ထူးဆန်းလက်ချောင်းအသွင်ပြောင်းခြင်း (က)
Vol. 37 Ch. 556
ရွှီချင်း ပြန်ရောက်လျှင် အသံလွှင့်ကျောက်စိမ်းပေလွှာဖြင့် နတ်မိမယ်ကျစ်ရွှမ်အား အကြောင်းကြားသည်။
၎င်းသည် သူနှင့် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်တို့ ဒေသငယ်မြို့တော်သို့ သွားရာလမ်း၌ နတ်မိမယ်ကျစ်ရွှမ် တောင်းဆိုထားခြင်း ဖြစ်သည်။
မည်သို့ဆိုစေ သူတို့သည် တခြားဒေသတစ်ခုတွင် ရှိနေကြပြီး အန္တရာယ်နှင့် အချိန်မရွေး ကြုံတွေ့နိုင်သည်။ နတ်မိမယ်ကျစ်ရွှမ်၏ တာဝန်အစစ်အမှန်မှာ ဂိုဏ်းခွဲကို တာဝန်ယူခြင်းအပြင် ဒေသငယ်မြို့တော်က ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်၏ ဓားကိုင်များကို ကာကွယ်စောင့်ရှောက်ရန်လည်း ဖြစ်သည်။
အသံပို့လွှတ်ပြီးနောက် ရွှီချင်း ဓားခန်းဆောင်သို့ ပြန်လာသည်။ သူက ဓားခန်းဆောင်ထဲသို့ ချက်ချင်း မဝင်သေးဘဲ ပတ်ဝန်းကျင်ကို စစ်ဆေးသည်။ အရာအားလုံး ပုံမှန်ဖြစ်ကြောင်း သေချာတော့မှ အတွင်းသို့ ဝင်လာသည်။
ဤသည်က သူ၏အလေ့အထ ဖြစ်သည်။
ဓားခန်းဆောင်တွင် ရွှီချင်းသည် အသက်ပြင်းပြင်းရှုကာ တာဝန်လုပ်ဆောင်စဉ်တစ်ခုလုံးအား ခွဲခြမ်းစိပ်ဖြာ၍ အမှားအယွင်းတစ်စုံတစ်ရာ ကျူးလွန်မိသလား ပြန်လည်တွေးတောသည်။ ညအချိန်အခါရောက်တော့မှ သူ၏ဆန်းစစ်ခြင်းမှာ ပြီးဆုံး၏။
သို့သော်လည်း သတ်ဖြတ်ခြင်းအစီအရင်ထဲ၌ လဲလျောင်းနေသော လူငယ်၏ပုံရိပ်မှာ သူ့မှတ်ဉာဏ်ထဲ၌ နက်ရှိုင်းစွာ စွဲထင်နေဆဲဖြစ်သည်။
“သူ့အဖေက သူလျှို့အစစ်ဖြစ်သင့်တယ်။”
ရွှီချင်း တီးတိုးပြောသည်။
ထိုထူးဆန်းသော သူလျှိုက သူ၏သားကို စွန့်ပစ်ခံနယ်ရုပ်အဖြစ် သုံးခဲ့ခြင်းလား၊ တခြားလမ်းကြောင်းကို ဖုံးကွယ်ရန် အသုံးပြုသောလမ်းလွဲတစ်ခုလား သူ မသေချာပါ။
သို့မဟုတ် လူငယ်ကဲ့သို့ တခြားတည်ရှိမှုများလည်း ရှိနိုင်လောက်သည်။
သို့မဟုတ် သူလျှိုသည် သူ့ကိုယ်သူ ပစ်မှတ်အဖြစ် ဖန်တီးကာ တခြားလူများကို အသုံးပြု၍ သတင်းအချက်အလက် ပို့ဆောင်ခြင်းလည်းဖြစ်နိုင်သည်။
အရာအားလုံးက ခန့်မှန်းရန် ခက်ခဲသည်။
ရွှီချင်း အတန်ကြာ တွေးတောပြီးနောက် ခေါင်းယမ်းသည်။ ထို့နောက် သူသတ်ဖြတ်ခဲ့သော နန်းတော်ရှစ်ခုဝတ်ရုံနက်အား ပြန်အမှတ်ရသည်။
