခြင်းဖြစ်သည်။
ထို့နောက် သင့်လျော်သော အချိန်ကို စောင့်ဆိုင်းနေသည်။ လင်းချီ စွပ်ပြုတ် ပြုလုပ်ပြီးသွားပြီး လူတိုင်း၏ အာရုံက ထောင်ချောက်ပြုလုပ်သော နေရာသို့ ကျရောက်နေသောအခါ ပြေးထွက်လာပြီး စွပ်ပြုတ်ကို ချီ၍ ထွက်ပြေးသွားခြင်းဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်မှ လင်းချီကို ၎င်းခွေးနက်မှာ အစကတည်းက သူတို့ကို ထောင်ချောက်ဆင်လာအောင် ထိန်းချုပ်အကွက်ဆင်နေသည်ဟု ပြောလာလျှင်ပင် ယုံရပေ
လိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ထောင်ချောက်ပြုလုပ်ရန် ငါးစာ ရှိမှဖြစ်လိမ့်မည်။
ခွေးနက်ကြီးမှာ အစားအသောက် နှစ်သက်သူတစ်ဦး ဖြစ်ပုံပင်။ ထိုကဲ့သို့ဆိုပါက ၎င်းကို ကိုင်တွယ်ရန် ပို၍လွယ်ကူသွားလိမ့်မည်။ သူ့တွင် အရသာရှိသော အစားအသောက်တို့၏ ရင်းမြစ်ဖြစ်သော လျှာကဝေစနစ် ရှိနေသည် မဟုတ်လား...
ခွေးနက်ကြီးမှာ လူအုပ်ကို တောနက်ထဲသို့ ခေါ်ဆောင်သွားပြန်သည်။
အက်စစ်မိုးမှာ တိတ်သွားပြီဖြစ်စော်လည်း သစ်ပင်နှင့် မြေကြီးတို့မှာ အရှိန်ဖြင့် ဆက်လက်တိုက်စားခံနေရဆဲပင်။
လင်းချီ အက်စစ်မိုးရေပေါက်များ တရှဲရှဲမည်
ကာ တိုက်စားနေပြီး မီးခိုးများ ဆက်တိုက်ထွက်ပေါ်နေသည်ကို အခါအားလျော်စွာ မြင်နေရသည်။
"လူတိုင်း သတိထားနင်းကြ...အက်စစ်မိုးကျထားတဲ့နေရာကို မနင်းမိစေနဲ့..."အမြင်စူးရှသူ တစ်ယောက်မှ သတိပေးလိုက်သည်။
........
တဖြည်းဖြည်းနှင့် ရှေ့မှ မြင်ကွင်းက ကျယ်လာသည်။
ခွေးနက်ကြီးမှာ လူအုပ်ကို နေရာလွတ်တစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။ သို့သော်လည်း ထူးဆန်းစွာပင် ထိုနေရာတစ်ခုလုံး ကျောက်တုံးနက်များဖြင့် ပြည့်နှက်နေသည်။
ခွေးနက်ကြီးကို ဖမ်းရန် စိတ်လောနေသဖြင့် အုပ်စုမှာ ဘာမျှ မစဉ်းစားဘဲ ရှေ့သို့ မဆင်မခြင် ပြေးသွားကြသည်။
သို့သော်လည်း ထိုအချိန်တွင် ထူးဆန်းသော အရာတစ်ခု ဖြစ်လာသည်။
အချို့သော ကျောက်တုံးနက်များမှာ မီးပြင်းဖိုထဲတွင် ခုနစ်ရက် ခုနစ်ညတိတိ လောင်ကျွမ်းထားသကဲ့သို့ လွန်စွာ ပူပြင်းပြီး သူတို့၏ ဖိနပ်များကိုပင် ဖြတ်၍ အပူလောင်စေသည်။
အချို့သော ကျောက်တုံးများမှာ လွန်စွာ အေးခဲပြီး အဝေးမှ ကြည့်ပါက လေအေးများ ထုတ်လွှတ်နေသယောင်ပင်။ သူတို့ တက်နင်းလိုက်ချိန်၌ ခြေထောက်တစ်ခုလုံး အေးခဲသွားပြီး ခံစားနိုင်မှုများ ဆုံးရှုံးသွားသည်။
အချိန်တခဏလောက် အော်သစ်သံများ ထွက်ပေါ်လာပြီး တစ်ယောက်ပြီး တစ်ယောက် လဲကျသွားတော့သည်။
လင်းချီမှာ အစွန်အဖျားတွင် ရပ်နေပြီး လူအုပ်ကြီးကို ကြည့်ရင်း သူ၏ နှလုံးသားထဲတွင်
ကြောက်လန့်မှုများကို ခံစားနေရသည်။
ကံကောင်းစွာဖြင့် သူပစ္စည်းများ ထုပ်ပိုးနေရသောကြောင့် အနည်းငယ်နောက်ကျသွားခဲ့သည်။
လင်းချီ ကျောက်တုံးပေါ်တွင် အေးဆေးရပ်နေသော ခွေးနက်ကြီးကို မော့ကြည့်လိုက်သည်။ ထိုခွေးနက်ကြီးကတော့ ကျောက်တုံးများမှာ သူ့အပေါ် ဘာသက်ရောက်မှုမျှ မရှိသကဲ့သို့ပင်။
