နှစ်ယောက်စလုံးကိုကယ်ဖူးတာလား
Vol. 21 Ch. 301
“အဲ့ဒါဆို ငါအခု မင်းကို သတ်ချင်နေတယ်.. မင်းဘာလုပ်ချင်လဲ”
ဧကရာဇ်၏ မေးခွန်းက ဓါးသွားလို ထက်ရှနေပြီး ဆူဇီမို၏ ထွက်ပေါက်အားလုံးကို ပိတ်ဆို့လိုက်၏။
ဧကရာဇ်၏ သတ်ဖြတ်လိုစိတ်က အထွတ်အထိပ်သို့ ရောက်ရှိလာ၏။
သတ်ဖြတ်လိုစိတ်က ဆူဇီမိုအပေါ် လွှမ်းခြုံလာပြီး.. သူသည် လုံးဝမလှုပ်နိုင်တော့ပေ။
မိုးလေရှုခင်းမဏ္ဍပ်က ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်လာ၏။
ဘေးကနေ ရပ်ကြည့်နေသော ပိုင်ယုဟန်တောင်မှ ရင်ထဲ တလျှပ်လျှပ်ဖြစ်လာ၏။ မုန်တိုင်း၏ အလယ်ရောက်နေသော ဆူဇီမိုဆိုလျှင်တော့...
အစကတည်းက ဧကရာဇ်၏ ကျင့်ကြံမှုအဆင့်က အံ့မခန်း ဖြစ်လေသည်။ ထိုသည်ကို ဧကရာဇ်၏ တစ်မူထူးခြားသောအော်ရာနှင့် ထပ်မံပေါင်းစပ်လိုက်သောအခါ.. ဖြစ်ပေါ်လာသော ဖိအားက တော်ရုံတန်ရုံကျင့်ကြံသူတစ်ယောက် တောင့်ခံနိုင်သောအရာမျိုး မဟုတ်ပေ။
ဆူဇီမိုနေရာမှာ ရွှေအမြုတေအဆင့်တစ်ယောက်ဆိုလျှင်တောင် ထိုသူသည် ထိတ်လန့်တုန်လှုပ်၍ ဒူးထောက်ကျနေလောက်ပြီ ဖြစ်လေသည်။
သို့သော်လည်း ဆူဇီမိုကတော့ ကြောက်လန့်နေပုံလည်းမရှိ၊ မော်ကြွားနေခြင်းလည်းမရှိဘဲ.. ခါးကိုဖြောင့်ဖြောင့်မတ်ထား၏။
“အရှင်မင်းမြတ်က ကျုပ်ကို သတ်ချင်တယ်ဆိုရင်”
နောက်ဆုံးမှာတော့ ဆူဇီမိုသည် စကားစပြောပြီး ခဏရပ်တန့်လိုက်၏။
အားလုံး ရင်ထိတ်သွားကြ၏။
ကျိယောင်ရွှယ်သည် အဆိုးရွားဆုံးအရာကို ကြိုတင်မြင်ယောင်လိုက်ပြီး သူမက စိတ်ရှုပ်ဝမ်းနည်းကာ ငိုချတော့မည်ကဲ့သို့ ဖြစ်လာ၏။
ဆူဇီမိုက ခေါင်းကိုမော့လိုက်ပြီး ဧကရာဇ်ကို ပြန်စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အရှင်မင်းမြတ်ကို ကျုပ်ကို သတ်ချင်တယ်ဆိုရင်.. ကျုပ်က အရင်ဦးအောင်...”