“ငါ့ရဲ့လက်ရှိစွမ်းရည်နဲ့ဆိုရင် ငါသာ အစွမ်းကုန်တိုက်ခိုက်ရင် နန်းတော်ရှစ်ခုကို သတ်နိုင်တယ်။ နန်းတော်ကိုးခုကိုတော့… နည်းနည်းခက်ခဲတယ်။”
ရွှီချင်း ငြိမ်ကျသွားသည်။ နန်းတော်ရှစ်ခုတိုက်ခိုက်စွမ်းရည်သည် အသက်မီးတောက်လေးခုအတွက် အကန့်အသတ်ဖြစ်ကြောင်း သူ နားလည်သည်။
မှန်သည်၊ ထိုအကန့်အသတ်ကို ကျော်လွန်သော ကြောက်စရာပါရမီရှင်များလည်း ရှိနိုင်၏။ သူတို့သည် ဓမ္မတံခါး ၁၂၁ခုကို မဖွင့်ရသေးသည့်တိုင် သူတို့က အင်ပါယာကျင့်ကြံခြင်းအတတ်နှစ်ခု သို့မဟုတ် သက်စောင့်မီးအိမ်များ ပိုင်ဆိုင်နိုင်သေးသည်။
ထိုသို့သောလူများသည် နန်းတော်ကိုးခုတိုက်ခိုက်စွမ်းရည်အား ပိုင်ဆိုင်နိုင်လောက်၏။
“ပြီးတော့ နတ်နန်းတော်အကန့်အသတ်ကို ရောက်သွားသူတွေက ဝိညာဉ်သူငယ်အဆင့်ကို ချိုးဖက်ဝင်ရောက်ဖို့ ကြိုးစားနိုင်ကြသေးတာပဲ။”
ရွှီချင်း၏မျက်လုံးများက မျှော်လင့်ချက်မီးတောက်များဖြင့် လင်းလက်သွားသည်။
ဝိညာဉ်သူငယ်အဆင့်သို့ ချိုးဖျက်ရန်မှာ လွယ်ကူသည် မဟုတ်ပေ။ ရွှေအမြုတေဖွဲ့စည်းခြင်း အထွတ်အထိပ်မှ လူအတော်များများမှာ ဝိညာဉ်သူငယ်ဖွဲ့စည်းခြင်းကာလ၌ ရှိနေကြသည်။ ထိုဖြစ်စဉ်ကား အနည်းငယ် ထူးဆန်းကာ အများစုကို ဝိညာဉ်သူငယ်တစ်ဝက်များ သို့မဟုတ် ဝိညာဉ်သူငယ်အတုများအဖြစ် သိကြသည်။
ရွှီချင်းသည်လည်း တာဝန်သွားလုပ်သည့်အချိန်အတောအတွင်း ဝိညာဉ်သူငယ်အတု၏ စွမ်းရည်များနှင့်ပတ်သက်၍ ပိုမိုသိနားလည်လာခဲ့သည်။
“သူတို့က နတ်နန်းတော်ရှစ်ခုနဲ့ ကိုးခုကို ကျော်လွန်ပြီးတော့ နန်းတော်ဆယ်ခုနီးနီးသို့ ရောက်နေကြပြီ။”
“ငါက အားနည်းနေတုန်းပဲ။ ငါ့ကျင့်ကြံခြင်းကို မြန်ဆန်အောင် လုပ်ရမယ်။ ပြီးတော့ ငါက မိစ္ဆာအသွင်ပြောင်းဂိုဏ်းကိုလည်း သွားကြည့်ရဦးမယ်။”
ရွှီချင်းက သူ၏ခွဲခြမ်းစိပ်ဖြာမှုမှာ မှားယွင်းခြင်းမရှိဟု ခံစားရသည်။ မိစ္ဆာအသွင်ပြောင်းအတတ်သည် သူ၏သိစိတ်ပင်လယ်က တစေအင်ပါယာတောင်ကုန်းအား အတိုင်းအတာတစ်ခုအထိ ပြင်ပသို့ ထုတ်ဖော်အသုံးချနိုင်လောက်သည်။
“တစေအင်ပါယာတောင်ကုန်းကို အပြင်လောကမှာ ကိုယ်ထင်ပြနိုင်ရင် ငါ့တိုက်ခိုက်စွမ်းရည်က ဘယ်လောက်တိုးတက်နိုင်မလဲ မသိဘူး။”
ရွှီချင်းက အတော်လေး မျှော်လင့်မိသည်။