ခွေးနက်ကြီးက မြေပြင်ပေါ်ရှိ ကျောက်တုံးများကို အထင်သေးရွံရှာစွာကြည့်လိုက်ပြီး သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့မှု တစ်ပိုင်းတစ်စလည်း ပါ၀င်နေသည်။ ကြည့်ရသည်မှာ ခွေးနက်ကြီးလည်း ထိုကျောက်တုံးများ၏ ရင်းမြစ်ကို သိနေပြီး ထိုအရာကြောင့် အရင်က ဆုံးရှုံးမှုအချို့ ခံစားခဲ့ဖူးပုံပင်။
ခွေးနက်ကြီးက လင်းချီ၏ အကြည့်ကို သတိထားမိကာ ခေါင်းရမ်းလိုက်ပြီး စွပ်ပြုတ်အိုးကို သူ့ဘေးသို့ ပစ်ချလိုက်သည်။
စွပ်ပြုတ်အိုးမှာ ပြောင်စင်အောင် လျှက်ပြီး ဖြစ်၏။
လင်းချီ ခွေးနက်ကြီးကို ပို၍ပင်လေးစားသွားသည်။ လူအုပ်ကြီးက လိုက်နေသည့်ကြားထဲတွင် စွပ်ပြုတ်ကို ကုန်စင်အောင် သောက်နိုင်သေး၏။
အရင်ဘဝကတည်းက အလွန်တရာ ငတ်ပြတ်လာသောကြောင့် ဖြစ်နိုင်သည်။
ရိုးရိုးသားသား ပြောရလျှင် လင်းချီ အစကတည်းက ခွေးနက်ကြီးကို အရှင်ဖမ်းရန် ရည်ရွယ်ချက်မရှိဘဲ အော့ခ်မျိုးနွယ်ထံသာ အမြန်ပြန်သွားချင်ခဲ့သည်။
ထိုအုပ်စုက သူ့ကို လမ်းပြနိုင်ရန် မျှော်လင့်ထားသော်လည်း ယခု အခြေအနေအရ သူတို့ကို အားကိုး၍ မရနိုင်တော့ပေ။
လင်းချီ လမ်းသိမသိ ဂရုမစိုက်တော့ဘဲ ဤနေရာ
မှ ထွက်သွားချင်တော့သည်။
သူရက်စက်သောကြောင့် မဟုတ်ဘဲ ကူညီရန် စွမ်းအားမရှိသောကြောင့်ပင် ။
မည်သို့ပင်ဆိုစေကာမူ သူ့တွင် တိုက်ခိုက်နိုင်သည့် ခွန်အား တစ်စက်တစ်လေတောင် မရှိဘဲ စနစ်အပေါ်တွင်သာ မှီခိုနေရခြင်းဖြစ်သည်။
ထို့အပြင် လင်းချီက သူတို့ကို ခွေးနက်ကြီးနောက် မလိုက်ရန် အကြံပေးပြီးဖြစ်သည်။ စကားနားမထောင်ဘဲ ဖြစ်မှတော့ သူတို့ဒုက္ခနှင့် သူတို့ပင်။
လင်းချီ ပြန်လှည့်လာပြီး သိပ်ဝေးဝေးမရောက်ခင်မှာပဲ ကောင်းလင်မှာ ရုတ်တရက် ပြောင်းလဲသွားပြီး လေထန်လာသည်။
မကောင်းတော့ဘူး ..အက်စစ်မိုး ပြန်ရွာလာတော့မယ်ထင်တယ်!
လင်းချီ မိုးကာကို အမြန်ထုတ်၍
ကမန်းကတန်း ၀တ်ဆင်လိုက်သည်။ သူစိတ်သက်သာရာရစွာ သက်ပြင်းမချနိုင်မီ ကျောက်တုံးမိုးများ စတင်ရွာသွန်းတော့သည်။
အခြားသူများမှာ ပြင်ဆင်ချိန်မရလိုက်ဘဲ ကျောက်တုံးမိုးများ ထိမှန်သွားသည်။ သူတို့လည်း ထိုနေရာမှ လျင်မြန်စွာ ထွက်ပြေးလာတော့သည်။
ထိုအချိန်တွင် ၎င်းထူးဆန်းသော ကျောက်တုံးများ ဘယ်နေရာမှ ရောက်လာကြောင်း အားလုံး သဘောပေါက်သွားသည်။
လင်းချီနှင့် ကျန်သူများလည်း ကြောက်လန့်တကြား ပြေးမိပြေးရာ ခြေဦးတည့်ရာ ပြေးကြတော့သည်။ လင်းချီကတော့ ပြေးရင်း ကျိန်ဆဲနေမိသည်။
‘ဘယ်လိုနေရာလဲကွာ..ကျောက်တုံးမိုးတွေကော..အက်စစ်မိုးတွေကော စုံနေတာပဲ ..ဘာလို့ မျိုးနွယ်စုက လူတစ်ယောက်မှ ဒီအကြောင်းကို မ
ပြောတာလဲဟ'
သူပြန်ရောက်သည့်အခါ သူတို့ဆီမှ သေချာပေါက် ဖြေရှင်းချက်တောင်းရလိမ့်မည်။
သို့သော်လည်း လင်းချီမှာ အော့ခ်များအား မှားယွင်းစွပ်စွဲမိနေခြင်းဖြစ်၏။ တကယ်တမ်းတွင် ကျောက်တုံးမိုးမှာ ထိုသတ်မှတ်ထားသော ဧရိယာတစ်ခုအတွင်းသာ ရွာသွန်းပြီး အက်စစ်မိုးမှာတော့ ထိုကဲ့သို့မဟုတ်ဘဲ ဒေသတစ်ခုလုံးအနှံ့ ရွာသွန်းခြင်းဖြစ်လေသည်။
~~~