“အာ.. အဖေတို့တွေ ဘာတွေလုပ်နေကြတာလဲ”
ဆူဇီမိုက “သတ်”ဆိုသောစကားကို မပြောရသေးခင်မှာပင် မိုးလေရှုခင်းမဏ္ဍပ်ထဲသို့ နူးညံ့ပျော့ပျောင်းသည့် အသံလေးတစ်သံက ဝင်ရောက်လာ၏။ ထိုအသံက ဆူဇီမို၏ စကားလုံးများကို ဖြတ်တောက်လိုက်၏။
ဆူဇီမို ရင်ထိတ်သွား၏။ ထိုအသံကို သူကောင်းကောင်းရင်းနှီးပါ၏။
အသံထွက်လာရာဘက်သို့ လူတိုင်းလှည့်ကြည့်လိုက်ကြ၏။
ပန်းရောင်ဖျော့ဖျော့ကို ဝတ်ဆင်ထားသော မိန်းကလေးငယ်ငယ်တစ်ယောက်သည် သူမ၏ ဦးခေါင်းကို စောင်းငဲ့၍ ရပ်ကြည့်နေ၏။ သူမက အပြစ်ကင်းစင်သော မျက်နှာလေးနှင့် မိုးလေရှုခင်းမဏ္ဍပ်ထဲသို့ စူးစမ်းလိုစိတ်နှင့် ငေးကြည့်နေ၏။
ထိုမိန်းကလေးကို မြင်လိုက်ရသည့်အခိုက်၌ ဧကရာဇ်၏ မျက်လုံးတွင်းရှိ သတ်ဖြတ်လိုစိတ်က ချက်ချင်းပျောက်ကွယ်သွား၏။ သူသည် ဆူဇီမိုကို အော်ရာနှင့် ဖိနှိမ်ထားသေးသော်လည်း.. သူ့အကြည့်က အလွန်တရာ နူးညံ့ပျော့ပျောင်းလာ၏။ သူက မိန်းကလေးက ကြောက်လန့်သွားမှာကို စိုးရွံ့နေပုံရ၏။
“ယန်အာ.. သမီးဘာလို့ ဒီကိုရောက်လာတာလဲကွဲ့” ဧကရာဇ်အသံက မြတ်နိုးယုယစွာ ထွက်ပေါ်လာ၏။
မိန်းကလေးက ကပ်ချွဲနှပ်ချွဲအသံဖြင့် ပြောလိုက်၏။
“မမပြန်ရောက်နေတယ် ကြားလို့လေ.. အဲ့ဒါ သမီးက သူ့ကို အရမ်းလွမ်းနေလို့.. သူနဲ့ တွေ့ရအောင်ဆိုပြီး ပြန်လာခဲ့တာ”
“အာ.. မမ.. နင်ဘာလို့ အဲ့မှာ တောင့်တောင့်ကြီးရပ်ပြီး ငိုနေတာလဲ”
ပန်းရောင်ဝတ်မိန်းးကလေးက မိုးလေရှုခင်းမဏ္ဍပ်ထဲသို့ ဝင်လာပြီး.. တရှုံ့ရှုံ့နှင့် ငိုနေသော ကျိယောင်ရွှယ်ကို တွေ့လိုက်သောအခါ စိတ်ရှုပ်ထွေးဟန် မျက်ခုံးပင့်၍ မေးလိုက်၏။
ဧကရာဇ်သည် ကျိယောင်ရွှယ်အား ထိန်းချုပ်ထားသည့် မမြင်ရသောအားလှိုင်းကို ဖြေလျှော့ပေးလိုက်၏။
သူက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ရွှယ်အာ.. သမီး ယန်အာကို ခေါ်ပြီး ဒီနေရာကနေ အရင်သွားနှင့်တော့ သွား”
“ဟင့်အင်း သမီး မသွားဘူး”
ကျိယောင်ရွှယ်က မျက်ရည်စများရစ်ခိုနေသော မျက်လုံးများနှင့် ဧကရာဇ်ကို ကြည့်ပြီး ပြတ်သားစွာ ခေါင်းခါလိုက်၏။
“အယ်”
ထိုအချိန်မှာပင် ပန်းရောင်ဝတ်မိန်းကလေးက ရုတ်တရတ် အာမေဍိတ်သံတစ်ချက်ပြု၍ သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်လိုက်၏။ သူမသည် မယုံကြည်နိုင်ဖွယ်ရာအမူအယာနှင့် ဆူဇီမိုကို မျက်လုံးပြူး၍ အံ့အားတသင့် ကြည့်လိုက်၏။
“သခင်-သခင်လေးဆူ..! ရှင်လား”