“အားလုံး ချောချောမွေ့မွေ့ဖြစ်ရင် ကောင်းမယ်။ အခြေအနေကောင်းရင် နောက်ပိုင်း တစေအင်ပါယာတောင်ကုန်းအတွက် နန်းတော်တစ်ခု ဖွဲ့စည်းမယ်။”
“ငါ့အကန့်အသတ်က နန်းတော်ဆယ်ခုပဲ။ ငါက အခု ငါးခုဖွဲ့စည်းပြီးပြီ။ လက်ကျန်ငါးခုကတော့… ဓားနန်းတော်က တစ်ခုပဲ။ တစေအင်ပါယာနန်းတော်ကလည်းဖြစ်နိုင်တယ်။ လက်ကျန်ရွေးချယ်စရာ သုံးခုကျန်မယ်။”
ရွှီချင်းက ထိုကိစ္စအားတွေးတောနေသည်။
“အင်း… ငါ့မှာ မိုဆာဆောလည်း ရှိနေတာပဲ”
{မှတ်ချက်။ ။မိုဆာဆော ဆိုသည်မှာ ရှေးခေါတ်ရေအောက် သတ္တဝါတစ်မျိုးဖြစ်ပြီး ဒိုင်နိုဆောနှင့် ပုံစံတူသည်။}
ရွှီချင်း သက်ပြင်းတစ်ချက်ရှိုက်ကာ သူ၏ခွဲခြမ်းစိတ်ဖြာခြင်းနှင့် သုံ့သခြင်းတို့အား အဆုံးသတ်လိုက်သည်။
“အခု ငါ့အတွက် အရေးအကြီးဆုံးက စစ်ရေးအကျိုးပြုမှတ်ပဲ။ ငါက လဝက်ခွင့်ယူထားတာဖြစ်ပြီးတော့ အခု တစ်ပတ်အချိန်ရသေးတယ်။ စောစောပြန်သွားတာက ဖြုန်းတီးသလို ဖြစ်နေတယ်။”
ရွှီချင်း၏မျက်လုံးများတွင် အလိုဆန္ဒ၏အငွေ့အသက်များ ထင်ဟပ်လာသည်။ မိစ္ဆာအသွင်ပြောင်းအတတ်ဖြစ်စေ၊ ကျောက်ရှာတောင်ကို သွားရောက်ရန်ဖြစ်စေ ၎င်းတို့အတွက် သူသည် စစ်ရေးအကျိုးပြုမှတ်များ လိုအပ်ပေသည်။
အရာအားလုံးက စစ်ရေးအကျိုးပြုမှတ်အပေါ်တွင် မူတည်၏။
“ဒီတစ်ခေါက်တာဝန်အတွက် စစ်ရေးအကျိုးပြုမှတ်တွေ အများကြီးရနိုင်တယ်။ ဒါပေမဲ့ မလုံလောက်သေးဘူး...”
ရွှီချင်းက သူ၏အမိန့်တော်ဓားကို ထုတ်ယူကာ တာဝန်များကို စတင်ရှာဖွေသည်။၊ မကြာမီ သူသည် ဒေသငယ်မြို့တော်နယ်နိမိတ်အတွင်းက လူဆိုးဖမ်းတာဝန်တစ်ခုကို တွေ့သည်။
သူက ဒဏ်ရာအခြေအနေကို စစ်ဆေးပြီးနောက် ဓားခန်းဆောင်ထဲက ထွက်ပြီး တာဝန်ကို သွားရောက်ဆောင်ရွက်သည်။
ဤသို့ဖြင့် ရက်အနည်းငယ် ကြာမြင့်သွား၏။
ရွှီချင်းက သူတို့၏တာဝန်အတွက် နောက်ဆက်တွဲသတင်းများအား မကြားသိရတော့ပါ။
တကယ့်အစစ်အမှန်သူလျှို မည်သူဖြစ်သည်ကို သူ မသိသလို ထိုလူမှာ အောင်မြင်စွာ ကယ်တင်ခံရသလားလည်း မသိပါ။
တာဝန်ပြီးမြောက်သွားကတည်းက အရာအားလုံးမှာ အဆုံးသတ်သွားခဲ့သည်။
ခုနစ်ရက်ကြာပြီးနောက် ရွှီချင်းသည် စစ်ရေးအကျိုးပြုမှတ်များကို အားတက်သရော ရှာဖွေနေရင်း အကျဉ်းထောင်ဌာနမှနေ၍ အရေးကြီးဆင့်ခေါ်မှုတစ်ခုကို လက်ခံရရှိသည်။ သူ၏အနားယူခြင်းနေ့ရက်များ ကုန်ဆုံးသွားပြီ ဖြစ်သည်။