ပန်းရောင်မိန်းကလေးသည် ဆူဇီမိုထံသို့ စိတ်လှုပ်ရှားရင်ဖိုစွာ ပြေးသွားပြီး သူ့လက်မောင်းကို အသေဆုပ်ကိုင်ထားလိုက်၏။ နောက်တစ်ခဏအတွင်း သူက ရုတ်တရတ် ပျောက်ကွယ်သွားမှာကို သူမက စိုးရိမ်နေသလိုပင်။
လူတိုင်း အံ့သြမှင်တက်သွားကြ၏။
ဆူဇီမိုကလွဲလျှင် မိုးလေရှုခင်းမဏ္ဍပ်ထဲရှိ လူတိုင်းသည် မြင်လိုက်ရသော မြင်ကွင်း၌ အံ့သြတုန်လှုပ်သွားကြ၏။
ဧကရာဇ်သည်လည်း မှင်တက်သွားကာ သူသည် ဆူဇီမိုပေါ် ဖိနှိမ်ထားသော ဖိအားကို မသိမသာ ဖြေလျော့ပေးလိုက်မိ၏။ သူက မတော်တဆနှင့် ပန်းရောင်မိန်းကလေးကို ထိခိုက်ဒဏ်ရာရသွားစေမည်ကို စိုးရိမ်နေပုံရ၏။
ဆူဇီမိုကတော့ အတော်လေး တည်ငြိမ်နေ၏။
သူမဝင်ရောက်လာကတည်းက သူသည် တန်းမှတ်မိလိုက်၏။ သူမက စင်ကြယ်အပျိုစင်ဂိုဏ်းမှ မိစ္ဆာအမွေဆက်ခံသူ နတ်ဆိုးမကျိပင် ဖြစ်လေသည်။
သို့သော်လည်း ယခုအခါ သူမသည် မနူးမနပ် ရိုးသားအပြစ်ကင်းစင်သည့်ဟန်နှင့်ဖြစ်၏။
ချွတ်စွတ်တူနေသောရုပ်ရည်ကြောင့်သာ မဟုတ်လျှင် သူမဆိုတာကို ဆူဇီမိုတောင် ယုံနိုင်စရာ မရှိပေ။
သို့သော်လည်း သေချာပြန်တွေးကြည့်လျှင် နတ်ဆိုးမကျိက ထိုသို့သရုပ်ဆောင်ရာမှာ အကျွမ်းကျင်ဆုံး ဖြစ်လေသည်။
ရိုးသားအပြစ်ကင်းစင်ရမလား.. သနားစရာလား.. ကြော့ရှင်းဝင့်ကြွားရမလား.. ကျရာဇာတ်ရုပ်ကို ဟာကွက်မရှိ တုပလုပ်ပြနိုင်လေသည်။
နတ်ဆိုးမကျိက မည်သို့ဆက်လက်သရုပ်ဆောင်မည်ကို မသိရသေးသောကြောင့် ဆူဇီမိုက ဘာမျှပြန်မပြောပေ။
“သခင်လေးဆူ.. ကျမကဖြင့် ရှင့်ကို လိုက်ရှာနေရတာ ကြာလှပေါ့.. ရှင်က အခု ဒီကို ရောက်နေတာကိုး”
နတ်ဆိုးမကျိက ဆူဇီမို၏ ဝတ်ရုံစကို ဆုပ်ကိုင်ထားပြီး မကျေမနပ်နှင့် နှုတ်ခမ်းစူလိုက်၏။
“ယန်အာ.. နင်...”
ခဏမျှ ရပ်တန့်ပြီးနောက် ဧကရာဇ်သည် ဆူဇီမိုကို လက်ညိုးထိုးပြကာ အိုးတိုးအမ်းတမ်းနှင့် မေးလိုက်၏။
“သမီး သူ့ကို သိလို့လား”
“ဟင့်အင်း”
နတ်ဆိုးမကျိက ခေါင်းခါပြလိုက်၏။
“သူ့မျိုးရိုးနာမည်က ဆူဆိုတာပဲ သမီးသိတယ်.. သူ့နာမည်က ဘာလဲတော့ မသိဘူး.. ဘာပဲပြောပြော သခင်လေးဆူက သမီးအသက်ကို ကယ်တင်ခဲ့တဲ့လူပဲ”
“အမ်”
ဧကရာဇ်သည် ပါးစပ်အဟောင်းသားနှင့် ကြောင်အသွား၏။ သူ့အမူအယာက အေးစက်တောင့်တင်းသွားပြီး စိတ်က ရှုပ်ထွေးသွား၏။
ဘေးဘက်ရှိ အင်ပါယာစစ်သားများ၊ လင်းတကတုံး၊ ပိုင်ယုဟန်နှင့် အခြားသူများအားလုံးသည်လည်း ဣန္ဒြေပျက်ယွင်းကာ.. မျက်လုံးအပြူးသား ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။
ဒီဆူဇီမိုက ဘာလဲဟ..