ထို့ကြောင့် သူသည် စစ်ရေးအကျိုးပြုမှတ်များအတွက် တာဝန်လုပ်ဆောင်ခြင်းများကို ရပ်တန့်ကာ နောက်တစ်နေ့နံနက်ခင်း၌ အကျဉ်းထောင်ဌာနသို့ သွားလိုက်သည်။
သူသည် အကျဉ်းထောင်ဌာန၏ လှေကားထစ်များ၌ လျှောက်လှမ်းရင်း ရင်းနှီးနေသော အေးစက်မှုအား ခံစားရသည်။ သူသည် နယ်မြေ(ဃ)ထဲက နယ်ရုပ်တချို့ကို နှုတ်ဆက်ကာ စစ်ရေးအကျိုးပြုမှတ်များနှင့်ပတ်သက်၍ စဉ်းစားတွေးတောနေခဲ့သည်။
သူသည် အချုပ်ခန်း(ဃ၁၃၂)သို့ ရောက်လျှင် ဂိတ်တံခါးကို ဖွင့်ကာ အတွင်းသို့ ဝင်လာသည်။
လဝက်ခန့်လာရောက်ခြင်းမရှိသည့်တိုင် ဤနေရာက အကျဉ်းသားများမှာ ယခင်ကနှင့် ကွဲပြားခြားနားသွားခြင်း မရှိပါ။
တိမ်မြူသားရဲသည် သူ၏ခြေလက်များကို စားသောက်နေဆဲဖြစ်ကာ လူသားအမျိုးသမီးသည်လည်း ကောက်ရိုးအရုပ်များနှင့် ချော့မြူနေဆဲဖြစ်သည်။ ပန်းချီကားမျိုးနွယ်အဖိုးကြီးသည်ကား ကြင်နာသော မျက်လုံးများဖြင့် ‘ကောင်းသောနံနက်ခင်း’ဟူ၍ နှုတ်ဆက်နေသည်။ ခေါင်းပြတ်သည်သာ မျက်တောင်ခတ်လျှက် သက်ပြင်းချသည်။
“ဒါက လဝက်ပဲ ရှိသေးတယ်။ မင်းဘာလို့ ပြန်ရောက်လာပြန်တာလဲ။”
ပုံမှန်အတိုင်း ရွှီချင်းသည် ခံစားချက်ကင်းမဲ့သောအမူအရာဖြင့် အကျဉ်းသားများကို တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးသည်။ ထို့နောက် သူ၏တရားထိုင်နေကျနေရာသို့ ပြန်သွားကာ ကျင့်ကြံသည်။ သူက ထိုင်လိုက်စဉ်မှာပင် ရုတ်တရက် မျက်မှောင်ကြုတ်ကာ ပတ်ပတ်လည်ကို ကြည့်သည်။
ယနေ့ သူသည် ကောင်လေးအား မတွေ့ပါ။
အခြေအနေကား အနည်းငယ် ထူးဆန်းနေပြီး သူ့မှတ်ဉာဏ်ထဲတွင် သူ ရောက်လာတိုင်း ကောင်လေးသည် ပထမဆုံး ရောက်လာတတ်သူ ဖြစ်သည်။
“ကံကောင်းမှု ဘယ်မှာလဲ...”
ရွှီချင်းက ခေါင်းမော့ကာ ပန်းချီကားအဖိုးအိုကို ကြည့်သည်။
ပန်းချီကားအဖိုးအိုက ဦးညွှတ်ကာ ပြောသည်။
“ကံကောင်းမှုလား... သူက ပြဿနာနည်းနည်းရှိနေပုံပဲ။ သူ့ကို မတွေ့တာ ရက်နည်းနည်းရှိပြီ။”
ရွှီချင်း မျက်မှောင်ကြုတ်ကာ သူ၏နတ်အာရုံကို အချုပ်ထောင်အတွင်းသို့ ဖြန့်ကျက်လိုက်သည်။
နောက်ဆုံးတွင် သူသည် ထောင့်တစ်နေရာ၌ သေခါနီးအခြေအနေဖြင့် လဲလျောင်းနေသော ကောင်လေးအား တွေ့သည်။