ဧကရာဇ်မှာ သမီးနှစ်ယောက်သာလျှင်ရှိပြီး သူတို့နှစ်ယောက်စလုံး၏ အသက်ကို သူက ကယ်တင်ပေးခဲ့သည်ဆိုပါလား။
ဒီလူက မင်းသမီးတွေကို လိုက်ပြီးအသက်ကယ်ဖို့အတွက် မွေးဖွားလာတာလား။
ကျိယောင်ရွှယ်က အနည်းငယ် ကြောင်အနေပြီး သူမ၏ မျက်လုံးရွဲကြီးများကို ပုတ်ခတ်၍ ကြည့်နေ၏။
ဆူဇီမိုက သူ့ညီမလေးရဲ့ အသက်ကိုလည်း ကယ်ပေးခဲ့တာလား။
ဧကရာဇ်က ညင်သာစွာ ချောင်းဟန့်၍ ဣန္ဒြေကို ပြန်ထိန်းလိုက်ပြီး မျက်မှောင်ကြုတ်မေးလိုက်၏။
“ယန်အာ.. ဘာတွေဖြစ်ခဲ့တာလဲ.. သူက ဘယ်တုန်းက သမီးအသက်ကို ကယ်ခဲ့တာလဲ”
“ချီယွီမြို့မှာတုန်းက!”
နတ်ဆိုးမကျိက ပြန်ဖြေလိုက်၏။
“ပြီးခဲ့တဲ့ သုံးနှစ်လောက်ကထင်တယ်.. ချီယွီမြို့ကို ဒေါ်လေးဂူနဲ့ သွားတုန်းကလေ.. တစ်ခါ ဒေါ်လေးဂူမသိအောင် အပြင်ကို ခိုးထွက်သွားတုန်း လူဆိုးခြောက်ကောင်နဲ့ သမီးနဲ့သွားတိုးတာလေ.. တော်သေးတာပေါ့ အဲ့အချိန်မှာ သခင်လေးဆူရောက်လာခဲ့လို့သာပေါ့.. မဟုတ်ရင် သမီးဘဝက မတွေးရဲစရာပဲ”
ထိုသို့ပြောပြီးသည်နှင့် နတ်ဆိုးမကျိသည် ထိုညက ထိတ်လန့်ကြောက်ရွံ့စရာများကို ပြန်လည်ခံစားမိလိုက်သည့်အလား.. ရင်ဘတ်ကို လက်ဖြင့်ဖိ၍ တုန်ယင်နေ၏။
သူမ၏ စကားများက တစ်ကယ့်အစစ်အမှန်အတိုင်းပင်။ ဆူဇီမိုသည် ကိုယ်တွေ့မကြုံခဲ့ရဘူးဆိုရင်.. သူမပြောသည့်စကားကို အကြွင်းမဲ့ ယုံကြည်မိပေလိမ့်မည်။
နောက်ပြီး ဧကရာဇ်နှင့် ကျိယောင်ရွှယ်တို့၏ အမူအယာများကို အကဲခတ်ရသလောက် သူတို့သည် နတ်ဆိုးမကျိ ဘာတွေပြုမူလှုပ်ရှားနေသည်ကို သိရှိပုံမရပေ။
“မိုက်လိုက်တဲ့ ကလေးမ”
ဧကရာဇ်က သူ့ခေါင်းကို ကူကယ်ရာမဲ့စွာ ခါလိုက်၏။
နတ်ဆိုးမကျိက ဆက်ပြောလိုက်၏။
“အဲ့တုန်းက သမီးက နောက်နေ့ကျရင် သခင်လေးဆူရဲ့ အိမ်ကိုသွားပြီး သူ့နောက်ခံကို စုံစမ်းမလို့.. အဲ့ကျမှ သူ့ကိုဆုတော်လာဘ်တော်တွေ ကောင်းကောင်းချီးမြှင့်ဖို့ အဖေ့ကို ပြန်ပြောလို့ရမှာလေ.. ဒါပေမယ့်လဲ သမီးရောက်သွားတဲ့အချိန်မှာ သခင်လေးဆူက မရှိတော့ဘူး ထွက်သွားပြီတဲ့.. အဲ့ထဲက သူ့ကို သမီးရှာမတွေ့တော့တာ အခုထိပဲ”
“အာ.. သမီးသိပြီ!”
နတ်ဆိုးမကျိက နားလည်သဘောပေါက်သွားသလို လက်ခုပ်လက်ဝါးတီးပြီး ပြုံးလိုက်၏။
“အဖေက အဲ့ကိစ္စကို သိသွားလို့.. သခင်လေးဆူကို ဆုတွေလာဘ်တွေပေးမလို့ အခုခေါ်လိုက်တာ ဟုတ်တယ်မလား”
ဧကရာဇ်သည် ဆိတ်ဆိတ်သာနေ၍ ရင်ထဲမှာတော့ ခါးသက်သက် ပြုံးလိုက်၏။
ဆူဇီမိုက သူ့ကို လိမ်လည်လှည့်ဖျားခဲ့သည်ဖြစ်စေ၊ အင်ပါယာစစ်တပ်က စစ်သားတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်ဖြစ်စေ.. ကိစ္စမရှိတော့ပေ။ မည်သို့ပင်ဆိုစေ.. ထိုပုဂ္ဂိုလ်က သူ့သမီးတော်နှစ်ယောက်စလုံး၏ အသက်ကို ကယ်တင်ခဲ့ဖူးလေသည်။
အစကတည်းက ဆူဇီမိုအပေါ် ဧကရာဇ်၏ သတ်ဖြတ်လိုစိတ်သည် အရမ်းပြတ်သားနေသည် မဟုတ်ဘဲ ဇဝေဇဝါနှင့် လွန်ဆွဲနေခြင်းဖြစ်၏။
ယခုကိစ္စတစ်ရပ်က ထပ်မံပေါ်ပေါက်လာသောအခါ ဧကရာဇ်သည် ဆူဇီမိုအပေါ် သတ်ဖြတ်ဖို့အတွေးကို ပယ်ချရုံသာ တတ်နိုင်လေတော့သည်။
သို့သော်လည်း သူသည် အခြားတစ်စုံတစ်ရာကို ထပ်မံစိုးရိမ်လာရပြန်၏။
သူ့သမီးနှစ်ယောက်နှင့် ဆူဇီမိုအကြားက အကြည့်များကို ကြည့်ရှုအကဲခတ်လိုက်ရင်း.. ဧကရာဇ်သည် ကြိတ်ပြီး သက်ပြင်းချလိုက်၏။
သူသည် ခဏမျှ စဉ်းစားချင့်ချိန်နေပြီးနောက် အလေးအနက် ပြောလိုက်၏။
“ယန်အာ.. ဆူဇီမိုနဲ့ ငါနဲ့ ဆွေးနွေးစရာကိစ္စ နဲနဲရှိသေးတယ်.. နင်တို့ ညီမနှစ်ယောက်လဲ မတွေ့ရတာ ကြာပြီဆိုတော့ စကားလေးဘာလေး သွားပြောကြဦးလေ”
“ဒါဆို သူကရော.. သမီးက အခုမှ သခင်လေးဆူနဲ့ ပြန်တွေ့ရတာကို.. သမီးမရှိတုန်းက သူက ထပ်ပြီးထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ”
နတ်ဆိုးမကျိက နှုတ်ခမ်းဆူ၍ ဆူဇီမို၏ လက်မောင်းကို တင်းကျပ်စွာ ဖက်ထား၏။
နူးညံ့သော တောင်ပို့လေးနှစ်လုံးက ဆူဇီမို၏ လက်မောင်းပေါ် ဖိကျလာပြီး အနည်းငယ်နွေးသွားကာ ဖော့စိစိနိုင်နေ၏။ ချက်ချင်းပင် သူသည် တောင့်တင်းသွား၏။
ဧကရာဇ်က ကျွဲမြီးတိုသွားသောပုံစံနှင့် ပြောလိုက်၏။
“မပူပါနဲ့.. ငါ သူနဲ့ စကားနဲနဲပဲ ပြောမှာပါ.. ပြီးရင်လွှတ်လိုက်မယ်”
“ကျေးဇူးပါ ဖေဖေ”
နတ်ဆိုးမကျိက ချိုသာစွာ ပြုံး၍ ပျစ်ချွဲချွဲလေး ပြောလိုက်ပြီး ဘေးဘက်သို့ လျှောက်သွား၏။ ထို့နောက် သူမသည် ကျိယောင်ရွှယ်၏ လက်ကိုဆွဲလိုက်ပြီး တခစ်ခစ်ရယ်လိုက်၏။
“သွားကြမယ်လေ မမ.. ငါတို့ အပြင်ကနေ စောင့်နေကြမယ်”
“အင်း”
ကျိယောင်ရွှယ်က ခေါင်းညိတ်လိုက်၏။
ဧကရာဇ်က ထိုသို့ ပြောလိုက်ပြီဆိုမှတော့.. ဆူဇီမိုသည် အသက်အန္တရာယ် မရှိနိုင်တော့ပေ။ ထိုသို့ဖြင့် ကျိယောင်ရွှယ်လည်း နောက်ဆုံးစိတ်သက်သာရာ ရသွား၏။
ညီအစ်မနှစ်ယောက်က မိုးလေရှုခင်းမဏ္ဍပ်ထဲကနေ လက်ချင်းတွဲ၍ ထွက်သွားကြ၏။